Sunday, March 29, 2015

သောတာပန်တည်ပြီးသူ၏ ဒုတိယဘဝ


သောတာပန် ၃ မျိုး ရှိပါတယ်တဲ့။ နံပါတ် ၁ ဖြစ်တဲ့ သတ္တက္ခတ္တုပရမ သောတာပန် ဟာ သောတာပန်ဖြစ်ပြီး နောက်ဘဝများတွင် လူ့ ပြည် နတ်ပြည် ၇ ဘဝသာ နေပြီး ရဟန္တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ ညက ရွှေကျီးမြင်ဘုရားတရားပွဲမှာ ဆရာတော်ဦးသုနန္ဒက အထက်ပါ နံပါတ် ၁ သောတာပန်သည် သောတာပန်ဖြစ်ပြီး စုတိကာ နောက်ဘဝတွင် လူ့ ပြည်တွင် ဖြစ်ရိုးမရှိတဲ့၊ နတ်ပြည်တွင်သာ ဖြစ်လေ့ရှိပါတယ်တဲ့။ အကြောင်းဆိုသော်

၁။သားသည် သောတာပန်အရိယာ အဖြစ်မွေးပြီး မိခင်ဖခင်သည် ပုထုစဉ်သာဖြစ်ငြားအံ့ အရိယာကို မသိဘဲပြစ်မှားမိတာတွေရှိကာ အကုသိုလ်ဖြစ်နိုင်သည်က တစ်ကြောင်း၊

၂။ မြတ်စွာဘုရားနှင့် အဂ္ဂသာဝက မဟာသာဝကများတောင် ပုထုစဉ်လူအဖြစ် မွေးဖွားလာရသေးသည်၊ အကယ်၍ သောတာပန်သည် လူအဖြစ်မွေးလာငြားအံ့ ဘုရား ရဟန္တာတို့ ထက် မွေးစဉ်ကတည်းက မြင့်မြတ်နေသော သဘောဆောင်နေမည်က တစ်ကြောင်း ကြောင့် သောတာပန်ဟူသည် လူပြည်တွင်ဖွားရိုးမရှိ ပိဠိကတ်၌လည်း မပါလို့ ဆရာတော်က ဟောပါတယ်။

ကျွန်တော်လည်း သောတာပန် ၃ မျိုးအကြောင်းကို သိပြီးကတည်းက သောတာပန်လေး လူ့ ပြည်မှာ ဘယ်လိုမွေးလာပါလိမ့်ဟု တွေးမိနေခဲ့တာ မနေ့ ညက ဆရာတော် ဟောမှ ဟုတ်ပေလိမ့်မည် ဟု ထင်မြင်မိပါကြောင်း။ မသိသေးသူများလည်း သိရအောင်၊ သိပြီးသော ကျွန်တော့်ထက် စာပေ အသိရှိသူများလည်း ဤအချက်ကို သိပါက ဝင်ရောက်ဆွေးနွေးပေးပါရန် Share ပါတယ် ခင်ဗျာ။


Shared from Aung Myo Han Amh (FB)

တွေးမိတိုင်း ပျော်တယ်


လွတ်လပ်မှု (၃)


ကိုယ်က လွတ်လပ်မှုကို ပိုပြီးလိုချင်ရင် သူများကို လွတ်လပ်မှုပိုရှိအောင် အတတ်နိုင်ဆုံး အကူအညီပေးပါ။ သူများ လွတ်လပ်မှု ဆုံးရှုံးနေတာကို ငါနဲ့ မဆိုင်ဘူးလို့ သင် သဘောထားရင် သင့်လွတ်လပ်မှုလည်း မကြာခင် ဆုံးရှုံးသွားမှာ သေချာတယ်။


ကိုယ့်လွတ်လပ်မှုကို တန်ဖိုးထားရင် သူတစ်ပါးရဲ့ လွတ်လပ်မှုကိုလည်း တန်ဖိုးထားမှ ဖြစ်မယ်။


ကိုယ့်လွတ်လပ်ခွင့်ဟာ သူတို့လွတ်လပ်ခွင့်ကို အန္တရာယ်ဖြစ်အောင် မလုပ်ရဘူး။


လွတ်လပ်မှုဆိုတာ ဘာလဲဆိုရင် ပညာဥာဏ်နဲ့ ယှဉ်ပြီးတော့ လုပ်သင့်တာကို လုပ်တာ လွတ်လပ်မှုလို့ ပြောလို့ရတယ်။ ကိုယ့်အကျိုးရှိဖို့ သူတစ်ပါးအကျိုး ထိခိုက်တဲ့ အလုပ်တွေကို စည်းမဲ့ကမ်းမဲ့ လုပ်တာဟာ လွတ်လပ်မှု မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အကျိုးရှိတာကို သိပြီး လုပ်နိုင်တဲ့သူဟာ လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကိုယ်လည်းပဲ အကျိုးရှိအောင်၊ အများလည်းပဲ အကျိုးရှိအောင် စဉ်းစားပြီးလုပ်မယ်။ ကိုယ်ပဲ အကျိုးရှိအောင်လို့ ဆိုတဲ့ အတ္တစွဲကြီးနဲ့ မလုပ်တော့ဘူး။ အဲဒီလိုလူဟာ ပျော်လည်း ပျော်တယ်၊ ကြည်လင်ရွှင်လန်းတဲ့စိတ်လည်း ရှိတယ်။


တစ်ကိုယ်ကောင်းဆန်ဆန် သူများကို ဒုက္ခပေးပြီး ကိုယ်ကျိုးရှာတဲ့သူဟာ လွတ်လပ်တဲ့သူ မဟုတ်ဘူး။ တကယ် လွတ်လပ်တဲ့သူဟာ အတ္တစွဲကို လွန်မြောက်ခဲ့ပြီ။
ဒါကြောင့် တစ်ကိုယ်ကောင်း မဆန်ဘူး။


မပြည့်ဝတဲ့သူဟာ ကရုဏာ မထားနိုင်ဘူး။ မပြည့်ဝတဲ့သူဟာ သူ့မှာ ဘယ်လောက်ရှိရှိ လိုသေးတယ်လို့ပဲ ထင်နေတယ်၊၊ နည်းသေးတယ်လို့ပဲ ထင်နေတယ်။ သူများရမှာကို မလိုလားဘူး။ အခု ကရုဏာမရှိ တစ်ကိုယ်ကောင်းဆန်ဆန် လုပ်နေကြတာတွေဟာ ဘာကြောင့်လဲ။ မပြည့်ဝလို့။ ချို့တဲ့နေတဲ့စိတ်ရှိလို့။ ပြည့်စုံတဲ့စိတ် မရှိလို့။ လွတ်လပ်တဲ့စိတ် မရှိလို့။


လွတ်လပ်မှုဆိုတာ လူ့အခွင့်အရေးလို့ ပြောကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ ပိုပြီး အဆင်မြင့်တဲ့ လွတ်လပ်မှုကို စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်ရမှာ လူတိုင်းရဲ့ အခွင့်အရေးနဲ့ တာဝန် ဖြစ်တယ်။


အခွင့်အရေးဆိုတာ ကိုယ့်ဘဝကိုကိုယ် တာဝန်ယူနိုင်တဲ့သူအတွက်ပဲ ဖြစ်တယ်၊၊ တာဝန်မဲ့ နေတဲ့သူ၊ စည်းမဲ့ကမ်းမဲ့ နေတဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။


ငါဟာ လွတ်လပ်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို လွတ်လပ်တဲ့သူဖြစ်ဖို့ တာဝန်ကို ငါယူတယ်။ လွတ်လပ်တဲ့သူဖြစ်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်အင်အား ငါ့မှာ ရှိတယ်၊ အရည်အချင်း ငါ့မှာ ရှိတယ်၊ သတ္တိ ငါ့မှာ ရှိတယ်၊ စည်းကမ်း ငါ့မှာရှိတယ်၊ ဇွဲ ငါ့မှာ ရှိတယ် လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို ပြောနိင်တာကိုက လွတ်လပ်မှုတာဝန်ကို ယူတာပဲ။ ငါ့မှာ အရည်အချင်းရှိဖို့၊ သတ္တိရှိဖို့၊ စည်းကမ်းရှိဖို့၊ ဇွဲရှိဖို့ ပညာတတ် ဖြစ်ဖို့ ငါတာဝန်ယူတယ် လို့ ပြောနိုင်တဲ့စိတ်ဟာ လွတ်လပ်တဲ့ စိတ်ဖြစ်တယ်။


ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူဖြစ်ဖို့ တာဝန်ကို ယူထားတဲ့သူဟာ ကိုယ့်အရည်အချင်းတွေကို ကိုယ် အမြဲတမ်း မြှင့်တင်နေရမယ်။ ကိုယ့်ရဲ့ တွေးခ်ါပုံ၊ စဉ်းစားပုံကို ပိုပြီး သဘာဝကျအောင် တိကျအောင်
လေ့ကျင့်နေရမယ်။ ကိုယ့်စိတ်ဓာတ်ကို ခိုင်မာအောင် ရင့်ကျက်အောင်
လေ့ကျင့်နေရမယ်။ ငါဟာ ဥာဏ်ရှိတဲ့သူ၊ သတ္တိရှိတဲ့သူ၊ 'အမှား အမှန်၊'
'အကောင်း အဆိုး'၊ 'တရားတယ်၊ မတရားဘူး'၊ ဆိုတာကို ခွဲခြားပြီး သိတဲ့သူ ဆိုတာကို ဖေါ်ပြနိုင်ရမယ်။။🌿🌿🌿

➖➖➖🔹🍄🍄🔹➖➖➖

🌟ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊🌟

အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊

Shared from စိုးပိုင် (FB)

Saturday, March 28, 2015

အရေအတွက် အခေါက်ရေနှင့် ပုတီးစိပ်သူများ



အသံဖိုင်နာယူ၍ရေးသားပူဇော်ရသောကြောင့် စာလုံးပေါင်းမှားပါက ခွင့်လွတ်ကြပါရန်
_/\_ _/\_ _/\_ (3:34 AM)

မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို သတိရဖို့ ဒီနေ့ခေတ်တော့
ဂုဏ်တော်ပွားတယ်ဆိုတဲ့အခါမှာ ပုတီးစိပ်ပြီးတော့ ဂုဏ်တော်ပွားကြတာလည်း
ရှိတယ်ပေါ့။ပုတီးစိပ်တဲ့အခါမှာ ဘုရားရဲ့ဂုဏ်တော်ကို စိတ်ကရောက်ရာ အင်မတန်မှ အရေးကြီးတယ်ပေါ့။အဲ့ဒီလိုမှမဟုတ်ပဲ ပုတီးလုံးနဲ့
ပုတီးအရေအတွက်ဘက်ကို စိတ်ရောက်နေတယ်ဆိုရင် ဂုဏ်တော်နဲ့ဝေးကွာနေကြသေးတယ်ပေါ့။ဂဏန်းဘက် စိတ်ရောက်နေတာ။
အရေအတွက်ပဲ။ကိုယ်ကိုယ်တိုင်တော့ မမြင်ဖူးဘူး ကြားပဲကြားဖူးတာ။မန္တလေး
ဘုရားကြီးထဲမှာ ၈၄၀၀၀ ပုတီးစိပ်တဲ့သူတွေရှိတယ်လို့ ပြောတယ်။
အဲ့ဒီတိုင်း ပုတီးစိပ်ရင် သတိထားပေါ့။သူက ပုတီးကို လက်ညှိုးပတ်ပြီးတော့ ရမ်းနေတာလို့ပြောတယ်။ပုတီးကို လက်ညှိုးပတ်ပြီး ရမ်းလိုက်တာ
အနားနားက လူတွေ မှန်လိုက်ရင်တော့ မသက်သာဘူး။

ပုတီးကိုလက်ညှိုးပတ်ပြီးတော့ ရမ်းနေတာဆိုရင် ၈၄၀၀၀ က ခဏရသွားမှာပဲ။အဲ့လိုစိပ်တဲ့သူလည်း ရှိတယ်လို့ပြောတယ်။
တစ်ချို့လည်း ဗျင်းဗျင်းနဲ့ ဆွဲချပြီးတော့ စိပ်တဲ့သူလည်းရှိတယ်။ကိန်းဂဏန်းကိုပဲ ရှေ့တန်းတင်ပြီးတော့ ပုတီးစိပ်ကြတယ်ပေါ့။
အဲ့ဒီပုတီးစိပ်တာကိုပဲ သမထ အလုပ်ဆိုပြီးတော့ လုပ်ကြတဲ့ပုဂ္ဂိုလ် တွေလည်းရှိတာပဲ။ဘာပဲဖြစ်ဖြစ် လုပ်တယ်ဆိုလို့ရှိရင်
မှန်မှန်ကန်ကန်လုပ်ဖို့တော့ လိုအပ်တာပေါ့။မမှန် မကန်လုပ်ရပ်တွေဟာ ကောင်းကျိုးချမ်းသာပေးတော့လည်း မှန်မှန်ကန်ကန် ကောင်ကျိုးတွေ
ရမှာမဟုတ်ဘူး။ဘယ်ဟာပဲဖြစ်ဖြစ် နည်းလမ်းကျကျ စနစ်တကျ systematically လို့ခေါ်တယ်။သဘာဝကျကျ လုပ်တတ်ဖို့ လိုအပ်တယ်ပေါ့။

အဲ့ဒီလို သဘာဝမကျတဲ့ ပုတီးအပတ်ရေ ကြည့်ပြီးတော့ ဗုဒ္ဓံနုဿတိ
လုပ်လို့ကတော့ သိပ်ပြီးတော့အကျိုးတရားတွေ လုံလောက်အောင်ရမှာ မဟုတ်ဘူး။
ဒါတွေက အရေအတွက်ဂဏန်းတွေပေါ်မှာ မူတည်ပြီး လာလို့။တစ်ချို့ကျတော့ ပုတီးတောင်မကိုင်တော့ဘူး Tally ဂဏန်းပေါင်းစက်ကလေးနဲ့။
ဂဏန်းစက်ကလေးနဲ့ ဆွဲပြီးတော့ လုပ်နေတာ။ဘယ်နှစ်ပတ်ရပြီ ဘယ်နှစ်ခုရပြီနဲ့ ဂဏန်းပဲ အာရုံပြုပြီးတော့ စိပ်နေတာ။ဘယ်နှစ်ခါ ရရဘာမှ လုပ်စရာ
မလိုဘူး။တစ်ထောင်ရမှ နှစ်ထောင်ရမှ သုံးထောင်ရမှ မှတ်စရာမှမလိုတာ။ဘုရားကို အာရုံပြုတယ်ဆိုတာ အာရုံပြုနေရင်ပြီးတာပဲ။

ဘုရားကို အာရုံမရောက်ဘဲနဲ့ ဘယ်အာရုံရောက်နေလဲဆိုတော့ အရေအတွက် ဘယ်နှစ်ပတ်ရှိသွားပြီလဲ? ဥပမာ တစ်နေ့ကို ဂုဏ်တော်ပုတီး
၅၀၀၀ ပြည့်အောင် စိပ်မယ်ဆိုပြီး အခု ဘယ်နှစ်ပတ်ရှိသွားပြီလဲ ဒါပဲကြည့်နေတာ။
ပြည့်သွားရင် ကိစ္စအေးသွားမယ်လို့ သူကဒီလိုထင်တာ။
အဓိက ကတော့ ကိုယ့်ရဲ့စိတ်ဟာ ဘုရားဂုဏ်တော်ပေါ်မှာ သတိတရားဟာ
စွဲစွဲ မြဲမြဲရှိနေဖို့ဟာ ပိုအရေးကြီးတယ်။
ဆိုလိုတာက ဘာလုပ်လုပ် မှန်ကန်ဖို့လိုတယ်လို့ ဆိုတာ။

ပြောတာကြားဖူးတယ် စစ်ကိုင်းတောင်ရိုးမှာ ထွဋ်ခေါင်ချောင်ဆိုတာ
ထွဋ်ခေါင်ဆရာတော်ကြီး မင်းတုန်းမင်းကြီးလက်ထက်က နာမည်ကြီးတဲ့
ထွဋ်ခေါင်ဆရာတော်ကြီး။ထွဋ်ခေါင်ချောင်ကနေ ကောင်းမှုတော်စေတီတော်ကို
သွားဖူးတဲ့အခါမှာ ဆရာတော်ကြီးနောက်က တပည့်တွေ
ယောဂီတွေ သီလရှင်တွေ သံဃာတွေ ပါမှာပေါ့ သွားတဲ့အခါ။အဲ့ဒီလို သွားတဲ့အခါ ဆရာတော်ကြီးက မေးတဲ့အခါ တပည့်တော်က ပုတီး ဘယ်နှစ်ပတ်
ရတယ်ဘုရား။တစ်ချို့ကလည်း တပည့်တော် ဂုဏ်တော်ပုတီး ၁၀၀၀ ရတယ်
၂၀၀၀ ရတယ် ၁၀၀၀၀ ရတယ်နဲ့လျှောက်ကြတာ။
ထွဋ်ခေါင်ဆရာတော်ကြီးက “အေးဗျာ ခင်များတို့တော့ တော်လိုက်ကြတာ။ကျုပ်ဖြင့် တစ်လုံးကိုတောင် မနည်းရအောင် စိပ်ရတယ်” လို့ပြောတယ်။

ဟုတ်တယ်လေ တကယ့်ဘုရားဂုဏ်တော်ကို စိတ်ရောက်မှ အဲ့ဒီလိုမှ မဟုတ်ရင်
“နင်ပြီး နင်ဆင်းပဲ သွားမှာပဲလေ”။
ပုတီးလုံးလေးတွေ ဆွဲဆွဲပြီးတော့ ချနေတာ။နင်ပြီး နင်ဆင်း၊“ နင်” ပြီး “ နင်” ဆင်းပဲ။နောက်ဆုံးမှာ ကိုယ်ပါ ဆင်းရမယ့် ပုံစံမျိုးဖြစ်လာမယ်။
အဲ့ဒီလို အရေအတွက်ဘက် လိုက်လာတဲ့ သဘောတွေဟာ မှန်ကန်တဲ့ဟာမဟုတ်ဘူး။ဘုရားဂုဏ်ကို အာရုံပြုနိုင်ဖို့က အရေးကြီးတယ်။

နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ဘုန်းကြီးတို့ နိပေါ
ရောက်တဲ့အခါ သွားသတိထားမိတယ်။အဲ့ဒီမှာ ဘီးလုံးကြီးတွေ
လုပ်ထားတာ ရှိတယ်။ သူတို့မှာလည်း မန္တာန်ရွတ်တာတွေ မန္တာန်ကို
ဘယ်နှစ်ခေါက် ရွတ်ရမယ်ဆိုတာတွေ ရှိတယ်။
မန္တာန်ကို ဘယ်နှခေါက်ရွတ်ဆိုပြီးတော့ ။ အဲ့ဒီကနေ ကူးဆက်လာတာ။
မန္တရ တန္တရ ဂိုဏ်းတွေရဲ့အယူအဆတွေက ဒီထဲမှာ ဝင်ရောလာတာ။
ဒါကြောင့် ဂုဏ်တော်စိပ်ရင် ပုတီးဘယ်နှစ်ပတ်ပြည့်အောင် စိပ်ရမယ်လို့ဆိုတဲ့
အယူအဆတွေ ဝင်လာတာ။မန္တာန်နဲ့ဆက်စပ်ပြီးတော့ ဝင်လာတဲ့သဘောတွေပေါ့။
ဂုဏ်တော်ကို အာရုံရောက်အောင် လုပ်နိုင်ရင်တော့ အကျိုးမရှိဘူးလို့ မဆိုလိုပါဘူး။
သို့သော် စနစ်တကျ သတိတရားဟာ ကိုယ့်သန္တာန်မှာ
တန်ဖိုးရှိတဲ့ မြတ်စွာဘုရား ဂုဏ်ပေါ်မှာ လွမ်းခြုံထားတဲ့ သတိရှိဖို့ လိုအပ်တယ်။
ဂဏန်းပေါ်မှာ အာရုံရောက်နေရင်တော့ ဂုဏ်ပေါ်ရောက်တာ မဟုတ်ဘူး။

အဲ့ဒီတော့ နိပေါသွားတော့ သူတို့က ဘယ်နှစ်ခေါက်ဆိုတာ ရွတ်ရမယ်ဆိုတဲ့
တန္တရ မန္တရ တွေရဲ့ အယူအဆအရ ဘီးလုံးကြီးမှာဘာတွေ
ရေးထားလဲ ဆိုတော့ “ ဥုံ မဏိ ပဒ္မေ ဟုံ”ဆိုတဲ့ မန္တာန်ကိုရေးထားတယ်။အဲ့ဒီ မန္တာန်ကြီးကိုရေးထားတာ ပါးစပ်က မရွတ်တတ်တဲ့
ပုဂ္ဂိုလ်တွေတို့ မရွတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေတို့ အဲ့ဒီဘီးလုံးကြီးကို သွားလှည့်နေကြတယ်။တစ်ပတ်ပြည့်ရင် တစ်ခေါက်ပေါ့ နှစ်ပတ်ပြည့်ရင်
နှစ်ခေါက်ပေါ့။ဘီးလုံးဆိုတာ လှည့်ရင်လည်တာပဲပေါ့။အဲ့ဒါကို ကုသိုလ်ရတယ်ထင်ပြီး လှည့်နေကြတာပဲ။ အဲ့ဒီမှာ ဘုရားဖူးတွေ တွေ့ခဲ့တာ။
ရမ်းသန်းမှန်းသန်း ယောင်တောင်ပေါင်တောင်လုပ်ပြီးတော့ မြန်မာပြည်ကတောင်
“ဥုံ မဏိ ပဒ္မေ ဟုံ” တွေ လုပ်နေသေးတယ်။
တန်ခိုးရှိတယ်ထင်ပြီးတော့ လျှောက်လုပ်ကြတာ။

အဓိပ္ပာယ်ကို နားလည်ဖို့လိုတယ်ပေါ့။ ဥုံ-ဆိုတဲ့ စကားလုံးသည်ပင်လျှင် ဘာအဓိပ္ပာယ်ဆောင်တာလဲလို့ စဉ်းစားဖို့ လိုအပ်တယ်ပေါ့။
ဥုံ-ဆိုတဲ့ စကားလုံးက “အ , အု, မ” ဆိုတဲ့ အက္ခရာ သုံးလုံးကို
တစ်သံထဲ ထွက်အောင် ရွက်တဲ့သဘော။ကိုယ်ဟာနဲ့ကိုယ်
အိမ်ပြန်တဲ့အခါ ရွတ်ကြည့်ပေါ့။“အ, အု ,မ ” အဲ့ဒီ သုံးလုံးကို
တစ်ပြိုင်တည်း ထွက်အောင် ရွတ်ကြည့်။တစ်ပြိုင်တည်း မြန်မြန်ထွက်အောင်
ရွတ်ကြည့်။“ အ ,အု, မ” လို့မဆိုနဲ့ “ အ , အောင်” ဒီလိုထွက် အဲ့ဒါကို
“ အောင်း ” လို့ အသံကြားတဲ့အခါ ကြားတယ်။
“ ဥုံ” လို့ အသံကြားတဲ့အခါ ကြားတယ်။တကယ်တော့ အဲ့ဒီ အက္ခရာ သုံးလုံးကိုပေါင်းထားတာ။ဒါက ဟိန္ဒူဘာသာဝင်တွေ သုံးတဲ့စကားလုံး။

အဓိပ္ပာယ်က , အ-ဆိုတာ ဗြဟ္မာကို ရည်ညွှန်းတာ။အု-ဆိုတာ ဗိသျှနိုး၊မ-ဆိုတာ
သျှီးဗား(သိဝ) ဆိုတဲ့ နတ်ကြီးကို ရည်ညွှန်းတာ။
သူတို့အခေါ်နဲ့ဆို Brahma, Vishnu , Shiva အဲ့ဒါကြောင့် နောက်ဆုံး
အက္ခရာလေးတွေ ယူပြီးတော့
Brahma မှာ -အ၊ Vishnu မှာ- အု၊
Shiva မှာ- မ။အဲ့ဒီ သုံးလုံးကို ပေါင်းပြီးတော့ ရွတ်တာ။
“အောင်း” ဆိုတဲ့စကားလုံးက။
သူတို့ ကိုးကွယ်တဲ့ ဗြဟ္မာဆိုတဲ့- Creator ၊
ဗိသျှနု-ဆိုတဲ့ Protector ၊ သျှီဝ-ဆိုတဲ့ Destroyer ။
ဖန်ဆင်းတာကတစ်ယောက် စောင့်ရှာက်တာကတစ်ယောက်
ဖျက်စီးတာကတစ်ယောက် သုံးယောက်။

အဲ့ဒီနတ်ဘုရား သုံးဆူကိုတမ်းတပြီးတော့ တစ်ပြိုင်တည်း
တမ်းတရှိခိုးတဲ့ မန္တာန်။အဲ့ဒါဟာ “ ဥုံ ” လို့ရွတ်ဖတ်တာ။
ဗုဒ္ဓဘာသာ နဲ့မဆိုင်ဘူး။ဗုဒ္ဓဘာသာတွေ ရွတ်ချင်ရင်တော့ ဣတိပိတော ရွတ်၊
“ ဥုံ” ခံစရာမလိုဘူး။
ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ဒီလိုရွတ်
ဝေဿဝဏ် နတ်မင်းကြီးက
“အာဋာနာဋိယ”သုတ်ကို မြတ်စွာဘုရားကို လာပြီးတော့
လျှောက်ထားတဲ့အခါမှာ ကြည့် ။သူ့ရဲ့ပရိတ်သတ် တပည့်တွေ
ဘီလူးတွေ မြတ်စွာဘုရားကို ကြည်ညိုတာ ရှိတယ်။မကြည်ညိုတာရှိတယ်။
မကြည် ညိုတာတွေက များတယ်။ဘာဖြစ်လို့ များလဲဆိုတော့ ဘုရားက
သူ့အသက် သတ်ခြင်းမှ ရှောင်ရမယ်။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ရမယ်။ဆိုတော့
ဒီကောင်တွေက သူ့အသက် သတ်ချင်တဲ့ ကောင်တွေ ခိုးချင်တဲ့ကောင်တွေ မဟုတ်တာလုပ်ချင်တဲ့ ကောင်တွေ
ဆိုတော့ ဘုရားကို မတည့်ဘူးသူတို့က။
မကြည်ညိုတဲ့ ကောင်တွေကများနေတာ။

ဒါ့ကြောင့်မို့ မကြည်ညိုလို့ ဘုရားကို ကိုးကွယ်တဲ့သူတွေကို
နှောက်ယှက်မှာစိုးလို့ ဘုရားကိုလာပြီးတော့ လျှောက်တာ။
လာလျှောက်တဲ့အခါမှာ အဲ့ဒီလိုလုပ်ရင် နှောက်ယှက်ချင်လို့ အနီးကပ်တယ်။အခွင့်ချောင်းတယ်ဆိုရင် ဒီကောင်ကိုဖမ်း
နယ်နှင်ဒဏ်ပေး။နောက်ဆုံးမှာ ဘီလူးအစည်းအဝေး မဝင်ရဆိုတာတွေ ကန့်သတ်ချက်တွေနဲ့လုပ်။ဒီလိုတွေ လုပ်ပြီးတော့
ပြစ်ဒဏ်တွေ ချမှတ်တယ်။ အဲ့ဒါ အာဋာနာဋိယ သုတ်ဆိုတာ အဲ့ဒီဟာပါတယ်ပေါ့။

အဲ့ဒီတော့ ဒီလိုအန္တရာယ်တွေက ရှိနေတာကိုး။အဲ့လို ရှိနေတဲ့
အန္တရာယ်တွေက ကာကွယ်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းကို အသုံးချရမယ်။
ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ နေလိုက်တယ်ဆိုတာ ကိုရတဲ့
“ဣတိပိတော”ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အကုန်ရတယ်။
ဘုရား ဂုဏ်ကိုအာရုံပြုပြီးတော့ ကြည့်ရမယ်။အရဟံ-ဆိုတာ
ဘုရားမှာ လောဘ ဒေါသ မောဟ ကိလေသာတွေ မရှိဘူး
ဆိုတာကို အာရုံပြုလို့လည်း ရတယ်။တစ်နည်းအားဖြင့် လောကလူသားတွေဟာ ဆိတ်ကွယ်ရာရောက်ရင် မကောင်းတာလုပ်တတ်ကြတယ်။

လူကြီးသူကောင်းလို့ပြောတဲ့သူတွေတောင် ကွယ်ရာကျမဟုတ်တာ လုပ်တတ်ကြတယ်။မြတ်စွာဘုရားမှာ ကွယ်ရာမှာတောင် မဟုတ်တာမလုပ်ဘူး။
မကောင်းတဲ့ အကုသိုလ်ဆို ကွယ်ရမှာတောင် မလုပ်ဘူးဒါ့ကြောင့်မို့
“အရဟံ”ဆိုတဲ့ ဂုဏ်တော်နဲ့ ပြည့်စုံတယ် လို့တွေးပြီးတော့ စိတ်ထဲမှာ
ကြည်ညိုလာအောင် နှလုံးသွင်းရမယ်။သတိရတယ်ဆိုတာ အဲ့ဒါပြောတာ။
ဘုရားရဲ့ အရဟံ ဂုဏ်။လောဘ ဒေါသ မောဟတွေကို အကြွင်း
ကျန်မရှိအောင် ဖယ်ရှားနိုင်တယ်။သမ္မာသမ္ဗုဒ္ဓ-မှန်ကန်တဲ့တရားတွေကို ကိုယ်တိုင်သိတယ်။ဝိဇ္ဇာစရဏ-ပညာနဲ့အကျင့်တရားတွေနဲ့ လုံးဝ
ပြည့်စုံတယ်။သုဂတ-ကျင့်ကြံ ကြိုးကုတ်လို့ အောင်မြင်ပေါက်ရောက်ပြီးသာ
ပုဂ္ဂိုလ်ဖြစ်တယ်။(ဝါ)မှန်ကန်တဲ့စကားကိုပြောဆိုတယ်။
လောကဝိဒူ-လောကအကြောင်း ကောင်းကောင်းသိတယ်။ဒီလို
ဂုဏ်တော်တွေ တစ်ခုစီ တစ်ခုစီ စိတ်ထဲမှာ အာရုံပြုပြီးတော့
စိတ်နဲ့ဂုဏ်တော်တွေနဲ့ ထုံမွှမ်းတာပြောတာ။

အဲ့ဒီလို ထုံမွှမ်းထားရမယ်တဲ့ နေ့အခါမှာပဲ ဖြစ်ဖြစ် ညအခါမှာပဲဖြစ်ဖြစ်
ဘုရားဂုဏ်တော်တွေကို မိမိရဲ့နှလုံးသားထဲမှာ ပွားထုံထားပြီးဆိုရင်
ဘုရားဂုဏ်တော် ပွားထုံထားတဲ့အချိန်မှာ
ဘာအန္တရာယ်တွေ ကင်းလဲဆိုတော့

အဲ့ဒီအချိန်မှာ လောဘဆိုတာ မဖြစ်ဘူး ဒေါသဆိုတာ မဖြစ်ဘူး
မောဟဆိုတာလည်း မဖြစ်ဘူး။ဘုရားဂုဏ်တော်ပေါ်မှာ
စိတ်ဟာဖြောင့်ဖြောင့်မှတ်မှတ်
ဘုရားဂုဏ်တော်ပေါ်မှာတွေးပြီးတော့ အာရုံပြုနေတာ။
ဘုရားဂုဏ်တော်ကို အမှတ်သတိရနေတယ် ဒီအပေါ်မှာပဲစိတ်ဟာ
တစ်ဖြောင့်တည်း ဖြစ်ပြီးတော့ စိတ်တွေဟာကြည်နူးမှုတွေ ပီတိတွေဖြစ်လာတယ်။ပီတိတွေဖြစ်တော့ ခန္ဓာကိုယ်တွေ ငြိမ်းချမ်းလာတယ်။
ငြိမ်းချမ်းလာတော့ သုခဖြစ်လာတယ်။သုခဖြစ်လာတဲ့အခါ စိတ်တည်ငြိမ်လာတယ်။ဘုရားဂုဏ်တော်ပေါ်မှာ
စိတ်ဟာ ငြိမ်ကျသွားတယ်။အဲ့ဒီလိုဖြစ်အောင် ပွားပါ။

ဂုဏ်တော် တစ်ထောင်ရအောင်တို့ နှစ်ထောင်ရအောင်တို့ ၈၄၀၀၀
ပြည့်အောင်တို့ နင်ပြီး နင်ဆင်းတွေ လုပ်မနေပါနဲ့။ဒီလိုဆိုလိုတာပေါ့နော်။
အဲ့ဒါမှ ဘုရားဂုဏ်တော်ပွားရခြင်းအကျိုးဟာ တကယ့်စစ်မှန်တဲ့အကျိုးတရားကို ရရှိမှာ ဖြစ်ပါတယ်။ဘုရားဂုဏ်တော်ပွားရင်း ပွားရင်း စိတ်ထဲမှာ
ကြည်နူးလာအောင် ဘုရားကို အာရုံပြုပြီးတော့ ပွားရတယ်။အဲ့ဒီလိုပွားတယ်ဆိုတဲ့အခါမှာ အတွင်းအန္တရာယ်တွေ ကင်းသွားတာသေချာတယ်။
လောဘ ဒေါသ မောဟ အန္တရာယ်မရှိဘူး။အပြင်အန္တရာယ်တော့ ရှိကောင်းရှိမယ်။အတွင်းအန္တရာယ်ကင်းတယ်ဆိုကတည်းက အပြင်အန္တရာယ်လည်း
ပဲ ကင်းသွားပြီ။အတွင်းနဲ့အပြင်ဆိုတာ အတွင်းကပို အားကောင်းတယ်။အပြင်က ဒီလောက်အားကောင်းတာ မဟုတ်ဘူး။ဒါ့ကြောင့်မို့
အတွင်းအန္တရာယ်ကင်းဖို့ရန် ပိုအရေးကြိုးတယ်။အတွင်းအန္တရာယ်ကင်းသွားတော့ အပြင်အန္တရာယ်ကလည်း ကိုယ့်ကို အနှောက်အယှက်မပေး
နိုင်တော့ဘူး ဒီလိုပြောတာနော်။အဲ့ဒီတော့ အရေအတွက်က အဓိကမဟုတ်ဘူး။

မြတ်စွာဘုရားက ဝိသာခကျောင်းအမကြီးကိုဟောတယ်။ဘုရားကိုအာရုံပြုတဲ့သတိ ကိုယ့်သန္တာန်မှာဖြစ်နေအောင်လုပ် သတိဖြစ်နေအောင်လုပ်။
ဘုရားကို သတိရနေတာ။အကြိမ်ကြိမ် သတိရအောင်လုပ်။ဘယ်အချိန်မှာ လုပ်ရမလဲဆိုတော့ အလုပ်လုပ်နေရင်းလည်းလုပ်တဲ့။
သွားနေရင်းလည်းလုပ်။ထိုင်နေရင်းလည်း လုပ်။နောက်ဆုံး သားသမီးတွေနဲ့ အတူနေတဲ့အချိန်မှာတောင် ဒီကမ္မဋ္ဌာန်းဘာဝနာပွားတဲ့။
လုပ်ငန်းကိုင်ငန်းတွေ လုပ်နေတဲ့အခါမှာလည်း ဘုရားကို ကိုယ့်သန္တာန်မှာ တည်အောင်လုပ် ဒီလိုပြောတာ။ဘယ်အချိန်ရယ်လို့ မဟုတ်ဘူး။
အချိန်မရွေး ဖြစ်နေအောင်ကြိုးစား။ဒီလိုပြောတာ။

တနေ့ဂုဏ်တော်ပုတီး ဘယ်နှစ်ပတ် စိပ်တယ်ဆိုတာ အဓိကမဟုတ်ဘူး။လွဲမှားစွာ မမှတ်သားသင့်ဘူး။တန္တရ မန္တရတွေရဲ့ အရေအတွက်တွေဟာ
အဲ့ဒီဘက်ကို စိတ်ရောက်သွားလို့ ရှိရင် တကယ့်ဂုဏ်တော်ပေါ်မှာ အာရုံရောက်မှု လွှဲချော်သွားနိုင်တယ်။ဒီလိုပြောတာနော်။

{ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး}

(အစွမ်းထက်သော ကာကွယ်မှုတရားတော်မှ ကောက်နှုတ်ချက်)

ဤဓမ္မဒါနကုသိုလ်ကြောင့် လောကနဲ့ သာသနာတော်ကို ထောက်ပံ့နိုင်ပြီး
နိဗ္ဗာန်၏အထောက်အပံ့ ဖြစ်ပါစေ။

ဓမ္မမိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေဗျာ။

_/\_ _/\_ _/\_

Shared from Pay Thoe (FB)

Sunday, March 15, 2015

ချစ်သူစိမ်း၍ ဒုက္ခငြိမ်း


“ဘဝ” ဆိုသော ၊ “အချစ်”ဆိုသော အရာတို့သည်
စကားနှစ်လုံးတည်းပင် ဖြစ်သော်လည်း တော်တော်လေး နားမလည်နိုင်အောင် ရှုပ်ထွေးစရာကောင်းလှ၏။
ရွှေလိုသဲ့သဲ့ပြီး ရှုပ်ထွေးလှသည့်
ဘဝထဲက အနှစ်ကို ကျင်ယူတတ်မှ တော်ကာကြ၏။
မုတ်ကောင်၏ အသားနုပေါ် တဖြည်းဖြည်းသဲမှုန်လေးတွေကျရာမှ
အဖိုးတန် ပုလဲအဖြစ်သို့ ရောက်ရသကဲ့သို့
အချစ်နှင့်ယှဉ်တွဲနေကြသော ပုဂ္ဂိုလ်တို့သည် ဘဝထဲမှ
တဖြေးဖြေး ဘဝ၏ အနှစ်သာရကို ထုတ်ယူကြကာ
ဒုက္ခခပ်သိမ်းငြိမ်းကြကုန်၏။ ပုထုဇဉ်တို့၏ အချစ်သံသရာ ၊
ဘဝသံသရာကား ကမ်းမမြင် လမ်းမမြင် ရှည်လျားလှ၏။
ခရီးကရှည် စာရိတ္တက ခပ်သိုးသိုး၊
အဖော်ကလည်း ခပ်ဆိုးဆိုးနှင့် ကြုံရတတ်သေး၏။
အမျိုးအမျိုး ကာမဂုဏ်အဖျက်အမှောင့်တွေကြောင့်
အပါယ်ဘုံအခါခါ ရောက်ခဲ့ကြသည်လည်း မနည်းလှတော့။

သို့သော် တရားသံဝေ ရကြလေတော့ ချစ်သူစိမ်း၍
အချစ်ဇာတ်သိမ်း ဒုက္ခငြိမ်းကာ သံသရာတစ်ထောက်
ရပ်နားနိုင်ကြသောသူများလည်းရှိပါသေးသည်။

ထိုသူတို့တွင် “ဓမ္မဒိန္နာ သူဌေးကတော်လေး”လည်း
ချစ်သူစိမ်း၍ ဒုက္ခငြိမ်းခဲ့ရဘူး၏။
အချိန်ကား တော်တော်လေး ကြာညောင်းခဲ့လေပြီ။
မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ဒုတိယဝါလောက်မှာပင်
ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းလေးပင်ဖြစ်၏။
ရာဇဂြိုဟ်မြို့သား သူဌေးသား “ဝိသာခ လုလင်”နှင့်
“သူဌေးသမီး ဓမ္မဒိန္နာ”တို့ ရွှေလက်တွဲကာ
ထိမ်းမြားလက်ထပ်ခဲ့ကြ၏။ ထိုကဲ့သို့ထိမ်းမြားလက်ထပ်ခြင်းကို
ဝိသာခ သူဌေးသားအဖို့ လွတ်လပ်ခြင်းတွေစတေးပြီး
ဓမ္မဒိန္နာအတွက် ပျော်ရွှင်ခြင်းတွေ စတေးရသည် ဟု မယူဆခဲ့ပေ။
နှစ်ဦးသား လွတ်လပ်ခြင်းတွေ ရင်မှာပိုက်
ပျော်ရွှင်ခြင်းတွေ တပွေ့တပိုက်နှင့် သေတပန်သက်တဆုံး
ရိုးမြေကျ ပေါင်းသင်းဖို့ လက်ထပ်ခဲ့ခြင်းဖြစ်၏။

သို့သော်ဘဝမှာ မထင်မှတ်တာ မျှော်လင့်မထားတာလေးများ
ကြုံလာသောအခါ မူလရည်မှန်းချက် အိပ်မက်လေးများလည်း
မှုန်ဝါးဝါးဖြစ်လာတတ်၏။ သူဌေးသားလေး ဝိသာခသည်
မြတ်ဗုဒ္ဓ ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွလာသောအခါ
တရားဓမ္မနာကြားရ၍ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်
“ဗိဗ္ဗိသာရမင်းကြီး”နှင့်အတူ ပရိတ်သတ်ပေါင်း ၁၂၉၀
သောတာပန်ဖြစ်ကြသည်ထဲတွင် သူဌေးသားလေး “ဝိသာခ”
သည်လည်း တစ်ယောက်အပါဝင်ပင်ဖြစ်သည်။

သောတာပန်သူဌေးသားလေး ဝိသာခသည်
သောတာပန်ဖြစ်သော်လည်း ကာမဂုဏ်အာရုံကို လုံးဝ
မပယ်သတ်နိုင်သေးသောကြောင့် သူဌေးသမီး “ဓမ္မဒိန္နာ”နှင့်
မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်မြဲ။
ကဗျာနူနု စာနုနု ချစ်သူ့ရင်ခုံသံ စောင်းသံတမျှ နားလျှံဆဲ။
အယုအယပိုပို သမုဒယချိုချို ခပ်ဖွဖွစကားသံလေးများ
သူနှစ်ကိုယ်ကြားမှာ ကြားရဆဲ။ တရစ်ရစ်တိုး
တိုးတဲ့နွေခွေလို ခံစားရစ်ပတ်ဆဲ။

ထိုသို့သော တူနှစ်ကိုယ် ချစ်ရည်လူးပျော်ရွှင်မြူးစဉ်ကာလ
မြတ်ဗုဒ္ဓသည် ဝါးတောရိပ်မွန် ဝေဠုဝန်ကျောင်းမှာ
သီတင်းသုံးစဉ် ဝိသာခသူဌေးသားလေး တရားနာကြားရပြန်တော့
“အနာဂါမ် အရိယာ” ဖြစ်သွားခဲ့လေပြီ။
ထိုအချိန်မှစ၍ အနာဂါမ် ဝိသာခသူဌေးလေးသည်
ချစ်ဇနီးဓမ္မဒိန္နာကို - ကျွန်းကုရု ဇေယျာမှာ၊
ပဒေသာ နန်းပင်မြင့်ဖွား၊ ရွှေကသစ် ရိပ်ကြာမှာ၊
နတ်မိမယ်တစ်ပါး ဟု မမြင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော်
အနာဂါမ်တို့မည်သည် ကာမဂုဏ် အာရုံမှန်သမျှ
ကင်းစင်ပခဲ့လေသောကြောင့်တည်း။

ပုထုဇဉ်ဘဝဖြစ်နေရှာသော ဓမ္မဒိန္နာအဖို့ တချိန်က
သူမ၏နေမင်းကြီးသဖွယ်ဖြစ်သည့် ချစ်သူမောင် ဝိသာခ
သူဌေးသား အနာဂါမ်ဖြစ်ဖြစ်သွားလေတော့ သူမအဖို့
နေပူလောင်ကျွမ်း အသဲကျွမ်းရကိန်းနှင့် ကြုံရှာလေပြီ။

နေမင်းကြီး ဝင်သွားပြန်တော့ အမှတ်တရပွင့်ဖတ်များ
တလွှားလွှားခြွေချခဲ့ဘူးသည့် အိမ်ဦးအရှင် နေမင်းကြီးကို
အကြောင်းပြု၍ တမ်းတ လွမ်းရ ငိုကြွေးကြပေလိမ့်ဦးတော့မည်။
အနာဂါမ်အဆင့်နှင့် ပုထုဇဉ်အဆင့် အလွန်တရာကွာလွန်းသောကြောင့်
“ဝိသာခနှင့် ဓမ္မဒိန္နာ”တို့ အသွင်မတူ အိမ်သူမဖြစ် ဆိုသလို
ရှေးယခင်ကအတိုင်း ပျော်တပြုံးပြုံးမော်မဆုံးအောင် အတူတကွ ရှေ့ဆက်လက်တွဲဖို့ခက်ခဲလာပေတော့မည်။

ဝိသာခသူဌေးသားလေး အနာဂါမ်အရိယာမဖြစ်ခင်က
သူ-အဝေးအနီးခရီးမှပြန်လာသည့်အခါတိုင်း ချစ်ဇနီးတို့
ထုံးစံအတိုင်း ဓမ္မဒိန္နာသည် ခြင်္သေ့ခံလေသာပြူတင်းမှ
စောင့်မျှော်လျှက၊် ရောက်လာသည့်အခါ ချစ်စဖွယ်ရာတီတီတာတာ
စကားများပြောလျှက် အပြုံးလေးများဖြင့် ခရီးဦးကြိုဆိုမြဲ။
နှစ်ကိုယ်တူ လှေကားထိပ်မှာ လက်ကိုဆန့်တန်း ပွေ့ဖက်လျှက်
နှုတ်ဆက်မြဲ။ ဦးဦးဖျားဖျား အစားအစာများ ကျွေးမြဲ။
ယောကျာင်္းကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့
မျှော်လိုက်တာ ဆိုသလို မိမိ၏အိမ်သို့စိုက်စိုက်ပြန်လာသော
ချစ်သူမောင် အပြန်လာကိုပင် သစ်ကုလားအုပ်ပမာ ဓမ္မဒိန္နာ
လည်တဆန့်ဆန့်အမြဲတန်းစောင့်မျှော်ရစမြဲ။

ဝိသာခသူဌေးသားလေး အနာဂါမ်အရိယာစခန်း တက်လှမ်းပြီး
ဝေဠုဝန်ကျောင်းတော်မှ နေအိမ်သို့ပြန်လာခဲ့သည့်အချိန်မှစ၍
ရှေးယခင်နှင့် လုံးဝမတူတော့၊ ယောဂီ ရဟန်းတစ်ပါးကဲ့သို့ပင်
ပိုမိုပြီးဣနြေ္ဒတည်ငြိမ်လာတော့၏။ အိမ်ရောက်ပြန်တော့လည်း
ယခင်ကလို ချစ်ဇနီးအား အပြုံးနှင့်ပင် နှုတ်မဆက်တော့။
တစ်ယောက်တည်း စားပြီး ညချမ်းအခါ ကျက်သရေအခန်းမှာ
ဓမ္မဒိန္နာနှင့် အတူမအိပ်တော့ဘဲ သီးခြားညောင်စောင်းခင်းကာ
အခြားတိုက်ခန်းတခန်းမှာ အိပ်လေတော့၏။

ထိုကဲ့သို့သော ချစ်သူမောင် ပြုမူဆက်ဆံလာသည်ကို
ပထမတော့ ဓမ္မဒိန္နာ နည်းနည်းအံ့သြဖြစ်မိ၏။
နေ့စဉ် ထိုကဲ့သို့ဖြစ်လာတော့ ဓမ္မဒိန္နာက သူ့အချစ်ကို
အမျိုးမျိုးစမ်းသပ်ကြည့်၏။ ရွှေကို ဖယောင်းနှင့် စမ်းသပ်လို့ရ၏။
ဖယောင်းကို မီးနှင့်စမ်းသပ်လို့ရစကောင်း၏။
သို့သော် ဒီတကြိမ်တော့ ဓမ္မဒိန္နာသည် ချစ်သူမောင်
အနာဂါမ် ဝိသာခသူဌေး၏ အချစ်ကို ဘာနဲ့မှ စမ်းသပ်လို့မရတော့။
သူမ စမ်းသပ်သည့်အရာတိုင်း ပေမမီ ကိုက်မပီဖြစ်လာတော့၏။
ဓမ္မဒိန္နာအဖို့ ချစ်ခြင်းတရားကို စမ်းသပ်ရ ဆန်းစစ်ရ
ခက်ရှာလေတော့သည်။

တစ်ချိန်က ချစ်ခြင်းမေတ္တာအကြင်နာတွေ၊ ဂရုစိုက်ယုယမှုတွေ၊
ပြုံးပျော်စရာတွေ၊ နှလုံးသားပုံရိပ်လွှာတွေ၊ မမြင်နိုင်သည့်
ခိုင်ခံ့လှပါတယ်ဆိုသည့် သံယောဇဉ်တွေ၊ ကမ္ဘာဆုံးတိုင်
မမုန်းနိုင် မမေ့နိုင် သတိရမယ်ဆိုသည့် စကားတွေကတော့
ဓမ္မဒိန္နာအဖို့ ကြယ်တွေကြွေသည့်ညပမာ ၊
တဖြေးဖြေးဝေးကွာသလို ခံစားရရှာလေတော့၏။
ဟိုယခင်ကလို လေပြေလေညှင်းလေး တရွရွသွေးချိန်မှာ
ချစ်သူမောင် ဝိသာခထံမှ အချစ်ဝတ်ရည်များ ဆောင်ကျဉ်းမလာတော့ပေ။
ညချမ်းကာလ နုသက်တိုးဖွလှသည့် ခြေသံလေးများလည်း မကြားရတော့။
ချစ်ခြင်းတရားက ဓမ္မဒိန္နာအတွက် တူနှစ်ကိုယ်ကတ္တားခြားစေခဲ့သည်။
သူမဘဝမှာ ချစ်သူမောင်ထံမှ ဘာတစ်ခုမှ တုန့်ပြန်မှု မရတော့လေတော့
ရွှေနားတော်သွင်း ဧချင်းတွေလည်း နားဝင်မချိုတော့ပေ။
ဓမ္မဒိန္နာသည် ခံစားချက်တွေ တပိုးတနင့်ဖြင့် ချစ်သူမောင်ထံ
ချဉ်းကပ်ပြီး ရှိခိုးဦးချကာ မေးရှာလေတော့သည်။

“အရှင့်သား ကျွန်မမှတစ်ပါး ပြင်ပ အခြားအမျိုးသမီး
တစ်ယောက်ယောက်ကိုများ မျှော်လင့်တောင့်တနေပါသလား၊
အရှင့်သားနှင့် ကျွန်မအကြား တစ်ယောက်ယောက်ကများ
သွေးထိုးထားလို့ပါလား၊ သို့တည်းမဟုတ် ကျွန်မမှာ တစ်စုံတစ်ရာ
အပြစ်ရှိပါသလား” ဟု သောကပရိဒေဝ မျက်ရည်ဖြိုင်ဖြိုင်ကျလျှက်
မေးလေသည်။ အင်း ခက်တော့တာဘဲ၊
အကယ်၍ အဖြစ်မှန်ကို ပြောမပြလျှင် ဓမ္မဒိန္နာ ရွှေရင်နှစ်ခြမ်း
ဖျန်းဖျန်းကွဲကာ သေပွဲဝင်ရှာရတော့မှာဘဲ ဟု
အနာဂါမ် လင်တော်မောင် ဝိသာခ က သိလေသည်။
တဖက်ကလည်း လောကုတ္တရာတရားကို ထုတ်ဖော်ပြောဖို့
သိပ်ကို ဝန်လေးလှပေ၏။ နောက်ဆုံးတော့ ဝိသာခသည်
ဓမ္မဒိန္နာ ရင်ကွဲနာကျ သေမည်ကို စိုးရိမ်သောကြောင့်
အမှန်အတိုင်း ဖွင့်ဟပြောပြလေတော့၏။

နှမ ဓမ္မဒိန္နာ ငါသည် မြတ်ဗုဒ္ဓထံတော်မှ တရားနာခဲ့ရသောကြောင့်
(အနာဂါမ်အဆင့်) လောကုတ္တရာတရားထူးရခဲ့သည်။
ထိုကဲ့သို့ တရားထူးရသူတို့မည်သည် ကာမဂုဏ်နှင့်ဆက်စပ်သည့်
လောကီအပြုအမူများ ပြုလုပ်ဖို့ မသင့်တော်တော့ပေ။
ထို့ကြောင့် နှမ ဓမ္မဒိန္နာ မင်းဖက်က ပိုင်ဆိုင်သည့်
ကုဋေ ၄၀ သော ပစ္စည်းများ နှင့် ငါ့ဖက်က ပိုင်ဆိုင်ခဲ့သည့်
ကုဋေ ၄၀ သော ရွှေငွေရတနာ ပစ္စည်းများဥစ္စာ စုစုပေါင်း
“ကုဋေ ၈၀” ကို မင်းဘဲ အပိုင်ယူကာ စီမံခန့်ခွဲပါတော့။
ငါသည် မင်းကို အမိအရာမှာဖြစ်စေ ညီမလေးအရာမှာ ဖြစ်စေ ၊
ထားကာနေပါ့မယ၊် ငါသည် မင်းကျွေးသည့် ထမင်းလေးဖြင့်
အသက်ဆက်ရုံ နေပါမယ် ဟု ပြောပြလေ၏။
အကယ်၍များ မိဘအိမ်သို့ ပြန်လိုက ပြန်ပါနော်။
သို့တည်းမဟုတ် နောက်အိမ်ထောင်ပြုလိုပါကလည်း
ငါခွင့်ပြုပါတယ်ဟု ထပ်ဆင့်ပြောပြလေ၏။

ဒီတစ်ကြိမ်မှာ ချစ်သူမောင် ဝိသာခ၏ စကားတို့သည်
မယုံနိုင်လောက်အောင် ဖြစ်ရသည့်အတွက် “ဓမ္မဒိန္နာ”ကလည်း
ပါရမီရှင်ပီပီ စဉ်းစားမိလေတော့၏။ ငါ့အရှင်သခင်၏
စကားတို့သည် ရှေးယခင်ကနှင့်မတူ၊ သာမန် အမျိုးသားသည်
ဤကဲ့သို့သော စကားမျိုး ပြောရိုးထုံးစံမရှိ၊ တကယ်စင်စစ်
ငါ့အရှင်သခင် လောကုတ္တရာတရားထူး ရလေပြီဟု
ယုံကြည်သွားသောကြောင့် ဓမ္မဒိန္နာသည် ချစ်သူမောင် ဝိသာခ
ကို မေးလေ၏။ အရှင်သခင် ရရှိသည့် တရားထူးမျိုးက
ယောကျာင်္းတွေသာ ရရိုးထုံးစံ ရှိပါသလော၊
သို့တည်းမဟုတ် အမျိုးသမီးတွေလည်း ထိုကဲ့သို့သော
တရားမျိုး ရနိုင်ပါသလော ဟု မေးသောအခါ အမျိုးသမီးများလည်း
ရနိုင်ကြောင်းကို “ဝိသာခ” က ပြန်လည်ရှင်းပြလေ၏။

ချစ်သူမောင် ဝိသာခ၏ စကားအဆုံး၌ ဓမ္မဒိန္နာသည်
ဘိက္ခုနီ(ရဟန်းအမျိုးသမီး) အဖြစ် သာသနဘောင်ဝင်ရောင်ဖို့
ချစ်သူမောင်ဝိသာခထံ ခွင့်ပန်လေသည်။
ဝိသာခလည်း ဘုရင်ဗိမ္ဗိသာမင်းကြီးထံ ထပ်ဆင့်လျှောက်ထားပြီး
ဘုရင်မင်းတရားက အမွှေးနံ့သာဖြင့် ဓမ္မဒိန္နာအား
ထုံမွှမ်းစေလျှက် အခြွေရံပရိတ်သတ်များစွာ ခြံရံစေကာ
ဘိက္ခုနီမများ ကျောင်းတော်သို့ ဘိက္ခုနီဝတ်ဖို့ခွင့်
ပို့ဆောင်စေတော်မူသည်။ ဘိက္ခုနီ ဓမ္မဒိန္နာသည်
ဆွေကြီးမျိုးကြီး သူဌေးသမီးဘဝမှ ဘိက္ခုနီဖြစ်လာသည့်အတွက်
သူမနေသည့် ကမ္မဌာန်းကျောင်းသို့ ဧည့်သည်ပြတ်သည်မရှိ။

တရားဓမ္မများ ကောင်းစွာ အားထုတ်လို့ မရနိုင်ဖြစ်လေ၏။
ထိုသို့ဖြစ်သောအခါ ဘိက္ခုနီဓမ္မဒိန္နာသည် လူသူကင်း၍
ဆိတ်ငြိမ်ရာ အရပ်၌ တစ်ပါးတည်း တရား
အားထုတ်တော်မူသောအခါမှသာလျှင်
အာသဝေါကင်းကွာ “ရဟန္တာထေရီမကြီး”
ဖြစ်သွားလေတော့သည်။။

အမှန်စစ်စ် ဓမ္မဒိန္နာသည် ခေသူတော့မဟုတ်ပါ။
သမိုင်းဝင် ဘိက္ခုနီမ တစ်ပါးပင်ဖြစ်ပါည်။ သူမသည်
အတိတ်ဘဝ ကမ္ဘာတစ်သိန်းထက်က ပွင့်တော်မူသော
“ပဒုမုတ္တရဘုရားရှင်”၏ အဂ္ဂသာဝက တစ်ပါး
ဖြစ်တော်မူသော “ရဟန္တာအရှင်မြတ် သုဇာတ မထေရ်ထံ”တွင်
အလှူဒါနများ အကြီးအကျယ်ပြုလုပ်လျှက်
အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိရန်ဆုပန်ခဲ့ဖူးလေ၏။

ထို့အပြင် ဓမ္မဒိန္နာသည် “ကဿပဘုရားရှင်”၏ လက်ထက်တော်အခါကလည်း
ကာသိတိုင်း “ကိကီမင်းကြီး၏ သမီးတော် အပျိုဖော် ခုနစ်ဦး”
တွင်လည်း တစ်ဦး အပါဝင်ဖြစ်ခဲ့လေသည်။
ထိုညီအမ ခုနစ်ဖော်ကား
(၁) သမဏီ၊ (၂) သမဏဂုတ္တာ၊
(၃) ဘိက္ခုနီ၊(၄) ဘိက္ခုဒါယိကာ၊
(၅) ဓမ္မာ၊ (၆) သုဓမ္မာ၊ (၇) သံဃဒါယိကာ(သံဃဒါယီ)
ဟူသော ညီအစ်မ ခုနစ်ဖော်တို့ပင် ဖြစ်ပါသည်။
ထိုညီအစ်မ ခုနစ်ဖော်တို့သည် အိမ်ထောင်မပြုဘဲ အပျိုစင်ဘဝဖြင့်
နေကာ ကောမာရိဗြဟ္မစရိယ အကျင့်ကို တစ်သက်လုံး ဖြင့်ကျင့်၍
လည်းကောင်း ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်ရဟန်းတော်များအား
တစ်သက်လုံး ပြုစုလုပ်ကျွေးကြကုန်လျှက်လည်းကောင်း
မဂ်ဖိုလ်နိဗ္ဗာန်ရရန်ဆုပန်ခဲ့ကြလေသည်။

ကိကီမင်းကြီး၏ သမီးတော်ခုနစ်ယောက်တို့တွင် ဤဂေါတမ ဘုရားရှင်လက်ထက်တော်အခါ၌
“သမဏီ” ကား “ခေမာထေရီ”၊
“သမဏဂုတ္တာ” ကား “ဥပ္ပလဝဏ္ဏာထေရီ”၊
“ဘိက္ခုနီ” ကား “ပဋာစာရာထေရီ”၊
“ဘိက္ခုဒါယိကာ” ကား “ကုဏ္ဍလကေသီထေရီ”၊
“ဓမ္မာ” ကား “ကိသာဂေါတမီထေရီ”၊
“သုဓမ္မာ” ကား “ဓမ္မဒိန္နာထေရီ”
“အငယ်ဆုံး သံဃဒါယီ” ကား “ဝိသာခါ”
ပုဗ္ဗာရုံကျောင်းအမကြီး ဖြစ်လာကြလေကုန်သည်။

ထို ညီအမခုနစ်ဖော်လုံး ဂေါတမဘုရားရှင် လက်ထက်တော်၌
ဧတဒဂ်ရာထူး ဌာနန္တရ အသီးသီး ရရှိခဲ့ကြလေသည်။
ထိုထေရီ ခုနစ်ပါးတို့တွင် ဓမ္မဒိန္နာကား ဘိက္ခုနီမ အားလုံးတွင်
“တရားဟော အကောင်းဆုံး ဓမ္မကထိက ဧတဒဂ်”ကို
“စူဠဝေဒလ္လသုတ်”ကို ယခင်က ချစ်သူမောင် အနာဂါမ်
သူဌေးသား ဝိသာခအား ဟောကြားပြီးသည့်အဆုံး၌ မြတ်ဗုဒ္ဓက ပေးအပ်တော်မူခဲ့သည်။

အမှန်စင်စစ် စူဠဝေဒလ္လသုတ်ကို ရှင်မ ဓမ္မဒိန္နာထေရီသည်
ရဟန္တာဖြစ်ပြီးနောက် တစ်ချိန်က သူ၏လင်တော်မောင် ချစ်သူ
အနာဂါမ်တည်သွားသည့် ဝိသာခ သူဌေးက မေးသည့်
ပုစ္ဆာများကို ဖြေရှင်းဟောကြားသော သုတ်ဖြစ်သည်။
ဝိသာခ သည် သောတာပန် သကဒါဂါမ် အနာဂါမ် အဆင့်နှင့်
ဆိုင်သော အမေးပုစ္ဆာများကို ဦးစွာမေးလေသည်။
ထိုမေးမေးသမျှ အောက်မဂ်အောက်ဖိုလ် သုံးပါးနှင့်ဆိုင်သည့်
အမေးပုစ္ဆာများကို ဓမ္မဒိန္နာထေရီက ရှင်းလင်းပြတ်သွားစွာ
ဖြေကြားလေသည်။ တဆင့်တက်ပြီး ဝိသာခ က ဓမ္မဒိန္နာအား
အရဟတ္တမဂ် ၊အရဟတ္တဖိုလ် အဆင့်ဆိုင်ရာ မေးခွန်းကို
မေးသောအခါ ဓမ္မဒိန္နာက သိတော်မူလိုက်သည်။

ဝိသာခသည် အနာဂါမ်အဆင့်သာဖြစ်သေးပါလျှက် အသင်ဟာ
အဆင့်ကျော်ပြီး မေးသည်။ ဤအနာဂါမ်အဆင့်တန်းဆိုင်ရာ
မေးခွန်းလောက်ပင် ရပ်ထားပါလော့ဟု ပြောလေတော့၏။
ဝိသာခသည် ရဟန္တာအဆင့်ဆိုင်ရာ ပုစ္ဆာများကို မေးသော်လည်း
ဓမ္မဒိန္နာက ဖြေကြားသောအခါ သူ-ဥာဏ်လိုက်မမှီတော့ပေ။
ထိုအဖြေကို မြတ်ဗုဒ္ဓအား ဆက်လက် မေးပါရန်
ဓမ္မဒိန္နာက ဝိသာခ အား ဆက်လက်ပြောကြားလေသည်။

ဝိသာခသည် မြတ်ဗုဒ္ဓအား ထိုအကြောင်းကို မေးလျှောက်သောအခါ
“အကယ်၍ ငါဘုရားရှင် ဖြေဆို ဟောကြားလျှင်လည်း
ဓမ္မဒိန္နာဖြေဆို ဟောကြားသကဲ့သို့ပင် ဖြေဆိုဟောကြားမည်”ဟု
မိန့်တော်မူသည်။ မြတ်ဗုဒ္ဓက “ဓမ္မဒိန္နာဟာ အလွန်ပညာရှိပါပေတယ်”
ဟု ချီးကြူးတော်မူပြီး ဓမ္မကထိက ဧတဒဂ်ဘွဲ့ထူးကို
ချီးမြှင့်တော်မူခဲ့လေသည်။ ဤ “စူဠဝေဒလ္လသုတ်”သည်
“ဘိက္ခုနီ ဓမ္မဒိန္နာ” ဟောကြားသော သုတ်ဖြစ်သောကြောင့်
“သာဝကဘာသိတသုတ်”(မြတ်ဗုဒ္ဓ၏တပည့် ဟောကြားသည့် သုတ်တော်)
ဟု မမှတ်ယူသင့်ပေ။ ဇိနဘာသိတ ဗုဒ္ဓဘာသိတ(ဘုရားဟော)
သုတ်တော်ဟူ၍ပင် မှတ်ယူရပေမည်။

အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်သည်
သူကိုယ်တိုင်မရေးသားဘဲ မင်းတံဆိပ်ခတ်နှိပ်လျှက် ထုတ်ပြန်သည့်
အမိန့်ဟူသမျှကို မင်းမိန့်ဟု ခေါ်ဆိုရသကဲ့သို့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် သဗ္ဗညုတဥာဏ်တော်ဖြင့်တိုက်ဆိုင်ပြီး ငါဘုရားဟောလျှင်လည်း
ဤဓမ္မဒိန္နာ ဟောသည့်အတိုင်းပင်ဖြစ်မည်ဟု အတည်ပြု
ထောက်ခံတော်မူခဲ့သောကြောင့် “ဇိနဘာသိတ ဗုဒ္ဓဘာသိတ သုတ်”
ဟူ၍ပင် မှတ်ယူရပေမည်။

အရင်းစစ်တော့ “အမိမြေက” ဆိုသကဲ့သို့ အရင်းစစ်တော့
ဓမ္မဒိန္နာသည် “ချစ်သူစိမ်း၍ ”သာသနာဘောင်ဝင်ရောက်ကာ
ရဟန္တာဖြစ်သွားသောကြောင့် ချစ်ဒုက္ခအားလုံး ငြိမ်းရခြင်းဖြစ်၏။
တစ်ချိန်ကတော့ ဓမ္မဒိန္နာသည် သူ့ချစ်သူ ဝိသာခသူဌေးသားနှင့်
လက်တွဲခွင့်ရဖို့ စိတ်ရှည်ရှည်နှင့် စောင့်စားခဲ့ရပေလိမ့်မည်။
ခေတ်စကားနှင့်ဆိုရင် အချစ်တွေ ရဖို့ အမုန်းတွေပေးဆပ်ခဲ့ရပေမည်။
အကောင်းတွေရဖို့ အဆိုးတွေနှင့်ရင်ဆိုင်ခဲ့ရပေမည်။
အလင်းရောင်တွေရဖို့ အမှောင်ညတွေ ဖြတ်သန်းခဲ့ရပေလိမ့်မည်။
ယခုတော့ ဓမ္မဒိန္နာအဖို့ ချစ်သူစိမ်းရက်လို့ ကျန်ရစ်တဲ့
ခါးသည်းလှပါတယ်ဆိုတဲ့ အချစ်ဝေဒနာ သူမမှာ မရှိတော့ပေ။
“လက်ပြနှုတ်ဆက်၊ မင်းပြန်ရက်၍
အဆွေးငါ့မှာ ကျန်ရစ်တယ်။
ကျန်ရစ်သာငါ လွမ်းဆွေးကာစဉ်၊
မင်းလည်းလမ်းမှာ ဝမ်းနည်းစွာဖြင့်၊
ငိုနေလိမ့်မည် ငါလေထင်၏။
အော်…ဆွေးတသက်သက်
ငါ့အိပ်မက်က စိတ်လက်ရင်တုံ
ချစ်သူဘုံမှာ
ပြန်ဆုံဦးစို့ မင်းနှင့်ငါ။။”
ဟူသော ချစ်သူဘုံကို ပြန်လည် ဆုံတွေ့ရန်
ရှင်မ ဓမ္မဒိန္နာအဖို့ အိပ်မက်ဖြင့်ပင် မျှော်လင့်မှု မရှိတော့ပေ။
အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး အချစ်နှင့်ပတ်သက်သည့်
ပူပင်ကြောင့်ကြမှုမျိုး မရှိတော့။ အလွန်ငြိမ်းချမ်းလေစွ။

ရှင်မ ဓမ္မဒိန္နာသည် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့်
“အချစ်ကြောင့် ပူဆွေးသောက ရောက်ရ၏။ အချစ်ကြောင့်
ဘေးဒုက္ခဖြစ်ရ၏။ အချစ်မှ လွတ်မြောက်သော သူအား
စိုးရိမ်သောက ဘေးဘယ ဘယ်သောအခါမှ မရှိ။ ”
ဟူသော ဒေသနာကို ပြန်လည်ကြားယောင်ရင်း ရှိလေတော့သည်။
(မှတ်ချက်။ ဓမ္မဒိန္နာထေရီ ဝိသာခအား
ဟောကြားတော်မူခဲ့သည် စူဠဝေဒလ္လသုတ်မူရင်း ပါဠိတော်ဖြစ်စေ၊
ဆဌသင်္ဂါယနာမူ မြန်မာပြန်ဖြစ်စေ ဆက်လက်ဖတ်ရှု့ကြပါကုန်။)

-မေတ္တာဖြင့် ....
(မေ့သားလှ-အရှင်ဇလဂ္ဂ)

Sunday, March 8, 2015

သူလိုလူ ရှားမှရှား


ရှာမှရှား တစ်ယောက်နှင့် တစ်ချိန်က တွေ့ခဲ့၏။
တစ်ချိန်သော ဆောင်းကာလကဖြစ်၏။ မိမိသည် မြို့ကြီးတစ်မြို့တွင် ဆယ်ရက် တရားစခန်းပြနေခိုက် ဖြစ်၏။ တစ်နေ့ညနေတွင်
ဒကာမသုံးလေးယောက် ရောက်လာပြီး ရှိခိုး၍ထိုင်ပြီးသော် တစ်ယောက်ကလျှောက်၏။

အရှင်ဘုရား တပည့်တော်မလျှောက်ထားပါရစေဘုရား။

အင်း ဘာလျှောက်ထားချင်လို့လဲ။

တပည့်တော်မ ကိုးကွယ်တဲ့ဘုန်းကြီးအကြောင်းကို လျှောက်ထားချင်လို့ပါ ဘုရား။

ဘယ်လိုလျှောက်ထားချင်တာလဲ။

တပည့်တော်မ ကိုးကွယ်တဲ့ဘုန်းကြီးက သိပ်ပြီးအပူအပင်ကြီး
သိပ်ပြီးလောဘကြီးတာပဲ ဘုရား။

အင်း ဘုန်းကြီးလောဘကြီးတာ ဘုန်းကြီးရှေ့လာပြီး လျှောက်နေတာမှ ခက်တာ။

မခက်ပါနဲ့ဘုရား။ တပည့်တော်မ ဘုန်းကြီးက သူ့ထက်သူများတွေ ဘုန်းကြီးသွားမှာ၊ သာသွားမှာလည်း သိပ်စိုးရိမ်တယ် ဘုရား။ တပည့်တော်မက တပည့်တော်မတို့မြို့မှာ တရားပွဲတွေ ကျင်းပတယ်ဘုရား။ ဘုန်းကြီးက လက်မခံချင်ဘူး။ သူများတွေ
သူ့ဆီမှာ လာပြီးအုပ်စိုးသွားမှာ သိပ်စိုးတယ်ဘုရား။ သူ့ဒကာဒကာမတွေ သူများနောက်ပါသွားမှာ သိပ်စိုးတယ်ဘုရား။
သူက သူ့နယ်မှာ အားလုံးဟာ သူ့သြဇာခံ သူ့တပည့်တွေသာ
ဖြစ်စေချင်တယ်ဘုရား။ ကျောင်းတွေကိုလည်း နယ်ချဲ့တယ် ဘုရား။ သူများကျောင်းတွေ သူ့တပည့်တွေထား၊ သူ့ကျောင်းဖြစ်အောင် လုပ်တယ်ဘုရား။ အဲဒီသူ့တပည့်တွေ သူ့လက်အောက်ခံကျောင်းက တပည့်ဒကာဒကာမတွေရဲ့ ပူဇော်မူ လှူဒါန်းမှုကိုလည်း သိပ်လိုလားတယ် သာယာတယ်ဘုရား။

အင်း ဒီလိုဆိုတော့ ခက်တာပဲ။

ဒီပြင့်ဟာတွေ ထားပါတော့ဘုရား။ သူကိုယ်တိုင်လည်း တရားဟောမပြ၊ သူများတွေ ဟောတာလည်း လက်မခံ၊ မကြိုက်မနှစ်သက်တော့ မြို့သူမြို့သား နယ်သူနယ်သားတွေ အသိဉာဏ် တုံးကုန်တောပေါ့ဘုရား။

နို့ ဒကာမကြီးက တရားဟောပါလား။

တပည့်တော်မက တရားတော့ မဟောပါဘူးဘုရား။
လျှောက်တော့ လျှောက်ထားပါတယ်။

ဘယ်လိုလျှောက်ထားတာလဲ။

အပူအပင်မကြီးဖို့ တရားအားထုတ်ဖို့ပေါ့ဘုရား။

အင်း ဒီတော့ ဘာပြန်ပြောလဲ။

ငါတရားအားထုတ်လို့ရှိရင် ဒီကျောင်း၊ ဒီကံ၊ ဒီပစ္စည်းတွေ မလိုချင်တော့ ဘယ့်နှယ့်လုပ်မလဲလို့ ပြောပါတယ်ဘုရား။

ဒီတော့ ဒကာမကြီးက ဘာပြန်ပြောသလဲ။

အရှင်ဘုရားမလိုချင်ရင်ကောင်းတာပေါ့ဘုရား။ လိုချင်ရင် အပါယ်ကျမှာပေါ့ ဘုရား။ တပည့်တော်မတို့တောင်မှ မလိုချင်အောင် အားထုတ်နေတာပဲ။ အရှင်ဘုရားက သူများတွေ မလိုချင်လို့ စွန့်လှူထားတဲ့ ပစ္စည်းတွေ ဘာဖြစ်လို့ လိုချင်နေဦးမှာလဲ စသည်ဖြင့် လျှောက်ထားပါတယ်ဘုရား။

အမယ် ဘယ်ဆိုးလို့လဲ ဓမ္မကထိက က။

အရှင်ဘုရား အဲဒီလိုလျှောက်ထားတာ တပည့်တော်မ ငရဲကြီးမလား ဘုရား။

အကျိုးလိုလားတဲ့ တကယ့် စေတနာမေတ္တာနဲ့ လျှောက်ထားတာပဲ။ ငရဲမကြီးပါဘူး။

တပည့်တော်မတော့ ဘာရယ် ညာရယ် မသိပါဘူး။
ကိုယ်လျှောက်ထားချင်တာတွေ အကုန်လျှောက်တာပဲ ဘုရား။ အရှင်ဘုရား တပည့်တော်မကိုလည်း ခွင့်လွှတ်ပါ ဘုရား။ တပည့်တော်မက ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံတတ်ပါတယ် ဘုရား၊ လျှောက်ထားတတ်ပါတယ် ဘုရား။

အင်း လျှောက်ထား ဘာတွေလျှောက်ထားဦးမလဲ။

အရှင်ဘုရားတော့ တပည့်တော်မ မလျှောက်ထားချင်ပါဘူး။ တပည့်တော်မ ဘုန်းကြီးကိုပဲ လျှောက်ထားချင်ပါတယ်ဘုရား။

ဘာဖြစ်လို့လဲ။

သူ ကျွတ်သွားအောင်လို့ပေါ့ ဘုရား။

ခက်တာပဲ ဘုန်းကြီးဝတ်တာက သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ဖို့ နိဗ္ဗာန်မြန်မြန်ရောက်ချင်လို့ပဲ။

မှန်ပါဘုရား။

ဒါကြောင့် ရှေးက အမျိုးကောင်းသားတွေဟာ ကိုယ့်မှာရှိတဲ့
သုံးစွဲမကုန်နိုင်တဲ့ ပစ္စည်းတွေစွန့်၊ သားမယား၊ ဆွေမျိုး အသိုင်းအ၀ိုင်းတွေ အကုန်စွန့်ြ့ပီး သပိတ်တစ်လုံး၊ သုံးထည်သော
သင်္ကန်းနှင့် တရားအားထုတ်ကြတယ်နော်။

မှန်ပါ ဘုရား။

ခုတော့ ဘုန်းကြီးဝတ်ကာမှ ပစ္စည်းတွေစု၊ ဒကာဒကာမစု၊
ကျောင်းစုနဲ့ဆိုတော့ အပါယ်ရိက္ခာ ယူနေတာနဲ့ မတူဘူးလား။

မှန်ပါ တူနေပါတယ်ဘုရား။

သူများတွေတော့ ဟောလိုက်တာ။ ဒါတွေဟာ သေရင် ကိုယ့်
နောက်ပါမှာတွေ မဟုတ်ဘူး။ အကုန်ထားခဲ့ရမှာ၊ မမက်မောနဲ့၊ မတွယ်တာနဲ့၊ စွန့်ပစ်နဲ့၊ ပြီးတော့ ဒကာဒကာမတွေ မလိုချင်လို့ စွန့်ပစ်တာတွေ ကိုယ်ကကောက်သိမ်းပြီး မခွဲနိုင် မခွါရက်ဆိုတော့ ကောင်းဦးမလား။

မကောင်းတော့ပါဘုရား။

နောက်တစ်ခါ ဒကာမဘုန်းကြီးနဲ့တွေ့ရင် ဒီတရားကို ဟောပေး။

ဘယ်တရားလဲဘုရား၊ တပည့်တော်မက အဟုတ်ကို ဟောပေးဦးမှာ။

ရဟန်းတို့ ဥပမာကား တံငါသည်ဟာ အစာတပ်ထားတဲ့ ငါးမျှားချိတ်ကို ရေနက်တဲ့အိုင်ထဲသို့ ပစ်ချလိုက်တဲ့အခါ အစာကိုမြင်သော အစာမင်သော ငါးသည် ထိုငါးမျှားချိတ်ကို မျိုရာ၏။

ရဟန်းတို့ တံငါသည်ရဲ့ငါးမျှားချိန်ကို မျိုမိသော ငါးဟာ ဆင်းရဲခြင်း၊ ပျက်စီးခြင်းသို့ရောက်၏။ တံငါသည်ရဲ့ အလိုရှိတိုင်း ပြုနိုင်တဲ့အဖြစ်သို့ ရောက်၏။

ရဟန်းတို့ တံငါသည်ဟူသော အမည်သည် ယုတ်ညံ့သော
ကိလေသာမဂ်၏ အမည်တည်း။ ရဟန်းတို့ ငါးမျှားချိတ်ဟူသော အမည်သည် လာဘ်ပူဇော်သက္ကာ အကျော်အစော၏ အမည်တည်း။

ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သက္ကာ အကျော်အစောကို သာယာသူအလိုရှိသူ မည်သည့် ရဟန်းကိုမဆို ကိလေသာမာရ်၏ ငါးမျှားချိတ်ကို မျိုသည်ဖြစ်၍ ဆင်းရဲခြင်း၊ ပျက်ဆီးခြင်းသို့ရောက်သူ ယုတ်မာသော ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုနိုင်သည့်အဖြစ်သို့ ရောက်သူ ရဟန်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စင်စစ်လျှင် လာဘ်ပူဇော်သက္ကာ အကျော်အစောသည် ဤသို့ခက်ထန်၏။ ထက်မြက်၏။ ကြမ်းတမ်း၏။ အတုမရှိမူ၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကိုရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။

ရဟန်းတို့ ဥပမာသော်ကား ရှည်သောအမွှေးရှိသော သိုးသည် ဆူးချုံသို့ ၀င်ရာ၏။ ထိုသိုးသည် ထိုထိုအရပ်၌ ငြိရာ၏။ စွဲယူရာ၏။ နှောင်ဖွဲ့ရာ၏။ ဆင်းရဲခြင်း၊ ပျက်စီးခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ အဲဒီအတူပဲ ဒီသာသနာတော်မှာ အချို့သော ရဟန်းဟာ လာဘ်ပူဇော်သက္ကာအကျော်အစော နှိပ်စက်အပ်သည့် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ နံနက်အခါ၌ ကောင်းစွာဝတ်ရုံလျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဆွမ်းခံဝင်၏။

အဲဒီရဟန်းဟာ ထိုထိုအရပ်၌ ကပ်ငြိ၏။ စွဲယူ၏။ နှောင်ဖွဲ့၏။
ဆင်းရဲပျက်စီးခြင်းသို့ ရောက်၏။ ရဟန်းတို့ ယင်းတို့လျှင်
လာဘ်ပူဇော်အကျော်အစောသည် ခက်ထန်၏။ ထက်မြက် ကြမ်းတမ်း၏။ အတုမရှိမူ၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်းရဲ့အန္တရာယ်ကိုပြုတတ်တယ်။

ရဟန်းတို့ ဥပမာသော်ကား ကျင်ကြီးကိုစားသော မစင်ပိုးသည် ကျင်ကြီးဖြင့်ပြည့်နှက်၏။ ယင်းပိုးရဲ့ရှေ့မှာလည်း ကျင်ကြီးပုံရှိတယ်။ ကျင်ကြီးစားသော မစင်ပိုးဟာ ယင်းကျင်ကြီးဖြင့် တစ်ပါးသော မစင်ပိုးတွေကို ငါဟာကျင်ကြီးစားတယ်  ကျင်ငယ်စားတယ်နဲ့ ပြည့်နှက်နေတယ်။ ငါ့ရဲ့ ရှေ့မှာလည်း ကျင်ကြီးပုံကြီးရှိတယ်လို့ မထေမဲ့မြင်ပြုရာတယ်။

ရဟန်းတို့ ဒီအတူပဲ ဒီသာသနာတော်မှာ အချို့သောရဟန်းဟာ လာဘ်ပူဇော်သက္ကာ အကျော်အစောနှိပ်စက်အပ်သည့်
သိမ်းကျုံး ယူငင်အပ်သည့်စိတ် ရှိသည်ဖြစ်၍ နံနက်အခါမှာ
ကောင်းစွာဝတ်ရုံလျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီလျှင် ရွာနိဂုံးသို့ ဆွမ်းခံဝင်တယ်။

အဲဒီရဟန်းဟာ အဲဒီရွာနိဂုံးမှာ အလိုရှိတိုင်း ဆွမ်းစားပြီးလဲ ဖြစ်တယ်။ နက်ဖြန်စားရန်အတွက် ဖိတ်အပ်ပြီးတဲ့ ဆွမ်းတဲ့ ရှိတယ်။ သပိတ်ပြည့်တဲ့ ဆွမ်းလည်း ရှိတယ်။

အဲဒီရဟန်းဟာ ကျောင်းအရံသို့သွားပြီးတော့ ရဟန်းပေါင်းအလယ်မှာ ကြုံးဝါးတယ်။ ငါဟာ ဆွမ်းကိုအလိုရှိတိုင်း စားပြီးပြီ။ နက်ဖြန်စားရန်အတွက် ဖိတ်ထားတဲ့ဆွမ်းလဲ ရှိသေးတယ်။ သပိတ်ပြည့်တဲ့ဆွမ်းလဲရှိတယ်။ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကိုလည်း ရတယ် ငါမှ တစ်ပါးကုန်သော ဒီရဟန်းတွေဟာ နည်းတဲ့ဘုန်းကံနည်းတဲ့ တန်းခိုး ရှိကုန်တယ်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးတို့ကို မရကုန်လို့ကျုံးဝါးတယ်။

အဲဒီရဟန်းဟာ အဲဒီလောက် ပူဇော်သက္ကာအကျော်အစေဖြင့် နှိပ်စက်အပ်၊ သိမ်းကျုံးယူငင်အပ်တဲ့စိတ်ရှိသည်ဖြစ်၍ သီလရှိတဲ့ တခြားရဟန်းတွေကို မထီမဲ့မြင်ပြုတယ်။

ရဟန်းတို့ ယင်းတို့ မှတ်ထင်ခြင်း၊ မထေမဲ့မြင်ပြုခြင်းဟာ အဲဒီ မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်တဲ့ ယောက်ျားအား ရှည်မြင့်စွာသော နေ့ညဥ့်တို့ပတ်လုံး အစီးအပွားမရှိခြင်း၊ ဆင်းရဲခြင်းငှါဖြစ်တယ်။

ရဟန်းတို့ ညဥ့်၏ မိုးသောက်ချိန်မှာ ညည်းညူသော မြေခွေးအိုရဲ့အသံကို ကြားကြကုန်သလော။

မြတ်စွာဘုရား၊ ကြားဖူးကြပါကုန်၏။

ရဟန်းတို့ အဲဒီမြေခွေးအိုဟာ ၀ဲနာရောဂါဖြင့်ထိတွေ့အပ်သည် ဖြစ်၍ တွင်းသို့ရောက်သော်လည်း မမွေ့လျော်၊ လွင်တီးခေါင် ရောက်သော်လည်း မပျော်မွေ့၊ သွားလေရပ်လေထိုင်လေ
အိပ်လေရာရာ အရပ်တိုင်းမှာ ဆင်းရဲပျက်ဆီးခြင်းတို့ ရောက်ရတယ်။

ရဟန်းတို့ ဒီ့အတူပဲ ဒီသာသနာတော်မှာ အချို့သော ရဟန်းဟာ လာဘ်ပူဇော်သက္ကာအကျော်အစောဖြင့် နှိပ်စက်အပ် သိမ်းကျုံး ယူငင်အပ်တဲ့စိတ် ရှိရကား ဆိတ်ငြိမ်ရာအရပ်သို့ ရောက်သော်လည်း မမွေ့လျော်၊ သစ်ပင်ရင်းလွင်တီးခေါင် ရောက်သော်လည်း မမွေ့လျော်၊ သွားလေရပ်လေထိုင်လေ အိပ်လေရာရာ အရပ်တိုင်း၌ ဆင်းရဲပျက်စီးခြင်းသို့ ရောက်တယ်။

ကဲ အဲဒီတရားတွေ ဟောပေးပေတော့၊ အဲဒါဘုရားဟောတဲ့
တရားတော်တွေပဲ။

ဓမ္မဒူတအရှင်ပညာဇောတ
ဗုဒ္ဓဓမ္မပြဿနာများပေါင်းချုပ် ဒုတိယတွဲ

ဒီတစ်ခါရွာတဲ့မိုး



အင်းခန်းလို့ လယ်တည်
လယ်တီတော့ ငှက်ကျ
ငှက်ကျတော့ ကြောင်ခုတ်
ကြောင်ခုတ်တော့ ထွန်ဆင်း
ထွန်ဆင်းတော့ မိုးရွာ
ဒီတစ်ခါရွာတဲ့မိုး ချိုးဖြစ်အောင်ချိုး
မချိုးရင် ချိုးကပ်လိမ့်မယ်။

- အင်းခန်းဆိုတာ အင်းကန်းဆရာတော်ကြီး
- လယ်တီဆိုတာ လယ်တီဆရာတော်ကြီး ဦးဉာဏ
- ငှက်ကျဆိုတာ ငှက်တွင်းဆရာတော်ကြီး
- ကြောင်ခုတ်ဆိုတာ ကြောင်ပန်းတောရဆရာတော်ကြီး ဦးဣန္ဒက
- ထွန်ဆင်းဆိုတာ ထွန်ဆင်းဆရာတော်(စွန်းလွန်း) ဦးက၀ိ
- မိုးရွာဆိုတာ မိုးကုတ်ဆရာတော် ဦးဝိမလဖြစ်ပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရားများကို နာယူ ကျင့်ကြံပွားများ အားထုတ်သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။


Shared from ဓမ္မသုတ (FB)

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး


ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်။

မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံး ဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ

သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင့်ရဲ့ မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူ ပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင် မျက်မှောင်တစ်ချက် ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်က ပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။

၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ

သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန်တွေရှိနေပါစေ သင့်ကို သင့်ရဲ့ ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံတောက်ပစေပါတယ်။

၃။ သဘာအလှလေးနဲ့ အေးချမ်းတဲ့မိန်းမ

သူမရဲ့အလှဟာ ပန်းလေးတစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှုရှိပါတယ်။ သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့ အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်းငြင်သာနေပါလိမ်မယ်။
သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကို အေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ်။

၎။ ဦးနှောက်ပြေးတဲ့မိန်းမ

သူမဟာ အင်မတန်မှ ထိုးထွင်းဥာဏ်ရှိပြီး သင်အခက်ခဲလေးတစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့သူမျိုးပါ။ စီးပွားရေးလုပ်တဲ့အခါမှာလည်း သင့်ကိုနောက်ကွယ်ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိုးပါ။

၅။ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့မိန်းမ

ဒီလိုမိန်းမတွေဟာ သင်ဘာပဲလုပ်လုပ် အမြဲတစေ ယုံကြည်ချက်အပြည့်နဲ့ အားပေးတတ်ပါတယ်။ သင်အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာ မဟုတ်သလို၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။
အရမ်းစိတ်ညစ်နေတဲ့အချိန်မှာ သင့်ကို နွေးထွေးစွာအားပေးပါလိမ့်မယ်။ သူ့ရဲ့သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှချက်ချင်းတောင် ပြန်ထထိုင်နိုင်လောက်အောင် သူမ စွမ်းဆောင်နိုင်ပါလိမ့်မယ်။

၆။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့မိန်းမ

သူမဟာအင်မတန်မှမိမိကိုယ်ကိုအမြဲလိုလိုအပြင်ဆင်ပိုင်းမှာရောဂုဏ်သိက္ခာပိုင်းတွေမှာပါ ခြယ်သပြင်ဆင်နေလေ့ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့် သင်နံမည်ပျက်စေမှာ မဟုတ်သလို အသိုင်းဝိုင်းရှေ့ထွက်တဲ့အခါမှာလည်း သူ့ကြောင့်သင်ဟာ အလိုလိုနေရင်းနဲ့ ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျတ်ပစ်တတ်ပါတယ်။

၇။ တာဝန်ယူတတ်တဲ့မိန်းမ

သူမဟာ သင့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲစီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာသုံးပြီး သင့်ကိုဘယ်တော့မှ စားဝတ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ်အပြည့်လည်း ရှိတတ်ပါတယ်။

၈။ စကားပြောဆို ကျွမ်းကျင်တဲ့မိန်းမ

သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ်ကမ်းခပ် ကျွမ်းကျင်တတ်ပြီး အပေါင်းသင့်ဆံ့တဲ့သူဖြစ်ပါလိမ့်မယ်။ သူမနဲ့စကားပြောလိုက်တိုင်း လူတိုင်းစိတ်ချမ်းသာရပြီး ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်းစွဲဆောင်နိုင်ပါတယ်။သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့်ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

၉။ ဆုံးဖြတ်ချက် ပြတ်သားတဲ့မိန်းမ

သူမဟာ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အင်မတန်မှ ပညာသားပါပြီး အရာရာ စိတ်ချရပါတယ်။ ဘယ်တော့မှ သေးသေးမွှားမွှားကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီမရောက်စေပဲ ဖြေရှင်းတတ်ပါတယ်။သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့မှ မထိခိုက်စေပဲ အိမ်မှုကိစ္စတွေပါ သူတစ်ယောက်တည်း ဖြစ်အောင်စီမံတတ်ပြီး သင့်ကို အလုပ်လုပ်တဲ့နေရာမှာ စိတ်အပြည့်ဝရအောင် လွှတ်ထားပေးတတ်ပါတယ်။

၁၀။ ခေတ်အမြင်ရှိတဲ့မိန်းမ

သူမဟာ အင်မတန်မှ ခေတ်နဲ့လျောညီစွာနေထိုင်တတ်ပြီး အနေထိုင်တည်ငြိမ်တတ်ပါတယ်။ အများသူငါနဲ့ သဟဇာတရှိပြီး သင်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေနဲ့လည်း ကျေလည်စွာ ဆက်ဆံတတ်ပါတယ်။ သင်မိတ်ဆက်ပေးလာသမျှ လုပ်ဖေါ်ကိုင်ဖက် မိန်းကလေးတွေကိုလည်း ဘယ်တော့မှ သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်းဖြစ်အောင် ဆွဲဆောင်သိမ်းသွင်းတတ်ပါသေးတယ်။

http://www.searchmyanmar.com/

လင်ကိုဘုရား သားကိုသခင်


ရှေးအခါက တောင်ခြေတစ်ခု၌တည်သော လိုဏ်ဂူတွင် ဘီလူးမတစ်ယောက် ရှိ၏။ မြင်းခေါင်းမျက်နှာနှင့် လူကိုယ်သဏ္ဍာန်ရှိသောကြောင့် အဿမုခီဟု အမည်တွင်၏။ ဘီလူးမသည် မိမိပိုင်ဆိုင်ရာ နယ်မြေအတွင်းသို့ ၀င်လာသမျှသော လူတို့ကို ဖမ်းယူစားသောက်၏။ တစ်နေ့၌အဆင်းလှသော ပုဏ္ဏားတစ်ယောက်ကို ဖမ်းမိ၏။ ထိုပုဏ္ဏားကို ကျောကုန်း၌တင်၍ မိမိနေထိုင်သည့် လိုဏ်ဂူသို့ သွား၏။ ထိုသို့သွားစဉ် အတွေ့ကိုသာယာပြီး ပုဏ္ဏားအား ချစ်မြတ်နိုးသည့်စိတ် ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ပုဏ္ဏားကို မစားတော့ဘဲ လင်ယောက်ျားအဖြစ်ဖြင့် ပေါင်းသင်းနေထိုင်၏။

ထိုကာလမှစ၍ ဘီလူးမသည် လင်ယောက်ျားအား အ၀တ်အစားနှင့်တကွ ကောင်းမွန်သော စားဖွယ်သောက်ဖွယ်တို့ကို ရှာဖွေယူဆောင်ကျွေးမွေး၍ မိမိမူ လူသားကို စား၏။ သူမ အစာရှာထွက်သောအခါ ပုဏ္ဏားထွက်မပြေးစေရန် ကြီးမားသော
ကျောက်တုံးဖြင့် ပိတ်ထားခဲ့၏။ ပုဏ္ဏားနှင့် ပေါင်းဖော်မူကြောင့်
ဘီလူးမတွင် သားတစ်ယောက် ရလာ၏။ ဘီလူးမ၏ ကျွေးမွေးစောင့်ရှောက်မှုဖြင့် သားလည်း အရွယ်ရောက်လာသည်။
ဘီလူးမသည် အစာရှာထွက်တိုင်း လိုဏ်ဂူကို ပိတ်ထားခဲ့လေ့ရှိ၏။

တစ်နေ့သော် ဘီလူးမထွက်သွားသောအခါ သားသည် မိမိ၏အားဖြင့် ကျောက်တုံးကို ဖယ်ရှားတွန်းဖွင့်၍ ဖခင်အား အပြင်၌ ထား၏။ ဘီလူးမပြန်လာသောအခါ ကျောက်တုံးကို မည်သူ ဖယ်ရှားသနည်းဟုမေးရာ အမှောင်၌ မနေနိုင်လိုသောကြောင့် ကျွန်တော် ဖယ်ရှားပါသည်ဟု သားကဆိုသောကြောင့် ဘီလူးမသည်
သားကိုချစ်ခြင်းဖြင့် အပြစ်မဆိုချေ။ တစ်နေ့တွင် သားက ဖခင်ကို ဖခင်၏မျက်နှာနှင့် မိခင်၏မျက်နှာသည် အဘယ်ကြောင့် မတူသနည်းဟုမေး၏။ ဖခင်လည်း မိခင်သည် ငါတို့ကဲ့သို့ လူသားမဟုတ်။ လူသားစားသည့် ဘီလူးမတည်းဟု ဖြေ၏။ ထိုအခါ သားက အဘယ်ကြောင့် ဤအရပ်၌ နေကုန်အံ့နည်း။
ထွက်ပြေးကြကုန်စို့ဟု ဆိုပြန်၏။ ဖခင်က ငါတို့ ထွက်ပြေးလျှင် သင့်မိခင်က ငါတို့ကိုလည်း သတ်ဖြတ်စားသောက်လိမ့်မည်ဟု ဆို၏။ သားက ဖခင် မကြောက်လင့် လူ့ပြည်ရောက်ရန် သား တာဝန်ယူပါသည်ဟု နှစ်သိမ့်၏။

နောက်နေ့တွင် ဘီလူးမ အစာရှာထွက်သောအခါ သားသည် ဖခင်ကိုထမ်း၍ပြေး၏။ ဘီလူးမပြန်လာ၍ လင်နှင့်သားကို မတွေ့လတ်သော် လျင်မြန်သောအဟုန်ဖြင့် လိုက်ပြီးဖမ်း၏။ ဖမ်းမိသောခဏ၌ အဘယ်ကြောင့် ထွက်ပြေးသနည်းဟုမေးရာ
ပုဏ္ဏားက သင့်သားခေါ်၍ ငါပြေးသည်ဟု ပြော၏။ ဘီလူးမလည်း သားကို ချစ်သောကြောင့် တစ်စုံတစ်ရာ အပြစ်မဆိုချေ။ နှစ်ရက်သုံးရက် ကြာသောအခါ တစ်ဖန်ထွက်ပြေးပြန်၏။ သို့သော် ပထမတစ်ခေါက်ကဲ့သို့ပင် ဘီလူးမပြန်၍ ဖမ်းမိ၏။ ထိုအခါ သားသည် ငါ၏မိခင်ပိုင်ဆိုင်သော နယ်မြေအပိုင်းအခြား ရှိလိမ့်မည်။ ထိုနယ်မြေကို လွန်အောင် ပြေးနိုင်မူကောင်းလေစွဟု စဉ်းစားမိ၍ ပရိယာယ်ဖြင့် မိခင်ကိုမေးလေ၏။ မိခင်သည်လည်း တောတောင်မြစ်တို့၏ အပိုင်းအခြားကို အမှန်အတိုင်း ပြောပြရှာ၏။

နှစ်ရက် သုံးရက်လွန်သောအခါ မိခင် မရှိခိုက်တွင် သားသည် ဖခင်ကိုထမ်း၍ လျင်မြန်စွာ ထွက်ပြေးရာ မိခင်၏ အပိုင်းအခြားကုန်ရာ မြစ်ကမ်းနားသို့ ရောက်၏။ ဘီလူးမလည်း နောက်မှ လိုက်လာ၏။
သားသည် ဖခင်ကိုထမ်း၍ မြစ်လယ်သို့သွား၏။ ဘီလူးမသည် မြစ်ကမ်းနားသို့ ရောက်သောအခါ မိမိ၏ အပိုင်းအခြားကို လွန်ကြောင်းသိ၍ မြစ်ကမ်းနား၌ ရပ်လျက် သားမောင် ဖခင်ကိုခေါ်၍ ပြန်လာခဲ့ပါ။ င့ါ၌ အဘယ်အပြစ်ရှိသနည်း။ င့ါကိုမှီ၍ မပြည့်စုံသည်များ ရှိသလော။ သင်တို့ပြန်လာခဲ့ကြပါဟု တောင်းပန်၏။ သားက လူသားနှင့်ဘီလူး အတူနေခြင်းငှါ မတတ်ကောင်းဟုဆို၏။ ဘီလူးမသည် သားကို သင်တကယ် ပြန်မလာတော့ဘူးလားဟု မေး၏။ သားလည်း တကယ် ပြန်မလာတော့ပြီဟုဆိုရာ ဘီလူးမက လူ့ပြည်လူ့ရွာ၌ အတတ်ပညာမရှိလျှင် အသက်မွေးရန် မလွယ်ကူချေ။
ဆယ့်နှစ်နှစ်အတွင်း ပျောက်သောဥစ္စာကိုလည်းကောင်း၊ ခိုးသူ၏ ခြေရာကိုလည်းကောင်း ဖော်ထုတ်ခြင်းငှါ စွမ်းနိုင်သည့် စိန္တာမဏိမန္တန်ကို ငါသည် တတ်၏။ သင် အသက်မွေးဝမ်းကျောင်းပြုခြင်းငှါ ဤမန္တန်ကို သင်ယူလော့ဟုဆို၏။
သားလည်း မြစ်လယ်၌ရပ်လျက် မိခင်ကို ရှိခို၍ မန္တန်ကို ရိုသေစွာ သင်ယူ၏။ သင်ပြီးလျှင် ငါလည်း အသက်ရှင်လိမ့်မည်မဟုတ်ဟု
ပြောဆိုပြီး ထိုခဏ၌ပင် ယင်းအရပ်၌ နှလုံးကွဲ၍ သေဆုံးသွားရရှာလေသည်။

ဤဖြစ်ရပ်ကိုကြည့်လျှင် မိခင်၏မေတ္တာမှာ မည်မျှ အံ့သြဖွယ် ကောင်းသနည်း။ မည်မျှနက်ရှိုင်းသနည်း။ မိမိအား စိမ်းကားရက်စက်စွာ စွန့်ခွါပစ်သွားတော့မည့်သားကို အပြစ်မဆို အမျက်မထွက်ရက်ဘဲ
မိခင်နှလုံးသားအပြည့်ဖြင့် ချစ်ပြနိုင်ခဲ့သည်။ စိတ်မချစွာဖြင့် လူ့လောကအကြောင်းနှင့် မန္တန်တို့ကို နောက်ဆုံးထွက်သက်အထိ ပြောပြသင်ကြားပေးနေသေးသည်မှာ ချီးကျူးဖွယ်ကောင်းလှပေသည်။ မိခင်ဖြစ်သူပီပီ သားဖြစ်သူအား အသက်နှင့် ထပ်တူထပ်မျှ ချစ်ပြသွားခဲ့သည်။ ဘီလူးမဖြစ်နေ၍ မိခင်မေတ္တာက တစ်မျိုးတစ်ဖုံဖြစ်မသွား။ လူသားမိခင်တို့ကပင် စံထားယူရလောက်သည့် မေတ္တာမျိုးဖြစ်၏။ ဘီလူးမဖြစ်သော မိခင်ပင်လျှင် ဤမျှထိ သားကို ချစ်မြတ်နိုးတတ်ပါက လူသားမိခင်တို့၏ မေတ္တာမှာ မည်သည့် အတိုင်းအတာအထိ နက်ရှိုင်းမည်နည်း။ ဤဖြစ်ရပ်ကို ထောက်ထားခြင်းအားဖြင့် အမျိုးသမီးတို့၌ရှိသော မိခင်
စိတ်ဓါတ်၏ ကြီးကျယ်နက်ရှိုင်းမှု၊ နူးညံ့ပျော့ပျောင်းမှုတို့ကို မှန်းဆသိရှိနိုင်ပေသည်။

အရှင်ကောလိတ ( သာသနာ့တက္ကသိုလ်၊ ရန်ကုန် )
အမျိုးသမီးဘ၀နှင့် ဗုဒ္ဓအမြင်

ရောဟိဏီဇာတ်


(အမိ၌ယင်အုံသည်ကို ကျည်ပွေ့ဖြင့် ရိုက်ခတ်မိ၍ အမိသေသောအကြောင်း)

ပစ္စုပ္ပန်ဝတ္ထု
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော
သဗ္ဗညုမြတ်စွာဘုရားသည် သေယျော အမိတ္တော အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤရောဟိဏီဇာတ်ကို သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေး၏ တယောက်သော ကျွန်မကိုအကြောင်းပြု၍ ဟောတော်မူ၏။ အနာထပိဏ်သူဌေးအား တယောက်သော ရောဟိဏီမည်သော ကျွန်မသည် ဖြစ်သတတ်။ ထိုရောဟိဏီမည်သော
ကျွန်မ၏ကောက်နယ်ရာအရပ်၌ လာလတ်၍ အမိသည် အိပ်၏။ ထိုအမိအိုကို ယင်တို့သည် ခြံရံကုန်လျက် အပ်ဖြင့်ထိုးသကဲ့သို့ ကိုက်၍ ထိုအမိအိုသည် သမီးကို ချစ်သမီး ငါ့ကို ယင်တို့သည် ကိုက်ကုန်၏။
ထိုယင်တို့ကိုမြစ်လောဟုဆို၏။ ထိုရောဟိဏီမည်သော သမီးသည် မြစ်အံ့ဟု ကျည်ပွေ့ကိုချီ၍ အမိ၏ ကိုယ်၌ ယင်တို့ကို သတ်၍ ပျက်စီးခြင်းသို့ရောက်စေအံ့ ဤသို့နှလုံးသွင်းဆင်ခြင်၍ အမိကို ကျည်ပွေ့ဖြင့်ခတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၏။
ထိုအမိကိုမြင်၍ ငါ၏အမိသည်သေပြီဟု ငိုအံ့သောငှါ အားထုတ်၏။ ထိုအကြောင်းကို သူဌေးအားကြားကုန်၏။ သူဌေးသည် ထိုကျွန်မ၏အလောင်းကောင်ကို သဂြိုလ်ခြင်းကိစ္စကို ပြုစေ၍ ကျောင်းသို့သွား၍ အလုံးစုံသော ထိုအကြောင်းကို မြတ်စွာဘုရားအား
လျှောက်ထား၏။ မြတ်စွာဘုရားလည်း သူကြွယ် ဤရောဟိဏီမည်သော ကျွန်မသည် အမိ၏ ထိုကိုယ်၌ ယင်တို့ကို မြစ်အံ့ဟု ယခုအခါ၌သာလျှင် ကျည်ပွေ့ဖြင့် အမိကို သတ်သည်မဟုတ်သေး။ ရှေး၌လည်း သတ်ဘူးသည်သာလျှင်တည်းဟု
မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု
သူကြွယ်လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အဘလွန်သဖြင့် သူဌေးအရာသို့ရောက်၏။ ထိုသူဌေးအား ရောဟိဏီမည်သည်သာလျှင်ဖြစ်သော ကျွန်မသည် ဖြစ်၏။ ထိုကျွန်မသည်လည်း မိမိ၏ ကောက်နယ်ရာအရပ်သို့ လာလတ်၍ အိပ်သော အမိကို ယင်တို့သည် အုံကုန်သည်ဖြစ်၍ ချစ်သမီး ယင်တို့ကိုမြင်လော။ ဤသို့ဆိုအပ်သည်ဖြစ်၍
ဤအတူလျှင် ကျည်ပွေ့ဖြင့်ခတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီး၍ ငိုအံ့သောငှါ အားထုတ်၏။ ဘုရားလောင်းသည် ထိုအကြောင်းကို ကြား၍ ဤလောက၌ ရန်သူဖြစ်ငြားသော်လည်း
ပညာရှိသည်သာလျှင် မြတ်၏ ဤသို့ကြံ၍

သေယျော အမိတ္တော မေဓာဝီ၊ ယဉ္စေ ဗာလာနုကမ္ပကော။
ပဿ ရောဟိဏိကံ ဇမ္ပိံ၊ မာတရံ ဟန္တွာန သောစတိ။
ဟူသောဂါထာကိုဆို၏။

ယဉ္စေ-ယောနာမ၊ အကြင်အမည်ရှိသော။ အနုကမ္ပကော၊
အဆွေခင်ပွန်းဖြစ်သော။ ဗာလော၊ သူမိုက်သည်။ အတ္ထိ၊ ရှိ၏။ တတော၊ ထိုသူမိုက်ထက်။ သတဂုဏေန၊ အဆအရာဖြင့်။ သဟဿဂုဏေန၊ အဆအထောင်ဖြင့်။ သတသဟဿဂုဏေန၊ အဆအသိန်းဖြင့်။ မေဓာဝီ၊
ပညာရှိသည်။ အမိတ္တော၊ ရန်သူဖြစ်ငြားသော်လည်း။ သေယျော၊ မြတ်သေး၏။ အနုကမ္ပကော၊ အဆွေခင်ပွန်းဖြစ်သော။ ဗာလော၊ သူမိုက်သည်။ သဉ္စေသေယျော၊ မမြတ်သာလျှင်ကတည်း။ ဇမ္မိံ၊ ယုတ်မာသော။ ရောဟိဏိကံ၊ ရောဟိဏိကို။ ပဿ၊ ရှုလော့။ ရောဟိဏီ၊ ရောဟိဏီသည်။ မာတရံ၊ အမိကို။ ဟန္တွာန၊ သတ်၍။ သောစတိ၊ စိုးရိမ်ရ၏။

ဘုရားအလောင်းသည် ပညာရှိကို ချီးမွှမ်းလျက် ဤဂါထာဖြင့် တရားဟော၏။

ဇာတ်ပေါင်း
မြတ်စွာဘုရားသည် သူကြွယ် ဤရောဟိဏီသည် ယခုအခါ၌သာလျှင် ယင်တို့ကိုသတ်အံ့ဟူ၍ အမိကို သတ်သည်မဟုတ်သေး။ ရှေး၌လည်း သတ်ဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ရောဟိဏီ၏အမိသည် ထိုအခါရောဟိဏီ၏ အမိဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင်
ထိုအခါသူဌေးကြီးဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အသိဥာဏ်ကင်း ပြုမူခြင်း မိရင်းမာတာ သေရရှာ။

ညောင်ကန်ဆရာတော်ကြီး ပြုစုရေးသားတော်မူသော
ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု

အဆုံးအမရလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်တာ


အခုခေတ်မှာ ဆိုလို့ရှိရင် မြတ်စွာဘုရား
ရုပ်ထုဆင်းတုတော် အိမ်မှာ ကိုးကွယ်ထားတယ်။
ဘာရည်ရွယ်ချက်နဲ့ ကိုးကွယ်တာတုန်းဆို
ခုနက ပြောခဲ့တဲ့ အဆုံးအမရလို့
ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်တာ။
မြတ်စွာဘုရား သက်တော်ထင်ရှားမရှိတော့
ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်တယ်။
မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ရရှိလို့
ကျေးဇူးတင်တဲ့အနေနဲ့ ဘုရားဂုဏ်ကို အာရုံပြုဖို့
ကိုးကွယ်တာပဲ ဖြစ်ရမယ်။

အဲဒီလို မဟုတ်ဘဲနဲ့
●ဒီရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ထားခြင်းဖြင့်
တို့အိမ်မှာ စီးပွားဥစ္စာတွေ တိုးတက်တယ် ဒီလို
ယုံကြည်ပြီး ကိုးကွယ်လို့ရှိရင် မှားယွင်းမှာပဲ။

●ဒီဘုရား ကိုးကွယ်ထားရင် မီးကွင်းတယ်၊
မီးမလောင်ဘူးဆိုပြီး ကိုးကွယ်တာလည်း ရှိတယ်။
ဒါတွေက မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မဟုတ်ဘူး။

သရဏဂုံယူတဲ့အခါမှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
“ဘုရားကို ကိုးကွယ်ပါ၏” လို့ ဆိုရတယ်။
ဒီလို သရဏဂုံယူတဲ့အခါမှာ ရည်ရွယ်ချက်က
ဘုရား၏ အဆုံးအမကို ခံယူချင်တာသာဖြစ်တယ်။

■ဘုရားကို မကိုးကွယ်လို့ရှိရင်
ဘေးရန်အန္တရာယ်ဖြစ်မှာ ကြောက်တယ် (သို့မဟုတ်)
ပတ်ဝန်းကျင်က ကဲ့ရဲ့မှာ ကြောက်တယ်။
အဲဒီလို ကြောက်လို့ ကိုးကွယ်တာမျိုးကျတော့
သရဏဂုံ မမြောက်ဘူး။

■ဘုရားကို ကိုးကွယ်မှ စီးပွားဥစ္စာ
တိုးတက်မယ်လို့ ယူဆပြီး စီးပွားဥစ္စာတိုးတက်ချင်လို့
ကိုးကွယ်လို့ရှိရင်လည်း သရဏဂုံ မမြောက်ဘူး။

■တို့ဆွေတွေ၊မျိုးတွေ မိသားစုတွေက
ကိုးကွယ်တဲ့ဘုရား လို့ဆိုပြီးတော့ မိသားစု
သံယောဇဉ်နဲ့ ကိုးကွယ်လို့ရှိရင်လည်း
သရဏဂုံ မမြောက်ဘူး။
ဒါတွေ မပါစေရဘူး။

မြတ်စွာဘုရားဟာ လောကမှာ
တကယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
“ပါရမီ ဆယ်ပါး၊အပြား သုံးဆယ်၊
စရိယ သုံးပါး၊စွန့်ခြင်းကြီး ငါးပါး”
ဖြည့်ကျင့်ပြီးတော့သတ္တဝါတွေအကျိုးအလို့ငှာ
ပါရမီတွေ ဖြည့်ကျင့်ပြီးလို့ ဘုရားအဖြစ်ကို
ရောက်လာပြီးတော့ အမှန်တရားကို
ဟောကြားတဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်ဖြစ်တယ်၊
ဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေ အင်မတန်မှ မြင့်မြတ်တယ်၊
ထိုအရည်အချင်းတွေကို ပူဇော်တဲ့အနေနဲ့
ကိုးကွယ်တယ်ဆိုမှ ကိုးကွယ်မှု မြောက်တယ်။

အဲဒီလိုကိုးကွယ်မှ ကိုယ်နေ့စဉ်ဆိုနေတဲ့
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဆိုတာ ပိုပြီးတော့
အဓိပ္ပာယ် ရှိတယ်။အဲဒါကမှ တကယ့်
သရဏဂုံတည်တဲ့ “မဟာကုသိုလ်စိတ်”လို့
ခေါ်တယ်။

အဲဒီ မဟာကုသိုလ်စိတ် နဲ့
မြတ်စွာဘုရား ကိုယ်တော်မြတ်ကို
ကိုးကွယ်ဆည်းကပ်လို့ ရရှိလာတဲ့
“ကုသိုလ်စေတနာတွေ” ကမှ
လူချမ်းသာကိုလည်း ပေးနိုင်တယ်။
နတ်ချမ်းသာကိုလည်း ပေးနိုင်တယ်။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm

Sunday, March 1, 2015

ဘယ်သူ့ကိုမှ မချစ်ပါစေနဲ့


ကဏှရသေ့၏ ဆုတောင်း
-----------------------

"နတ်တို့ကို အစိုးရတဲ့သိကြားမင်း ဤကောင်းမှုကြောင့်
ဘဝကြီးငယ် အသွယ်သွယ်မှာ ငါသည် တစ်ယောက်ယောက်ကို
(သို့) ဘယ်သူ့ကိုမှ တဏှာအစေးနှင့် မချစ်ပါရစေနဲ့"။

သိနေဟဆိုတဲ့ အချစ်ဟာ အစေးကပ်တယ်။
အလွန်ကောင်းတဲ့ ကော်တစ်မျိုး ဒီနေ့ ခေတ်စားတဲ့
ဆင်ကော်ဟာ သိပ်ကပ်တယ်။ လက်နှစ်ချောင်းကို
အဲဒီကော်နှင့်ကပ်ကြည့် ပြန်ခွာမရတော့ဘူး။
ဘာနဲ့မှ ချွတ်လို့မရဘူး။ အသားကို လှီးဖြတ်မှ ပြုတ်သွားတာ။
သစ်သားတွေဘာတွေတောင်ကပ်တာ။

ကပ်ပြီးရင် ပြန်ခွာလို့မရတဲ့ အတွက်ကြောင့်
နှစ်ခုစလုံး ပျက်စီးရတယ်။ စက္ကူနှစ်ရွက်ကို
ကော်ကော်ကောင်းကောင်းနဲ့ကပ် ပြန်ခွာရင်
နှစ်ရွက်စလုံး ပျက်စီးသွားတယ်။
အစေးကပ်ရင် မှတ်ထား အဲဒါပျက်စီးမယ်။

ဒါကြောင့်
"ငါ့သန္တာန်မှာ ဘယ်သူ့ကိုမှ ဘယ်တော့မှ မချစ်ပါရစေနဲ့"
လို့ ကဏှရသေ့က ဆုတောင်းတာ သိပ်မှတ်သားစရာ ကောင်းတယ်။

ချစ်တယ်ဆိုတာ အစေးကပ်တာ။
တစ်ယောက်ယောက်ကို အစေးကပ်တာ။
ခွာပြီ ခွဲပြီဆိုတဲ့နေ့ ငိုရတာ။

ဝိသာခါကျောင်းအမ သားသမီး ၂၀ မြေး ၄၀၀
မြစ်က ၈၀၀၀ အစေးတွေ ကပ်ထားတာ။
မြေး ၄၀၀ ထဲက တစ်ယောက်က သေသွားတယ်။
၇ ရက်ငိုတယ်တဲ့။ သောတာပန်ကျောင်းအမကြီးပဲ။
ဒါပေမယ့် မြေးကလေးအပေါ်မှာ ချစ်တဲ့
တဏှာအချစ်ကြောင့် ငိုရသေးတာပဲ။

ဘုရားရှင်ကိုယ်တော်မြတ်က
" ကျောင်းအမ… ဘာဖြစ်လို့ ငိုတာလဲ "
"မြေးသေလို့ငိုတာပါဘုရား။"
"မြေးဘယ်နှစ်ယောက်ရှိသလဲ"
"၄၀၀ ရှိပါတယ်ဘုရား။"
"အခုဘယ်နှစ်ယောက်သေသလဲ"
"တစ်ယောက်ထဲသေတာပါဘုရား။"
"တစ်ယောက်ထဲသေတာကို ဘယ်နှစ်ရက် ငိုတာလဲ"
"၇ ရက်ငိုရပါတယ်ဘုရား။"

"တစ်ယောက်ကို ၇ ရက်နှုန်းနဲ့ငိုကြည့်
တစ်ယောက် ၇ ရက်နှုန်းနဲ့ငိုမယ်ဆိုရင်
မြေး ၄၀၀ သေရဦးမှာဆိုတော့ ရက်ပေါင်း
ဘယ်နှစ်ရက်လောက် ငိုရမလဲ။ တွက်ကြည့်ပေါ့။
နောက်ထပ် မြစ် ၈၀၀ က သေရဦးမှာ။
ငိုလို့ဆုံးနိုင်ဦးမလား ဒကာမကြီးဝိသာခါ… "
ဤသ်ု့ မြတ်စွာဘုရားက သောကငြိမ်းကြောင်း
တရားကောင်းကို မိန့်ကြားတော်မူလိုက်တယ်။

ဒီတော့ ချစ်တယ်ဆိုတဲ့ကိစ္စက နောက်ဆုံးမှာ ငိုဖို့ပဲ။
မခွဲရတဲ့ချစ်သူဆိုတာလဲ ကမ္ဘာမှာမရှိဘူး။
ခွဲရရင် ငိုရမှာ မဟုတ်လား။

သူခွဲငါခွဲ တစ်ယောက်ယောက်က အရင်ခွဲပြီး ငိုခိုင်းထားခဲ့မှာ။
ဒါကြောင့် ကဏှရသေ့က "ငါ့သန္တာန်မှာ ဘဝကြီးငယ်
အသွယ်သွယ်၌ ဘယ်သူ့ကိုမှ မချစ်ပါရစေနဲ့"
လို့ ဆုတောင်းတာ။

(သီတဂူဆရာတော်ကြီး)
Shared from Dr. Shwe Tun (FB)

ကျမသာ နတ်သမီးတစ်ပါးဖြစ်ခဲ့ မယ်ဆိုရင်...


ကျမသာ နတ်သမီးတစ်ပါးဖြစ်ခဲ့ မယ်ဆိုရင်...
ကျမကိုချစ်ပြီးး
ကျမကိုကြင်နာတဲ့ချစ်သူတစ်ယောက် အဖြစ်
မောင့်ကို အသက်သွင်းမယ် ။

ကျမသာ စိတ်ညှို့ ရှင်ဖြစ်ခဲ့ မယ်ဆိုရင်...
ကျမအနားကနေ
မောင်ဘယ်တော့မှထွက်မသွားနိုင်အောင်
မောင့်ကို ညှို့ ထားမယ် ။

ကျမသာ စုန်းမတစ်ယောက်ဖြစ်ခဲ့ မယ်ဆိုရင်...
မောင့်ကိုတခြားမိန်းကလေးတွေမချစ်အောင်
ပြုစားထားမယ် ။

နတ်သမီးတစ်ပါး မဟုတ်ခဲ့ တဲ့ ကျမ
မောင့်အကြင်နာတွေနဲ့ ဝေးကွာခဲ့ တာ
အဆန်းတကြယ်တော့ မဟုတ်ခဲ့ ပါဘူးးလေ

စိတ်ညှို့ ရှင်လိုမစွမ်းတော့လဲ..
မောင်ထားခဲ့ တဲ့ နေရာမှာ ကျန်နေခဲ့ ရပြန်တယ် ။

စုန်းအတတ် မတတ်လေပြန်တော့
မောင့်ကိုချစ်တဲ့ မိန်းမတွေကို မချစ်ပါနဲ့ လို့ မတားနိုင်သလို
မောင်ချစ်တဲ့ တခြားတခြားသောမိန်းကလေးတွေ
ထပ်မရှိလာအောင်လဲ မစွမ်းဆောင်နိုင်ခဲ့ ပြန်ဘူးး ။

ကျမဟာ ကျမသာဖြစ်နေတဲ့ အတွက်
မောင့်ကို ချစ်ပြီးး
မောင့်ကိုလွမ်းးရင်းး
မောင်မရှိတဲ့ နေ့ ရက်တွေကို ကျော်ဖြတ်ဖို့ ပဲ
ကြိုးး စားနေရတော့တယ်
.
.
မောင့်ကိုလွမ်းးလိုက်တာ.........squint emoticon
.
.
.
#ယုန်မဒီ
Credit to မေ့ပျောက်မသွားချင်သော ခံစားချက်စာစုများ

Admin
စူပါကောက်တေး