Sunday, March 8, 2015

ရောဟိဏီဇာတ်


(အမိ၌ယင်အုံသည်ကို ကျည်ပွေ့ဖြင့် ရိုက်ခတ်မိ၍ အမိသေသောအကြောင်း)

ပစ္စုပ္ပန်ဝတ္ထု
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော
သဗ္ဗညုမြတ်စွာဘုရားသည် သေယျော အမိတ္တော အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤရောဟိဏီဇာတ်ကို သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေး၏ တယောက်သော ကျွန်မကိုအကြောင်းပြု၍ ဟောတော်မူ၏။ အနာထပိဏ်သူဌေးအား တယောက်သော ရောဟိဏီမည်သော ကျွန်မသည် ဖြစ်သတတ်။ ထိုရောဟိဏီမည်သော
ကျွန်မ၏ကောက်နယ်ရာအရပ်၌ လာလတ်၍ အမိသည် အိပ်၏။ ထိုအမိအိုကို ယင်တို့သည် ခြံရံကုန်လျက် အပ်ဖြင့်ထိုးသကဲ့သို့ ကိုက်၍ ထိုအမိအိုသည် သမီးကို ချစ်သမီး ငါ့ကို ယင်တို့သည် ကိုက်ကုန်၏။
ထိုယင်တို့ကိုမြစ်လောဟုဆို၏။ ထိုရောဟိဏီမည်သော သမီးသည် မြစ်အံ့ဟု ကျည်ပွေ့ကိုချီ၍ အမိ၏ ကိုယ်၌ ယင်တို့ကို သတ်၍ ပျက်စီးခြင်းသို့ရောက်စေအံ့ ဤသို့နှလုံးသွင်းဆင်ခြင်၍ အမိကို ကျည်ပွေ့ဖြင့်ခတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၏။
ထိုအမိကိုမြင်၍ ငါ၏အမိသည်သေပြီဟု ငိုအံ့သောငှါ အားထုတ်၏။ ထိုအကြောင်းကို သူဌေးအားကြားကုန်၏။ သူဌေးသည် ထိုကျွန်မ၏အလောင်းကောင်ကို သဂြိုလ်ခြင်းကိစ္စကို ပြုစေ၍ ကျောင်းသို့သွား၍ အလုံးစုံသော ထိုအကြောင်းကို မြတ်စွာဘုရားအား
လျှောက်ထား၏။ မြတ်စွာဘုရားလည်း သူကြွယ် ဤရောဟိဏီမည်သော ကျွန်မသည် အမိ၏ ထိုကိုယ်၌ ယင်တို့ကို မြစ်အံ့ဟု ယခုအခါ၌သာလျှင် ကျည်ပွေ့ဖြင့် အမိကို သတ်သည်မဟုတ်သေး။ ရှေး၌လည်း သတ်ဘူးသည်သာလျှင်တည်းဟု
မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု
သူကြွယ်လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အဘလွန်သဖြင့် သူဌေးအရာသို့ရောက်၏။ ထိုသူဌေးအား ရောဟိဏီမည်သည်သာလျှင်ဖြစ်သော ကျွန်မသည် ဖြစ်၏။ ထိုကျွန်မသည်လည်း မိမိ၏ ကောက်နယ်ရာအရပ်သို့ လာလတ်၍ အိပ်သော အမိကို ယင်တို့သည် အုံကုန်သည်ဖြစ်၍ ချစ်သမီး ယင်တို့ကိုမြင်လော။ ဤသို့ဆိုအပ်သည်ဖြစ်၍
ဤအတူလျှင် ကျည်ပွေ့ဖြင့်ခတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီး၍ ငိုအံ့သောငှါ အားထုတ်၏။ ဘုရားလောင်းသည် ထိုအကြောင်းကို ကြား၍ ဤလောက၌ ရန်သူဖြစ်ငြားသော်လည်း
ပညာရှိသည်သာလျှင် မြတ်၏ ဤသို့ကြံ၍

သေယျော အမိတ္တော မေဓာဝီ၊ ယဉ္စေ ဗာလာနုကမ္ပကော။
ပဿ ရောဟိဏိကံ ဇမ္ပိံ၊ မာတရံ ဟန္တွာန သောစတိ။
ဟူသောဂါထာကိုဆို၏။

ယဉ္စေ-ယောနာမ၊ အကြင်အမည်ရှိသော။ အနုကမ္ပကော၊
အဆွေခင်ပွန်းဖြစ်သော။ ဗာလော၊ သူမိုက်သည်။ အတ္ထိ၊ ရှိ၏။ တတော၊ ထိုသူမိုက်ထက်။ သတဂုဏေန၊ အဆအရာဖြင့်။ သဟဿဂုဏေန၊ အဆအထောင်ဖြင့်။ သတသဟဿဂုဏေန၊ အဆအသိန်းဖြင့်။ မေဓာဝီ၊
ပညာရှိသည်။ အမိတ္တော၊ ရန်သူဖြစ်ငြားသော်လည်း။ သေယျော၊ မြတ်သေး၏။ အနုကမ္ပကော၊ အဆွေခင်ပွန်းဖြစ်သော။ ဗာလော၊ သူမိုက်သည်။ သဉ္စေသေယျော၊ မမြတ်သာလျှင်ကတည်း။ ဇမ္မိံ၊ ယုတ်မာသော။ ရောဟိဏိကံ၊ ရောဟိဏိကို။ ပဿ၊ ရှုလော့။ ရောဟိဏီ၊ ရောဟိဏီသည်။ မာတရံ၊ အမိကို။ ဟန္တွာန၊ သတ်၍။ သောစတိ၊ စိုးရိမ်ရ၏။

ဘုရားအလောင်းသည် ပညာရှိကို ချီးမွှမ်းလျက် ဤဂါထာဖြင့် တရားဟော၏။

ဇာတ်ပေါင်း
မြတ်စွာဘုရားသည် သူကြွယ် ဤရောဟိဏီသည် ယခုအခါ၌သာလျှင် ယင်တို့ကိုသတ်အံ့ဟူ၍ အမိကို သတ်သည်မဟုတ်သေး။ ရှေး၌လည်း သတ်ဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ရောဟိဏီ၏အမိသည် ထိုအခါရောဟိဏီ၏ အမိဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင်
ထိုအခါသူဌေးကြီးဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အသိဥာဏ်ကင်း ပြုမူခြင်း မိရင်းမာတာ သေရရှာ။

ညောင်ကန်ဆရာတော်ကြီး ပြုစုရေးသားတော်မူသော
ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု

No comments:

Post a Comment