Monday, November 3, 2014

လောဘအပို လိုမလိုက်နဲ့ ၊ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ


တစ်ခါတုန်းကသီဟိုဠ်ကျွန်းမှာ “ဓမ္မိကတိဿ”ဆိုတဲ့ မင်းကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ တစ်နေ့တော့ မင်းကြီးရာဇပလ္လင်ပေါ်မှာ ထိုင်နေတုန်း
“ခါသားကင်သုံးကောင်” လာဆက်ကပ်ပါတယ်။ အဲဒီခါသားကင်က မင်းကြီးနားကိုက်ရောဂါ ခံစားနေရတဲ့အတွက် သီလစင်ကြယ်တဲ့သူ
တစ်ယောက်က “ပံ့သကူသား”အဖြစ် အပ်အပ်စပ်စပ် စီစဉ်ပေးထားတဲ့ ခါသားကင်ပါ။

မင်းကြီးက ခါသားကင်ကို တစ်ဖဲ့ဖဲ့ပြီး စားလိုက်စဉ်ပဲ ရှေ့ဆက်မစားဝံ့အောင် ဖြစ်သွားပါတယ်။ တစ်ခြားကြောင့်တော့ မဟုတ်ပါဘူး။ လှူနေကျ သံဃာတော်တွေကို သတိရသွားလို့ပါ။
ဒါကြောင့် ရှေ့ဆက်မစားတော့ပါဘူး။ ခါသားကင်သုံးကောင်ကို သိမ်းထားခိုင်းလိုက်ပါတယ်။

ဆွမ်းခံချိန်ရောက်လာတော့ ကြွလာနေကျ ရဟန်းတော်တစ်ပါး ကြွလာပါတယ်။ ရဟန်းတော်ရဲ့ နောက်မှာ “တောထွက်ရဟန်းကြီး” တစ်ပါးလည်း ကပ်ပါလာပါတယ်။ မင်းကြီးက ရဟန်းတော်နဲ့ တောထွက်ရဟန်းကြီးကို ခါသားကင် တစ်ကောင်စီ လှူလိုက်ပါတယ်။
ရဟန်းတော်ကော၊ တောထွက် ရဟန်းကြီးကော နေရာမှာတင် ထိုင်ဘုဉ်းပေးကြပါတယ်။

တစ်ဝက်လောက်ရောက်တော့ မင်းကြီးက သူစားဖို့ ရည်စူးထားတဲ့ ကျန်ရှိနေတဲ့ ခါသားကင်တစ်ကောင်ကို လိုက်ပွဲအဖြစ် ရဟန်းတော်ကို ကပ်ပါတယ်။ ဒါပေမယ့် ရဟန်းတော်က လက်ကာပြီးတားလိုက်ပတယ်။

တောထွက်ရဟန်းကြီးကို ကပ်တဲ့အခါမှာတော့ တောထွက်ရဟန်းကြီးက ယူပြီး တစ်ခါတည်း အကုန် ဘုဉ်းပေးလိုက်ပါတယ်။ မင်းကြီးလည်း သူ့နားရောဂါအတွက် စားဖို့
ရည်စူးထားတဲ့ ခါသားကင် မစားလိုက်ရတော့ စိတ်နှလုံးမသာမယာ ဖြစ်သွားပါတယ်။

■ဆွမ်းစားခြင်းကိစ္စပြီးလို့ ပြန်ကြွမယ်လုပ်တော့ မင်းကြီး ကရဟန်းတော်အနားကပ်သွားပြီး “အရှင်ဘုရား …
နောက်တစ်ခါကြွလာရင် အလိုက်သိတဲ့ နောက်လိုက် ရဟန်းကို ခေါ်ခဲ့ပါဘုရား” လို့ တိုးတိုးလေး ကပ်မှာ လိုက်ပါတယ်။

တကယ်တော့ ....
●ရဟန်းတော်က တောထွက်ရဟန်းကြီး ကို မင်းကြီးပင့်ထားတဲ့ ရဟန်းလို့ ထင်နေသလို၊
●မင်းကြီးကလည်း တောထွက်ရဟန်းကြီးကို ရဟန်းတော်ရဲ့နောက်လိုက် ရဟန်းလို့ ထင်နေတာပါ။
ဒါပေမယ့် ရဟန်းတော်က တောထွက်ရဟန်းကြီး “မင်းပြစ်မင်းဒဏ်” သင့်မှာစိုးလို့ အသာငြိမ်နေလိုက်ပါတယ်။

နောက်တစ်နေ့ ဆွမ်းခံကြွတဲ့အခါမှာတော့ ရဟန်းတော်က “ကိုရင်ငယ်” တစ်ပါးကို နောက်လိုက်အဖြစ် ခေါ်ခဲ့ပါတယ်။ နန်းတော်ရောက်တဲ့အခါ မင်းကြီးက ယာဂု နဲ့ ခါသားကင် တစ်ကောင်ကို ရဟန်းတော်ကို အရင်ကပ်ပါတယ်။ နောက် ကိုရင်ကိုကပ်တဲ့အခါမှာတော့ ကိုရင်က
တစ်ဝက်သာကပ်ဖို့ လက်အမူအရာနဲ့ပြပါတယ်။တစ်အောင့်လောက်ကြာတော့ မင်းကြီးက ရဟန်းတော်ကို လိုက်ပွဲအဖြစ် ခါသားကင် ကပ်ပြန်ပါတယ်။ ရဟန်းတော်က လက်ကာပြီး တားလိုက်ပါတယ်။ နောက် ကိုရင်ကိုကပ်ပြန်တော့ ကိုရင်ကလည်း လက်ကာပြီး တားလိုက်ပါတယ်။

မင်းကြီးလည်း မိမိစားချင်လှတဲ့ “ခါသားကင်”ကို ရဟန်းတော်တွေကို ဦးစွာကပ်လိုက်ရတဲ့အတွက် တော်တော်လေး စိတ်ချမ်းသာသွားပါတယ်။ ဒါကြောင့် ရဟန်းတော်တွေနဲ့ မလှမ်းမကမ်းမှာ ထိုင်ပြီး၊ “အင်း …. အလိုက်သိတတ်တဲ့ ရဟန်းတော်တွေ့ရတော့လည်း ငါစားချင်တဲ့ ခါသားကင်ကို စားခွင့်ရတော့တာပဲ” လို့ ပြောရင်း ခါသာကင်ကို စားလိုက်တာ စားနေဆဲမှာပဲ နားထဲက ပြည်ပုပ်တွေ ထွက်ကျလာပြီး နားရောဂါလည်း
တစ်ခါတည်း ပျောက်သွားပါတော့တယ်။

မင်းကြီးက ကိုရင်ကိုကြည်ညိုသွားပြီး “ကိုရင့်ကို နေ့စဉ် ဆွမ်းရှစ်ပွဲလှူပါတယ်”လို့ ဖိတ်လိုက်ပါတယ်။ ကိုရင်ကလည်း အဲဒီဆွမ်းရှစ်ပွဲကို “ဥပဇ္ဈာယ်ဆရာတော်ကို လှူပါတယ်”လို့ ပြန်ပြောလိုက်ပါတယ်။ နောက် မင်းကြီးက ဆွမ်းအုပ်တွေဆင့်ကဲ၊
ဆင့်ကဲလှူပေမယ့် ကိုရင်က ဆရာတွေချည်း လှူပစ်ပါတယ်။
ငါးခုမြောက်ကျမှပဲ မိမိအတွက် အလှူခံလိုက်ပါတော့တယ်။

-【သံယုတ်အဋ္ဌကထာ၊ တတိယတွဲ၊ ရထောပမသုတ်၊
စာမျက်နှာ ၆၉၊၇၀၊၇၁။ 】

“သန္တုဋ္ဌိ” ကို ပုဒ်ခွဲပြီး မြန်မာပြန်ရင် သ= မိမိမှာရှိနေတဲ့ဥစ္စာနဲ့ ၊
တုဋ္ဌိ=နှစ်သက်ခြင်း ၊ရောင့်ရဲခြင်းလို့ ပြန်ရပါ့မယ်။ လိုရင်းကတော့ ရောင့်ရဲခြင်းပါ။ ဒီတော့ စီးပွါးရှာတဲ့အခါ၊ ပညာရှာတဲ့အခါ မှာ
“ဒီလောက်ဆိုရင် တော်ရောပေါ့” ဆိုပြီး သန္တုဋ္ဌိ လုပ်လိုက်ရမလားလို့ မေးစရာရှိပါတယ်။ အဲဒီအပြုအမူဟာ သန္တုဋ္ဌိ မဟုတ်ပါဘူး။
“၀ီရိယမရှိတာ နဲ့ ပျင်းရိတာ”ပါ။

ခန္ဓာရှိနေတဲ့အတွက် မိသားစုရှိနေတဲ့အတွက် ပညာကော၊ စီးပွါးရေးကော ကြိုးကြိုးစားစား ရှာရပါမယ်။ တစ်နေတာရှာလို့ တစ်ထောင်ရလာရင် ငါးရာကို မိသားစုအတွက်သုံးပြီး ၊ ကျန်ငါးရာကို စုထားလိုက်တာကိုမှ သန္တုဋ္ဌိ လို့ ခေါ်တယ်။ တရားနည်း နဲ့ ရှာတဲ့
အလုပ်မှန်သမျှ ၀ီရိယကို လျော့မချရပါဘူး။ တရားနည်းနဲ့ ရှာနေသမျှ ကာလပတ်လုံး သန္တုဋ္ဌိ လို့ခေါ်ပါတယ်။ တရားတဲ့ နည်းနဲ့ ရှာနေသမျှ ကာလပတ်လုံး သန္တုဋ္ဌိ မပျက်ပါဘူး။ မတရားတဲ့နည်းတွေပါလာမှသာ သန္တုဋ္ဌိ ပျက်သွားတာပါ။

ဒါကြောင့် ဥဒါန်းအဋ္ဌကထာ(၂၀၇)မှာ-
●မတရားတဲ့နည်းနဲ့ ပစ္စည်းရယူမူကို ပယ်စွန့်ပြီး ၊
●တရားတဲ့နည်းနဲ့ ပစ္စည်းရမှုကို နှစ်သက်ခြင်း၊
●တရားသဖြင့် ရတဲ့ပစ္စည်းတွေကို နှစ်သက်ခြင်း
ကိုလည်း “သန္တုဋ္ဌိ” လို့ ခေါ်ကြောင်း ဖွင့်ပြထားပါတယ်။

“သန္တုဋ္ဌိ” နဲ့ ပရိယာယ်တူ ပါဠိ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ “သန္တောသ” ဆိုတဲ့ ပါဠိပါ။ စာထဲမှာ သန္တောသ သုံးမျိုးကို ပြထားပါတယ်။ “သန္တောသ သုံးမျိုး” ဆိုတာက-

(၁)။ ယထာလာဘသန္တောသ = ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ ရရသမျှသော ပစ္စည်းတို့ဖြင့် ရောင့်ရဲခြင်း။
(၂)။ ယထာဗလသန္တောသ = မိမိရရှိထားသော ပစ္စည်းများထဲမှ
မိမိကျန်းမာရေးကို ချင့်ချိန်ပြီး ၊စားသင့်သည့်အစားအစာ၊
ဝတ်သင့်သည့်အ၀တ် စသည်တို့ကို ရွေးချယ် သုံးဆောင်၍ ရောင့်ရဲခြင်း။
(၃)။ ယထာသာရုပ္ပသန္တောသ=မိမိရရှိထားသောပစ္စည်းထဲမှ
ကောင်းနိုးရာရာဟူသမျှကို ပရဟိတအတွက် အသုံးချ၍၊ မိမိကတော့ သင့်တင့်သော ခပ်ညံ့ညံ့ပစ္စည်းများကိုသာ သုံးဆောင်၍ ရောင့်ရဲခြင်းတို့ဖြစ်သည်။

●နံပါတ်(၂) သန္တောသ က “ကျန်းမာရေး”ကို သတိပေးထားတာဖြစ်ပြီး၊
●နံပါတ်(၃) သန္တောသ ကတော့ “ပရဟိတ”ကို မမေ့ဖို့ သတိပေးထားတာပါ။
မြတ်စွာဘုရားက ပရဟိတလုပ်တဲ့နေရာမှာလည်း ကိုယ်က ခပ်ညံ့ညံ့ကိုပဲ သုံးဆောင်ပြီး၊ ပရဟိတအတွက်တော့ ကောင်းနိုးရာရာတွေကိုသာ သုံးစွဲပေးလိုက်ဖို့ ကရုဏာတော်နဲ့
လမ်းညွှန်တော်မူခဲ့တာပါပဲ။

ပစ္စည်းဝတ္ထုတွေကို နေ့စဉ်နဲ့အမျှ သုံးစွဲနေကြတာဆိုတော့ ကိုယ်ရဲ့သုံးစွဲမှုဟာ “သန္တောသ” ပါရဲ့လား။ ပါတယ်ဆိုရင် ဘယ်လို “သန္တောသ” မျိုးပါတာလဲ။နံပါတ်(၃) သန္တောသ မျိုးအထိ
ပါနိုင်ပြီလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်ပါတယ်။

►မျက်မှောက် ပစ္စုပ္ပန်ဘ၀မှာ
“ရုပ်ရည်၊ ပညာ၊ ဥစ္စာ၊ ရာထူး” စသည်တွေ ပြည့်စုံရုံတင်မက၊ ဘ၀မှာ ဘာလုပ်လုပ် “ပထမနေရာ” ကိုပဲ ရောက်ကြရသူတွေ ရှိပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ အတိတ် အတိတ်ဘ၀တွေက “တတိယသန္တောသ”ကို ဦးထိပ်ထားဖြည့်ဆည်းခဲ့ကြလို့ပါ။
လူငယ်စကားနဲ့ ပြောရရင်တော့ ရှယ်တွေပဲ ရွေးလှူခဲ့လို့ ဒီဘ၀မှာ ရှယ်တွေပဲစုပြီး အကျိုးပေးနေတာပါ။ ဒီတော့ ကိုယ်က နောက်ဘ၀မှာ ရှယ်အကျိုးပေးခံချင်တယ် ဆိုရင်တော့ ရှယ်ပစ္စည်းတွေ ရွေးပြီး လှူဖြစ်ဖို့ပါ။ စာလိုပြောရင်တော့ “တတိယသန္တောသ” ကို ဖြည့်ကျင့်ဖို့ပါပဲ။

“သန္တောသ” အကြောင်းပြောရင် သန္တောသ ရဲ့ ဆန့်ကျင်ဘက်ကိုပါ ထည့်ပြောမှ ပြည့်စုံမှာပါ။ “သန္တောသ” ရဲ့ ဆန့်ကျင်ဘက်တွေကတော့
(၁)။ ပါပိစ္ဆာ
(၂)။ မဟိစ္ဆာ
(၃)။ အတြိစ္ဆာတို့ပါပဲ။

(၁)။ ပါပိစ္ဆာ ဆိုတာက = မိမိမှာ သီလ၊ သမာဓိ စတဲ့ဂုဏ် မရှိဘဲနဲ့ ရှိသယောင် ဟန်ဆောင်လိုတာ၊ ဟန်ဆောင်ချင်တာပါ။

(၂)။ မဟိစ္ဆာ ဆိုတာက = မိမိမှာ သီလ၊ သမာဓိ ဂုဏ်နည်းနည်းပဲ ရှိတာကို များများရှိသယောင် ဟန်ဆောင်လိုတာ၊ ဟန်ဆောင်ချင်တာပါ။

(၃)။ အတြိစ္ဆာ ဆိုတာက = မိမိရရှိတဲ့ ပစ္စည်းဝတ္ထုကို အကောင်းမထင်ဘဲ၊ သူတစ်ပါးရရှိတာကိုပဲ အကောင်း ထင်နေတတ်တာပါ။ သုံးခုလုံးဟာ “အလိုဆိုးတွေ”ချည်းပါပဲ။
အလိုဆိုးရှိတဲ့သူဟာ သန္တောသ မဖြစ်သလို၊ သန္တောသ ရှိတဲ့သူဟာလည်း အလိုဆိုး မဖြစ်ပါဘူး။

“ရောင့်ရဲခြင်းဟာ ရုပ်လှကြောင်း”
~~~~~~~~~~~~~~~~~~~~~~~
“ရောင့်ရဲခြင်းဟာ ရုပ်လှကြောင်း”လို့လည်း စာမှာဆိုထားပါတယ်။

ဘုရားအလောင်း “တေမိမင်းသား” ဘ၀ တောထဲမှာ တစ်ပါးတည်း ရှိနေစဉ် ကာလမှာ ရုပ်ရည်အဆင်းတွေက နန်းတော်ထဲမှာ နေတာထက် ပိုလှနေပါတယ်။ ဒါကိုတွေ့တဲ့ ခမည်းတော်မင်းကြီးက
“ချစ်သား… နန်းတော်ထဲမှာ အစားကောင်း၊ အသောက်ကောင်းတွေ စားနေတုန်းက ဒီလောက်မလှဘူး။ တောထဲမှာ တစ်ပါးတည်းနေပြီး
အချက်အပြုတ် အကြော်ကင်းတဲ့ သစ်သီး၊ သစ်ရွက်တွေပဲ စားနေရပြီး ဘာဖြစ်လို့ ရုပ်ရည်အဆင်းတွေက ပိုလှနေရတာလဲ..” လို့မေးတော့
ဘုရားအလောင်းတေမိမင်းသားက

အတီတံနာနုသောစာမိ၊
နပ္ပဇပ္ပါမိနာဂတံ။
ပစ္စုပ္ပန္နေနယာပေမိ၊
တေန၀ဏ္ဏောပသီဒတိ။
(ဇာတ်၊ဋ္ဌ၊ ဆဋ္ဌတွဲ၊ နှာ၃၁။)

“ခမည်းတော် …. ကျွန်တော်ဟာ ဖြစ်ခဲ့ဖူးတဲ့ စည်းစိမ်ကို ပြန်တောင်းတပြီး ပူပန်မနေပါ။ မဖြစ်သေးတဲ့ စည်းစိမ်ကိုလည်း တောင်းတ မျှော်လင့်မနေပါ။ ယခုပစ္စုပ္ပန်ကာလမှာ ရနေတဲ့ စည်းစိမ်လာဘ်လာဘနဲ့ပဲ ရောင့်ရဲနေပါတယ်။ အဲဒီလို ရောင့်ရဲနေတဲ့အတွက် သားတော်ရဲ့ အဆင်းက ယခင်ထက်ပိုလှနေတာပါ” လို့ ပြန်ပြောလိုက်ပါတယ်။

ခေတ်ကာလအလျောက် ပစ္စည်းဆန်းတွေကတော့
ဆင့်ကဲဆင့်ကဲ့ပေါ်နေကြမှာပဲ။ တချို့ ပစ္စည်းဆန်းတွေကိုတော့ အလုပ်တစ်ခုလို၊ ဒါမှမဟုတ် မင်္ဂလာတစ်ခုလိုကို သဘောထားပြီး
ရောင့်ရဲလိုက်ရပါတယ်။ ပြီးတော့ ပစ္စည်းဆန်းကို ၀ယ်လို့ ကုန်ကျမယ့်ငွေကို လောကအတွက် လိုအပ်နေမယ့် နေရာကို မျက်စိမှိတ်ပြီး လှူပစ်ရပါတယ်။ အဲဒီအတွက် ပြန်ရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။ အလုပ်တစ်ခုလို ပြုပြုသွားရင်း စွဲသွားပါလိမ့်မယ်။

ဘာပဲပြောပြော သံသရာရဲ့ ဘ၀တစ်ခုမှာ “ပထမနေရာ”ကို ရဖူးလိုက်ချင်တယ် ဆိုရင်တော့ “တတိယသန္တောသ” လေးကို သတိရလိုက်ဖို့ပါပဲလေ။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏
“မင်္ဂလာအတွေးများ” နှာ ၁၆၃ - ၁၆၉ မှ-
ကူးယူပူဇော်မျှဝေပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm
[မင်္ဂလာအတွေးများ(၂၄) သန္တုဋ္ဌိစ ဧတံမင်္ဂလမုတ္တမံ။
ရောင့်ရဲလွယ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။
လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။]

No comments:

Post a Comment