Thursday, April 11, 2013

မူပိုင်ခွင့်များနှင့် ပတ်သက်၍



အမ (Jin Li Chao) တစ်ယောက် ပုံတွေ မှာနာမည်ဖျက်ခံ
နာမည်ပြောင်းထားတာတွေ တွေ့ လို့ ဒီဆောင်းပါးလေးကို
Pandora's site မှတဆင့်ပြန်လည်ကူးယူဖေါ်ပြလိုက်ခြင်းဖြစ်ပါသည် ...


မူပိုင်ခွင့်များနှင့် ပတ်သက်၍

ကိုမောင်ရင် ဘလော့ဂ်မှာ လတ်တလော ပြဿနာတစ်ခု တွေ့လို့ ဒီစာကို ရေးလိုက်ပါတယ်။ ဒါမျိုးတွေက ခုတလော များများလာတာ သတိထားမိပါတယ်။ အဓိကကတော့ ကိုမောင်ရင် ဖန်တီးထားတဲ့ ပုံကို တခြားဘလော့ဂ်တစ်ခုက ကိုမောင်ရင် နာမည် credit မပေးပဲ ဖော်ပြထားတယ်။ ဒီ့အပြင် ပုံထဲမှာ ကိုမောင်ရင် ဘလော့ဂ်လိပ်စာလေး ဖော်ပြထားတာကို ဖျက်ထားတယ်။ သူကိုယ်တိုင် ဖျက်ခဲ့တာ ဖြစ်ချင်မှတော့ ဖြစ်မှာပါ။ တယောက်ယောက်က ဖျက်ပြီးသားကို အမှတ်မထင် ရထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါကိုတော့ ကာယကံရှင်ကပဲ ရှင်းလင်းပါလိမ့်မယ်။

ဟိုတလောက ဂျစ်တူးကလည်း မေးသေးတယ်။ မြန်မာပြည်က ဖန်တီးမှုတခုကို တနေရာရာမှာ ပြန်ဖော်ပြတာနဲ့ ပတ်သက်လို့ပါ။ မြန်မာပြည်မှာ ကော်ပီရိုက် (copyright) မရှိဘူး မဟုတ်လား တဲ့။ နောက်ပြီးတော့ ဖန်တီးမှုတွေမှာ ကော်ပီရိုက် ကာကွယ်ထားသည်လို့ ရေးမထားရင် ကော်ပီရိုက် ကာကွယ်ထားတာ မဟုတ်ဘူးလို့ ယူဆရမှာလား တဲ့။ ဒါက လူတွေကြားမှာ လွဲမှားနေတတ်တဲ့ နားလည်မှုတစ်ခုပါ။ တကယ်တမ်းတော့ မြန်မာပြည်မှာလည်း ကော်ပီရိုက် ဥပဒေဆိုတာ ရှိပါတယ်။ enforcement အားနည်းပြီး ထပ်ပြီး update လုပ်စရာတွေ လိုနေသေးပေမယ့် ဥပဒေကတော့ ရှိပါတယ်။ ကိုယ်လည်း ကျွမ်းကျင်သူ မဟုတ်ပေမယ့် သာမန်အားဖြင့် လူတွေ မှားယွင်း ထင်တတ်ကြတာကို သတိပြုမိသွားတယ်။ ဒီတော့ ကြားဖူးထားသလောက်ကို ပြန်ပြောပြချင်ပါတယ်။


တကယ်တော့ မူပိုင်ခွင့် ဆိုတာ common sense နဲ့ စဉ်းစားကြည့်ရင်ကို နားလည်နိုင်တာမျိုးပါ။ ဥပဒေ ရှိရှိမရှိရှိ သိသိမသိသိ ဖန်တီးမှုဆိုတာ ရှိလာရင် ဖန်တီးသူရဲ့ အခွင့်အရေးကို ရိုသေခြင်းဟာ လူ့အဖွဲ့အစည်းမှာ စောင့်စည်းရမယ့် အကျင့်စာရိတ္တ တမျိုးပါ။ ကိုယ်ပိုင် မဟုတ်ဘူးဆိုရင် ဘယ်သူဖန်တီးသလဲ ဆိုတာကို ဖော်ကိုဖော်ပြရမယ် ဆိုတာ အခြေခံအားဖြင့် လူတိုင်း နားလည်ပြီးသားလို့ ထင်မိပါတယ်။ ဘယ်သူဖန်တီးသလဲ မသိခဲ့ရင်တောင် အနည်းဆုံးတော့ ကိုယ်ဖန်တီးတာ မဟုတ်ကြောင်း ရိုးရိုးသားသား ၀န်ခံထားသင့်ပါတယ်။ ဖန်တီးသူက အလကားပေးထားလို့ ကိုယ်က ထပ်ဖြန့်တဲ့အခါမှာလည်း ဘယ်သူဘယ်ဝါရေးတာပါ ဆိုတာ စာရေးသူ နာမည်လေးဖြစ်ဖြစ်၊ ကိုယ်ရခဲ့တဲ့ website link လေးဖြစ်ဖြစ် ပေးထားသင့်ပါတယ်။

ဂျစ်တူး မေးထားသလို မူလဖန်တီးမှုတွေမှာ ဘာမှဖော်ပြမထားရင် ကော်ပီရိုက် မရှိဘူးလို့ မယူဆနိုင်ပါ။ တကယ်တော့ ကော်ပီရိုက်ကို ချိုးဖောက်မိစရာအတွက် ပိုတောင် အန္တရာယ်ကြီးပါသေးတယ်။ ကော်ပီရိုက်ဆိုတာက တချို့သော ဉာဏဆိုင်ရာ ပိုင်ဆိုင်မှုအခွင့်အရေး တွေနဲ့ မတူပဲ မှတ်ပုံတင်စရာ မလိုတဲ့ အခွင့်အရေးမျိုး ဖြစ်တယ်။ စာ၊ ကဗျာ၊ ပုံ၊ သီချင်း တစ်ခုခုကို စပြီး မူလ original ဖန်တီးလိုက်ရင် ဖန်တီးပြီးတဲ့ အချိန်မှာပဲ ဖန်တီးသူဟာ အလိုလို မူပိုင်ခွင့်တွေကို ပိုင်ဆိုင်သွားပါပြီ။ ဒါကို ကော်ပီရိုက်ရဲ့ မူပိုင်ခွင့် အမှတ်အသား © နဲ့ဖြစ်ဖြစ် စာအနေနဲ့ဖြစ်ဖြစ် ဘာမှရေးမထားတဲ့ အနေအထားမှာ by default အနေနဲ့ အဲဒီဖန်တီးမှုနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်အားလုံးကို ဖန်တီးသူက ပိုင်ဆိုင်တယ်လို့ ဆိုလိုတာ ဖြစ်နေနိုင်ပါတယ်။ သူ့ဖန်တီးမှုကို တခြားလူတွေဟာ ဘယ်လို အနေအထားနဲ့ သုံးစွဲနိုင်တယ်လို့ အတိအလင်း ရေးထားမှသာလျှင် သူပြောထားတဲ့ အခြေအနေအောက်မှာ ယူသုံးလို့ရပါတယ်။ ဒီတော့ ဖန်တီးသူက ဘာမှ ဖော်ပြမထားခဲ့ရင်တောင် သူဟာ မူပိုင်ခွင့်တွေကို မပိုင်တာ မဟုတ်ပါ။ သူပိုင်တယ်လို့ ဖော်ပြထားလိုက်ရင်တော့ ပိုခိုင်မာသွားတာပေါ့။

မူပိုင်ခွင့်တွေ ဘာလို့ ရှိသင့်သလဲ။ ဒါက ပြောပြောနေကြတဲ့ လူ့အခွင့်အရေး Human Rights ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဖန်တီးခွင့်ရှိသလို ဖန်တီးမှုကို ဖန်တီးသူက ပိုင်ဆိုင်ခွင့် ရှိရမယ်။ လူ့အဖွဲ့အစည်းဟာ လူသားတွေရဲ့ တီထွင်ဖန်တီးမှုကြောင့်သာ တိုးတက်လာရပါတယ်။ ဖန်တီးတတ်တဲ့ အသိဉာဏ်ကြောင့်လူသားတွေ အခုထိ ရှင်သန်ရပ်တည်နေနိုင်တာပါ။ ဒါကြောင့် ခြုံပြောရရင် တီထွင်မှုတွေ ဖန်တီးမှုတွေဟာ ကြိုဆိုရမယ့် အားပေးရမယ့် အရာလည်း ဖြစ်ပါတယ်။ ဒါဟာ မငြင်းနိုင်တဲ့ အမှန်တရားတစ်ခုပါ။ ဒီတော့ ဖန်တီးသူတွေ တီထွင်သူတွေအနေနဲ့ ဘာများမက်မောစရာရှိလို့ အပင်ပန်းခံ ဖန်တီးကြ တီထွင်ကြရမှာလဲ။

အကြောင်းကြောင်းတွေထဲမှာ အဓိကက ၀ါသနာ၊ အသိအမှတ်ပြုမှု၊ နဲ့ အကျိုးအမြတ် ပါပဲ။ ဖန်တီးတီထွင်သူဟာ ဒီဖန်တီးတီထွင်မှုဟာ သူ့လက်ရာလို့ အသိအမှတ်ပြု ခံချင်မယ်။ ပြီးတော့ ဖန်တီးတီထွင်မှုရဲ့ စီးပွားရေးအရ အကျိုးအမြတ်ကို (သူလိုချင်ရင်ပေါ့) သူခံစားချင်မယ်။ အဲဒါဟာ နောက်ထပ် ဖန်တီးတီထွင်မှုတွေ သူထပ်လုပ်ဖို့အတွက် တွန်းအားပေးတယ်။ ဘေးကလူတွေအတွက်လည်း သူ့လို ဖန်တီးတီထွင်ဖို့ တွန်းအားပေးတယ်။ ဖန်တီးတီထွင်မှုရဲ့ အသီးအပွင့်တွေကိုလည်း လူတွေအားလုံး အကျိုးခံစားရမယ်။

ကော်ပီရိုက်အကြောင်း ဆက်မပြောခင်မှာ ဉာဏဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်း Intellectual Property အမျိုးအစားတွေ အကြောင်း အကြမ်းဖျင်း ပြောပြချင်ပါတယ်။
၁) Copyrights (ဥပမာ။ သီချင်း၊ ကဗျာ၊)
၂) Patents (ဥပမာ။ ကော်ဖီဖျော်စက်လို တီထွင်မှုများ inventions)
၃) Industrial Designs (ဥပမာ။ အအေးပုလင်း ဒီဇိုင်းပုံစံ၊ လက်ကိုင်ဖုန်း ဒီဇိုင်း)
၎) Trademarks (ကုန်ပစ္စည်း ၀န်ဆောင်မှုပစ္စည်း အမှတ်တံဆိပ် )
၅) Geographical Indications (ဥပမာ။ ရှန်ပိန် အရက်၊ ဒါဂျီလင် လက်ဖက်ခြောက်)
၆) Trade Secrets & Confidential Information (ဥပမာ။ ကိုကာကိုလာ ဖျော်စပ်တဲ့ ဖော်မြူလာ)
၇) Plants Varieties Protection (အပင်မျိုးများ ကာကွယ်ခြင်း)

စာပေအနုပညာနဲ့သိပ္ပံဆိုင်ရာ လက်ရာများ literary, artistic and scientific works တွေ နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုအခွင့်အရေးတွေကို ကို ကော်ပီရိုက် ဥပဒေက ကာကွယ်မှုပေးပါတယ်။ ကော်ပီရိုက် မူပိုင်ခွင့်တွေကို အခုလို ၂ ပိုင်း ထပ်ခွဲနိုင်တယ်။

(၁) စီးပွားရေးဆိုင်ရာ မူပိုင်ခွင့်များ (Economic Rights)
- ပြန်လည်ထုတ်လုပ်ခွင့် (reproduction)
- ဘာသာပြန်ခွင့် နှင့် မှီငြမ်းခွင့် (translation, adaptation)
- ထုတ်ဝေခွင့် နှင့် လူအများရှေ့မှောက်တွင် တင်ပြခွင့် ဖျော်ဖြေခွင့်(publication, public performance)
- ရုပ်/သံလွှင့်ခြင်း နှင့် အခြား လူထု ဆက်သွယ်ရေးဆိုင်ရာခွင့် (broadcasting, other communication to the public)

(၂) ဂုဏ်သိက္ခာ နှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ မူပိုင်ခွင့်များ (Moral Rights)
- ဖန်တီးသူအမည်ခံပိုင်ခွင့် (attribution)
- ဖန်တီးသူ အမည်မှား မဖြစ်စေခွင့် (not to have work falsely attributed)
- ဖန်တီးပစ္စည်းကို မူလဂုဏ်မပျက် ထိန်းသိမ်းခွင့် (integrity)
(အတတ်နိုင်ဆုံး ဆီလျော်အောင် နဲ့ လူတွေ ပိုနားလည်နိုင်အောင် ဘာသာပြန်ကြည့်ထားတယ်။ မှားတာတွေ့ခဲ့ရင် လာထောက်ပြပေးပါ။)

ကော်ပီရိုက်အပြင် သက်ဆိုင်သောမူပိုင်ခွင့်များ (Related Rights) အနေနဲ့ဆိုရင် သရုပ်ဆောင်သူ (performing artists) ထုတ်ဝေသူ (producers of records) စသူတွေရဲ့ အခွင့်အရေးတွေလည်း ရှိပါသေးတယ်။

ကော်ပီရိုက်ပိုင်ရှင်ဟာ သူ့ရဲ့ဖန်တီးမှုကို သူကြိုက်သလိုသုံးစွဲခွင့် exclusive ရထားတယ်။ economic rights အောက်မှာ သူဟာထုတ်လုပ်ရောင်းချ နိုင်ခွင့်ရှိပြီး moral rights အနေနဲ့ သူ့နာမည်နဲ့သူ့ဖန်တီးမှုကြားက သက်ဆိုင်မှုကို သူဟာပိုင်ဆိုင်ပါတယ်။ rights of reproduction ကိုလည်း သူပိုင်တဲ့အတွက် သုံးစွဲသူအနေနဲ့က တကိုယ်ရည်စာ သုံးစွဲဖို့ reproduce လုပ်တာထက် ပိုမိရင် သူ့ကော်ပီရိုက်ကို ထိပါးရာကျနေပါပြီ။

စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေက လွှဲပြောင်းချင်ရင် လွှဲပြောင်းပေးလို့ ရနိုင်တယ်။ ဒါပေမယ့် သာမန်အနေအထားမှာ ဂုဏ်သိက္ခာနဲ့ အသိအမှတ်ပြုခြင်းဆိုင်ရာ မူပိုင်ခွင့်တွေဟာ မူလ ဖန်တီးသူဆီမှာပဲ အမြဲရှိနေတယ်။ ဒီတော့ ဘာသာပြန် မှီငြမ်းရေးတယ် ဆိုရင်လည်း မူလရေးသူရဲ့ နာမည်တို့ မူလ ရရှိတဲ့ website တို့ကို ဖော်ပြပေးဖို့ လိုအပ်တယ်။

Copyright ဟာဖန်တီးသူရဲ့ အိုင်ဒီယာ idea ကိုတော့ ကာကွယ်မပေးပါဘူး။ သူ့ရဲ့ဖန်တီးလိုက်တဲ့ပစ္စည်း expression ကိုသာ ကာကွယ်ပေးတာပါ။ ဥပမာ ရှိတ်စပီးယား က ရိုမီယိုနဲ့ဂျုးလိယက် ချစ်ကြ၊ အမျိုးချင်းချင်းမတည့် ၊ သတ်သေကြလို့ သေကွဲ ကွဲကြ ဆိုတဲ့သဘောနဲ့ ဇာတ်လမ်းဆင်ထားပါတယ်။ ဒီဇာတ်လမ်းသဘော ကို နောက်စာရေးဆရာတစ်ယောက်က ယူပြီး ၀တ္ထု အသစ် ရေးခဲ့ရင် ကော်ပီရိုက်ကို ချိုးဖောက်တယ်လို့ ဥပဒေအရတော့ ပြောဖို့ခက်တယ်။ ဒါပေမယ့် စာဖတ်သူကတော့ အိုင်ဒီယာ ခိုးတယ်လို့ သတ်မှတ်ကောင်း သတ်မှတ်မယ်။

ပြန်ပြောရရင် အခြေခံ သဘောတရားအနေနဲ့က ကော်ပီရိုက် မူပိုင်ခွင့် ရဖို့ မှတ်ပုံတင်ဖို့ မလိုအပ်ဘူး။ ဒါပေမယ့် မှတ်ပုံတင်ဖို့ လို-မလို ဆိုတာ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေနဲ့လည်း ဆိုင်ပါတယ်။ ကော်ပီရိုက်မှာ အရေးအကြီးဆုံး အချက်က မူလဖန်တီးမှု (original) ဖြစ်ဖိုပဲ။ သာမန်အားဖြင့်ဆိုရင် စတင်ဖန်တီးသူဟာ ဖန်တီးတဲ့ ပစ္စည်းကို ဖန်တီးတဲ့ အချိန်ကစပြီးတော့ အဲဒီပစ္စည်းနဲ့ ပတ်သက်တဲ့ ကော်ပီရိုက်ကို ပိုင်ဆိုင်တယ်။

ကော်ပီရိုက်မှာ သက်တမ်းလည်း ရှိပါတယ်။ ဖန်တီးသူဟာ ကော်ပီရိုက်ကို သူ့ ဘ၀သက်တမ်း နဲ့ နောက်ထပ် အနှစ် ၅၀ ကနေ ၇၀ အထိ ပိုင်ဆိုင်နိုင်တယ်။

နိုင်ငံအဆင့်အနေနဲ့တော့ ကော်ပီရိုက်ကို ဘာလို့ လိုက်နာရတာလဲ။ သဘောတရားအားဖြင့် ဖန်တီးတာတွေ အားပေးဖို့။ ပြီးတော့ တရားမျှတဖို့။ (ဒီနေရာမှာ ဖန်တီးသူတွေ ရောင်းချသူတွေ ဘက်ကသာမက သုံးစွဲသူ စားသုံးသူတွေ ဘက်ကပါ ထည့်သွင်းစဉ်းစားဖို့ လိုတယ်ဆိုတာ မငြင်းပါဘူး။ )ဒီ့အပြင် နိုင်ငံတွေမှာ စီးပွားရေးနဲ့ ဆိုင်တဲ့ ပူးပေါင်းကူညီမှုတွေ အတွက် နိုင်ငံတွေ အချင်းချင်း ကြားမှာ လက်မှတ်ထိုးထားရတဲ့ စာချုပ်တွေ၊ အဖွဲ့ဝင်ထားရတာတွေ ရှိတယ်မဟုတ်လား။ အဲဒီလိုဆိုရင် စာချုပ်ပါအချက်တွေ အဖွဲ့ဝင်နဲ့ဆိုင်တဲ့ သတ်မှတ်ချက်တွေကို လိုက်နာရတာပါပဲ။ ကိုယ့်နိုင်ငံရဲ့ ဥပဒေတွေကိုလည်း အဲဒီ သတ်မှတ်ချက်တွေနဲ့အညီ ပြုပြင်ရတယ်။ ကော်ပီရိုက်ဥပဒေဟာ အင်မတန် ကျယ်ပြန့်ပါတယ်။ စင်္ကာပူမှာဆိုရင်တော့ ကုမ္ပဏီဥပဒေပြီးရင် အထူဆုံး စာမျက်နှာအများဆုံးဟာ ကော်ပီရိုက်ဥပဒေပါ။ အခုအထိလည်း ပြင်နေတုန်းပါပဲ။ ကော်ပီရိုက်နဲ့ ပတ်သက်ရင် အရေးကြီးတဲ့ သဘောတူညီချက်တခု ကတော့ Berne Convention (၁၈၈၆) ပါ။ မြန်မာနိုင်ငံကတော့ အဲဒီမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်သေးပါဘူး။ ဒါပေမယ့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်သလို ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့အစည်းဝင် နိုင်ငံ ဖြစ်တဲ့အတွက် တချို့ သတ်မှတ်ချက်တွေက အကျုံးဝင်တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာ စီးပွားရေး နိုင်ငံရေး တိုးတက်လာရင် တဖြည်းဖြည်းနဲ့ အဲဒီလိုစာချုပ်တွေမှာ ပါဝင်လာပြီး ကာကွယ်မှုတွေကို အဆင့်တစ်ခုရောက်အောင် မလွဲမသွေ သတ်မှတ်လိုက်နာရမှာပါ။

(ဒီလို မူပိုင်ခွင့်တွေနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတတွေ ရချင်တယ်ဆိုရင် ဒီအောက်က၀က်ဘ်ဆိုက်မှာ ရှိတဲ့ အဝေးသင် သင်တန်းတွေ တက်ဖို့ တိုက်တွန်းချင်ပါတယ်။ DL 001 နဲ့ DL 101 ကို တက်ပါ။ ပိုက်ဆံတစ်ပြားမှ မပေးရပါဘူး။ DL 101 အတွက်ဆိုရင် အောင်သွားတဲ့အခါ Certificate ရပါမယ်။http://www.wipo.int/academy/en/courses/distance_learning/catalog/c_index.html
)

ဒီပို့စ်ကတော့ ဖတ်ဖူးတဲ့ အခြေခံ သဘောတရားတွေ နဲ့ နိဒါန်းပျိုးလိုက်တာပါ။ သူများရဲ့ မူပိုင်ခွင့်ကို လေးစားသလို ကိုယ့်မူပိုင်ခွင့်ကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာကိုတော့ တချိန်က ကိုပုထုဇဉ် ဆိုတဲ့ ဘလော့ဂါ တစ်ယောက် ဘာသာပြန် ရေးထားတဲ့ ဆောင်းပါးလေးတွေကို ပြန်ဖော်ပြပေးပါမယ်။ ကိုပုထုဇဉ်က အခု ဘလော့ဂ် မရှိတော့ဘူးဆိုတော့ အခုနောက်ပိုင်းမှ စရေးတဲ့ ဘလော့ဂါတွေ သတိမထားမိ ဖြစ်နိုင်ပါတယ်။ ကိုပုထုဇဉ်ကို အကြောင်းမကြား နိုင်ပေမယ့် သူ့ရဲ့ creative commons license အရ သူ့ကို credit ပေးပြီး ဖော်ပြပိုင်ခွင့် ရှိတဲ့အတွက် ပြန်ဖော်ပြပေးပါမယ်။ စောင့်ပါ။

အကိုးအကားများ

http://www.wipo.int/about-ip/en/ipworldwide/pdf/mm.pdf

http://www.wipo.int/copyright

http://creativecommons.org/licenses/


မူရင်း - http://pandorao.multiply.com/journal/item/245/245?&show_interstitial=1&u=%2Fjournal%2Fitem

Shared from ရေးမိရေးရာလေးများ Page (FB)

No comments:

Post a Comment