Monday, December 17, 2012

သူရဿတီ ကိုးကွယ်လျှင် သရဏဂုံပျက်စီး


လောကကြီးမှာ နတ် ၂ မျိုးရှိတယ်။ နတ် ၂ မျိုးဆိုတာ

(၁) သတ္တ၀ါအားလုံးနှင့်တကွ ကမ္ဘာကြီးကို ဖန်ဆင်းနိုင်တယ်ဆိုတဲ့ ဖန်ဆင်းရှင်နတ် ၊

(၂) ကိုယ်ထင်ရှားဖြစ်တယ်ဆိုတဲ့ ဥပပတ္တိနတ်တို့ ဖြစ်တယ်။ သတ္တ၀ါအားလုံးနှင့်တကွ ကမ္ဘာကြီးကို ဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်နတ်ရှိတယ် ၊ ထိုနတ်ဟာ သတ္တ၀ါတို့ ရဲ့ ကိုးကွယ်ရာ ၊ အားထားရာ မှီခိုရာ ဘုရားဖြစ်တယ်လို့ ဗုဒ္ဓဘာသာမှတစ်ပါး အခြားသော ဘာသာဝင်များက ယူဆကြတယ်။ အခြားသော ဘာသာဝင်များ ယူဆကြသလို ကောင်းကင်ဘုံစံ ထာဝရ နတ်ဘုရားဟာ ငါတို့ ရဲ့ ကိုးကွယ်ရာပဲလို့ ယူဆကိုးကွယ်ခဲ့လျှင် အဲသည်ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာပင် ဖြစ်စေကာမူ သရဏဂုံပျက်စီးပြီး ဗုဒ္ဓဘာသာအဖြစ်မှ လျှောကျနိုင်တယ်။

ဥပပတ္တိနတ်ဆိုတာက အထက်သိကြားမင်းမှစပြီး မောင်ရှင်ကြီး ၊ မင်းညီနောင် ၊ မင်းရဲကျော်စွာ စတဲ့ အောက်နတ်များကို ဆိုလိုတယ်။ အဲသည် ဥပပတ္တိနတ်များကို လောကကြီးပွားရေးအတွက် ပူဇော်ပသ ကိုးကွယ်တာကတော့ သရဏဂုံမပျက်ပါဘူး။ သို့ သော်လဲ အရာရာမှာ နတ်ကိုချည်းအားကိုးလျှင် ကမ္မဿကတဥာဏ် ပျက်စီးတတ်တယ်။ ကမ္မဿကတဥာဏ် ပျက်လျှင်လဲ ဗုဒ္ဓဘာသာဝင်အဖြစ်က ပျက်တာနဲ့ အတူတူပါပဲ။

ကမ္မဿကတဥာဏ် ဆိုတာ ကံ ကံရဲ့ အကျိုးကို ယုံကြည်တဲ့ ဥာဏ်ဟာ ကမ္မဿကတဥာဏ်ပဲကွယ့်။ ကံ ကံရဲ့ အကျိုးကို ယုံကြည်တယ်ဆိုတာက ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရတယ်။ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရတယ်လို့ ယုံကြည်တာကို ဆိုလိုတယ်။

"ယခု သူရဿတီနတ်သမီး ကိုးကွယ်တာနဲ့ ပတ်သတ်လို့ ကော သရဏဂုံပျက် မပျက် အမိန့် ရှိပါဦး ဘုရား"

သရဏဂုံပျက် မပျက်နဲ့ ပတ်သတ်လို့ ဆုံးဖြတ်ရမည်ဆိုလျှင် ရှေးဦးစွာ သူရဿတီနတ်သမီးဟာ သတ္တ၀ါနှင့်ကမ္ဘာကို ဖန်ဆင်းတယ်လို့ ယူဆတဲ့ ဘုရားနတ်လား ၊ ဒါမှမဟုတ် ကိုယ်ထင်ရှားဖြစ်တဲ့ ဥပပတ္တိနတ်လားဆိုတာ စိစစ်ရမှာပဲကွယ့်။

စိစစ်ရမယ်ဆိုလျှင် ဟိန္ဒူဘာသာဝင်တို့ ရဲ့ အမြတ်ဆုံးဘုရားက ထာဝရဘုရားဖြစ်တယ်။ ထာဝရဘုရားဟာ ကမ္ဘာကြီးမပေါ်ခင်က အစဉ်ထာဝရတည်ရှိတဲ့ အနာဒိ အစမရှိ ၊ အနန္တ အဆုံးမရှိတဲ့ ဣသွာရတန်ခိုးရှင်ဖြစ်တယ်။ အဲသည် တစ်ဆူတည်းသော ဣသွာရတန်ခိုးရှင်ဘုရားဟာ ဂုဏ်သတ္တိ သုံးပါးကို ဆောင်တယ်။ ဂုဏ်သတ္တိသုံးပါးဆိုတာကတော့ (၁) ရဂျာတ်စ် ဂုဏ်သတ္တိ ၊
(၂) ဆတ်ထွ ဂုဏ်သတ္တိ ၊
(၃) တမတ်ခ် ဂုဏ်သတ္တိများဖြစ်ကြသတဲ့။

"ဂုဏ်သတ္တိ သုံးပါးရဲ့ အဓိပ္ပာယ်ကိုလဲ မိန့် ပါဦး ဘုရား။"

ဂုဏ်သတ္တိ သုံးပါးအနက် ရဂျာတ်စ်ဂုဏ်သတ္တိဆိုတာ သက်ရှိ သက်မဲ့ ကမ္ဘာလောကကြီးဖြစ်ပေါ်လာအောင် ဖန်ဆင်းနိုင်တဲ့ ဂုဏ်သတ္တိဖြစ်သတဲ့ကွယ့်။ ဣသွာရ ဘုရားရှင်ဟာ ရဂျာတ်စ်ဂုဏ်သတ္တိဆောင်တဲ့အခါမှာ ဗြဟ္မာ အမည်ဖြင့် ထင်ရှားသတဲ့။ ဆတ်တွ ဂုဏ်သတ္တိဆိုတာ ဖြစ်ပေါ်လာတဲ့ သက်ရှိ သက်မဲ့ ကမ္ဘာလောကကြီး အရှည်ခိုင်ခန့် စွာ တည်အောင် စောင့်ရှောက်နိုင်တဲ့ ဂုဏ်သတ္တိဖြစ်တယ်။ ဣသွာရ ဘုရားရှင်ဟာ ဆတ်တွ ဂုဏ်သတ္တိဆောင်တဲ့အခါ ဗိသျှနိုး အဖြစ်ဖြင့် ထင်ရှားသတဲ့ကွယ့်။ တမတ်ခ်ဂုဏ်သတ္တိဆိုတာ ကမ္ဘာလောကကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ ဂုဏ်သတ္တိဖြစ်တယ်။ ဣသွာရ ဘုရားရှင်ဟာ တမတ်ခ်ဂုဏ်သတ္တိကို ဆောင်တဲ့အခါ သျှီဝ အမည်ဖြင့် ထင်ရှားသတဲ့။ ဟိန္ဒူအယူဝါဒအားဖြင့် အနာဒီ အနန္တဘုရားရှင်ဟာ ကောင်းကင်ဘုံစံတဲ့ ဣသွာရဘုရားကြီး တစ်ဆူတည်းပါပဲ။ အဲသည် တစ်ဆူတည်းသော ဣသွာရဘုရားရှင်သည်ပင် ဂုဏ်သတ္တိသုံးပါးကို စွဲပြီး ဘုရားသုံးဆူဖြစ်လာတယ်ကွယ့်။

တဖန် ဘုရားသုံးဆူမှာ ဣတ္ထိဘာဝ ၊ ပုမ္ဘာဝ နှစ်ဘာဝလုံး အကျုံးဝင်တည်နေပြန်သတဲ့။ အဲသည်လို အကျုံးဝင် တည်နေတဲ့ ဣတ္ထိဘာဝအနက် ၊ ဗြဟ္မာရဲ့ ဣတ္ထိဘာဝက သူရဿတီတဲ့။ ဗိသျှနိုးရဲ့ ဣတ္ထိဘာဝက လက္ချမီတဲ့။ သျှီဝရဲ့ ဣတ္ထိဘာဝက ပါရ၀တီကိုးကွယ့်။
ဟိန္ဒူဘာသာဝင်များဟာ ဣသွာရဘုရားရှင်ရဲ့ ဣတ္ထိဘာဝ ၊ ပုမ္ဘာဝ တို့ ကို ကြင်ဘက်ပြုပြီး ကိုးကွယ်ကြသတဲ့။ ကြင်ဘက်ပြုတဲ့အခါ ဗြဟ္မာရဲ့ ကြင်ယာတော်က သူရဿတီ ၊ ဗိသျှနိုးရဲ့ ကြင်ယာတော်က လက္ချမီ ၊ သျှီဝရဲ့ ကြင်ယာတော်က ပါရ၀တီဖြစ်လာတယ်။

အခြေခံသဘောကို ကြည့်လျှင် သူရဿတီ နတ်ဒေ၀ီဆိုတာ အမှန်တစ်ကယ်ရှိတဲ့ ဥပပတ္တိနတ်မဟုတ်ဘူး။ ဣသွာရ ဘုရားရှင်ရဲ့ ဂုဏ်သတ္တိတစ်ခုမျှသာဖြစ်တယ်။ ဒါကြောင့် သူရဿတီဟာ နတ်ရိုးရိုး မဟုတ်ဘူး။ ဗြဟ္မာဘုရားထီးရဲ့ ကြင်ဘက် ဘုရားမတစ်ပါးအဖြစ် အယူအဆခံရသူဖြစ်နေတယ်။ သူရဿတီကိုးကွယ်ခြင်းဟာ မင်းညီနောင် စသော ဥပပတ္တိနတ် ကိုးကွယ်ခြင်း နှင့် မတူဘူး။ ဘုရားတစ်ပါးကို ကိုးကွယ်ခြင်းနှင့်တူတယ်။ ဒါကြောင့် သူရဿတီကို ကိုးကွယ်လျှင် သရဏဂုံပျက်စီးနိုင်တယ်။

ကျမ်းကိုး
နိုင်ငံတော်သြ၀ါဒစရိယ ထီးချိုင့်မြို့ တည်တောဆရာတော် ၏ “ယနေ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်စဉ် ၃” ၊ စာမျက်နှာ ၇၄ မှ ကောက်နုတ်ဖော်ပြပါသည်။

မှတ်ချက်။

၁။ ဤ အမေးအဖြေမှာ အပြည့်အစုံမဟုတ်သေးပါ။ သို့ သော် သူရဿတီ ကိုးကွယ်မှုနှင့်ပတ်သတ်၍ ဆရာတော်ကြီးအဖြေမှ တန်ဖိုးရှိသော ဖြေကြားချက်များကို အနှစ်သာရမပျက် ကောက်နုတ်ဖော်ပြခြင်းသာ ဖြစ်ပါသည်။ အပြည့်အစုံဖတ်ရှုလိုသူများလည်း www.dhammadownload.com မှ Download ၍ ဖတ်ရှုနိုင်ပါကြောင်းလည်း ထပ်လောင်းအသိပေးပြောကြားလိုပါတယ်ခင်ဗျာ။

၂။ ကျွှန်တော်တို့ မြန်မာလူမျိုးတော်တော်များများဟာ သူရဿတီဆိုလျှင် ပိဋကတ်သုံးပုံစောင့်သော နတ်သမီးဆိုပြီး ကိုးကွယ်နေကြသည်မှာ နိုင်ငံနှင့်အ၀န်းပင်ဖြစ်ပါသည်။ ခက်တာက သူရဿတီ ပိဋကတ်သုံးပုံကို စောင့်ရှောက်တယ်လို့ ဘယ်ကျမ်းဂန်ထဲမှာမှ တစ်လုံးတစ်ပါဒမျှ မပါ။ ထိုကဲ့သို့ မပါကြောင်းကိုလည်း ဆရာတော်သမတော်ကြီးများ ၊ အသိတရားရှိသူများက ဟောပြောဆုံးမ ၊ ပြောပြကြသော်အခါလည်း မယုံကြ။ မိမိကိုယ်တိုင် တရားဓမ္မစာပေလိုက်စားပြီးတော့ ဖတ်ရှုမှတ်သားသလားဆိုတော့လည်း မဟုတ်။ တရားဓမ္မစာပေ မလိုက်စားသောကြောင့် အမှောင်ထု အ၀ိဇ္ဖာကြီး ဖုံးနေကာ မိမိကိုယ်ကို မိမိ သရဏဂုံပျက်စီးနေပြီဆိုတာ မသိသူများ ယခုအခါ မည်မျှပေါများလိုက်မလဲဆိုတာ မတွေးဝံ့စရာ။
ယခု စာဖတ်သူ မိတ်ဆွေများအနေနှင့်လည်း တစ်ကယ့် အမှန်အသိတရားများရကာ မိမိတို့ အမှားများကို အချိန်မှီပြင်ဆင်နိုင်ကြပြီး ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကိုသာ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ် ယုံကြည်ပူဇော်ကြပါလို့ စေတနာရှေ့ထား ကုသိုလ်ပြုဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

၃။ ဖော်ပြပါပုံမှာ ယနေ့ ဟိန္ဒူဘာသာဝင်များ ကိုးကွယ်လျှက်ရှိသော သူရဿတီ ခေါ် Saraswati နတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရောက်လာခါမှ ပန်းပုဆရာများ ၊ ပန်းချီဆရာများ ကျေးဇူးတော်ကြောင့် ( ယနေ့ ကျွှန်တော်တို့ မြန်မာနိုင်ငံတွင် တွေ့ မြင်နေကြသောပုံ) ရွှေဟင်္သာပေါ်တွင် ခန့် ခန့် ကြီးထိုင်ကာ လက်ထဲတွင် အမည်မသိစာအုပ်များတင်ထားတဲ့ ကလပ်လေးတစ်ခုပါ ပါလာခြင်းဖြစ်ပါတယ်ခင်ဗျာ။

ထူးတင့်နိုင်
၁-၁၂-၂၀၁၂

Shared from Rupa Singi (FB)

No comments:

Post a Comment