ရှေးအခါက တောင်ခြေတစ်ခု၌တည်သော လိုဏ်ဂူတွင် ဘီလူးမတစ်ယောက် ရှိ၏။ မြင်းခေါင်းမျက်နှာနှင့် လူကိုယ်သဏ္ဍာန်ရှိသောကြောင့် အဿမုခီဟု အမည်တွင်၏။ ဘီလူးမသည် မိမိပိုင်ဆိုင်ရာ နယ်မြေအတွင်းသို့ ၀င်လာသမျှသော လူတို့ကို ဖမ်းယူစားသောက်၏။ တစ်နေ့၌အဆင်းလှသော ပုဏ္ဏားတစ်ယောက်ကို ဖမ်းမိ၏။ ထိုပုဏ္ဏားကို ကျောကုန်း၌တင်၍ မိမိနေထိုင်သည့် လိုဏ်ဂူသို့ သွား၏။ ထိုသို့သွားစဉ် အတွေ့ကိုသာယာပြီး ပုဏ္ဏားအား ချစ်မြတ်နိုးသည့်စိတ် ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ပုဏ္ဏားကို မစားတော့ဘဲ လင်ယောက်ျားအဖြစ်ဖြင့် ပေါင်းသင်းနေထိုင်၏။
ထိုကာလမှစ၍ ဘီလူးမသည် လင်ယောက်ျားအား အ၀တ်အစားနှင့်တကွ ကောင်းမွန်သော စားဖွယ်သောက်ဖွယ်တို့ကို ရှာဖွေယူဆောင်ကျွေးမွေး၍ မိမိမူ လူသားကို စား၏။ သူမ အစာရှာထွက်သောအခါ ပုဏ္ဏားထွက်မပြေးစေရန် ကြီးမားသော
ကျောက်တုံးဖြင့် ပိတ်ထားခဲ့၏။ ပုဏ္ဏားနှင့် ပေါင်းဖော်မူကြောင့်
ဘီလူးမတွင် သားတစ်ယောက် ရလာ၏။ ဘီလူးမ၏ ကျွေးမွေးစောင့်ရှောက်မှုဖြင့် သားလည်း အရွယ်ရောက်လာသည်။
ဘီလူးမသည် အစာရှာထွက်တိုင်း လိုဏ်ဂူကို ပိတ်ထားခဲ့လေ့ရှိ၏။
တစ်နေ့သော် ဘီလူးမထွက်သွားသောအခါ သားသည် မိမိ၏အားဖြင့် ကျောက်တုံးကို ဖယ်ရှားတွန်းဖွင့်၍ ဖခင်အား အပြင်၌ ထား၏။ ဘီလူးမပြန်လာသောအခါ ကျောက်တုံးကို မည်သူ ဖယ်ရှားသနည်းဟုမေးရာ အမှောင်၌ မနေနိုင်လိုသောကြောင့် ကျွန်တော် ဖယ်ရှားပါသည်ဟု သားကဆိုသောကြောင့် ဘီလူးမသည်
သားကိုချစ်ခြင်းဖြင့် အပြစ်မဆိုချေ။ တစ်နေ့တွင် သားက ဖခင်ကို ဖခင်၏မျက်နှာနှင့် မိခင်၏မျက်နှာသည် အဘယ်ကြောင့် မတူသနည်းဟုမေး၏။ ဖခင်လည်း မိခင်သည် ငါတို့ကဲ့သို့ လူသားမဟုတ်။ လူသားစားသည့် ဘီလူးမတည်းဟု ဖြေ၏။ ထိုအခါ သားက အဘယ်ကြောင့် ဤအရပ်၌ နေကုန်အံ့နည်း။
ထွက်ပြေးကြကုန်စို့ဟု ဆိုပြန်၏။ ဖခင်က ငါတို့ ထွက်ပြေးလျှင် သင့်မိခင်က ငါတို့ကိုလည်း သတ်ဖြတ်စားသောက်လိမ့်မည်ဟု ဆို၏။ သားက ဖခင် မကြောက်လင့် လူ့ပြည်ရောက်ရန် သား တာဝန်ယူပါသည်ဟု နှစ်သိမ့်၏။
နောက်နေ့တွင် ဘီလူးမ အစာရှာထွက်သောအခါ သားသည် ဖခင်ကိုထမ်း၍ပြေး၏။ ဘီလူးမပြန်လာ၍ လင်နှင့်သားကို မတွေ့လတ်သော် လျင်မြန်သောအဟုန်ဖြင့် လိုက်ပြီးဖမ်း၏။ ဖမ်းမိသောခဏ၌ အဘယ်ကြောင့် ထွက်ပြေးသနည်းဟုမေးရာ
ပုဏ္ဏားက သင့်သားခေါ်၍ ငါပြေးသည်ဟု ပြော၏။ ဘီလူးမလည်း သားကို ချစ်သောကြောင့် တစ်စုံတစ်ရာ အပြစ်မဆိုချေ။ နှစ်ရက်သုံးရက် ကြာသောအခါ တစ်ဖန်ထွက်ပြေးပြန်၏။ သို့သော် ပထမတစ်ခေါက်ကဲ့သို့ပင် ဘီလူးမပြန်၍ ဖမ်းမိ၏။ ထိုအခါ သားသည် ငါ၏မိခင်ပိုင်ဆိုင်သော နယ်မြေအပိုင်းအခြား ရှိလိမ့်မည်။ ထိုနယ်မြေကို လွန်အောင် ပြေးနိုင်မူကောင်းလေစွဟု စဉ်းစားမိ၍ ပရိယာယ်ဖြင့် မိခင်ကိုမေးလေ၏။ မိခင်သည်လည်း တောတောင်မြစ်တို့၏ အပိုင်းအခြားကို အမှန်အတိုင်း ပြောပြရှာ၏။
နှစ်ရက် သုံးရက်လွန်သောအခါ မိခင် မရှိခိုက်တွင် သားသည် ဖခင်ကိုထမ်း၍ လျင်မြန်စွာ ထွက်ပြေးရာ မိခင်၏ အပိုင်းအခြားကုန်ရာ မြစ်ကမ်းနားသို့ ရောက်၏။ ဘီလူးမလည်း နောက်မှ လိုက်လာ၏။
သားသည် ဖခင်ကိုထမ်း၍ မြစ်လယ်သို့သွား၏။ ဘီလူးမသည် မြစ်ကမ်းနားသို့ ရောက်သောအခါ မိမိ၏ အပိုင်းအခြားကို လွန်ကြောင်းသိ၍ မြစ်ကမ်းနား၌ ရပ်လျက် သားမောင် ဖခင်ကိုခေါ်၍ ပြန်လာခဲ့ပါ။ င့ါ၌ အဘယ်အပြစ်ရှိသနည်း။ င့ါကိုမှီ၍ မပြည့်စုံသည်များ ရှိသလော။ သင်တို့ပြန်လာခဲ့ကြပါဟု တောင်းပန်၏။ သားက လူသားနှင့်ဘီလူး အတူနေခြင်းငှါ မတတ်ကောင်းဟုဆို၏။ ဘီလူးမသည် သားကို သင်တကယ် ပြန်မလာတော့ဘူးလားဟု မေး၏။ သားလည်း တကယ် ပြန်မလာတော့ပြီဟုဆိုရာ ဘီလူးမက လူ့ပြည်လူ့ရွာ၌ အတတ်ပညာမရှိလျှင် အသက်မွေးရန် မလွယ်ကူချေ။
ဆယ့်နှစ်နှစ်အတွင်း ပျောက်သောဥစ္စာကိုလည်းကောင်း၊ ခိုးသူ၏ ခြေရာကိုလည်းကောင်း ဖော်ထုတ်ခြင်းငှါ စွမ်းနိုင်သည့် စိန္တာမဏိမန္တန်ကို ငါသည် တတ်၏။ သင် အသက်မွေးဝမ်းကျောင်းပြုခြင်းငှါ ဤမန္တန်ကို သင်ယူလော့ဟုဆို၏။
သားလည်း မြစ်လယ်၌ရပ်လျက် မိခင်ကို ရှိခို၍ မန္တန်ကို ရိုသေစွာ သင်ယူ၏။ သင်ပြီးလျှင် ငါလည်း အသက်ရှင်လိမ့်မည်မဟုတ်ဟု
ပြောဆိုပြီး ထိုခဏ၌ပင် ယင်းအရပ်၌ နှလုံးကွဲ၍ သေဆုံးသွားရရှာလေသည်။
ဤဖြစ်ရပ်ကိုကြည့်လျှင် မိခင်၏မေတ္တာမှာ မည်မျှ အံ့သြဖွယ် ကောင်းသနည်း။ မည်မျှနက်ရှိုင်းသနည်း။ မိမိအား စိမ်းကားရက်စက်စွာ စွန့်ခွါပစ်သွားတော့မည့်သားကို အပြစ်မဆို အမျက်မထွက်ရက်ဘဲ
မိခင်နှလုံးသားအပြည့်ဖြင့် ချစ်ပြနိုင်ခဲ့သည်။ စိတ်မချစွာဖြင့် လူ့လောကအကြောင်းနှင့် မန္တန်တို့ကို နောက်ဆုံးထွက်သက်အထိ ပြောပြသင်ကြားပေးနေသေးသည်မှာ ချီးကျူးဖွယ်ကောင်းလှပေသည်။ မိခင်ဖြစ်သူပီပီ သားဖြစ်သူအား အသက်နှင့် ထပ်တူထပ်မျှ ချစ်ပြသွားခဲ့သည်။ ဘီလူးမဖြစ်နေ၍ မိခင်မေတ္တာက တစ်မျိုးတစ်ဖုံဖြစ်မသွား။ လူသားမိခင်တို့ကပင် စံထားယူရလောက်သည့် မေတ္တာမျိုးဖြစ်၏။ ဘီလူးမဖြစ်သော မိခင်ပင်လျှင် ဤမျှထိ သားကို ချစ်မြတ်နိုးတတ်ပါက လူသားမိခင်တို့၏ မေတ္တာမှာ မည်သည့် အတိုင်းအတာအထိ နက်ရှိုင်းမည်နည်း။ ဤဖြစ်ရပ်ကို ထောက်ထားခြင်းအားဖြင့် အမျိုးသမီးတို့၌ရှိသော မိခင်
စိတ်ဓါတ်၏ ကြီးကျယ်နက်ရှိုင်းမှု၊ နူးညံ့ပျော့ပျောင်းမှုတို့ကို မှန်းဆသိရှိနိုင်ပေသည်။
အရှင်ကောလိတ ( သာသနာ့တက္ကသိုလ်၊ ရန်ကုန် )
အမျိုးသမီးဘ၀နှင့် ဗုဒ္ဓအမြင်
No comments:
Post a Comment