Saturday, April 13, 2013

"စစ်မှန်တဲ့ အပြစ်ဒဏ်"



စစ်မှန်တဲ့ ချမ်းမြေ့မှုဆိုတာ ဖြူစင်တဲ့ ကိုယ်ကျင့်သိက္ခာနဲ့
သန့်စင် မြင့်မြတ်တဲ့ စိတ်နှလုံးပေါ်မှာ အခြေခံပြီး
တည်ဆောက်မှသာ ရနိုင်တာမျိုးပါ။

အဲဒီအချက်ကို မငဲ့ကွက်ဘဲ ဘ၀တက်လမ်း ရှာမိရင်
လိုချင်တာတစ်မျိုး ရလာတာတစ်ဖုံ ဖြစ်တတ်ပါတယ်။
"မရမနေ၊ မနေမနား" ကြိုးစားပမ်းစား လျှောက်လှမ်းလို့
ရောက်လာ၊ ရလာတဲ့ ပန်းတိုင်တစ်ခုဟာ ကိုယ့်လက်ထဲ
ရောက်မှ "ရွှေရည်စိမ်" အတုကြီး ဖြစ်နေရင် အင်မတန် ကြေကွဲစရာ ကောင်းပါတယ်။

ဘ၀မှာ ချမ်းသာသုခ ရှာဖွေကြသူတွေဟာ
"ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစား မည်"ဆိုတဲ့
ကမ္မနိယာမ၊ ဓမ္မဥပဒေသ၊ လောကရဲ့ ဆောင်ပုဒ်ကလေးကိုတော့ မျက်နှာလွှဲလို့ မရပါဘူး။

မကောင်းမှုနဲ့ ရင်းနှီးပြီးမှ ရလာတဲ့ ချမ်းသာတု ချမ်းသာယောင်တွေဟာ"သရဲတိုက်တွေ၊ ရေခဲစံ အိမ်"တွေပါ။
အခြေခံက စပြီးမှားတာမို့ “မတရားမှုနဲ့ ချမ်းသာသုခ”ဆိုတာ
ကောင်းကင်ပြာနဲ့ ကမ္ဘာမြေ၊ သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်းနဲ့
ဒီဘက်ကမ်းပမာ လွန်စွာဝေးကွာတဲ့အရာတွေပါ။

တကယ်တော့ မကောင်းမှု ပြုကြသူတွေဟာ ချမ်းသာသုခ
ရလိုမှုသာမက ဆိတ်ကွယ်ရာလည်း တွေ့၊ ပြေးစရာလည်း
ရှိတယ်လို့ထင်တာနဲ့ မတရားအမှုကို ရဲရဲပြုကြတာပါ။
ဒါပေမယ့် မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေဟာ
ဆိတ်ကွယ်ရာလည်းမရှိ၊ ရှောင်ပုန်းလို့လည်းမရပါဘူး။

မကောင်းမှု အကုသိုလ်ဆိုတဲ့ ဒင်္ဂါးပြားကြီးမှာ “အပြစ်ရှိခြင်း”လို့ဆိုတဲ့ “ခေါင်း”နဲ့ “မကောင်းကျိုးပေးခြင်း”လို့ဆိုတဲ့ “ပန်း” နှစ်ဖက် ပူးတွဲလျက်ပါတာပါ။

အပြစ်ရှိခြင်းဟာ မကောင်းမှု အကုသိုလ်ရဲ့
အသွင်သဏ္ဍာန်ဖြစ်ပြီး မကောင်းကျိုးပေးခြင်းကတော့ မကောင်းမှုအကုသိုလ်ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။

လူများစုဟာ အပြစ်ရှိခြင်းဆိုတဲ့ မကောင်းမှုရဲ့
အသွင်သန္တာန်ကို ပုံစံမျိုးစုံ၊ နည်းလမ်းအဖုံဖုံနဲ့ ဟန်ဆောင်ဖုံးကွယ်နိုင်ကြပေမယ့် မကောင်းကျိုးပေးခြင်းဆိုတဲ့
မကောင်းမှု အကုသိုလ်ရဲ့ အနှစ်သာရကိုတော့ ရှောင်လွဲမရ
လက်ခံ ကြရပါတယ်။
မတရားမှု အကုသိုလ်ပြုထားသူဟာ-
(၁) အတ္တာနုဝါဒဘေး= ကိုယ့်စိတ်က ကိုယ့်ကို စွပ်စွဲကဲ့ရဲ့အပြစ်တင်ခံရခြင်း။
(၂) ပရာနုဝါဒဘေး=အများက ကိုယ့်ကို စွပ်စွဲကဲ့ရဲ့ အပြစ်တင်ခံရခြင်း။
(၃)ဒဏ္ဍဘေး=တရားဥပဒေအရ အရေးယူ အပြစ်တင်ပေးခံရခြင်း။
(၄) ဒုဂတိပေး အခြေအနေနိမ့်ကျ အပါယ်လေးပါးရောက်ရခြင်း။ အားဖြင့် မကောင်းတဲ့အကျိုး ပေး(၄)မျိုးကို မလွဲမသွေ ခံစားကြရပါတယ်။

အဲဒီဘေး(၄)မျိုးကို (အများထင်သလို)နောင်ဘ၀ကျမှ
မဟုတ်ဘဲ အကုသိုလ်အမှုပြုမိတဲ့ အချိန်ကစပြီး
ကိုယ့်တရားကိုယ်စီရင်၊ ကိုယ့်ဘာသာကို အပြစ်ပေး
အများမသိပေမယ့် တိတ်တိတ်ကလေး ကျိတ်ဆွေး ခံစားကြရတာပါ။

►လူတိုင်းရဲ့ စိတ်ထဲမှာ အမှန်တရားကို မြတ်နိုးပြီး
ဘက်မလိုက်တတ်တဲ့ တရားသူကြီးတစ်ဦးစီ ရှိပါတယ်။

သူစီရင် ဆုံးဖြတ်ပေးတဲ့ ပြစ်မှုတွေဟာ လောကမှာ အမှန်ကန်အတည့်မတ်ဆုံး တရားစီရင်ထုံး တွေပဲဖြစ်ပါ တယ်။
အဲဒီအကြောင်းနဲ့စပ်တဲ့ ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

► ဒီပုံပြင်ဟာ ကာလီဒါသ လျှောက်ထုံးထဲမှာပါဝင်တဲ့
အဖြစ်အပျက်ကလေး တစ်ခုကို အခြေခံထားတာပါ။

"စစ်မှန်တဲ့ အပြစ်ဒဏ်"
----------------------------
ရှေးရှေးတုန်းက ဓာရာတိုင်းမှာ ဘောဇဘုရင်ကြီး အုပ်စိုးနေသတဲ့။ အဲဒီဘုရင်ကြီးဟာ ဥာဏ်ပညာ ထက်မြက်ပြီး စာပေ၊ဂီတ၊အနုပညာ တွေကိုလည်း အင်မတန်ဝါသနာပါတယ်။

ဘုရင်ကြီးဟာ နိုင်ငံတော်အုပ်ချုပ်ရေးကိုပဲ အဓိကထား
စီမံအုပ်ချုပ်တယ်၊ ရာဇ၀တ်မှုတွေ၊တရားမမှု တွေကိုတော့
တရားသူကြီးတွေ ခန့်ထားပြီး စီရင်ဆုံးဖြတ်စေသတဲ့။

တစ်ခါတစ်ခါ ဆန်းကြယ်တဲ့ အမှုအခင်းတချို့ ပေါ်လာရင်
ပညာရှိအမတ်ကြီး ကာလီဒါသကို လွှဲအပ်ပြီး စီရင်ဆုံးဖြတ်
စေပါတယ်။ဒါပေမယ့် မလွှဲသာမရှောင်သာ ဘုရင်ကြီးသာ
ဘုရင်ကြီးထံ ရောက်လာတဲ့ အမှုအခင်းတွေကို တော့
ကိုယ်တော်တိုင်ပဲ စီရင်ဆုံးဖြတ် ပေးလေ့ရှိပါတယ်။

အခါတစ်ပါးမှာ ဘောဇဘုရင်မင်းမြတ်ဟာ ပညာရှိအမတ်ကာလီဒါသ
မပါဘဲ မင်းချင်း ယောင်္ကျား တချို့နဲ့ တောလက်ကျေးရွာတွေ
ဘက်ကို တိုင်းခန်းလှည့်လည်တော်မူပါတယ်။

ဘုရင်မင်းမြတ် ရွာတစ်ရွာသို့ ရောက်တော်နေစဉ်မှာ
တိုက်တိုက်ဆိုင်ဆိုင် အဲဒီရွာမှာ ခိုးမှုတစ်ခု ဖြစ်ပွားသတဲ့။
အဲဒီအခါ ရွာမှာရှိတဲ့ ရွာသူကြီးဟာ ဒီအမှုကို ခုံရုံးအဖွဲ့မတင်တော့ဘဲ ခိုးသား(၄) ယောက်နဲ့အတူ အမှုတော်ကို ဘုရင်မင်းမြတ်ထံ တိုက်ရိုက်တင်ပို့လိုက်ပါတယ်။

ဘုရင်မင်းမြတ်ကလည်း ရှေ့တော်မှောက်ရောက်လာတဲ့ ခိုးသား(၄)ယောက်တို့ကို ဘာမျှ စစ်ဆေး မေးမြန်းမနေတော့ဘဲ
► “မောင်မင်းတို့၊ငါကိုယ်တော်မြတ်ရဲ့ခေတ်ဟာ သစ္စာတရားကို လက်ကိုင်ထားတဲ့ သစ္စာခေတ်ဖြစ်တယ်။ ရှင်ဘုရင်လုပ်တဲ့သူဟာ တိုင်းသူပြည်သားတို့ အပေါ်မှာ ရင်ဝယ်သားကဲ့သို့ သဘောထားရတယ်။ နှိပ်ကွက်ထိုက်တဲ့သူကို နှိပ်ကွပ်ရမယ်၊ ချီးမြှောက်ထိုက်တဲ့ သူကို ချီးမြှောက်ထောက်ပံ့ရမယ်။ ငါကိုယ်တော်မြတ် ဟာ ကျောသား၊ ရင်သားမခွဲခြား အဂတိတရား မလိုက်စားဘဲ အမှန်အတိုင်း ကျင့်ကြံ အားထုတ်နေလေ့ရှိတယ်”။

► “အခု မောင်မင်းတို့(၄)ဦးစလုံးဟာ မိမိတို့မှာ အပြစ်
အသီးသီးရှိ မရှိ၊ မောင်မင်းတို့သာသိတယ်။
တစ်ယောက်အပြစ်နဲ့ တစ်ယောက် အပြစ် တူညီမှာလည်း
မဟုတ်ကြပေဘူး။ အကြီးအငယ် အရွယ် အစားစား
အမျိုးမျိုးရှိမှာပဲ၊ ဒါကြောင့် ငါကိုယ်တော်မြတ် ဒီအမှုကို
မစီရင်လို မောင်မင်းတို့ဘာသာ စီရင် ဆုံးဖြတ်ပြီး အပြစ်ဒဏ်ကို မှန်စွာခံယူကြကုန်”လို့ အမိန့်တော်မြတ် ချမှတ်ပြီး လွှတ်ပေးတော် မူလိုက်သတဲ့။

“အို…အချင်းတို့၊ သင်တို့ရဲ့ စိတ်နှလုံးမှာ ဘယ်လိုများ
ခံစားကြရကုန်သနည်း၊ ယုံမှားသံသယ ရှိတာကို ရဲဝံ့စွာ လျှောက်တင်ကြလော့”လို့ မိန့်တော်မူပါတယ်။

ဒီအခါမင်းယောင်္ကျား တစ်ဦးက-“ရေမြေသခင်အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ရဲ့ တရားစီရင်ပုံ မျိုးကို ကျွန်တော်မျိုးတို့ တစ်ကြိမ်မျှ
မတွေ့ မမြင်ဖူးကြပါ။ အပြစ်ကျူးလွန်သူမှန်သမျှဟာ ကိုယ့်အပြစ်
ကို အမြဲဖုံးဖိ ထားတတ်ကြပါတယ်။ တရားသူကြီးများက စစ်ဆေးမေးမြန်းသော်မှ လိမ်လည် လျှောက်တင်တတ်ကြပါတယ်။ မိမိကိုယ်ကို မိမိ အပြစ်ပေးတယ်ဆိုတာ ကြားတောင်
မကြားဖူးပါ ဘုရား”လို့ လျှောက်တင်တယ်။

► အဲဒီအခါ ဘုရင်မင်းမြတ်က “အချင်းတို့… ၊အမှုမှန်ကို
သိလိုကြရင် ယခုလွှတ်လိုက်သူ(၄)ဦး နောက်က တိတ်တဆိတ် ချောင်းမြောင်းပြီး လိုက်လံကြည့်ရှုကြလော့၊ ငါကိုယ်တော်မြတ်ရဲ့
သစ္စာ တရား အာဏာစက်ကို သိမြင်ပေလိမ့်မယ်”လို့ မိန့်တော်မူတယ်။

♦ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အရ၊ မင်းချင်းယောင်္ကျား
တချို့ဟာ ခိုးသား(၄)ယောက်နောက်က တိတ်တဆိတ်လိုက်လံ ချောင်းမြောင်းကြတယ်။

♦ ခိုးသား(၄)ဦးထဲက ခေါင်းဆောင်လုပ်သူဟာ ရွာအပြင်ဘက်
ရောက်တဲ့အခါ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်
လိုက်တာကို တွေ့ရ သတဲ့။
♦ ဒုတိယခေါင်းဆောင်ကတော့ ဒီရွာကို လုံးဝမလာတော့ဘူး
ဆိုပြီး တခြားတစ်ရွာကို ထွက်ခွာ သွားသတဲ့။
♦ တတိယ လူကတော့ ဒီနေ့ကစပြီး အသက်ထက်ဆုံး
အိမ်အပြင်ဘက် မထွက်တော့ဘူး ဆိုပြီး မိမိတို့တွေ့ကြုံရတာတွေ
ကို အစုံအလင် ဘုရင်မင်းမြတ်ထံ လျှောက်တင်ကြတယ်။
အဲဒီတော့မှ ဘုရင် မင်းမြတ်က-

♦ “အချင်းတို့၊ ပြစ်မှုကျူးလွန်တဲ့သူဟာ သူတို့ရဲ့အပြစ်ကို သူတို့အသိဆုံးဖြစ်တယ်၊ ကိုယ်ကျူးလွန် တဲ့ အပြစ်ကို
သူတစ်ပါးက အပြစ်ပေးခြင်းဟာ အပြစ်နဲ့ ထိုက်တန်တဲ့ဒဏ်ကို
ခံစားချင်မှ ခံစားရလိမ့်မယ်။ မိမိအပြစ်ကို မိမိဘာသာ ပြစ်ဒဏ်ပေးခြင်းသည်သာ စစ်မှန်တဲ့ အပြစ်ဒဏ် ပေးခြင်း
မည်တယ်” လို့ မိန့်တော်မူလိုက်ပါတယ်။

အဲဒီအခါကျမှ ဘုရင်မင်းမြတ်ရဲ့ ဆန်းကြယ်တဲ့ တရားစီရင်ထုံးကို နားလည်သဘောပေါက် သွားကြတဲ့ မင်းချင်းယောင်္ကျားနဲ့
ရွာသူရွာသား တွေဟာ ဘုရင်မင်းမြတ်ရဲ့ ထက်မြက်တဲ့ ဥာဏ်ပညာ ကို ၀ိုင်းဝန်းချီးကျူးတော်မူကြသတဲ့။

ဒီပုံပြင်ကလေးဟာ ရိုးရိုးလေးနဲ့ ဆန်းကြယ်သလို လေးနက်စူးရှတဲ့ အတွေးစတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

“အတ္တဟိ အတ္တနော နာထော၊ မိမိကိုယ်သာကိုးကွယ်ရာ”ဆိုတဲ့
တရားတော် နဲ့အညီ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အထုပ်
ကိုယ်ထမ်းကာ ကိုယ့်လမ်းကို ကိုယ်သွားနေရတဲ့ ဖြတ်ထုံးဟာ သဘာဝနိယာမတွေနဲ့ ညီညွတ်မျှတပြီး အမှန်ကန်ဆုံးနဲ့
လက်သင့်ခံနိုင်စရာ အကောင်းဆုံး ကောက်ချက်တစ်ခုပါ။

♦ ဒီပုံပြင်ကလေးကြောင့် “ကံတရားဆိုတာ ကိုယ်စိုက်ပျိုးတာကို ကိုယ်ပြန်ရိတ်သိမ်းရတာပဲ”ဆိုတဲ့ ဒေသနာတော်ရဲ့
အနက်အဓိပါယ်ကို အလေးဂရုပြုမိနိုင်သလို တခုတ်တရ တွေးဆမိနိုင်ပါတယ်။

♦ ဒီ"အတ္တနုဝါဒဘေး" လို့ခေါ်တဲ့ မိမိကိုယ်ကိုမိမိ စွပ်စွဲကဲ့ရဲ့
အပြစ်တင်မှု၊ လိပ်ပြာမသန့်မှုဟာ ထမင်းလုံး တစ္ဆေခြောက်သလို
နောက်ဆုံး အိပ်မက်ထဲ အထိတောင် လိုက်ပြီး ဒုက္ခပေး
ခြောက်လှန့်တတ်ပါ တယ်။ လူတွေဟာ သူတစ်ပါးတွေကို
လိမ်ညာလို့ရပြီး ကိုယ့်ကိုယ်ကိုတော့ ဘယ်လိုနည်းနဲ့မျှ
လိမ်ညာလို့မရ ဖြစ်တတ်ပါတယ်။

ဘယ်သူမျှ မသိအောင် တိတ်တိတ်ပုန်းပြုလုပ်ထားတဲ့ လျှို့ဝှက် ချက်တွေကိုတောင် ကိုယ်ကသိနေပြီးသားကို။ တကယ်တော့ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါပဲ။
မသိချင်ယောင်ဆောင်နေကြလို့ပါ။

♦လောကမှာ အဝေးက လူတွေထက် အနီးကလူတွေရဲ့
အကြည်ညို ခံနိုင်ဖို့က ပိုခက်ပါတယ်၊

♦ အနီးကလူတွေရဲ့ အကြည်ညိုခံနိုင်ဖို့ထက်လည်း မိမိကိုယ်မိမိ အကြည်ညိုခံနိုင်ဖို့က ပိုလို့ခက်ပါတယ်။

ဒါကြောင့် ဒီအပမာဒ ပုံပြင်ကလေးရဲ့
“ကိုယ့်ကိုယ်ကိုသာ၊ ကိုယ်ဆရာ၊ ကိုယ်သာအသိဆုံး”ဆိုတဲ့
အနှစ်သာရကို လက်ခံကာ ကိုယ့်ဟာကို ရဲရဲရင့်ရင့် ပြုပြင်ထိန်းကျောင်းနိုင်ဖို့ဆိုတာ အလွန်ပဲ အရေး ကြီးလှပါတယ်။

(စာရေးသူ - တော်ဝင်နွယ်)

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု"
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

No comments:

Post a Comment