ရှာမှရှား တစ်ယောက်နှင့် တစ်ချိန်က တွေ့ခဲ့၏။
တစ်ချိန်သော ဆောင်းကာလကဖြစ်၏။ မိမိသည် မြို့ကြီးတစ်မြို့တွင် ဆယ်ရက် တရားစခန်းပြနေခိုက် ဖြစ်၏။ တစ်နေ့ညနေတွင်
ဒကာမသုံးလေးယောက် ရောက်လာပြီး ရှိခိုး၍ထိုင်ပြီးသော် တစ်ယောက်ကလျှောက်၏။
အရှင်ဘုရား တပည့်တော်မလျှောက်ထားပါရစေဘုရား။
အင်း ဘာလျှောက်ထားချင်လို့လဲ။
တပည့်တော်မ ကိုးကွယ်တဲ့ဘုန်းကြီးအကြောင်းကို လျှောက်ထားချင်လို့ပါ ဘုရား။
ဘယ်လိုလျှောက်ထားချင်တာလဲ။
တပည့်တော်မ ကိုးကွယ်တဲ့ဘုန်းကြီးက သိပ်ပြီးအပူအပင်ကြီး
သိပ်ပြီးလောဘကြီးတာပဲ ဘုရား။
အင်း ဘုန်းကြီးလောဘကြီးတာ ဘုန်းကြီးရှေ့လာပြီး လျှောက်နေတာမှ ခက်တာ။
မခက်ပါနဲ့ဘုရား။ တပည့်တော်မ ဘုန်းကြီးက သူ့ထက်သူများတွေ ဘုန်းကြီးသွားမှာ၊ သာသွားမှာလည်း သိပ်စိုးရိမ်တယ် ဘုရား။ တပည့်တော်မက တပည့်တော်မတို့မြို့မှာ တရားပွဲတွေ ကျင်းပတယ်ဘုရား။ ဘုန်းကြီးက လက်မခံချင်ဘူး။ သူများတွေ
သူ့ဆီမှာ လာပြီးအုပ်စိုးသွားမှာ သိပ်စိုးတယ်ဘုရား။ သူ့ဒကာဒကာမတွေ သူများနောက်ပါသွားမှာ သိပ်စိုးတယ်ဘုရား။
သူက သူ့နယ်မှာ အားလုံးဟာ သူ့သြဇာခံ သူ့တပည့်တွေသာ
ဖြစ်စေချင်တယ်ဘုရား။ ကျောင်းတွေကိုလည်း နယ်ချဲ့တယ် ဘုရား။ သူများကျောင်းတွေ သူ့တပည့်တွေထား၊ သူ့ကျောင်းဖြစ်အောင် လုပ်တယ်ဘုရား။ အဲဒီသူ့တပည့်တွေ သူ့လက်အောက်ခံကျောင်းက တပည့်ဒကာဒကာမတွေရဲ့ ပူဇော်မူ လှူဒါန်းမှုကိုလည်း သိပ်လိုလားတယ် သာယာတယ်ဘုရား။
အင်း ဒီလိုဆိုတော့ ခက်တာပဲ။
ဒီပြင့်ဟာတွေ ထားပါတော့ဘုရား။ သူကိုယ်တိုင်လည်း တရားဟောမပြ၊ သူများတွေ ဟောတာလည်း လက်မခံ၊ မကြိုက်မနှစ်သက်တော့ မြို့သူမြို့သား နယ်သူနယ်သားတွေ အသိဉာဏ် တုံးကုန်တောပေါ့ဘုရား။
နို့ ဒကာမကြီးက တရားဟောပါလား။
တပည့်တော်မက တရားတော့ မဟောပါဘူးဘုရား။
လျှောက်တော့ လျှောက်ထားပါတယ်။
ဘယ်လိုလျှောက်ထားတာလဲ။
အပူအပင်မကြီးဖို့ တရားအားထုတ်ဖို့ပေါ့ဘုရား။
အင်း ဒီတော့ ဘာပြန်ပြောလဲ။
ငါတရားအားထုတ်လို့ရှိရင် ဒီကျောင်း၊ ဒီကံ၊ ဒီပစ္စည်းတွေ မလိုချင်တော့ ဘယ့်နှယ့်လုပ်မလဲလို့ ပြောပါတယ်ဘုရား။
ဒီတော့ ဒကာမကြီးက ဘာပြန်ပြောသလဲ။
အရှင်ဘုရားမလိုချင်ရင်ကောင်းတာပေါ့ဘုရား။ လိုချင်ရင် အပါယ်ကျမှာပေါ့ ဘုရား။ တပည့်တော်မတို့တောင်မှ မလိုချင်အောင် အားထုတ်နေတာပဲ။ အရှင်ဘုရားက သူများတွေ မလိုချင်လို့ စွန့်လှူထားတဲ့ ပစ္စည်းတွေ ဘာဖြစ်လို့ လိုချင်နေဦးမှာလဲ စသည်ဖြင့် လျှောက်ထားပါတယ်ဘုရား။
အမယ် ဘယ်ဆိုးလို့လဲ ဓမ္မကထိက က။
အရှင်ဘုရား အဲဒီလိုလျှောက်ထားတာ တပည့်တော်မ ငရဲကြီးမလား ဘုရား။
အကျိုးလိုလားတဲ့ တကယ့် စေတနာမေတ္တာနဲ့ လျှောက်ထားတာပဲ။ ငရဲမကြီးပါဘူး။
တပည့်တော်မတော့ ဘာရယ် ညာရယ် မသိပါဘူး။
ကိုယ်လျှောက်ထားချင်တာတွေ အကုန်လျှောက်တာပဲ ဘုရား။ အရှင်ဘုရား တပည့်တော်မကိုလည်း ခွင့်လွှတ်ပါ ဘုရား။ တပည့်တော်မက ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံတတ်ပါတယ် ဘုရား၊ လျှောက်ထားတတ်ပါတယ် ဘုရား။
အင်း လျှောက်ထား ဘာတွေလျှောက်ထားဦးမလဲ။
အရှင်ဘုရားတော့ တပည့်တော်မ မလျှောက်ထားချင်ပါဘူး။ တပည့်တော်မ ဘုန်းကြီးကိုပဲ လျှောက်ထားချင်ပါတယ်ဘုရား။
ဘာဖြစ်လို့လဲ။
သူ ကျွတ်သွားအောင်လို့ပေါ့ ဘုရား။
ခက်တာပဲ ဘုန်းကြီးဝတ်တာက သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ဖို့ နိဗ္ဗာန်မြန်မြန်ရောက်ချင်လို့ပဲ။
မှန်ပါဘုရား။
ဒါကြောင့် ရှေးက အမျိုးကောင်းသားတွေဟာ ကိုယ့်မှာရှိတဲ့
သုံးစွဲမကုန်နိုင်တဲ့ ပစ္စည်းတွေစွန့်၊ သားမယား၊ ဆွေမျိုး အသိုင်းအ၀ိုင်းတွေ အကုန်စွန့်ြ့ပီး သပိတ်တစ်လုံး၊ သုံးထည်သော
သင်္ကန်းနှင့် တရားအားထုတ်ကြတယ်နော်။
မှန်ပါ ဘုရား။
ခုတော့ ဘုန်းကြီးဝတ်ကာမှ ပစ္စည်းတွေစု၊ ဒကာဒကာမစု၊
ကျောင်းစုနဲ့ဆိုတော့ အပါယ်ရိက္ခာ ယူနေတာနဲ့ မတူဘူးလား။
မှန်ပါ တူနေပါတယ်ဘုရား။
သူများတွေတော့ ဟောလိုက်တာ။ ဒါတွေဟာ သေရင် ကိုယ့်
နောက်ပါမှာတွေ မဟုတ်ဘူး။ အကုန်ထားခဲ့ရမှာ၊ မမက်မောနဲ့၊ မတွယ်တာနဲ့၊ စွန့်ပစ်နဲ့၊ ပြီးတော့ ဒကာဒကာမတွေ မလိုချင်လို့ စွန့်ပစ်တာတွေ ကိုယ်ကကောက်သိမ်းပြီး မခွဲနိုင် မခွါရက်ဆိုတော့ ကောင်းဦးမလား။
မကောင်းတော့ပါဘုရား။
နောက်တစ်ခါ ဒကာမဘုန်းကြီးနဲ့တွေ့ရင် ဒီတရားကို ဟောပေး။
ဘယ်တရားလဲဘုရား၊ တပည့်တော်မက အဟုတ်ကို ဟောပေးဦးမှာ။
ရဟန်းတို့ ဥပမာကား တံငါသည်ဟာ အစာတပ်ထားတဲ့ ငါးမျှားချိတ်ကို ရေနက်တဲ့အိုင်ထဲသို့ ပစ်ချလိုက်တဲ့အခါ အစာကိုမြင်သော အစာမင်သော ငါးသည် ထိုငါးမျှားချိတ်ကို မျိုရာ၏။
ရဟန်းတို့ တံငါသည်ရဲ့ငါးမျှားချိန်ကို မျိုမိသော ငါးဟာ ဆင်းရဲခြင်း၊ ပျက်စီးခြင်းသို့ရောက်၏။ တံငါသည်ရဲ့ အလိုရှိတိုင်း ပြုနိုင်တဲ့အဖြစ်သို့ ရောက်၏။
ရဟန်းတို့ တံငါသည်ဟူသော အမည်သည် ယုတ်ညံ့သော
ကိလေသာမဂ်၏ အမည်တည်း။ ရဟန်းတို့ ငါးမျှားချိတ်ဟူသော အမည်သည် လာဘ်ပူဇော်သက္ကာ အကျော်အစော၏ အမည်တည်း။
ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သက္ကာ အကျော်အစောကို သာယာသူအလိုရှိသူ မည်သည့် ရဟန်းကိုမဆို ကိလေသာမာရ်၏ ငါးမျှားချိတ်ကို မျိုသည်ဖြစ်၍ ဆင်းရဲခြင်း၊ ပျက်ဆီးခြင်းသို့ရောက်သူ ယုတ်မာသော ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုနိုင်သည့်အဖြစ်သို့ ရောက်သူ ရဟန်းဟူ၍ ဆိုအပ်၏။
ရဟန်းတို့ စင်စစ်လျှင် လာဘ်ပူဇော်သက္ကာ အကျော်အစောသည် ဤသို့ခက်ထန်၏။ ထက်မြက်၏။ ကြမ်းတမ်း၏။ အတုမရှိမူ၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကိုရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။
ရဟန်းတို့ ဥပမာသော်ကား ရှည်သောအမွှေးရှိသော သိုးသည် ဆူးချုံသို့ ၀င်ရာ၏။ ထိုသိုးသည် ထိုထိုအရပ်၌ ငြိရာ၏။ စွဲယူရာ၏။ နှောင်ဖွဲ့ရာ၏။ ဆင်းရဲခြင်း၊ ပျက်စီးခြင်းသို့ ရောက်ရာ၏။
ရဟန်းတို့ အဲဒီအတူပဲ ဒီသာသနာတော်မှာ အချို့သော ရဟန်းဟာ လာဘ်ပူဇော်သက္ကာအကျော်အစော နှိပ်စက်အပ်သည့် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ နံနက်အခါ၌ ကောင်းစွာဝတ်ရုံလျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဆွမ်းခံဝင်၏။
အဲဒီရဟန်းဟာ ထိုထိုအရပ်၌ ကပ်ငြိ၏။ စွဲယူ၏။ နှောင်ဖွဲ့၏။
ဆင်းရဲပျက်စီးခြင်းသို့ ရောက်၏။ ရဟန်းတို့ ယင်းတို့လျှင်
လာဘ်ပူဇော်အကျော်အစောသည် ခက်ထန်၏။ ထက်မြက် ကြမ်းတမ်း၏။ အတုမရှိမူ၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်းရဲ့အန္တရာယ်ကိုပြုတတ်တယ်။
ရဟန်းတို့ ဥပမာသော်ကား ကျင်ကြီးကိုစားသော မစင်ပိုးသည် ကျင်ကြီးဖြင့်ပြည့်နှက်၏။ ယင်းပိုးရဲ့ရှေ့မှာလည်း ကျင်ကြီးပုံရှိတယ်။ ကျင်ကြီးစားသော မစင်ပိုးဟာ ယင်းကျင်ကြီးဖြင့် တစ်ပါးသော မစင်ပိုးတွေကို ငါဟာကျင်ကြီးစားတယ် ကျင်ငယ်စားတယ်နဲ့ ပြည့်နှက်နေတယ်။ ငါ့ရဲ့ ရှေ့မှာလည်း ကျင်ကြီးပုံကြီးရှိတယ်လို့ မထေမဲ့မြင်ပြုရာတယ်။
ရဟန်းတို့ ဒီအတူပဲ ဒီသာသနာတော်မှာ အချို့သောရဟန်းဟာ လာဘ်ပူဇော်သက္ကာ အကျော်အစောနှိပ်စက်အပ်သည့်
သိမ်းကျုံး ယူငင်အပ်သည့်စိတ် ရှိသည်ဖြစ်၍ နံနက်အခါမှာ
ကောင်းစွာဝတ်ရုံလျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီလျှင် ရွာနိဂုံးသို့ ဆွမ်းခံဝင်တယ်။
အဲဒီရဟန်းဟာ အဲဒီရွာနိဂုံးမှာ အလိုရှိတိုင်း ဆွမ်းစားပြီးလဲ ဖြစ်တယ်။ နက်ဖြန်စားရန်အတွက် ဖိတ်အပ်ပြီးတဲ့ ဆွမ်းတဲ့ ရှိတယ်။ သပိတ်ပြည့်တဲ့ ဆွမ်းလည်း ရှိတယ်။
အဲဒီရဟန်းဟာ ကျောင်းအရံသို့သွားပြီးတော့ ရဟန်းပေါင်းအလယ်မှာ ကြုံးဝါးတယ်။ ငါဟာ ဆွမ်းကိုအလိုရှိတိုင်း စားပြီးပြီ။ နက်ဖြန်စားရန်အတွက် ဖိတ်ထားတဲ့ဆွမ်းလဲ ရှိသေးတယ်။ သပိတ်ပြည့်တဲ့ဆွမ်းလဲရှိတယ်။ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကိုလည်း ရတယ် ငါမှ တစ်ပါးကုန်သော ဒီရဟန်းတွေဟာ နည်းတဲ့ဘုန်းကံနည်းတဲ့ တန်းခိုး ရှိကုန်တယ်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးတို့ကို မရကုန်လို့ကျုံးဝါးတယ်။
အဲဒီရဟန်းဟာ အဲဒီလောက် ပူဇော်သက္ကာအကျော်အစေဖြင့် နှိပ်စက်အပ်၊ သိမ်းကျုံးယူငင်အပ်တဲ့စိတ်ရှိသည်ဖြစ်၍ သီလရှိတဲ့ တခြားရဟန်းတွေကို မထီမဲ့မြင်ပြုတယ်။
ရဟန်းတို့ ယင်းတို့ မှတ်ထင်ခြင်း၊ မထေမဲ့မြင်ပြုခြင်းဟာ အဲဒီ မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်တဲ့ ယောက်ျားအား ရှည်မြင့်စွာသော နေ့ညဥ့်တို့ပတ်လုံး အစီးအပွားမရှိခြင်း၊ ဆင်းရဲခြင်းငှါဖြစ်တယ်။
ရဟန်းတို့ ညဥ့်၏ မိုးသောက်ချိန်မှာ ညည်းညူသော မြေခွေးအိုရဲ့အသံကို ကြားကြကုန်သလော။
မြတ်စွာဘုရား၊ ကြားဖူးကြပါကုန်၏။
ရဟန်းတို့ အဲဒီမြေခွေးအိုဟာ ၀ဲနာရောဂါဖြင့်ထိတွေ့အပ်သည် ဖြစ်၍ တွင်းသို့ရောက်သော်လည်း မမွေ့လျော်၊ လွင်တီးခေါင် ရောက်သော်လည်း မပျော်မွေ့၊ သွားလေရပ်လေထိုင်လေ
အိပ်လေရာရာ အရပ်တိုင်းမှာ ဆင်းရဲပျက်ဆီးခြင်းတို့ ရောက်ရတယ်။
ရဟန်းတို့ ဒီ့အတူပဲ ဒီသာသနာတော်မှာ အချို့သော ရဟန်းဟာ လာဘ်ပူဇော်သက္ကာအကျော်အစောဖြင့် နှိပ်စက်အပ် သိမ်းကျုံး ယူငင်အပ်တဲ့စိတ် ရှိရကား ဆိတ်ငြိမ်ရာအရပ်သို့ ရောက်သော်လည်း မမွေ့လျော်၊ သစ်ပင်ရင်းလွင်တီးခေါင် ရောက်သော်လည်း မမွေ့လျော်၊ သွားလေရပ်လေထိုင်လေ အိပ်လေရာရာ အရပ်တိုင်း၌ ဆင်းရဲပျက်စီးခြင်းသို့ ရောက်တယ်။
ကဲ အဲဒီတရားတွေ ဟောပေးပေတော့၊ အဲဒါဘုရားဟောတဲ့
တရားတော်တွေပဲ။
ဓမ္မဒူတအရှင်ပညာဇောတ
ဗုဒ္ဓဓမ္မပြဿနာများပေါင်းချုပ် ဒုတိယတွဲ
No comments:
Post a Comment