လွန်ခဲ့သောနှစ် တပေါင်းလပြည့်နေ့ညတွင် မြိုင်သာယာရွာ၌ နှစ်စဉ်မပျက်ကျင်းးပမြဲဖြစ်သော ရွာဦးဘုရားစေတီကြီးတွင် မီးထွန်း
ပူဇော်ပွဲနှင့်ဆွမ်းတော်ကြီးတင်ပွဲကြီးကျင်းပခဲ့ပါသည်။
ဘုရားပွဲတော်ကြီးတွင် အငြိမ့်ပွဲ၊ မျက်လှည့်ပွဲများဖြင့် ညဘက်တွင် စည်ကားသိုက်မြိုက်လှပါ၏။ ဘေးပတ်ဝန်းကျင်ရွာများမှနွားလှည်း
များဖြင့် ပွဲလာကြည့်ကြသည်မှာလည်း စည်စည်ကားကားပင်ဖြစ်သည်။
မြိုင်သာယာရွာထဲတွင် အသက်ကြီးရွယ်အိုများလောက်သာ အိမ်စောင့်ကျန်ရစ်နေခဲ့သည်။ ကလေးများ၊ လူငယ်လူရွယ်များ၊ ကာလသား၊ ကာလသမီးပျိုများမှာ ပွဲခင်းထဲသို့ရောက်ရှိနေကြ၏။ မြိုင်သာယာရွာ၏အနောက်ဘက်ပိုင်းတွင်နေထိုင်သော အဘိုးအိုတစ်ဦးရေနွေးအိုးတည်သောမီးဖိုမှ မီးကြွင်းမီးကျန်ကနေပြီး
မီးဖိုဆောင်ကိုမီးစွဲလောင်ပါတော့၏။
မီးဖိုချောင်သက်ကယ်မိုး၊ သက်ကယ်အကာမှစပြီး မီးလောင်ကျွမ်းလိုက်ရာ တစ်အိမ်လုံးသို့ ကူးစက်ပြီး မီးတောက်မီးလျှံများတက်နေပါတော့သည်။ အဘိုးအိုလည်း ဘာမျှမတတ်နိုင်သဖြင့် အိမ်ပေါ်မှဆင်းပြေးရ၏။
ထို့နောက်အဘိုးအိုသည် ပွဲခင်းဆီသို့ အမြန်အပြေးအလွှားသွားပြီး မီးသတင်းကိုပို့၏။
ထိုအချိန်ကား နံနက် ၃ နာရီခန့်အချိန်လောက်ဖြစ်၏။ ရွာမီးလောင်နေသည်ဆိုသည့်သတင်းရရှိလျှင်ရရှိချင်း လူငယ်တချို့ရွာထဲသို့ပြန်ပြေးလာကြ၏။ ထိုအချိန်တွင် အဘိုးအိုအိမ်နှင့်
ကပ်လျက်ရှိသော ပတ်ဝန်းကျင်အိမ်နှစ်အိမ်ကိုပါ မီးစွဲလောင်နေပြီ။
မြိုင်သာယာရွာမှ လူငယ် လူရွယ်များသည် ရေပုံးများဖြင့် ရေခပ်၍ ပက်သူကပက်ကြ၏။ အိမ်ခေါင်မိုးပေါ်တက်ပြီး ဂုန်နီအိပ်များရေဆွတ်၍ ရိုက်သူကရိုက်၏။ မီးအားက လေသင့်နေသဖြင့် ပိုမိုအားကောင်းလာ၏။ အိမ်ငါးအိမ်မျှကို ကူးစက်ပြီးလောင်ကျွမ်းပြန်၏။ မီးလောင်ကျွမ်းနေသော အိမ်ငါးအိမ်ကြားတွင် အိမ်တစ်အိမ်ရှိ၏။ ထို
အိမ်တွင် မျက်မမြင်အဘွားအိုကြီးတစ်ဦး နေထိုင်လျက်ရှိ၏။
အဘွားအို၏မြေးမကလေးမှာလည်း ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေ၏။ ဘုန်းတော်ကြီးများကို နံနက်အာရုဏ်ဆွမ်းကပ်ရန် သွားရောက်ကူညီလုပ်ကိုင်နေခြင်းဖြစ်၏။
မီးဟေ့ မီး မီး မီးတွေလောင်နေပြီဟေ့ ဆိုသော လူအုပ်ကြီး၏အသံကို အဘွားအိုကြားနေရ၏။ အဘွားအိုသည်မျက်စိမမြင်ရသဖြင့် မီးဘယ်နေရာမှာလောင်နေသည်ကို မသိပါ။ အိမ်ပေါ်မှပြေးဆင်း
ရန်လည်း တစ်ယောက်တည်း အခက်ကြုံနေရ၏။
အဘွားအိုသည်နောက်ဆုံးတော့ ဘုရားစင်ရှေ့မှာထိုင်ပြီး ဘုရားဝတ်ပြု၏။ နတ်ဒေ၀ါများကို မေတ္တာပို့သ၏။ ထို့နောက်အဘွားက သူရရှိထားသော ပဋ္ဌာန်း ၂၄ ပစ္စည်းကိုရွတ်ဖတ်ပါ၏။ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ ၂၄ ပစ္စည်းကို တွင်တွင်သာ အကြိမ်ကြိမ်အခါခါ ရွတ်ဖတ်ပူဇော်နေ၏။
နံနက် ၄ နာရီခွဲခန့်တွင် မီးညွှန့်ကြိုးသွား၏။ မီးလောင်မှုလည်း လုံးဝရပ်သွား၏။ အိမ်ခြေ ၁၁ လုံးမျှလောင်ကျွမ်းသွား၏။
ထူးဆန်းသည်ကား မီးလောင်နေသော အိမ်နှစ်လုံးကြားတွင် အဘွား၏အိမ်သည် လုံးဝမီးမလောင်ဘဲ ကျန်ရစ်နေခဲ့သည်ကို မြင်တွေ့ကြရ၏။
ရွာထဲမှာမီးလောင်နေသည်ဟု သတင်းရသဖြင့် အဘွားအို၏မြေးမလေးနှင့် ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတော်များ
သည် အပြေးအလွှား အဘွားအိုထံ လာကြ၏။ အချိန်တွင်မီးက ငြိမ်းနေပြီဖြစ်၏။
ရဟန်းတော်များက အဘွားအို၏ အိမ်ပေါ်တက်ပြီး ဒကာမကြီး၊ မီးတွေလောင်နေတာ မသိဘူးလားဟု မေးကြ၏။ အဘွားအိုက တပည့်တော်မီးလောင်နေပြီဆိုတဲ့ လူတွေရဲ့အော်သံကို
ကြားနေရပါတယ်ဘုရား။
အဘွားမကြောက်ဘူးလား။
ရဟန်းတစ်ပါးက ၀င်မေး၏။
ကြောက်တော့ကြောက်တာပေါ့ဘုရား။ ဒါပေမယ့် တပည့်တော်က မျက်မမြင်ဆိုတော့ ဘာတတ်နိုင်မလဲ။ ဒါနဲ့ပဲ တပည့်တော်မ နတ်တွေကို မေတ္တာပို့သပြီး ပဋ္ဌာန်းပူဇော်နေပါတယ်ဘုရား။
အဘွားအို၏စကားဆုံးတော့ ရဟန်းတစ်ပါးက အင်းဒါကြောင့်လည်း
အဘွားအိမ်ကို မီးမကူးတာပေါ့။ ပဋ္ဌာန်းတန်ခိုးက တယ်အစွမ်းထက်
ပါလားဟု မိန့်ကြားတော်မူ၏။
အရှင်သုဓမ္မသာရ
မြတ်မင်္ဂလာစာစောင်
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ
No comments:
Post a Comment