Tuesday, April 23, 2013

ဒုက္ခဝေဒနာကို ဆူးထွင်သလို ရှု




ဒုက္ခဝေဒနာကို ဆူးထွင်သလို ရှုမှတ်ရမယ်ဆိုတာက ဥပမာ ခြေဖဝါးကို ဆူးစူးတယ်ဆိုပါတော့ နင့်လိုက်တိုင်း နင်းလိုက်တိုင်း ‘နင့်ခနဲ၊ နင့်ခနဲ’ ဆို လမ်းသွားလို့ကောင်းပါ့မလား။“မကောင်းပါဘူးဘုရား”
အဲဒါဆို မသွားနဲ့ဦး။ ဓားနဲ့ခွဲသင့်ရင်ခွဲ၊ သို့မဟုတ် အပ်နဲ့အနာပေါက်ကိုချဲ့ပြီးတော့ ဆူးကို ဆွဲထုတ်ရမယ်။ နည်းနည်းတော့ ပိုနာမှာပဲ။ အနာခံမှလည်း ဆူးစူးတဲ့ ဒုက္ခဝေဒနာက ပျောက်မှာပေါ့ဗျ။
အဲဒီလိုပဲ နာကျင်ကိုက်ခဲတဲ့နေရာကို တည့်တည့်ရှုမှတ်ရင် ဆူးထွင်သလိုပဲ ပိုနာတယ်။ နာပေမယ့် ဝေဒနာရဲ့သဘောကို ပိုသိလာတယ်။ ဘယ်လိုသိလာသလဲဆိုတော့ အစတုန်းက နာတာက ငါ့ပေါင်က နာတယ်။ ငါ့ဒူးခေါင်းက နာတယ်။

အမယ်လေး နာတာက (၁၅)မိနစ်လောက် ကြာတယ်။ နာရီဝက်လောက်ကြာတယ်။ တောက်လျှောက်ကြီး နာနေတာ။ ဖြုတ်တာတောင် မပျောက်ဘူး။ နာလိုက်တာမှ ပေါင်ကြီးကို တန်းနေတာပဲ။ ခါးကြီးကို တောင့်နေတာပဲ။ ဒီလိုထင်တယ်။ နာတာကို သည်းညည်းခံပြီး စိတ်ရှည်ရှည်နဲ့ ရှုမှတ်တော့ -
ဒူးခေါင်းတွေ ပေါင်တွေ မရှိတော့ဘူး။ မှတ်တဲ့သဘောရယ်၊ နာတဲ့သဘောရယ်၊ ပိုပိုနာလာတဲ့သဘောရယ်၊ မှတ်တဲ့သဘောရယ် ဒါပဲ ကျန်တော့တယ်။
နာတာကလည်း “နာတယ် နာတယ်” မှတ်လိုက်တယ်။ ပျောက်သွားတယ်။ နောက်တစ်ခါ ထပ်နာတယ်။ မှတ်လိုက်တယ်။ ပျောက်သွားတယ်။
တစ်နာပေါ်လာလိုက် ပျောက်သွားလိုက်၊ နောက် တစ်နာ ပေါ်လာလိုက် ပျောက်သွားလိုက်၊
တစ်နာပြီးမှ တစ်နာ၊ ဒီလိုလာတာ။

အော်မိုမက်တစ်မီးလုံးများလို လင်းလာလိုက် မှိတ်သွားလိုက်။ လင်းလာလိုက် မှိတ်သွားလိုက် ဖြစ်နေတာ။ အဲဒီလို ပေါ်တာကို သိတာက ဖြစ်တာကို သိတာ။
ပျောက်တာကို သိတာက ပျက်တာကို သိတာ။
ဟာ - ဖြစ်ပြီးပျက်သွားတာပဲလို့ ပါးစပ်ကလေးနဲ့ ပြောရုံနဲ့ မရဘူး။ အဲဒါ ပါးစပ်ဖြစ်ပျက်လို့ ခေါ်တယ်။ စာအုပ်ဖတ်ရင်း လူတိုင်းပြောတတ်တယ်။
နာတာကိုလည်း သည်းညည်းခံပြီး စိတ်ရှည်ရှည်နဲ့ ရှုမှတ်လို့ ဝေဒနာရဲ့သဘောတွေကို သိလာတဲ့အခါကျတော့ ဝေဒနာနဲ့ မှတ်စိတ် ဘယ်သူက အားကောင်းတုန်း အားပြိုင်ကြတာပဲ။
မှတ်စိတ်က အားကောင်းရင် ဝေဒနာတွေ သေလောက်အောင် နာပါစေ၊ မှတ်စိတ်အောက် ရောက်သွားတာပဲ။ ‘တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီးလှေအောက်’ စကားလိုပေါ့။
တစ်ခါတလေ ဝေဒနာက ပိုအားကောင်းရင်တော့ အသားတွေ ဆိုးဆိုးဆတ်ဆတ်တုန်ပြီး အရှုံးပေးလိုက်ရတဲ့အခါတွေလည်း ရှိမယ်။ သုံးလေးခါ ရှုံးချင်လည်း ရှုံးမှာပဲ။ ရှုံးရှုံး ဘာဖြစ်လဲ။ သူတော်ကောင်းအလုပ် လုပ်ရတာ-

လိုချင်သလောက် မရပေမယ့် လုပ်သလောက်တော့ ရမှာပဲ ဆိုတာ သိထားရမယ်။
ကိုယ်က မနေ့ တစ်နေ့ကမှ အားထုတ်ပြီး ရဟန္တာဖြစ်ချင်နေလို့ ဘယ်ရမလဲ။ တစ်ခါမှ အားမထုတ်တဲ့သူတွေထက်စာရင်တော့ ကိုယ်က ပိုရတာပေါ့ဗျာ။ တစ်ချို့က အားတော့ထုတ်တယ်။ အပေါ်ယံ နည်းနည်းပါးပါးလေး အားထုတ်ပြီး နားပြန်ပြီ။ သေသေချာချာ ထိထိမိမိ အားမထုတ်တော့ မဂ်ဥာဏ် ဖိုလ်ဥာဏ်က မရဘူး။ တရားက ကိုယ်လုပ်မှ ကိုယ်ရတာ။
ဝေယျာဝစ္စအလုပ်ပဲဖြစ်ဖြစ်၊ စာကျက်တဲ့အလုပ်ပဲဖြစ်ဖြစ်၊ စီးပွားရှာတဲ့အလုပ်ပဲဖြစ်ဖြစ် ကိုယ်လုပ်မှကိုယ်ရတာ။ မလုပ်ဘဲနဲ့ အချိန်ဖြုန်းတဲ့ပုဂ္ဂိုလ်ကတော့ တရားလည်းမရ၊ ကုသိုလ်လည်းမရ၊ ပညာလည်းမရ၊ ဥစ္စာလည်းမရ၊ ဘာမှမရဘူး။ အလကားနေရင်း ရတာကတော့ ပျင်းတဲ့ရောဂါနဲ့ ကိလေသာပဲရမှာ။

နောက်က ဘာလာမလဲ၊ စိတ်ကူးယဉ်မယ်၊ စိတ်တိုမယ်၊ စိတ်ညစ်မယ်၊ ရုပ်တွေ နာမ်တွေအကြောင်း မေးလိုက်ရင် ဘာမှမသိဘူး။ ဝေဒနာကို ဘယ်လိုရှုမှတ်ရမယ်ဆိုတာကိုလည်း မသိဘူး။ တရားလည်း မနာ။ နာပြန်တော့လည်း မမှတ်မိ။ တရားလည်း သေသေချာချာအားမထုတ်။ အဲဒီလို လောဘ၊ ဒေါသ၊ မောဟတွေ လွှမ်းမိုးနေပြီးတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကျတော့ လိုချင်တယ်။ ဒီကြားထဲ စိတ်ထဲကလည်း ဝေဒနာလာသေးတယ်။ ကိုယ်ပေါ်မှာ ဖြစ်တာက ကာယိကဒုက္ခဝေဒနာ ကိုယ်ဆင်းရဲ။ စိတ်ထဲမှာဖြစ်တာက ဒေါမနဿဝေဒနာ စိတ်ဆင်းရဲ။
“ငါ့နှယ် ဖြစ်မှ ဖြစ်ရလေခြင်း၊ ရောဂါက တော်တော်များတာပဲ။ စိတ်ညစ်လိုက်တာ သေတောင်သေလိုက်ချင်တယ်”

ဟာ - မသေချင်နဲ့ယောဂီ။ စိတ်ရူးပေါက်ပြီးလည်း လျှောက်မလုပ်နဲ့။ သေလို့ ကိုယ့်မှာ တရားရရင် အကြောင်းမဟုတ်ဘူး။ ဘာမှတရားမရသေးဘဲသေရင် အပါယ်လေးပါး ရောက်သွားလိမ့်မယ်၊ ရောဂါများတာဟာ ယောဂီအတွက်ရှုမှတ်ဖို့ အရှုခံတွေများတာပဲ။
သေချင်တဲ့စိတ်ကလေးပေါ်လာရင် “သေချင်တယ်၊ သေချင်တယ်”လို့ မှတ်။ ဝမ်းနည်းရင် “ဝမ်းနည်းတယ်၊ ဝမ်းနည်းတယ်” မှတ်။ စိတ်ညစ်ရင် “စိတ်ညစ်တယ်၊ စိတ်ညစ်တယ်” မှတ်။ အိမ်ပြန်ပြေးချင်ရင်လည်း “ပြန်ချင်တယ်၊ ပြန်ချင်တယ်” မှတ်။

စိတ်ထဲက ပေါ်လာတဲ့အတိုင်း စူးစိုက်ပြိး ရှုမှတ်နေလို့ရှိရင် သဘောလေးတွေကို အရင်သိမယ်။ ယောက်ျား မိန်းမ မဟုတ်ဘူး။ ခေါင်း၊ ခါး၊ ခြေ၊ လက် မဟုတ်ဘူးဆိုတာကို သိလာလိမ့်မယ်။
အဲဒီလို ရုပ်သဘော နာမ်သဘောအပေါ် ဥာဏ်ရောက်တဲ့အခါကျတော့ သက္ကာယဒိဋ္ဌိ တဒင်္ဂ တဒင်္ဂ စင်စင်သွားတယ်။ တဒင်္ဂ တဒင်္ဂ စင်ပါများလို့ရှိရင် ခပ်ကြာကြာစင်လိမ့်မယ်။ နောက်ကျတော့ အမြစ်ပြတ်စင်လိမ့်မယ်။ အဲဒီလိုစင်အောင် ဒုက္ခဝေဒနာကို ဆူးထွင်သလို ရှုမှတ်ရမယ်။
မြစိမ်းတောင် ဆရာတော် အရှင်ဇာနေယျ
(စိတ်ကိုဆုံးမ ချမ်းသာရ တရားတော်မှ)

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကောင်းမှုကုသိုလ်များ ဆထက်တိုး၍လုပ်ကိုင်နိုင်ပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ.... _/\_ _/\_ _/\_ ....

Shared from မပန်းအိဖြူ (FB)

No comments:

Post a Comment