Thursday, December 20, 2012

ဥပါသကာ၊ ဥပါသိကာမ

(၁) ကျောင်းတိုက်ကို ထိန်းသိမ်းစောင့်ရှောက်မည့် ဥပါသကာ၊ ဥပါသိကာမ တို့သည် အများက လေးစားကြည်ညိုရသော ဥပါသကာ၊ ဥပါသိကာမများ ဖြစ်ရန် လိုအပ်ပေသည်။ ‘မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား’ ဟူသော ဘုရားအဆူဆူတို့၏ အဆုံးအမအတိုင်း စိတ်ထားကောင်းအောင် ကျင့်ဆောင်ရပါမည်။ သို့မှသာ အများကြည်ညိုလေးစားခြင်း ခံရမည် ဖြစ်ပါသည်။ ထို့အတွက် ဥပါသကာ၊ ဥပါသိကာမ တစ်ဦးချင်း၌ ရှိရမည့် အရည်အချင်း၊ ဂုဏ်အင်္ဂါ၊ အသက်မွေးမှု၊ ပျက်စီးခြင်း စသည့် သိသင့်သိထိုက်သော အကြောင်းအရင်းတို့ကို သိထားရန် လိုအပ်ပါသည်။
အရည်အချင်း

(၂) ဥပါသကာ၊ ဥပါသိကာမ တစ်ဦးသည် -

(က) သဒ္ဓါတရားနှင့် ပြည့်စုံခြင်း။

(ခ) အနည်းဆုံး ငါးပါးသီလ မြဲခြင်း။

(ဂ) ကောတုဟလ မင်္ဂလာ ခေါ် အထူးအဆန်း မင်္ဂလာကို မယုံကြည်ခြင်း။

(ဃ) ကံ-ကံ၏ အကျိုးကို ယုံကြည်ခြင်း။

(င) အယူပျက်သည့် သာသနာပ အလှူခံ ပုဂ္ဂိုလ်များကို အရိုအသေ မပြုခြင်း၊ မလှူဒါန်းခြင်း - ဟူသော အရည်အချင်း (၅) ရပ်နှင့် ပြည့်စုံသော ဥပါသကာကို-

(၁) ဥပါသကာ ရတနာ = နှစ်သက် ကြည်ညိုဖွယ် ဥပါသကာ။

(၂) ဥပါသကာ ပဒုမာ = ပဒုမ္မာကြာနှင့် တူသော ဥပါသကာ။

(၃) ဥပါသကာ ပုဏ္ဍာရိက = ကြာဖြူနှင့်တူသော ဥပါသကာ - ဟူ၍ ခေါ်ဆိုထိုက်ပါသည်။


ဂုဏ်အင်္ဂါ

၃။ အများ ကြည်ညို လေးစားထိုက်သော ဥပါသကာတစ်ဦးသည် -

(က) ဘုရားရှင်၏ တပည့်သား သံဃာများနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှခံစားနိုင်ခြင်း။

(ခ) ဗုဒ္ဓတရားတော်ကိုသာ အလေးဂရုပြုခြင်း။

(ဂ) မိမိရှိ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြမ်း သုံးစွဲ လှူဒါန်းတတ်ခြင်း။

(ဃ) ဘုရား သာသနာ ပျက်စီးမည့် အရေးတွေးမြင်ပါက သာသနာတော် ကြီးပွားရာ၊ ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း။

(င) အယူ ဖြောင့်မှန်မှု ရှိပြီး လူပိန်းတို့ လက်ခံသည့် အထူးအဆန်း မင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိ၏ အသက်ကို ပဓာန မထားဘဲ မိမိ ကိုးကွယ်ရာ ဆရာ (ဘုရား)မှ တစ်ပါး အခြား အယူပျက်သည့် တိတ္ထိဆရာတို့ကို ကိုးကွယ်မှု မပြုခြင်း။

(စ) ကာယကံ၊ ဝစီကံ တို့ကို စောင့်ထိန်းခြင်း။

(ဆ) အတူနေ ပုဂ္ဂိုလ်များနှင့် သင့်တင့် ညီမျှစွာ နေထိုင်တတ်အောင် အချင်းချင်းအပေါ် ငြူစူမူ ကင်းပြီး၊ သာသနာတော်ကို ခုတုံးလုပ်၍ ဟန်ဆောင် ပလွှားဝါကြွားမှု မရှိခြင်း။

(ဇ) သရဏဂုံ သုံးပါးကို ဆောက်တည်ထားသူ ဖြစ်ခြင်း၊

(ဆောက်တည်ရုံတွင်မက ရတနာ သုံးပါးအကြောင်းကို လည်းကောင်း၊ သံဃံသရဏံဂစ္ဆာမိ-ဟုဆို၍ ဆောက်တည်ရာ၌ အရိယာသံဃာကို အကျိုးအပြစ်နှင့်တကွ နားလည်အောင် ကြိုးစားပြီး ခိုင်မြဲအောင် ဆောက်တည်နိုင်သူ ဖြစ်ခြင်း။)

(ဈ) ငါးပါးသီလကို အကျိုးအပြစ်နှင့်တကွ နားလည်အောင် ကြိုးစားပြီး ခိုင်မြဲအောင် ဆောက်တည်နိုင်သူ ဖြစ်ခြင်း။

(ည) ဒုစရိုက် (၁၀)ပါးကို နားလည်ပြီး ရှောင်ကြဉ်နိုင်သူ ဖြစ်ခြင်း၊ ဒုစရိုက် (၁၀)ပါး ဆိုသည်မှာ -


(၁) ကာယကံ သုံးပါး

(ကက) သူတစ်ပါး အသက်ကို သတ်ခြင်း (ပါဏာတိပါတ)၊

(ခခ) သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူခြင်း (အဒိန္နာဒါန)၊

(ဂဂ) သူတစ်ပါး၏ မယား၊ ခင်ပွန်း၊ သား၊ သမီးတို့ကို မေထုန်မှု ကျူးလွန်ခြင်း အစရှိသည့် ကာမဂုဏ်တို့၌ မှားသော အကျင့်ကို ကျင့်ဆောင်ခြင်း (ကာမေသု မိစ္ဆာစာရ)။


(၂) ဝစီကံ သုံးပါး

(ကက) မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း (မုသာဝါဒ)။

(ခခ) သူနှစ်ယောက် အချစ်ကို ပျက်ပြားအောင် ကုန်းချောခြင်း (ပိသုဏာဝါစာ)၊

(ဂဂ) ရုန့်ရင်း ကြမ်းတမ်းသော နားမခံသာသည့် စကားများကို ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း (ဖရုဿဝါစာ)၊

(ဃဃ) မဂ်, ဖိုလ်, နိဗ္ဗာန်မှ ဖီလာဖြစ်သော ပိန်ဖျင်း ယုတ်ညံ့သည့် စကားကို ပြောဆိုခြင်း (သမ္ဖပ္ပလာပ)။


(၃) မနောကံ သုံးပါး

(ကက) သူတစ်ပါး စည်းစိမ်ဥစ္စာ၊ သားမယားတို့ကို ငါ၏ စည်းစိမ်ဥစ္စာ၊ သား၊ မယား ဖြစ်ပါစေတော့-ဟူ၍ ကြံစည်ခြင်း (အဘိဇ္ဈာ)၊

(ခခ) သူတစ်ပါး ပျက်စီး စေလိုသော ဒေါသရှိခြင်း (ဗျာပါဒ)၊

(ဂဂ) မှားသော အယူကို ယူခြင်း၊ ကံ-ကံ၏ အကျိုးကို ပစ်ပယ်၍ ဖောက်ပြန်စွာဖြင့် အမှားကိုသာ မြင်ခြင်း (မိစ္ဆာဒိဋ္ဌိ)။


(ဋ) အောက်ဖော်ပြပါ ပုညကိရိယာဝတ္ထု (၁၀)ပါးကို နားလည်ပြီး ကိစ္စကြုံလာလျှင် အသုံးပြုနိုင်သူ ဖြစ်ခြင်း။

(၁) ဒါန -- စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။

(၂) သီလ -- ကိုယ်၊ နှုတ်၊ စိတ်နှလုံး သုံးပါးစလုံး အပြစ် မရှိစေရန် စောင့်ထိန်းခြင်း။

(၃) ဘာဝနာ -- တရား အားထုတ်ခြင်း။

(၄) အပစာယန -- ရိုသေထိုက်သူကို ရိုသေခြင်း။

(၅) ဝေယျာဝစ္စ -- ကုသိုလ် ကောင်းမှုတို့၌ ဝိုင်းဝန်း ဆောင်ရွက်ခြင်း။

(၆) ပတ္တိဒါန -- မိမိ ကုသိုလ်အဖို့ကို အမျှ ဝေခြင်း။

(၇) ပတ္တာနုမောဒနာ -- သူတစ်ပါးပြုသည့် ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှု။

(၈) ဓမ္မဿဝန -- သူတော်ကောင်း တရား နာကြားခြင်း။

(၉) ဓမ္မဒေသနာ -- သူတော်ကောင်း တရား ဟောကြားခြင်း။

(၁၀) ဒိဋ္ဌိဇုကမ္မ -- ဖြောင့်မတ်သော အယူဝါဒ ရှိခြင်း။


(ဋ္ဌ) ရဟန်းတော်များ၏ အမြဲတွေ့ကြုံရသော ဝိနည်းကို နားလည်ခြင်း (အထူးအားဖြင့် ငွေနှင့် စပ်သော ဝိနည်းကို နားလည်ရပါမည်။)

(ဍ) နိဗ္ဗာန်ကို ရည်မှန်းထားသူ ဖြစ်ခြင်း။

(ဎ) မိမိ၏ အသက် မွေးဝမ်းကျောင်းအတွက် စီးပွားဥစ္စာ ခိုင်လုံသူ ဖြစ်ခြင်း။

(ဏ) ကျောင်းတိုက်ကို ကြည်ညို၍ အမြဲ ဂရုတစိုက်နေသူ ဖြစ်ခြင်း။

(တ) ကျောင်းတိုက်နှင့် စပ်သော ပစ္စည်းကို လေးလေးစားစား သုံးစွဲလိုခြင်း။

(ထ) ကျောင်းတိုက်နှင့် စပ်သော ဒါနဝတ္ထုများကို မပျောက်မပျက်အောင် စောင့်ရှောက်ခြင်း။

(ဒ) မိမိကိုယ်တိုင် ဥပါသကာ၊ ဥပါသကာမ အဖြစ်ကို လက်ခံခြင်း။

(ဓ) ပဓာန နာယကဆရာတော်က လက်ခံခြင်း --- စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံရမည် ဖြစ်ပါသည်။


အသက်မွေးမှု

၎။ ဥပါသကာ တစ်ဦး၏ အသက်မွေးဝမ်းကျောင်းမှုသည် သမ္မာအာဇီဝ - ကောင်းသော အသက်မွေးမှု ဖြစ်ရမည်။ အပြစ် မရှိ ကောင်းကျိုးဆောင်တတ်သော အသက်မွေးမှု ဖြစ်ဖို့လိုပေသည်။ ကာယကံ ဒုစရိုက် (၃)ပါး၊ ဝစီကံ ဒုစရိုက် (၄)ပါး တို့ဖြင့် အသက်မွေးဝမ်းကျောင်းခြင်းသည် မိစ္ဆာဇီဝ-ဟု ခေါ်သော ဒုစရိုက်ကျသော အသက်မွေးမှုဖြစ်သဖြင့် အထူးရှောင်ရှားရပေမည်။ ထို့အပြင် ဥပါသကာတို့ မရောင်းဝယ်ကောင်းသော ပစ္စည်း (၅)မျိုး ရှိသည်။ ၄င်းတို့မှာ --

(က) လက်နက် ရောင်းချခြင်း။

(ခ) လူ အရောင်းအဝယ် ပြုခြင်း။ (ကျွန်၊ အစေခံ၊ ပြည့်တန်ဆာ)

(ဂ) မူးယစ်ဆေးဝါး နှင့် အရက်သေစာ ရောင်းဝယ်ခြင်း။

(င) လူကို သေစေတတ်သော အဆိပ်၊ ဆေး .. စသည်တို့ကို ရောင်းဝယ်ခြင်း --- စသည်တို့ ဖြစ်ပါသည်။


ဥပါသကာ ပျက်စီးခြင်း

၅။ သရဏဂုံ တည်ပြီးသူသည် သရဏဂုံ ပျက်စီးပါက ဥပါသကာ ပျက်စီးခြင်း ဖြစ်လေသည်။ ထို့အပြင် ဥပါသကာ ဂုဏ်အင်္ဂါနှင့် အရည်အချင်း ပျက်ယွင်းပါကလည်း အများ ကြည်ညိုလေးစားသည့် ဥပါသကာ မဖြစ်တော့ဘဲ ပျက်စီးခြင်း သဘောသို့ ရောက်ပေသည်။

(က) သရဏဂုံ ပျက်စီးခြင်း

(၁) ဘဝတစ်ပါး ပြောင်းလဲ ကွယ်လွန်သွားခြင်း။

(၂) အယူဝါဒ ပြောင်းသွားခြင်း။

(၃) သာသနာပ တိတ္ထိဆရာတို့အား ကိုးကွယ်ခြင်း။

အထက်ပါ သုံးချက်တွင် တစ်ချက်ချက်နှင့် ပြည့်စုံပါက သရဏဂုံ ပျက်စီးလေသည်။ ထိုအခါ ဥပါသကာလည်း ပျက်စီးလေတော့သည်။ ထို့ပြင် သရဏဂုံ မပျက်သော်လည်း ညစ်နွမ်းကြောင်းလည်း ရှိပေသေးသည်။ သရဏဂုံ ညစ်နွမ်းလျှင် ဥပါသကာ ပုဂ္ဂိုလ်မှာလည်း အများလေးစားထိုက်သော ဥပါသကာ မဖြစ်နိုင်တော့ပေ။ ဘုရားကို မစွန့်သေး၍ သရဏဂုံ မပျက်စီးသော်လည်း သရဏဂုံ ညစ်နွမ်းစေသည့် အချက်များ ရှိပေသည်။


(ခ) သရဏဂုံ ညစ်နွမ်းခြင်း

(၁) ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး ဂုဏ်တော်များကို ကောင်းကောင်း မသိခြင်း၊ လုံးလုံး လျားလျား မသိခြင်း၊ ကိုးကွယ်ရမှန်း မသိခြင်း၊ (မောဟ)

(၂) ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါး အပေါ် အမှန်မမြင်ဘဲ အမှားမြင်ခြင်း၊ ရတနာ သုံးပါး ဆည်းကပ် ကိုးကွယ်မှုသည် အလကားပါ-ဟု အယူမှားခြင်း။ (ဒိဋ္ဌိ)

(၃) ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးအပေါ် အစစ်အမှန် ဟုတ်ပါ့မလား-ဟု ယုံမှား သံသယ ဖြစ်ခြင်း။ (ဝိစိကိစ္ဆာ)

(၄) ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို မယုံကြည်ခြင်း၊ မလေးစားခြင်း၊ မမြတ်နိုးခြင်း၊ မကြည်ညိုခြင်း၊ မရှိခိုးခြင်း။ (အသက္ကစ၊ အဂါရဝ)


၆။ ဤအချက်များသည် ဥပါသကာ ပျက်စီးခြင်း၌ အကျုံးဝင်ပြီး ထိုသို့သော ဥပါသကာမျိုးကို …

(က) ဥပါသကာ စဏ္ဍလ = ဒွန်းစဏ္ဍား ဥပါသကာ

(ခ) ဥပါသကာ မလ = မသန့်ရှင်းသော ဥပါသကာ

(ဂ) ဥပါသကာ ပဋိကိလိဋ္ဌ = စက်ဆုပ်ရွံရှာဖွယ် ဥပါသကာ - ဟူ၍ ခေါ်ဆိုရမည် ဖြစ်ပါသည်။
Other Dhamma Posts

Source:
မဟာဝိဟာရ-ကျောင်းတိုက်၊ ဖိုးဒေါနကုန်း-ကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်း။
ဦးမြသန်းစံ


*** ခပ်သိမ်းသော ရဟန်း, ရှင်, လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …

Shared from Phillip Pyae (FB)

No comments:

Post a Comment