“ဘဝ” ဆိုသော ၊ “အချစ်”ဆိုသော အရာတို့သည်
စကားနှစ်လုံးတည်းပင် ဖြစ်သော်လည်း တော်တော်လေး နားမလည်နိုင်အောင် ရှုပ်ထွေးစရာကောင်းလှ၏။
ရွှေလိုသဲ့သဲ့ပြီး ရှုပ်ထွေးလှသည့်
ဘဝထဲက အနှစ်ကို ကျင်ယူတတ်မှ တော်ကာကြ၏။
မုတ်ကောင်၏ အသားနုပေါ် တဖြည်းဖြည်းသဲမှုန်လေးတွေကျရာမှ
အဖိုးတန် ပုလဲအဖြစ်သို့ ရောက်ရသကဲ့သို့
အချစ်နှင့်ယှဉ်တွဲနေကြသော ပုဂ္ဂိုလ်တို့သည် ဘဝထဲမှ
တဖြေးဖြေး ဘဝ၏ အနှစ်သာရကို ထုတ်ယူကြကာ
ဒုက္ခခပ်သိမ်းငြိမ်းကြကုန်၏။ ပုထုဇဉ်တို့၏ အချစ်သံသရာ ၊
ဘဝသံသရာကား ကမ်းမမြင် လမ်းမမြင် ရှည်လျားလှ၏။
ခရီးကရှည် စာရိတ္တက ခပ်သိုးသိုး၊
အဖော်ကလည်း ခပ်ဆိုးဆိုးနှင့် ကြုံရတတ်သေး၏။
အမျိုးအမျိုး ကာမဂုဏ်အဖျက်အမှောင့်တွေကြောင့်
အပါယ်ဘုံအခါခါ ရောက်ခဲ့ကြသည်လည်း မနည်းလှတော့။
သို့သော် တရားသံဝေ ရကြလေတော့ ချစ်သူစိမ်း၍
အချစ်ဇာတ်သိမ်း ဒုက္ခငြိမ်းကာ သံသရာတစ်ထောက်
ရပ်နားနိုင်ကြသောသူများလည်းရှိပါသေးသည်။
ထိုသူတို့တွင် “ဓမ္မဒိန္နာ သူဌေးကတော်လေး”လည်း
ချစ်သူစိမ်း၍ ဒုက္ခငြိမ်းခဲ့ရဘူး၏။
အချိန်ကား တော်တော်လေး ကြာညောင်းခဲ့လေပြီ။
မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ဒုတိယဝါလောက်မှာပင်
ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းလေးပင်ဖြစ်၏။
ရာဇဂြိုဟ်မြို့သား သူဌေးသား “ဝိသာခ လုလင်”နှင့်
“သူဌေးသမီး ဓမ္မဒိန္နာ”တို့ ရွှေလက်တွဲကာ
ထိမ်းမြားလက်ထပ်ခဲ့ကြ၏။ ထိုကဲ့သို့ထိမ်းမြားလက်ထပ်ခြင်းကို
ဝိသာခ သူဌေးသားအဖို့ လွတ်လပ်ခြင်းတွေစတေးပြီး
ဓမ္မဒိန္နာအတွက် ပျော်ရွှင်ခြင်းတွေ စတေးရသည် ဟု မယူဆခဲ့ပေ။
နှစ်ဦးသား လွတ်လပ်ခြင်းတွေ ရင်မှာပိုက်
ပျော်ရွှင်ခြင်းတွေ တပွေ့တပိုက်နှင့် သေတပန်သက်တဆုံး
ရိုးမြေကျ ပေါင်းသင်းဖို့ လက်ထပ်ခဲ့ခြင်းဖြစ်၏။
သို့သော်ဘဝမှာ မထင်မှတ်တာ မျှော်လင့်မထားတာလေးများ
ကြုံလာသောအခါ မူလရည်မှန်းချက် အိပ်မက်လေးများလည်း
မှုန်ဝါးဝါးဖြစ်လာတတ်၏။ သူဌေးသားလေး ဝိသာခသည်
မြတ်ဗုဒ္ဓ ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွလာသောအခါ
တရားဓမ္မနာကြားရ၍ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်
“ဗိဗ္ဗိသာရမင်းကြီး”နှင့်အတူ ပရိတ်သတ်ပေါင်း ၁၂၉၀
သောတာပန်ဖြစ်ကြသည်ထဲတွင် သူဌေးသားလေး “ဝိသာခ”
သည်လည်း တစ်ယောက်အပါဝင်ပင်ဖြစ်သည်။
သောတာပန်သူဌေးသားလေး ဝိသာခသည်
သောတာပန်ဖြစ်သော်လည်း ကာမဂုဏ်အာရုံကို လုံးဝ
မပယ်သတ်နိုင်သေးသောကြောင့် သူဌေးသမီး “ဓမ္မဒိန္နာ”နှင့်
မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်မြဲ။
ကဗျာနူနု စာနုနု ချစ်သူ့ရင်ခုံသံ စောင်းသံတမျှ နားလျှံဆဲ။
အယုအယပိုပို သမုဒယချိုချို ခပ်ဖွဖွစကားသံလေးများ
သူနှစ်ကိုယ်ကြားမှာ ကြားရဆဲ။ တရစ်ရစ်တိုး
တိုးတဲ့နွေခွေလို ခံစားရစ်ပတ်ဆဲ။
ထိုသို့သော တူနှစ်ကိုယ် ချစ်ရည်လူးပျော်ရွှင်မြူးစဉ်ကာလ
မြတ်ဗုဒ္ဓသည် ဝါးတောရိပ်မွန် ဝေဠုဝန်ကျောင်းမှာ
သီတင်းသုံးစဉ် ဝိသာခသူဌေးသားလေး တရားနာကြားရပြန်တော့
“အနာဂါမ် အရိယာ” ဖြစ်သွားခဲ့လေပြီ။
ထိုအချိန်မှစ၍ အနာဂါမ် ဝိသာခသူဌေးလေးသည်
ချစ်ဇနီးဓမ္မဒိန္နာကို - ကျွန်းကုရု ဇေယျာမှာ၊
ပဒေသာ နန်းပင်မြင့်ဖွား၊ ရွှေကသစ် ရိပ်ကြာမှာ၊
နတ်မိမယ်တစ်ပါး ဟု မမြင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော်
အနာဂါမ်တို့မည်သည် ကာမဂုဏ် အာရုံမှန်သမျှ
ကင်းစင်ပခဲ့လေသောကြောင့်တည်း။
ပုထုဇဉ်ဘဝဖြစ်နေရှာသော ဓမ္မဒိန္နာအဖို့ တချိန်က
သူမ၏နေမင်းကြီးသဖွယ်ဖြစ်သည့် ချစ်သူမောင် ဝိသာခ
သူဌေးသား အနာဂါမ်ဖြစ်ဖြစ်သွားလေတော့ သူမအဖို့
နေပူလောင်ကျွမ်း အသဲကျွမ်းရကိန်းနှင့် ကြုံရှာလေပြီ။
နေမင်းကြီး ဝင်သွားပြန်တော့ အမှတ်တရပွင့်ဖတ်များ
တလွှားလွှားခြွေချခဲ့ဘူးသည့် အိမ်ဦးအရှင် နေမင်းကြီးကို
အကြောင်းပြု၍ တမ်းတ လွမ်းရ ငိုကြွေးကြပေလိမ့်ဦးတော့မည်။
အနာဂါမ်အဆင့်နှင့် ပုထုဇဉ်အဆင့် အလွန်တရာကွာလွန်းသောကြောင့်
“ဝိသာခနှင့် ဓမ္မဒိန္နာ”တို့ အသွင်မတူ အိမ်သူမဖြစ် ဆိုသလို
ရှေးယခင်ကအတိုင်း ပျော်တပြုံးပြုံးမော်မဆုံးအောင် အတူတကွ ရှေ့ဆက်လက်တွဲဖို့ခက်ခဲလာပေတော့မည်။
ဝိသာခသူဌေးသားလေး အနာဂါမ်အရိယာမဖြစ်ခင်က
သူ-အဝေးအနီးခရီးမှပြန်လာသည့်အခါတိုင်း ချစ်ဇနီးတို့
ထုံးစံအတိုင်း ဓမ္မဒိန္နာသည် ခြင်္သေ့ခံလေသာပြူတင်းမှ
စောင့်မျှော်လျှက၊် ရောက်လာသည့်အခါ ချစ်စဖွယ်ရာတီတီတာတာ
စကားများပြောလျှက် အပြုံးလေးများဖြင့် ခရီးဦးကြိုဆိုမြဲ။
နှစ်ကိုယ်တူ လှေကားထိပ်မှာ လက်ကိုဆန့်တန်း ပွေ့ဖက်လျှက်
နှုတ်ဆက်မြဲ။ ဦးဦးဖျားဖျား အစားအစာများ ကျွေးမြဲ။
ယောကျာင်္းကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့
မျှော်လိုက်တာ ဆိုသလို မိမိ၏အိမ်သို့စိုက်စိုက်ပြန်လာသော
ချစ်သူမောင် အပြန်လာကိုပင် သစ်ကုလားအုပ်ပမာ ဓမ္မဒိန္နာ
လည်တဆန့်ဆန့်အမြဲတန်းစောင့်မျှော်ရစမြဲ။
ဝိသာခသူဌေးသားလေး အနာဂါမ်အရိယာစခန်း တက်လှမ်းပြီး
ဝေဠုဝန်ကျောင်းတော်မှ နေအိမ်သို့ပြန်လာခဲ့သည့်အချိန်မှစ၍
ရှေးယခင်နှင့် လုံးဝမတူတော့၊ ယောဂီ ရဟန်းတစ်ပါးကဲ့သို့ပင်
ပိုမိုပြီးဣနြေ္ဒတည်ငြိမ်လာတော့၏။ အိမ်ရောက်ပြန်တော့လည်း
ယခင်ကလို ချစ်ဇနီးအား အပြုံးနှင့်ပင် နှုတ်မဆက်တော့။
တစ်ယောက်တည်း စားပြီး ညချမ်းအခါ ကျက်သရေအခန်းမှာ
ဓမ္မဒိန္နာနှင့် အတူမအိပ်တော့ဘဲ သီးခြားညောင်စောင်းခင်းကာ
အခြားတိုက်ခန်းတခန်းမှာ အိပ်လေတော့၏။
ထိုကဲ့သို့သော ချစ်သူမောင် ပြုမူဆက်ဆံလာသည်ကို
ပထမတော့ ဓမ္မဒိန္နာ နည်းနည်းအံ့သြဖြစ်မိ၏။
နေ့စဉ် ထိုကဲ့သို့ဖြစ်လာတော့ ဓမ္မဒိန္နာက သူ့အချစ်ကို
အမျိုးမျိုးစမ်းသပ်ကြည့်၏။ ရွှေကို ဖယောင်းနှင့် စမ်းသပ်လို့ရ၏။
ဖယောင်းကို မီးနှင့်စမ်းသပ်လို့ရစကောင်း၏။
သို့သော် ဒီတကြိမ်တော့ ဓမ္မဒိန္နာသည် ချစ်သူမောင်
အနာဂါမ် ဝိသာခသူဌေး၏ အချစ်ကို ဘာနဲ့မှ စမ်းသပ်လို့မရတော့။
သူမ စမ်းသပ်သည့်အရာတိုင်း ပေမမီ ကိုက်မပီဖြစ်လာတော့၏။
ဓမ္မဒိန္နာအဖို့ ချစ်ခြင်းတရားကို စမ်းသပ်ရ ဆန်းစစ်ရ
ခက်ရှာလေတော့သည်။
တစ်ချိန်က ချစ်ခြင်းမေတ္တာအကြင်နာတွေ၊ ဂရုစိုက်ယုယမှုတွေ၊
ပြုံးပျော်စရာတွေ၊ နှလုံးသားပုံရိပ်လွှာတွေ၊ မမြင်နိုင်သည့်
ခိုင်ခံ့လှပါတယ်ဆိုသည့် သံယောဇဉ်တွေ၊ ကမ္ဘာဆုံးတိုင်
မမုန်းနိုင် မမေ့နိုင် သတိရမယ်ဆိုသည့် စကားတွေကတော့
ဓမ္မဒိန္နာအဖို့ ကြယ်တွေကြွေသည့်ညပမာ ၊
တဖြေးဖြေးဝေးကွာသလို ခံစားရရှာလေတော့၏။
ဟိုယခင်ကလို လေပြေလေညှင်းလေး တရွရွသွေးချိန်မှာ
ချစ်သူမောင် ဝိသာခထံမှ အချစ်ဝတ်ရည်များ ဆောင်ကျဉ်းမလာတော့ပေ။
ညချမ်းကာလ နုသက်တိုးဖွလှသည့် ခြေသံလေးများလည်း မကြားရတော့။
ချစ်ခြင်းတရားက ဓမ္မဒိန္နာအတွက် တူနှစ်ကိုယ်ကတ္တားခြားစေခဲ့သည်။
သူမဘဝမှာ ချစ်သူမောင်ထံမှ ဘာတစ်ခုမှ တုန့်ပြန်မှု မရတော့လေတော့
ရွှေနားတော်သွင်း ဧချင်းတွေလည်း နားဝင်မချိုတော့ပေ။
ဓမ္မဒိန္နာသည် ခံစားချက်တွေ တပိုးတနင့်ဖြင့် ချစ်သူမောင်ထံ
ချဉ်းကပ်ပြီး ရှိခိုးဦးချကာ မေးရှာလေတော့သည်။
“အရှင့်သား ကျွန်မမှတစ်ပါး ပြင်ပ အခြားအမျိုးသမီး
တစ်ယောက်ယောက်ကိုများ မျှော်လင့်တောင့်တနေပါသလား၊
အရှင့်သားနှင့် ကျွန်မအကြား တစ်ယောက်ယောက်ကများ
သွေးထိုးထားလို့ပါလား၊ သို့တည်းမဟုတ် ကျွန်မမှာ တစ်စုံတစ်ရာ
အပြစ်ရှိပါသလား” ဟု သောကပရိဒေဝ မျက်ရည်ဖြိုင်ဖြိုင်ကျလျှက်
မေးလေသည်။ အင်း ခက်တော့တာဘဲ၊
အကယ်၍ အဖြစ်မှန်ကို ပြောမပြလျှင် ဓမ္မဒိန္နာ ရွှေရင်နှစ်ခြမ်း
ဖျန်းဖျန်းကွဲကာ သေပွဲဝင်ရှာရတော့မှာဘဲ ဟု
အနာဂါမ် လင်တော်မောင် ဝိသာခ က သိလေသည်။
တဖက်ကလည်း လောကုတ္တရာတရားကို ထုတ်ဖော်ပြောဖို့
သိပ်ကို ဝန်လေးလှပေ၏။ နောက်ဆုံးတော့ ဝိသာခသည်
ဓမ္မဒိန္နာ ရင်ကွဲနာကျ သေမည်ကို စိုးရိမ်သောကြောင့်
အမှန်အတိုင်း ဖွင့်ဟပြောပြလေတော့၏။
နှမ ဓမ္မဒိန္နာ ငါသည် မြတ်ဗုဒ္ဓထံတော်မှ တရားနာခဲ့ရသောကြောင့်
(အနာဂါမ်အဆင့်) လောကုတ္တရာတရားထူးရခဲ့သည်။
ထိုကဲ့သို့ တရားထူးရသူတို့မည်သည် ကာမဂုဏ်နှင့်ဆက်စပ်သည့်
လောကီအပြုအမူများ ပြုလုပ်ဖို့ မသင့်တော်တော့ပေ။
ထို့ကြောင့် နှမ ဓမ္မဒိန္နာ မင်းဖက်က ပိုင်ဆိုင်သည့်
ကုဋေ ၄၀ သော ပစ္စည်းများ နှင့် ငါ့ဖက်က ပိုင်ဆိုင်ခဲ့သည့်
ကုဋေ ၄၀ သော ရွှေငွေရတနာ ပစ္စည်းများဥစ္စာ စုစုပေါင်း
“ကုဋေ ၈၀” ကို မင်းဘဲ အပိုင်ယူကာ စီမံခန့်ခွဲပါတော့။
ငါသည် မင်းကို အမိအရာမှာဖြစ်စေ ညီမလေးအရာမှာ ဖြစ်စေ ၊
ထားကာနေပါ့မယ၊် ငါသည် မင်းကျွေးသည့် ထမင်းလေးဖြင့်
အသက်ဆက်ရုံ နေပါမယ် ဟု ပြောပြလေ၏။
အကယ်၍များ မိဘအိမ်သို့ ပြန်လိုက ပြန်ပါနော်။
သို့တည်းမဟုတ် နောက်အိမ်ထောင်ပြုလိုပါကလည်း
ငါခွင့်ပြုပါတယ်ဟု ထပ်ဆင့်ပြောပြလေ၏။
ဒီတစ်ကြိမ်မှာ ချစ်သူမောင် ဝိသာခ၏ စကားတို့သည်
မယုံနိုင်လောက်အောင် ဖြစ်ရသည့်အတွက် “ဓမ္မဒိန္နာ”ကလည်း
ပါရမီရှင်ပီပီ စဉ်းစားမိလေတော့၏။ ငါ့အရှင်သခင်၏
စကားတို့သည် ရှေးယခင်ကနှင့်မတူ၊ သာမန် အမျိုးသားသည်
ဤကဲ့သို့သော စကားမျိုး ပြောရိုးထုံးစံမရှိ၊ တကယ်စင်စစ်
ငါ့အရှင်သခင် လောကုတ္တရာတရားထူး ရလေပြီဟု
ယုံကြည်သွားသောကြောင့် ဓမ္မဒိန္နာသည် ချစ်သူမောင် ဝိသာခ
ကို မေးလေ၏။ အရှင်သခင် ရရှိသည့် တရားထူးမျိုးက
ယောကျာင်္းတွေသာ ရရိုးထုံးစံ ရှိပါသလော၊
သို့တည်းမဟုတ် အမျိုးသမီးတွေလည်း ထိုကဲ့သို့သော
တရားမျိုး ရနိုင်ပါသလော ဟု မေးသောအခါ အမျိုးသမီးများလည်း
ရနိုင်ကြောင်းကို “ဝိသာခ” က ပြန်လည်ရှင်းပြလေ၏။
ချစ်သူမောင် ဝိသာခ၏ စကားအဆုံး၌ ဓမ္မဒိန္နာသည်
ဘိက္ခုနီ(ရဟန်းအမျိုးသမီး) အဖြစ် သာသနဘောင်ဝင်ရောင်ဖို့
ချစ်သူမောင်ဝိသာခထံ ခွင့်ပန်လေသည်။
ဝိသာခလည်း ဘုရင်ဗိမ္ဗိသာမင်းကြီးထံ ထပ်ဆင့်လျှောက်ထားပြီး
ဘုရင်မင်းတရားက အမွှေးနံ့သာဖြင့် ဓမ္မဒိန္နာအား
ထုံမွှမ်းစေလျှက် အခြွေရံပရိတ်သတ်များစွာ ခြံရံစေကာ
ဘိက္ခုနီမများ ကျောင်းတော်သို့ ဘိက္ခုနီဝတ်ဖို့ခွင့်
ပို့ဆောင်စေတော်မူသည်။ ဘိက္ခုနီ ဓမ္မဒိန္နာသည်
ဆွေကြီးမျိုးကြီး သူဌေးသမီးဘဝမှ ဘိက္ခုနီဖြစ်လာသည့်အတွက်
သူမနေသည့် ကမ္မဌာန်းကျောင်းသို့ ဧည့်သည်ပြတ်သည်မရှိ။
တရားဓမ္မများ ကောင်းစွာ အားထုတ်လို့ မရနိုင်ဖြစ်လေ၏။
ထိုသို့ဖြစ်သောအခါ ဘိက္ခုနီဓမ္မဒိန္နာသည် လူသူကင်း၍
ဆိတ်ငြိမ်ရာ အရပ်၌ တစ်ပါးတည်း တရား
အားထုတ်တော်မူသောအခါမှသာလျှင်
အာသဝေါကင်းကွာ “ရဟန္တာထေရီမကြီး”
ဖြစ်သွားလေတော့သည်။။
အမှန်စစ်စ် ဓမ္မဒိန္နာသည် ခေသူတော့မဟုတ်ပါ။
သမိုင်းဝင် ဘိက္ခုနီမ တစ်ပါးပင်ဖြစ်ပါည်။ သူမသည်
အတိတ်ဘဝ ကမ္ဘာတစ်သိန်းထက်က ပွင့်တော်မူသော
“ပဒုမုတ္တရဘုရားရှင်”၏ အဂ္ဂသာဝက တစ်ပါး
ဖြစ်တော်မူသော “ရဟန္တာအရှင်မြတ် သုဇာတ မထေရ်ထံ”တွင်
အလှူဒါနများ အကြီးအကျယ်ပြုလုပ်လျှက်
အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိရန်ဆုပန်ခဲ့ဖူးလေ၏။
ထို့အပြင် ဓမ္မဒိန္နာသည် “ကဿပဘုရားရှင်”၏ လက်ထက်တော်အခါကလည်း
ကာသိတိုင်း “ကိကီမင်းကြီး၏ သမီးတော် အပျိုဖော် ခုနစ်ဦး”
တွင်လည်း တစ်ဦး အပါဝင်ဖြစ်ခဲ့လေသည်။
ထိုညီအမ ခုနစ်ဖော်ကား
(၁) သမဏီ၊ (၂) သမဏဂုတ္တာ၊
(၃) ဘိက္ခုနီ၊(၄) ဘိက္ခုဒါယိကာ၊
(၅) ဓမ္မာ၊ (၆) သုဓမ္မာ၊ (၇) သံဃဒါယိကာ(သံဃဒါယီ)
ဟူသော ညီအစ်မ ခုနစ်ဖော်တို့ပင် ဖြစ်ပါသည်။
ထိုညီအစ်မ ခုနစ်ဖော်တို့သည် အိမ်ထောင်မပြုဘဲ အပျိုစင်ဘဝဖြင့်
နေကာ ကောမာရိဗြဟ္မစရိယ အကျင့်ကို တစ်သက်လုံး ဖြင့်ကျင့်၍
လည်းကောင်း ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်ရဟန်းတော်များအား
တစ်သက်လုံး ပြုစုလုပ်ကျွေးကြကုန်လျှက်လည်းကောင်း
မဂ်ဖိုလ်နိဗ္ဗာန်ရရန်ဆုပန်ခဲ့ကြလေသည်။
ကိကီမင်းကြီး၏ သမီးတော်ခုနစ်ယောက်တို့တွင် ဤဂေါတမ ဘုရားရှင်လက်ထက်တော်အခါ၌
“သမဏီ” ကား “ခေမာထေရီ”၊
“သမဏဂုတ္တာ” ကား “ဥပ္ပလဝဏ္ဏာထေရီ”၊
“ဘိက္ခုနီ” ကား “ပဋာစာရာထေရီ”၊
“ဘိက္ခုဒါယိကာ” ကား “ကုဏ္ဍလကေသီထေရီ”၊
“ဓမ္မာ” ကား “ကိသာဂေါတမီထေရီ”၊
“သုဓမ္မာ” ကား “ဓမ္မဒိန္နာထေရီ”
“အငယ်ဆုံး သံဃဒါယီ” ကား “ဝိသာခါ”
ပုဗ္ဗာရုံကျောင်းအမကြီး ဖြစ်လာကြလေကုန်သည်။
ထို ညီအမခုနစ်ဖော်လုံး ဂေါတမဘုရားရှင် လက်ထက်တော်၌
ဧတဒဂ်ရာထူး ဌာနန္တရ အသီးသီး ရရှိခဲ့ကြလေသည်။
ထိုထေရီ ခုနစ်ပါးတို့တွင် ဓမ္မဒိန္နာကား ဘိက္ခုနီမ အားလုံးတွင်
“တရားဟော အကောင်းဆုံး ဓမ္မကထိက ဧတဒဂ်”ကို
“စူဠဝေဒလ္လသုတ်”ကို ယခင်က ချစ်သူမောင် အနာဂါမ်
သူဌေးသား ဝိသာခအား ဟောကြားပြီးသည့်အဆုံး၌ မြတ်ဗုဒ္ဓက ပေးအပ်တော်မူခဲ့သည်။
အမှန်စင်စစ် စူဠဝေဒလ္လသုတ်ကို ရှင်မ ဓမ္မဒိန္နာထေရီသည်
ရဟန္တာဖြစ်ပြီးနောက် တစ်ချိန်က သူ၏လင်တော်မောင် ချစ်သူ
အနာဂါမ်တည်သွားသည့် ဝိသာခ သူဌေးက မေးသည့်
ပုစ္ဆာများကို ဖြေရှင်းဟောကြားသော သုတ်ဖြစ်သည်။
ဝိသာခ သည် သောတာပန် သကဒါဂါမ် အနာဂါမ် အဆင့်နှင့်
ဆိုင်သော အမေးပုစ္ဆာများကို ဦးစွာမေးလေသည်။
ထိုမေးမေးသမျှ အောက်မဂ်အောက်ဖိုလ် သုံးပါးနှင့်ဆိုင်သည့်
အမေးပုစ္ဆာများကို ဓမ္မဒိန္နာထေရီက ရှင်းလင်းပြတ်သွားစွာ
ဖြေကြားလေသည်။ တဆင့်တက်ပြီး ဝိသာခ က ဓမ္မဒိန္နာအား
အရဟတ္တမဂ် ၊အရဟတ္တဖိုလ် အဆင့်ဆိုင်ရာ မေးခွန်းကို
မေးသောအခါ ဓမ္မဒိန္နာက သိတော်မူလိုက်သည်။
ဝိသာခသည် အနာဂါမ်အဆင့်သာဖြစ်သေးပါလျှက် အသင်ဟာ
အဆင့်ကျော်ပြီး မေးသည်။ ဤအနာဂါမ်အဆင့်တန်းဆိုင်ရာ
မေးခွန်းလောက်ပင် ရပ်ထားပါလော့ဟု ပြောလေတော့၏။
ဝိသာခသည် ရဟန္တာအဆင့်ဆိုင်ရာ ပုစ္ဆာများကို မေးသော်လည်း
ဓမ္မဒိန္နာက ဖြေကြားသောအခါ သူ-ဥာဏ်လိုက်မမှီတော့ပေ။
ထိုအဖြေကို မြတ်ဗုဒ္ဓအား ဆက်လက် မေးပါရန်
ဓမ္မဒိန္နာက ဝိသာခ အား ဆက်လက်ပြောကြားလေသည်။
ဝိသာခသည် မြတ်ဗုဒ္ဓအား ထိုအကြောင်းကို မေးလျှောက်သောအခါ
“အကယ်၍ ငါဘုရားရှင် ဖြေဆို ဟောကြားလျှင်လည်း
ဓမ္မဒိန္နာဖြေဆို ဟောကြားသကဲ့သို့ပင် ဖြေဆိုဟောကြားမည်”ဟု
မိန့်တော်မူသည်။ မြတ်ဗုဒ္ဓက “ဓမ္မဒိန္နာဟာ အလွန်ပညာရှိပါပေတယ်”
ဟု ချီးကြူးတော်မူပြီး ဓမ္မကထိက ဧတဒဂ်ဘွဲ့ထူးကို
ချီးမြှင့်တော်မူခဲ့လေသည်။ ဤ “စူဠဝေဒလ္လသုတ်”သည်
“ဘိက္ခုနီ ဓမ္မဒိန္နာ” ဟောကြားသော သုတ်ဖြစ်သောကြောင့်
“သာဝကဘာသိတသုတ်”(မြတ်ဗုဒ္ဓ၏တပည့် ဟောကြားသည့် သုတ်တော်)
ဟု မမှတ်ယူသင့်ပေ။ ဇိနဘာသိတ ဗုဒ္ဓဘာသိတ(ဘုရားဟော)
သုတ်တော်ဟူ၍ပင် မှတ်ယူရပေမည်။
အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်သည်
သူကိုယ်တိုင်မရေးသားဘဲ မင်းတံဆိပ်ခတ်နှိပ်လျှက် ထုတ်ပြန်သည့်
အမိန့်ဟူသမျှကို မင်းမိန့်ဟု ခေါ်ဆိုရသကဲ့သို့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် သဗ္ဗညုတဥာဏ်တော်ဖြင့်တိုက်ဆိုင်ပြီး ငါဘုရားဟောလျှင်လည်း
ဤဓမ္မဒိန္နာ ဟောသည့်အတိုင်းပင်ဖြစ်မည်ဟု အတည်ပြု
ထောက်ခံတော်မူခဲ့သောကြောင့် “ဇိနဘာသိတ ဗုဒ္ဓဘာသိတ သုတ်”
ဟူ၍ပင် မှတ်ယူရပေမည်။
အရင်းစစ်တော့ “အမိမြေက” ဆိုသကဲ့သို့ အရင်းစစ်တော့
ဓမ္မဒိန္နာသည် “ချစ်သူစိမ်း၍ ”သာသနာဘောင်ဝင်ရောက်ကာ
ရဟန္တာဖြစ်သွားသောကြောင့် ချစ်ဒုက္ခအားလုံး ငြိမ်းရခြင်းဖြစ်၏။
တစ်ချိန်ကတော့ ဓမ္မဒိန္နာသည် သူ့ချစ်သူ ဝိသာခသူဌေးသားနှင့်
လက်တွဲခွင့်ရဖို့ စိတ်ရှည်ရှည်နှင့် စောင့်စားခဲ့ရပေလိမ့်မည်။
ခေတ်စကားနှင့်ဆိုရင် အချစ်တွေ ရဖို့ အမုန်းတွေပေးဆပ်ခဲ့ရပေမည်။
အကောင်းတွေရဖို့ အဆိုးတွေနှင့်ရင်ဆိုင်ခဲ့ရပေမည်။
အလင်းရောင်တွေရဖို့ အမှောင်ညတွေ ဖြတ်သန်းခဲ့ရပေလိမ့်မည်။
ယခုတော့ ဓမ္မဒိန္နာအဖို့ ချစ်သူစိမ်းရက်လို့ ကျန်ရစ်တဲ့
ခါးသည်းလှပါတယ်ဆိုတဲ့ အချစ်ဝေဒနာ သူမမှာ မရှိတော့ပေ။
“လက်ပြနှုတ်ဆက်၊ မင်းပြန်ရက်၍
အဆွေးငါ့မှာ ကျန်ရစ်တယ်။
ကျန်ရစ်သာငါ လွမ်းဆွေးကာစဉ်၊
မင်းလည်းလမ်းမှာ ဝမ်းနည်းစွာဖြင့်၊
ငိုနေလိမ့်မည် ငါလေထင်၏။
အော်…ဆွေးတသက်သက်
ငါ့အိပ်မက်က စိတ်လက်ရင်တုံ
ချစ်သူဘုံမှာ
ပြန်ဆုံဦးစို့ မင်းနှင့်ငါ။။”
ဟူသော ချစ်သူဘုံကို ပြန်လည် ဆုံတွေ့ရန်
ရှင်မ ဓမ္မဒိန္နာအဖို့ အိပ်မက်ဖြင့်ပင် မျှော်လင့်မှု မရှိတော့ပေ။
အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး အချစ်နှင့်ပတ်သက်သည့်
ပူပင်ကြောင့်ကြမှုမျိုး မရှိတော့။ အလွန်ငြိမ်းချမ်းလေစွ။
ရှင်မ ဓမ္မဒိန္နာသည် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့်
“အချစ်ကြောင့် ပူဆွေးသောက ရောက်ရ၏။ အချစ်ကြောင့်
ဘေးဒုက္ခဖြစ်ရ၏။ အချစ်မှ လွတ်မြောက်သော သူအား
စိုးရိမ်သောက ဘေးဘယ ဘယ်သောအခါမှ မရှိ။ ”
ဟူသော ဒေသနာကို ပြန်လည်ကြားယောင်ရင်း ရှိလေတော့သည်။
(မှတ်ချက်။ ဓမ္မဒိန္နာထေရီ ဝိသာခအား
ဟောကြားတော်မူခဲ့သည် စူဠဝေဒလ္လသုတ်မူရင်း ပါဠိတော်ဖြစ်စေ၊
ဆဌသင်္ဂါယနာမူ မြန်မာပြန်ဖြစ်စေ ဆက်လက်ဖတ်ရှု့ကြပါကုန်။)
-မေတ္တာဖြင့် ....
(မေ့သားလှ-အရှင်ဇလဂ္ဂ)
No comments:
Post a Comment