Saturday, December 8, 2012

ကိုယ်ချင်းစာစိတ်ပေါ် အခြေခံထားတဲ့ သီလ




ဘုန်းဘုန်းအရှင်အာစာရနှင့် ဟိုတစ်နေ့က chatting မှာ သီရိလင်္ကာက website တွေမှာ တွေ့မိတဲ့ ကလေးတွေကို ငါးပါးသီလနှင့်ပတ်သက်ပြီး သင်ထားတာကို ပြောဖြစ်တယ်။ ငါးပါးသီလကို စောင့်ထိန်းဖို့ကို သင်တဲ့နေရာမှာ ကိုယ်ချင်းစာတရားနှင့် သီလကို စောင့်ထိန်းအပ်ကြောင်း ကလေးတွေနားလည်အောင်ရှင်းပြသွားတာလေးကို သဘောကျမိတဲ့အကြောင်း၊ မြန်မာပြည်က တချို့ နေရာတွေမှာ ကလေးတွေကို သင်ပေးနေပုံနှင့် ကွာဟနေတဲ့အကြောင်း ပြောမိတယ်။

ကျွန်တော်
လက်လှမ်းမီသလောက် ကျွန်တော်တို့ငယ်ငယ်က ယဉ်ကျေးမှုသင်တန်းတွေမှာ သင်ယူခဲ့ရတာရော၊ နောက်ပိုင်း နီးစပ်ရာ ယဉ်ကျေးမှုသင်တန်းတွေမှာ သင်ကြားနေကြတာမှာရော သတိထားမိခဲ့တာမှာ သီလကို ဘာကြောင့်စောင့်ရလဲဆိုတာကို ကလေးတွေကို သင်ပေးတဲ့နေရာမှာ ငရဲကျမှာ၊ ၀ဋ်ပြန်လည်မှာမျိုး မဖြစ်ရအောင်၊ ဒါမှမဟုတ် ဒီသီလကို စောင့်ထိန်းရင် ဒီအကျိုးကျေးဇူးတရားတွေကို ရမှာမို့ စောင့်ထိန်းအပ်တယ်ဆိုတဲ့ Message ကို ပေးပြီး သင်ကြားနေတာကို သတိထားမိခဲ့ပါတယ်။

ဒီတော့ ကလေးတွေရဲ့ မသိစိတ်မှာ ဘာမှန်းသဲသဲကွဲကွဲမသိတဲ့ ငရဲဆိုတာကြီးကို ကျမှာကြောက်တဲ့စိတ်၊ ကိုယ်ပြန်ခံရမှာကြောက်တဲ့စိတ်တွေ (Fear) ၀င်သွားပါတော့တယ်။ နောက် ဒီသီလကိုစောင့်ရင်တော့ ငါဒီအကျိုးကိုရမှာဘဲဆိုတဲ့ Give And Take လုပ်တတ်တဲ့ သဘောတရားကို ဘာသာရေးမှာ တခါတည်းရိုက်သွင်းပေးလိုက်သလိုဖြစ်သွားစေတယ်လို့ မြင်မိပါတယ်။

တကယ်တော့ မြတ်စွာဘုရားရှင်က သီလစောင့်ထိန်းခိုင်းတယ်ဆိုတာ ဗြဟ္မစိုရ်တရားအပေါ်မှာအခြေတည်ပြီး သတ်မှတ်ပေးထားခဲ့တာလို့ ထင်မြင်မိပါတယ်။ သီလထိန်းထားတဲ့သူမှာ ဗြဟ္မစိုရ်တရားတွေ ကိန်းနေရမယ်။ စိတ်မှာ အပူငြိမ်းနေရပါမယ်။ တကယ်လို့ ကိုယ်ဒုက္ခရောက်မှာကိုကြောက်တဲ့စိတ်၊ ကိုယ်ကောင်းကျိုးခံစားရမှာကို မျှော်လင့်တောင့်တနေတဲ့စိတ်နှင့် သီလကိုထိန်းထားတဲ့သူရဲ့  ရင်ထဲက စိတ်အခြေအနေကို ခန့်မှန်းကြည့်ကြည့်ပါ။ သူ့ရင်ထဲ တကယ်ငြိမ်းချမ်းနိုင်ပါ့မလား။

တစ်ခုခုကို ဖြစ်မှာစိုးပြီး ထိန်းနေရတဲ့လူတစ်ယောက်ဟာ တကယ်လို့ သူဖြစ်မှာကြောက်နေတဲ့အရာ တကယ်မဖြစ်ဘူးလို့ ထင်သွားတဲ့တစ်နေ့နေ့မှာ သူထိန်းထားတဲ့ကိုယ်ကျင့်တရားကို ဆက်ထိန်းထားပါတော့မလားဆိုတာ စဉ်းစားစရာပါ။

တကယ်လို့များ ကိုယ်ချင်းစာနာစိတ်အပေါ်မှာ အခြေတည်ပြီး ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေ၊ စိတ်တွေကို ထိန်းသိမ်းကြမယ်ဆိုရင် လောကကြီး ဒီထက်မကများ ငြိမ်းချမ်းလာမလားရယ်လို့ မျှော်လင့်ကြည့်မိပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၉၊ ၁၂၊ ၂၀၁၂။

****************************

၁။ အသက်ရှိသူ မှန်သမျှ၊ အသက်သေမှာ လွန်ကြောက်ကြ။
သူသူငါငါ မှန်သမျှ၊ အသက်တန်ဖိုး မြတ်နိုးကြ။
ကိုယ်ချင်းစာနာ ရှောင်ကြည်ပါ၊ သတ်တာညှင်းတာ မလုပ်ရ။

၂။ ကိုယ်ပိုင်ပစ္စည်း မှန်သမျှ၊ သူခိုးခိုးမှာ လွန်ကြောက်ကြ။
သူသူငါငါ မှန်သမျှ၊ ဥစ္စာတန်ဖိုး မြတ်နိုးကြ။
ကိုယ်ချင်းစာနာ ရှောင်ကြည်ပါ၊ မပေးတာကို မယူရ။

၃။ မိသားစုတွေ မှန်သမျှ၊ ချမ်းသာပျော်ရွှင် နေချင်ကြ။
သူသူငါငါ မှန်သမျှ၊ မိသားစုကို မြတ်နိုးကြ။
ကိုယ်ချင်းစာနာ ရှောင်ကြည်ပါ၊ အိမ်ယာမှောက်မှား မကျူးရ။

၎။ အသိဉာဏ်ရှိသူ မှန်သမျှ၊ လိမ်တာညာတာ မကြိုက်ကြ။
သူသူငါငါ မှန်သမျှ၊ သစ္စာတန်ဖိုး မြတ်နိုးကြ။
ကိုယ်ချင်းစာနာ ရှောင်ကြည်ပါ၊ လိမ်ညာမုသား မပြောရ။

၅။ မူးယစ်သေစာ မှန်သမျှ၊ ကုသိုလ်ရေးတွေ မေ့လျော့ရ။
သူသူငါငါ မှန်သမျှ၊ ကုသိုလ်ရဖို့ လိုအပ်လှ။
ဉာဏ်သက်ဝင်ကာ ဆင်ခြင်ပါ၊ ဆေးလိပ်ကိုပင် မသောက်ရ။

ဦးလေးမြင့် [အထက်တန်းပြ (ငြိမ်း)]
ဓမ္မဆရာ၊ "ရာဟုလာ" ဓမ္မသင်တန်းကျောင်း
စိုင်ပြင်ကြီး၊ ဒီပဲယင်း၊ စစ်ကိုင်း။

Shared from Vimuttisukha Bliss (FB)

No comments:

Post a Comment