Sunday, November 30, 2014

ဖလဒါယက နတ်သား


နတ်သား၏ရွှေဗိမာန်သည် (၁၆)ယူဇနာရှိ၍ ဘုံဆောင်အထွတ်ပေါင်း (၇၀၀)ပါရှိ၏။ ထိုနတ်သားကို သရက်သီးလှူသော ကောင်းမှုကြောင့် ဖလဒါယက နတ်သားဟုခေါ်ကြ၏။

ထိုနတ်သားသည် ဂေါတမဘုရားရှင်လက်ထက် ဗိမ္ဗိသာရမင်းကြီး၏ ဥယျာဉ်စောင့်ဖြစ်ပြီး ဘုရားရှင် ဝေဋ္ဌုဝန်ကျောင်းတော်၌ သီတင်းသုံးစဉ်က ကျောင်းဒါယကာဖြစ်သော ဗိမ္ဗိသာရမင်းကြီးသည် အချိန်အခါမဟုတ်ဘဲ သရက်သီးစားလိုသော ဆန္ဒဖြစ်ပေါ်လာပါသည်။ ဗိမ္ဗိသာရမင်းကြီးသည် ဥယျာဉ်စောင့်ကိုရှာ၍ သရက်သီး အရှာခိုင်းသည်။ ဥယျာဉ်စောင့်လည်း ခေတ္တစောင့်ဆိုင်းရန်ပြောပြီး ဥယျာဉ်တော်ရှိ သရက်ပင်တို့မှ မကောင်းသောမြေကို ဖယ်ထုတ်၍ ကောင်းသောမြေကိုလောင်းထည့်သည်။ ကောင်းသောရေကိုလည်း သွန်းလောင်းသည်။ ထိုကဲ့သို့ မြေကောင်းရေကောင်းတို့ဖြင့် ပြုပြင်လိုက်သောအခါ သရက်ပင်တို့သည် မကြာမီပင်
ရွက်ဟောင်းတို့ကြွေပါသည်။ ထိုအခါ ဥယျာဉ်စောင့်သည် ပထမမြေစာဟောင်းတို့ကို ဖယ်ရှားကာ ဖက်သက် သီးစုတ်ဖက်တို့နှင့် ရောနှော၍ ပကတိမြေမှုန့်တို့ကို လောင်းထည့်ပြီး  ရေကောင်းတို့ကို ပြန်လောင်းသည်။ ထိုသို့မြေသစ်ထည့်၍ ရေကောင်း လောင်းလိုက်သောအခါ သရက်ပင်တို့သည် မကြာမြင့်မီပင်လျှင် နုသောအဖူးအငုံ အရွက်နုတို့သည် ရင့်သောအဖူး အငုံဖြစ်ကာ ပွင့်ကြပါသည်။

ထို့နောက်သီးကင်းသီးပြီးမကြာမီပင် ရွှေဝါရောင်အဆင်းရှိ အနံ့အရသာနှင့်ပြည့်စုံသော သရက်သီးလေးလုံးတို့ မှည့်ကြပါသည်။ ဥယျာဉ်စောင့်သည် ထိုသရက်သီးတို့ကို ဆွတ်ယူ၍ ဗိမ္ဗိသာရမင်းကြီးထံ ဆက်သအံ့ဟုသွားသော် လမ်း၌ဆွမ်းခံကြွလာသော အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို မြင်ပါသည်။ ထိုအခါ ဤသရက်သီးတို့သည် မွန်မြတ်သောအသီးတို့ ဖြစ်သည်။ မထေရ်မြတ်အား လှူဒါန်းအံ့။ ငါ့ကို မင်း သတ်လိုက သတ်စေတော့၊ တိုင်းပြည်မှနှင်ထုတ်လျှင် နှင်ထုတ်စေတော့၊ မင်းကြီးအား ဆက်သသော် မျက်မှောက်၌သာ အကျိုးအနည်းငယ်သာ ခံစားရမည်။
မထေရ်မြတ်အားလှူဒါန်းသော် ဤမျက်မှောက်ဘ၀၌လည်းကောင်း၊ နောင်ဘ၀၌လည်းကောင်း၊ အတိုင်းအရှည် ပမာဏမရှိသော အကျိုးကိုပေးလိမ့်မည်ဟု ကြံစည်၍ မထေရ်မြတ်အား သရက်သီးတို့ကို လှူဒါန်းခဲ့ပါသည်။ ထို့နောက်မင်းကြီးအား အကြောင်းစုံ လျှောက်ထားခဲ့ပါသည်။ 

မင်းကြီးလည်း ထိုအကြောင်း မှန်မမှန်စုံစမ်းသိရှိခဲ့ပါသည်။ အရှင်မဟာမောဂ္ဂလာန်သည် သရက်သီးတို့ကို ဘုရားရှင်အား လှူဒါန်းဆက်ကပ်ခဲ့ပါသည်။ ဘုရားရှင်က အရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်မဟာကဿပတို့အား တစ်လုံးစီပေး၍ တစ်လုံးကို မိမိကိုယ်တိုင် ဘုန်းပေးတော်မူပါသည်။ မင်းကြီးလည်းအကြောင်းစုံကို သိရှိသော် ဥယျာဉ်စောင့်အားခေါ်၍ ဤယောက်ျားသည် ရဲရင့်၏။ အသက်ကိုမငဲ့ဘဲ ကောင်းမှုပြု၏ဟု ဆုလာဘ်များချီးမြှင့်၏။ ဥယျာဉ်စောင့်ကလည်း အလှူအဖို့ကို မင်းကြီးအား အမျှပေးဝေခဲ့ပြီးသော် တာဝတိံသာနတ်ပြည်၌ ဖလဒါယက
နတ်သားဖြစ်လေ၏။

ဦးကြင်လှိုင်
ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလ၌ ထင်ရှားသော တန်ခိုးရှင်များ

No comments:

Post a Comment