Saturday, December 27, 2014

နေ့လွဲညစာ ပညတ်ခြင်း


“မြတ်စွာဘုရားသခင် အင်္ဂုတ္တရာပတိုင်း အာပဏ နိဂုံးမှာ သီတင်းသုံးတော်မူစဉ်က အရှင်ကာဋုဒါယီဟာ ဘုရားရှင်ရဲ့ မေတ္တာကရုဏာတော်နှင့် အရှည်မြော်ခေါ်နိုင်တဲ့ ဉာဏ်တော်ကို တွေးမိတဲ့အတွက် ဘုရားသခင် ထံတော်ပါး ချဉ်းကပ်ပြီး ဒီလို လျှောက်ထားသတဲ့ကွယ့်၊

“အရှင်ဘုရား - တပည့်တော်များသည် ရှေးအခါက တစ်နေ့ပတ်လုံး အလိုရှိတိုင်း စားသောက်ခဲ့ကြပါသည်၊ ဘုရားရှင်က နေလွဲသောအခါ စားခြင်းကို ပယ်ကြရမည်ဟု ပညတ်ချက်ထုတ်သောအခါ တပည့်တော်တို့အား စိတ်ဆင်းရဲမှု ဖြစ်ကြရပါသည်၊
လူသားသည် နံနက်တစ်ထပ် ညတစ်ထပ်ဟု နှစ်ထပ် စားကြရာတွင် နံနက်အထပ်ကို ဖြစ်သလိုစား၍ ညစာအထပ်ကိုသာ မွန်မွန်မြတ်မြတ် ပြုလုပ်စားသောက်ကြပါသည်၊ ထိုမွန်မြတ်သော အစာကို စွန့်ကြရမည်ဖြစ်၍ အမှန်ပင် တပည့်တော်များ စိတ်ဆင်းရဲကြရပါသည်၊ သို့သော်လည်း ဘုရားရှင်၌ ချစ်ခြင်း၊ ရိုသေခြင်း၊ ရှက်ကြောက်ခြင်းတို့ကြောင့် ပညတ်တော်အတိုင်း ညအစာ စားခြင်းကို ပယ်ခဲ့ကြပါသည်၊ အခုအခါ မေတ္တာတော် ကရုဏာတော်နှင့် အရှည်မြော်ခေါ်နိုင်သော ဉာဏ်တော်တို့ကို မျက်ဝါးထင်ထင် သိမြင်ခဲ့ပါသည်။

တပည့်တော်များသည် ညစာစားစဉ် ကာလက ဝမ်းရေးအတွက် ညဥ့်မှောင်မိုက်၌ ဆွမ်းခံလှည့်ရင်း အညစ်အကြေးကိုလည်း နင်းမိကြ၏၊ ရွှံ့ညွန်တွင်းသို့လည်း ကျ၏၊ ဆူးငြောင့်ကိုလည်း နင်းမိ၏၊ အိပ်နေသောနွားကိုလည်း နင်းမိ၏၊ သူခိုးဓားပြတို့နှင့်လည်း ကြုံတွေ့၏၊ ရာဂသောင်းကျန်းသော မိန်းမ၏ ဖိတ်ခေါ်ခြင်းကိုလည်း ခံရ၏၊ တစ်ကြိမ်တွင် တပည့်တော် မှောင်မိုက်အတွင်း ဆွမ်းခံလှည့်စဉ် လျှပ်စစ်အရောင်ဖြင့် ခွက်ဆေးနေသော မိန်းမက မြင်၍ ‘အမလေး - ဘီလူးကြီး ဘီလူးကြီး’ ဟု ဟစ်အော်ပြောဆိုခြင်းကို ခံခဲ့ရပါသည်၊ တပည့်တော်က ‘ငါဟာ ဆွမ်းခံရဟန်းပါ၊ ဘီလူးမဟုတ်ပါ’ ဟု ပြောသောအခါ ထိုမိန်းမက ထက်သော ဓားဖြင့် ဝမ်းဗိုက်ကို ထိုးဖောက်ရခြင်းက မြတ်သေး၏၊ ဝမ်းစာအတွက် မှောင်မိုက်အတွင်း ဆွမ်းခံရခြင်းကား မမြတ်ဟု ဆိုပါသည်၊ ထိုအကြောင်းကို စဉ်းစားမိ၍ မြတ်စွာဘုရား၏ မေတ္တာတော် ကရုဏာတော် အရှည်မြော်ခေါ်နိုင်သော ဉာဏ်တော်တို့ကို အမှတ်ရမိပါသည် လို့ လျှောက်ထားသတဲ့ကွယ့်။

ဒါကြောင့် အစားအစာနှင့် ပတ်သက်ပြီး ပညတ်ချက်အမျိုးမျိုး၊ တားမြစ်ချက်အမျိုးမျိုး ရှိနေတဲ့ ရှင်အဖြစ်, ရဟန်းအဖြစ် ခံယူဖို့အတွက် လူသားတွေမှာ အလွန်ခက်နေတယ်။

(၈) ဒွယံ ဒွယံ စ အဓိကာ၊
နရာ ရမန္တိ သဗ္ဗဒါ။
ဧကာ ရာမ ပဗ္ဗဇ္ဇိတာ၊
ဒူရာ ညောညာတိ ဒုလ္လဘာ။
နရာ - လူသားတို့သည်၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ ဒွယံ ဒွယံ စ - နှစ်ယောက် နှစ်ယောက်လည်းကောင်း၊ အဓိကာစ - ထို့ထက်အလွန်တို့လည်းကောင်း၊
ရမန္တိ - မွေ့လျော်ပျော်ပါးကုန်၏၊ ပဗ္ဗဇ္ဇိတာ - ရှင်ရဟန်းတို့သည်၊ ဧကာရာမာ - တစ်ယောက်တည်းသော မွေ့လျော်ရကုန်၏၊ အညောညာ - လူနှင့် ရှင်ရဟန်းတို့သည်၊ ဒူရာ - ကောင်းကင်မြေပမာ ဝေးကွာကုန်၏၊ တသ္မာ - ထို့ကြောင့်၊ အတိဒုလ္လဘာ - အလွန် ရခဲကုန်၏။

[ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၃၈) သုဒ္ဓေါဒနမင်းကြီး ရဟန်းမဖြစ်ခြင်း] ကို ဤနေရာတွင် ဆက်လက်လေ့လာနိုင်ပါသည်
https://www.facebook.com/notes/ထေရဝါဒ-ရနံ့/ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ-အမေးအဖြေများ-အမှတ်စဉ်၁၃၈-သုဒ္ဓေါဒနမင်းကြီး-ရဟန်းမဖြစ်ခြင်း/902696496420634


Shared from Ko Ye Win Tun (FB)

No comments:

Post a Comment