Monday, December 8, 2014

ကုသိုလ်ကောင်းမှု ချက်ချင်းပြု


တစ်ခါတုန်းက သာဝတ္ထိပြည်မှာ ပုဏ္ဏားလင်မယား နှစ်ယောက် ရှိခဲ့ကြဖူးတယ်။ သူတို့လင်မယားနှစ်ယောက်ဟာ အလွန်ဆင်းရဲချို့တဲ့ကြတယ်။ ဘယ်လောက်တောင် ဆင်းရဲမွဲတေသလဲဆိုတော့ လင်မယားနှစ်ယောက်ပေါင်းမှ အပေါ်ရုံအ၀တ်ပုဆိုး တစ်ထည်ပဲရှိသတဲ့။ ဒါကြောင့် သူတို့ကို ဧကသာဋက လို့ခေါ်ကြတယ်။ အဓိပ္ပါယ်ကတော့ ၀တ်ရုံတစ်ထည်တည်းသာရှိတဲ့ လင်မယားပေါ့။ ဒါကြောင့် သူတို့လင်မယားမမျာ တစ်ယောက်က အပြင်ကိစ္စရှိလို့သွားရင် ကျန်တစ်ယောက်က အိမ်ထဲမှာနေရတယ်။ အဲဒါလောက်ဆင်းရဲတဲ့
လင်မယားပါ။

တစ်နေ့ကျတော့ မြတ်စွာဘုရားကျောင်းတော်မှာ တရားနာ ဖိတ်ခေါ်တဲ့အသံကိုကြားတော့ ပုဏ္ဏား ကပုဏ္ဏေးမကိုမေးတယ်။

ပုဏ္ဏေးမ၊ မင်းနေ့မှာ တရားနာသွားမလား၊ ညမှာ တရားနာသွားမလား။ မင်းနေ့မှာသွားရင် ငါညမှာ သွားမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက် တရားနာသွားရင် သူကအပေါ်ဝတ်ရုံကို ယူသွားမှာကိုး။ ဒီတော့ တစ်ယောက်က အိမ်မှာနေခဲ့ရမယ် မဟုတ်လား။

ဒီအခါ ပုဏ္ဏေးမက သူနေ့မှာ တရားနာသွားမယ်လို့  ဆိုတယ်။

ပုဏားကတော့ ညဦးပိုင်းကျမှ မြတ်စွာဘုရားရဲ့ တရားတော်ကိုနာဖို့ သွားတာပေါ့။ မြတ်စွာဘုရားရဲ့  တရားတော်ကိုနာကြားရတဲ့ ပုဏ္ဏားဟာတစ်ကိုယ်လုံး ပီတိစိတ်တွေဖြာပြီး သဒ္ဓါတရားတွေ
ထက်သန်နေတော့တယ်။

သူ့စိတ်ထဲမှာရက်ရောတဲ့ အလှူကြီးတစ်ခုကို လှူချင်ပါတယ်။ ဒါပေမယ့် သူ့မှာ လှူစရာမရှိလို့ ကိုယ်ပေါ်မှာ တင်ထားတဲ့ဝတ်ရုံတစ်ခုပဲ ရှိတယ်။ သဒ္ဓါစိတ်က ထက်သန်ပြီး ပီတိစိတ်က ယိုဖိတ်နေတယ်ဆိုတော့ ပုဏ္ဏားရဲ့စိတ်အစဉ်မှာ ဒီဝတ်ရုံကိုပါ လှူလိုက်တော့မယ်ဆိုတဲ့ အကြံအစည် ဖြစ်ပေါ်လာပါတယ်။

ဒီလိုအကြံပေါ်ပြီးခဏကြာတော့ သူဆက်ပြီး စဉ်းစားတယ်။ ငါ ပုဆိုးကို လှူလိုက်ရင် ပုဏ္ဏေးမ ခြုံစရာရှိတော့မှာ မဟုတ်ဘူး။ င့ါမှာလည်း လက်ကန်တော့တင်စရာ ကျန်တော့မှာ မဟုတ်ဘူးဆိုပြီး အတွေးဖြစ်သွားတယ်။ ဒီအတွေးဖြစ်သွားတာနဲ့ချက်ချင်းသူ့စိတ်ဟာ
တွန့်တိုသွားတယ်။ သူနောက်ဆံတင်းသွားပြီကိုး။ ငဲ့ကွက်မှုတွေက သူ့စိတ်ထဲမှာ ဖြစ်ပေါ်လာပြီဆိုတော့ ဆုံးဖြတ်ချက်မချနိုင်ဘူး။
စိတ်ဟာ ချီတုံ ချတုံဖြစ်ပြီး ပျံ့လွင့်လှုပ်ရှားပါတော့တယ်။

ဒီနောက်မှာ ကြည်ညိုတဲ့ သဒ္ဓါစိတ်ကလေးက ၀င်လာပြန်တယ်။ ဒီတော့ အိုလှူမယ် ဆိုတဲ့စိတ်ဖြစ်ပြန်တယ်။

လှူမယ်ကြံတိုင်း အားကြီးတဲ့တွန့်တိုစိတ် ငဲ့ကွက်စိတ်တွေက ပေါ်လာပြီး တားဆီးနေတဲ့ အတွက် ပုဏ္ဏားရဲ့အကြံဟာမမြောက်ဘူး။

ပျံ့လွင့်တဲံ့စိတ်တွေကြောင့်သူ့မှာ ဆုံးဖြတ်ချက် မကျနိုင်ဘဲနဲ့ ညဥ့်ဦးယံကုန်သွားပါတော့တယ်။

ညဥ့်လယ်ယံရောက်ပြန်တော့လည်း လှူမယ်လှူလို့မဖြစ်ဘူးဆိုတဲ့ သဒ္ဓါစိတ်နဲ့တွန့်တိုစိတ်နှစ်ခုဟာ လွန်ဆွဲနေခဲ့ပြန်ပါတယ်။

နောက်ဆုံးမိုးသောက်ယံလည်းရောက်လာပြီ။ အချိန်လည်း ကုန်ဆုံးတော့မယ်။ ဒီတော့ ပုဏ္ဏားကြီးစဉ်းစားတယ်။

ငါ့ရဲ့သဒ္ဓါစိတ်နဲ့မစ္ဆရိယစိတ်တွေဟာ ငါ့ကိုယ်တွင်းမှာ တိုက်ပွဲဖြစ်နေတယ်။ ညဥ့်ဦးယံနဲ့ ညဥ့်လယ်ယံလည်း ကုန်ဆုံးသွားပြီ။ ငါ့မှာ ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ် လွန်ဆွဲနေတယ်။ ငါဟာ တွန့်တိုတဲ့အကုသိုလ်စိတ်ကို မဖြတ်တောက်နိုင်ဘူး။ မပယ်နိုင်ဘူး။
ဒါဆိုငါဟာ အပါယ်ဘေးကနေလွတ်တော့မှာ မဟုတ်ဘူး။ တော်ပြီ ငါလှူမယ်ဆိုပြီး ညဥ့်ရဲ့သန်းခေါင်ယံမှာ ဆုံးဖြတ်ချက်ကို ယတိပြတ် ချလိုက်ပါတော့တယ်။

ဒီလိုလည်း ဆုံးဖြတ်ချက်လည်းကျရော ပုဏ္ဏားဟာ သူ့ရဲ့ဝတ်ရုံကလေးကို မြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာပုံချထားပြီး ဇိတံ မေ၊ ဇိတံ မေ၊ ဇိတံ မေ လို့ကြွေးကြော်လိုက်ပါတယ်။ ငါအောင်ပြီ ငါအောင်ပြီ ငါအောင်ပြီ လို့ ကြွေးကြော်လိုက်တာပါ။

ဒီအသံကို သူ့ဘေးမှာ တရားနာရောက်ရှိနေတဲ့ ပသေနဒီကောသလမင်းကြီးက ကြားသွားပါတယ်။ ဒီတော့မင်းကြီးရဲ့စိတ်ထဲမှာ ဒီပုဏ္ဏားဟာ တစ်စုံတစ်ခုကို အောင်မြင်ဟန်တူတယ်။ ပုဏ္ဏားကိုမေးကြစမ်းပါလို့ မင်းချင်းတို့ကို ခိုင်းပါတယ်။ မင်းချင်းယောက်ျားတို့က မေးတော့ ငါ့ အတွင်းစိတ်ကို ငါအောင်နိုင်လို့ ကြွေးကြော်တာလို့ သူ့အဖြစ်ကို ပြန်ပြောလိုက်ပါတယ်။

မင်းချင်းတွေက ကောသလမင်းကြီးကို အဖြစ်အပျက်အစုံကို နားတော်ပြန်လျှောက်တော့ အင်း ဒီပုဏ္ဏားဟာ ပြုနိုင်ခဲတဲ့ အလှူကိုလှူတာပဲ။ ဒီပုဏ္ဏားကို သနားပါတယ်။ သူ့အတွက်
အ၀တ်တစ်ထည် ချီးမြှင့်မှဆိုပြီး အ၀တ်ညိုတစ်ထည်ကို ချီးမြှင့်ပါတယ်။

မင်းကြီးလှူတဲ့ ပုဆိုးကိုရတဲ့အခါမှာလည်း သဒ္ဓါစိတ်ကို မတားနိုင်တော့ဘဲ မြတ်စွာဘုရားကို လှူပြန်တယ်။ မင်းကြီးက သူ့ရဲ့ရဲရင့်တဲ့ သဒ္ဓါစိတ်ကို အားကျလာတယ်။ နောက်ထပ်
ဝတ်ရုံနှစ်ထည်လှူပြန်တယ်။ ပုဏ္ဏားလည်း ချက်ချင်းပဲ မြတ်စွာဘုရားကို လှူပစ်လိုက်တယ်။ ပုဏ္ဏားရဲ့စိတ်ထဲမှာ ဘာဆိုဘာကိုမျှ
ငဲ့ကွက်လိုတဲ့စိတ် မရှိတော့ပါဘူး။

မင်းကြီးလဲပုဏ္ဏားရဲ့ ရက်ရောတဲ့သဒ္ဓါစိတ်ကို နှစ်သက်တော်မူတာနဲ့ ပုဏ္ဏားကို အ၀တ်အထည်များနှစ်ဆတိုးပေးလိုက်တယ်။

ပုဏ္ဏားကလှူလိုက် မင်းကြီးကအ၀တ်အထည်တွေပေးလိုက်တာ သုံးဆယ့်နှစ်စုံအထိ ရောက်လာတယ်။

ဒီအခါမှာ ပုဏ္ဏားစိတ်ထဲမှာ ဒီပုဏ္ဏားဟာရတိုင်း လှူနေတာပဲ ကိုယ့်အတွက်တောင်မချန်ဘူးလို့ ကဲ့ရဲ့လွတ်အောင် တစ်ကြိမ်မှာတော့ သူနှင့် ပုဏ္ဏေးမအတွက်နှစ်ထည်ကိုချန်ပြီး ကျန်အထည်တွေကို လှူပါတယ်။

မင်းကြီးကလည်း ခုနှစ်ကြိမ်အထိပေးတယ်။ ပုဏ္ဏားကလည်း ခုနှစ်ကြိမ်အထိ လှူပစ်လိုက်တယ်။ နောက်ဆုံးမှာတော့ ကောသလမင်းကြီးဟာ နန်းတော်ထဲက ၀တ်လဲတော် သိန်းထိုက်ကမ္ဗလာကို မင်းချင်းတို့ကို ယူစေပြီး ပုဏ္ဏားကို ပေးစေပြန်တယ်။

မင်းကြီးလုပ်နေပုံက ဒီပုဏ္ဏားတန်ဖိုးရှိတဲ့ အထည်ရရင်ဖြင့် လှူပါတော့မလားလို့ စိတ်စမ်းသလိုပါပဲ။ ပုဏ္ဏားရဲ့စိတ်ထဲမှာတော့
အဖိုးတန်သော ဘာသော နားလည်မှုမရှိတော့ပါ။ သိန်းထိုက်ကမ္ဗလာကိုရတော့ ဒီလောက်ကောင်းတဲ့အထည်ကို ငါ့ကိုယ်
ပေါ်မှာတင်ဖို့ မထိုက်ပါဘူး။ ဒါမြတ်စွာဘုရားနှင့်သာ ထိုက်ပါတယ်ဆိုပြီး မြတ်စွာဘုရားကိန်းဝပ်တော်မူတဲ့ ဂန္ဓကုဋိတိုက်ခန်းမှာ အိပ်ယာအထက်က ဗိမတန်ကျက်လိုက်ပါတယ်။ တစ်ထည်ကိုတော့ သူ့အိမ်ကရဟန်းသံဃာများ ဆွမ်းလုပ်ကျွေးရာ အပေါ်က ဗိတန်ကြပ်ပါတယ်။

ညကျတော့ ကောသလမင်းကြီးဟာ မြတ်စွာဘုရားထံ ပူဇော်ဖို့ကြွလာတော့ ဂန္ဓကုဋိတိုက် အိပ်ယာမျက်နှာကြပ်မှာ ဗိတန်ကြပ်ထားတဲ့ အ၀တ်ကိုမြင်ပါတယ်။ ဒီတော့ ပုဏားဟာ ငါကြည်ညိုရာအရပ်မှာ ကြည်ညိုခြင်းရှိတယ်လို့ အောက်မေ့ပြီးအလွန်
နှစ်သက်ပြန်ပါတယ်။

မင်းကြီးလည်း သဒ္ဓါပီတိအရှိန်ကြောင့် သဗ္ဗစတုက္ကလို့ခေါ်တဲ့ အလှူကြီးကိုပုဏားကို ပေးပါတယ်။ သဗ္ဗစတုက္ကဆိုတာက
တော့ ပစ္စည်းတစ်မျိုးကို လေးခုစီခုနှစ်မျိုးတိတိ လှူတာကို ဆိုတာပါပဲ။

ပုဏ္ဏားရဲ့ဒီအလှူဟာ ဒိဋ္ဌဓမ္မအကျိုးပေးတဲ့ အလှူပါ။

ဒီအလှူနဲ့ပတ်သတ်ပြီးတော့ မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ သြ၀ါဒတစ်ခုကလည်း အလွန်ပဲမှတ်သားဖို့ကောင်းပါတယ်။
ဘုရားကဘယ်လိုဟောသလဲဆိုတော့ ရဟန်းတို့ပုဏ္ဏားဟာ ညဥ့်ဦးယံမှာသာ ဒီလိုလှူခြင်းကို တတ်နိုင်ခဲ့ရင် အလုံးစုံ
တစ်ဆယ့်ခြောက်ခုစီဖြစ်တဲ့ သောဠဿက ၀တ္ထုပစ္စည်းတို့ကို ဒိဋ္ဌရမှာပဲ။ မဇ္ဈိမညလယ်ယံမှာလှူဖြစ်ခဲ့ရင် ရှစ်ခုခုနှစ်လီပါတဲ့ပစ္စည်းတို့ကို ရပေလိမ့်မယ်။ လင်အားကြီးမိုးသောက်ယံမှ သူ့အ၀တ်ကို လှူခဲ့လို့သာ ယခုလိုလေးခုစီပါတဲ့ ပစ္စည်းအလှူကိုရတာလို့ဆိုပြီး ဆက်ပြောပါတယ်။

ကောင်းမှုကံကိုပြုလုပ်တဲ့အခါ ပြုသူဟာသူ့မှာ ပထမဦးဆုံးဖြစ်တဲ့စိတ်ကို မယုတ်မလျော့စေဘဲ အဲဒီစိတ်ပေါ်လာတာနှင့် ချက်ချင်းပြုဖြစ်အောင် ပြုရမယ်။ ပြုအပ်တယ် လို့မိန့်ကြားတော်မူုပါတယ်။

လူဟာကုသိုလ်စိတ်ကလေး တစ်ချက်ဖြစ်လိုက်တဲ့ အခိုက်အတန့်မှာ စိတ်ဟာသမာဓိခေါ်တဲ့ တည်ငြိမ်မှု ငြိမ်သက်မှုကိုရတယ်။ အဲဒီလို
ရတာနဲ့ချက်ချင်း သူ့စိတ်ထဲမှာ ချမ်းသာသွားတယ်။ ဒါကိုသုခလို့ခေါ်ပါတယ်။ ဒီသုခစိတ်ကလေး ငြိမ်သက်ပြီးဖြစ်ပေါ်နေရင်တော့ လူမှာဝမ်းမြောက်ခြင်းဆိုတဲ့ ပီတိဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ကုသိုလ်စိတ်ကြောင့် ချမ်းသာမှုကလေး ရတုန်းရခိုက်မှာ ကုသိုလ်ကံကို ချက်ချင်းမပြုလိုက်မိရင် ပီတိကိုမရတော့ဘူး။ စိတ်ကပြန်ပြီး ယောက်ယက် ခတ်သွားတတ်ပါတယ်။ ဒီလိုစိတ်လှုပ်ရှားပြီး ချီတုံချတုံဖြစ်နေတာကို ကျမ်းဂန်မှာ ၀ိတက် ၀ိစာရလို့ခေါ်ပါတယ်။ ကြံစည်မှုတွေ စိတ်ကူးမှုတွေဖြစ်ပေါ်ပြီး စိတ်ဟာ လှုပ်ရှားသွားတာပါပဲ။

ဒါကြောင့်မြတ်စွာဘုရားက ကောင်းမှုပြုသူဟာ မိမိစိတ်မှာ ပထမဆုံးဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ်ကလေးကိုမယုတ်လျော့စေဘဲ ထိုခဏ၌ပင် ပြုဖြစ်အောင်ပြုရမယ်လို့ ဆုံးမထားခြင်းဖြစ်ပါတယ်။

ဆန်းလွင်
ရွှေတောင်တက်ဒဿန

No comments:

Post a Comment