Saturday, June 29, 2013

မနေသူတွေရဲ့ကြားမှာ နေပါ


`မနေသူတွေရဲ့ကြားမှာ နေပါ´ ဆိုတဲ့ အဆုံးအမအတွက် အဓိကပြောချင်တာက ဘယ်အာရုံနဲ့ တွေ့တွေ့၊ ဘာဝနာနဲ့ မနေသူတွေရဲ့ကြားမှာ ဘယ်အာရုံနဲ့ တွေ့တွေ့ ဘာဝနာနဲ့ နေပါ´ လို့ပြောချင်တာက။ ရေလေးမမြင်လိုက်နဲ့။ မြင်လိုက်တာနဲ့ `သတ္တ၀ါအားလုံး ဤရေကဲ့သို့ အေးချမ်းကြပါစေ´။ 

မျက်နှာလေးမသစ်လိုက်န့။ဲ သစ်လိုက်လို့ မျက်နှာနဲ့ရေနဲ့ ထိလိုက်တာနဲ့ `သတ္တ၀ါအားလုံး ဤရေကဲသို့အေးချမ်းကြပါစေ`။ `ရေလေးမချိုးလိုက်န့၊ဲ ချိုးလိုက်လို့ ခန္ဓာကိုယ်နဲ့ ရေနဲ့ ထိ
လိုက်တာနဲ့ ရေရဲ့ အေးမြမှုကိုအာရုံပြုပြီး၊ ရေရဲ့အေးမြမှုကို သေချာခံစားပြီး `ဤရေကဲသို့ သတ္တ၀ါအားလုံး အေးချမ်းကြပါစေ´။

ဈေးရောင်းတဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ်ဆိုင်လာဝယ်တဲ့သူမြင်တိုင်း `ကျန်းမာချမ်းသာပါစေ´ မေတ္တာလေးပို့လို့ပေါ့။ ဆိုင်လာမ၀ယ် လို့လည်း မေတ္တာမပို့ဘူးလို့ မဖြစ်စေရဘူး။ ဆိုင်ရှေ့ ဖြတ်လျှောက်သွားတဲ့သူကိုလည်း မေတ္တာပို့ရမှာပါပဲ။ ကိုယ့်ဆိုင်လာမ၀ယ်တဲ့ သူကျတော့ သေချင်းဆိုးဆိုပြီး ဆဲလို့မဖြစ်ဘူး။ သူများဆိုင် ၀ယ်တဲ့ သူတွေကို ကြည့်ပြီးတော့လည်း သူများဆိုင်ပိုင်ရှင်တွေကိုလည်း မုဒိတာနဲ့ `သြော်....ရောင်းကောင်းကြပါစေ။ အစစအရာရာ
အဆင်ပြေကြပါစေ´။ မုဒိတာ ဘာဝနာလေးပွားလို့။ ၀ယ်တဲ့သူတွေ ကိုလည်း `ကျန်းမာ ချမ်းသာကြပါစေ´ စသည်အားဖြင့် မေတ္တာလေး ပို့လို့ပေါ့။

ဈေးထဲမှာ ဈေးသည်ဈေးဝယ်တွေ တစ်ယောက်နဲ့တစ်ယောက် မြင်တွေ့တိုင်းလည်းပဲ မေတ္တာလေးပွားပေါ့။ မေတ္တာတစ်ခုတည်းမှ မဟုတ်ဘူး။ ၀ိပဿနာဉာဏ်အထိ ပွားနိုင်ရင် အကောင်းဆုံးပေါ့။ ဒါကြောင့်သစ်ရွက်ကလေး ကြွေတာကိုကြည့်ပြီးတော့ သံဝေဂဉာဏ်ပွား၊
ရဟန္တာဖြစ်သွား တဲ့ပုဂ္ဂိုလ်တွေ မရေမတွက်နိုင်အောင်ရှိပါတယ်။ သစ်ရွက်ကြွေတာကို ယောဂီတို့လည်းပဲ နေ့တိုင်းတွေ့မနေဘူးလား။ ဘာဉာဏ်တွေဖြစ်သွားတုံး။ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေသမျှ အာရုံအားလုံးကို ဘာဝနာအာရုံဖြစ်အောင် ကြိုးစားနိုင်ကြရမယ်။ အလေ့အကျင့် လုပ်ထားရင် ဘာမှမခက်ပါဘူးနော်။

ဘာဝနာနဲ့တိုက်ရိုက် ဆက်စပ်နေတဲ့ ထင်ထင်ရှားရှားအာရုံတွေဆိုရင် အမြဲတမ်း တွေ့နေတာပေါ့။ ခရီးသွားနေရင်း၊ ကားစီးနေရင် စေတီတော် တစ်ဆူတွေ့တယ်ကွယ်။ စေတီတော်တစ်ဆူ တွေ့လိုက်တာနဲ့ နဂိုက ဂုဏ်တော်မပွားရာကနေ ဂုဏ်တော်တစ်ခုခုပွားလိုက်ပေါ့။ လက်အုပ်
ချီချင်ချီ၊ မချီချင်နေ။ စိတ်ထဲကနေ `အရဟံ- ကိလေသာကင်းစင်တော် မူသော မြတ်စွာဘုရား´ စသည်အားဖြင့် ပွားလိုက်ပေါ့။ စေတီတော် ရွှေအဆင်းလေး ၀င်းနေတာတွေ့ရင်လည်းပဲ ` ရွှေအဆင်းကဲ့သို့ ၀ါဝင်း တော်မူသော မြတ်စွာဘုရား။´ ရွှေအဆင်းလို ၀ါဝင်းတဲ့ဂုဏ်လေး သိရီ
ဘုန်းတော်လေးကို အရင်ဆုံး အာရုံပြုပြီးတော့မှ ဉာဏ်ကြီးတာတို့၊ ကိလေသာကင်းတာတို့ ဆက်ပြီးတော့ အာရုံပြုပေါ့။

စိတ်ထဲကနေ အထွေအထူး အာရုံစိုက်ပြီးတော့ မပွားချင်ဘူးဆိုရင်လည်း လက်အုပ်ကလေးချီပြီး `နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ´အနည်းဆုံး သုံးခေါက်လောက် ရွတ်ပြီး ရှိခိုးပူဇော်လိုက်ပေါ့။ ဒါဆို စေတီမြင်တိုင်း ဘာဝနာကုသိုလ် တိုးနေတော့တာပါပဲ။ ဦးဇင်းတို့တော့
သထုံကနေပဲ ရန်ကုန်သွားသွား ရန်ကုန်ကနေပဲ သထုံပြန်ပြန်၊ လမ်းခရီးမှာ ဘုရားတွေ့တိုင်း (စေတီတွေ့တိုင်း) ကားပေါ်ကနေ လက်အုပ်ချီပြီးတော့ `နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ´ လို့ သုံးခေါက် ဘုရားရှိခိုးလိုက်ပါတယ်။ ပါးစပ်လှုပ်ပြီး သုံးခေါက်ပေါ့။ သုံးခေါက်ရှိခိုးပြီးရင် လက်အုပ်ချီတာ ပြန်ချပြီး စိတ်ထဲကနေ နမောတဿပဲ ဆက်ရွတ်တဲ့အခါရွတ်
ဂုဏ်တော်အဓိပ္ပါယ် ဆက်ပွားတဲ့အခါ ပွားလိုက်တာပေါ့လေ။

သထုံရန်ကုန်ခရီးမှ မဟုတ်ပါဘူး။ ဘယ်ခရီးဝေးပဲသွားသွား ဘုရားတွေ့တိုင်း လက်အုပ်ချီပြီး နမောတဿ အနည်းဆုံး သုံးခေါက်ရွတ်ဆို ဘုရားရှိခိုးဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း သွားရင်း လာရင်း ရွှေတိဂုံဘုရား စသည်တွေ့တိုင်း တွေ့တိုင်းလည်း ဒီလိုပဲလုပ်ဖြစ်ပါတယ်။

ဒါက ဘာသာရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အာာရုံပေါ့လေ။ ဘာသာရေးနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ အာရုံဆိုရင်လည်း ဘာဝနာဖြစ်အောင်ပွားရမှာပဲ။ ဘာဘာဝနာရယ်လို့ မဆိုလိုဘူး။ ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ ကရုဏာ၊ အသုဘ အစရှိတဲ့သမထဘာဝနာပဲဖြစ်ဖြစ်၊မြင်တာကို
မြင်တဲ့အတိုင်း၊ ကြားတာကို ကြားတဲ့အ တိုင်း၊ နံတာ၊ စားတာ၊ ထိတာ၊ သိတာကို နံတ့၊ဲ စားတ့၊ဲ ထိတ့၊ဲ သိတဲ့အတိုင်း၊ အရှိ-အရှိအတိုင်းရှုမှတ်နေတဲ့ ၀ိပဿနာဘာဝနာပဲဖြစ်ဖြစ် ပွားလို့ရပါတယ်။

ဒါကြောင့် မြင်သမျှ၊ တွေ့သမျှ၊ ကြုံသမျှ၊ ဆုံသမျှ အာရုံတိုင်းကို ဘာဝနာဖြစ်အောင် မနေသူတွေရဲ့
ကြားမှာ ဘာဝနာဖြစ်အောင်နေပါ။ ဒီလိုယူလို့ မရဘူးလား။ ရတယ်နော် ဒါ့ကြောင့် ဆိုလိုက်ပါ။

မနေသူကြားမှာ နေမှသာ နေရာမြဲနိုင်သည်။
------------------------------------------------
- အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

(ရတနာဝါသကျောင်း )ဆိုဒ်မှတဆင့်ကူးယူတင်ပြဓမ္မဒါနပြုပါသည် ။

Shared from မြတ်ဗုဒ္ဓအလင်း (FB)

Monday, June 24, 2013

B.o.B - Nothin' On You [feat. Bruno Mars] (Official Video)

အသုဘ ခန္ဓာ အကြောင်း…

ခုတလော ကျနော် အနာကြီးရောဂါသည်တွေရဲ့ ကလေးများအတွက် ပညာရေး ထောက်ပံ့ဖို့ဆိုပြီး အလှူခံတွေ နေ့တိုင်း သွားကောက်နေရတယ်။ အဲဒီလို သွားရင်းလာရင်းနဲ့ စဉ်းစားမိတာတစ်ခုရှိတယ်။ အနာကြီးရောဂါ အကြောင်း ပေါ့။ တကယ်တော့ တို့ခန္ဓာကြီးကအနာကြီးတစ်ခုလိုပါပဲ။ တချိန်လုံး ပြည်ပုပ် တွေ ထွက်နေလိုက်တာ။ မျက်လုံးကလည်း ပြည်တွေ ထွက်တယ်၊ နှာခေါင်း ကလည်း တရွှဲရွှဲနဲ့၊ နားထဲ ကလော်ကြည့်ပါလား ။ဘာတွေ့လဲ ပြော..။ ပါးစပ် ကဆို အပုပ်ရည်တွေချည်းပဲနော်။ခန္ဓာက ထွက်လာသမျှ တစ်ခုမှ ကောင်းတာ မရှိပါလား။ ဒီတော့ ကိုယ့်ကိုကိုယ်တောင် ပြောမိတယ်။ အနာကြီးရောဂါသည် အစစ်က တခြားအနာကြီးရောဂါသည်တွေရဲ့ ကလေးတွေအတွက် ကောက် လိုက်ပါဦး လို့သာပြောပြီး ရန်ပုံငွေတွေ ရှာခိုင်းနေရတယ်။

ဒီတော့ ရေချိုးရင်းနဲ့ ဘာတွေးမိလဲဆိုတော့ တို့ ဒီအနာခန္ဓာကြီးကို ဖန်ဆေးပေးနေပါလားလို့။ ရေ အခါခါချိုးရင် ဖန်အခါခါဆေးတာပေါ့နော်။ ဒါလည်း လုံလောက်မှာ မဟုတ်ပါဘူး။ အချိန်ပြည့် ပြည်တစိုစို၊ ချွေးတစိုစိုနဲ့ အနာကြီးက ထုတ်ပေးနေတာလေ။ နောက် ရေချိုးပြီးလို့ သနပ်ခါးလိမ်းတယ်ဆိုရင်ပဲ ဪ.. ဒါ ဒီအနာကြီးကို ဆေးလူးပေးနေရ ပါလားလို့ တွေးမိပါရဲ့။ အင်္ကျီအဝတ်အစားဝတ်တော့ရော ဘာထူးလဲ။ ဒီအနာကြီးကို ကျပ်စည်းပေးရတာပေါ့။ ဒီ ကျပ်စည်းရတာကို ပဲ သောင်းချီ၊ သိန်းချီ အကုန်ခံပြီး ပြိုင်နေတာတွေ ရှိတယ်နော်။

သူ့ပတ်တီး၊ ငါ့ပတ်တီး ဘယ်ဟာက ဘယ်လောက်တန်တယ်ဆိုပြီးတော့လေ။ ဒီပတ်တီး ကိုမှ စိန်တွေ တပ်ပြီး ဂုဏ်ယူချင်နေကြသေးတယ်။ ဪ ဒုက္ခပါပဲ။ ပတ်တီးကလည်း တံဆိပ်အစုံထွက်တယ်နော်။ အကုန် ရောဂါသည် တွေချည်းပဲဆိုတော့ ပတ်တီးမပါလို့ မှ မရတာနော့။ အဲဒီတော့ ဒီတံဆိပ်တွေ အပေါ်မှာ လိုက်ပြီး မာန်တက်နေကြတာတော့ တော်တော့်ကို ဆိုးပါတယ်။ တချို့ကျ လည်း မလုံတလုံတွေဝတ်ပြီး ကိုယ့်ရဲ့စက်ဆုပ်ဖွယ် အနာကြီးကို ကြွားနေ လိုက်တာ။ ဒုက္ခ ဒုက္ခ။ ဒါကို အငမ်းမရ လိုက်ပြီး သရေယိုတာတော့ ပြည်ယိုနေတဲ့အနာကို သကာရည် ဖုံးတဲ့အပေါ် အညာမိနေကြတာနေမှာပေါ့။ မသိပါဘူး။ သနားလည်း သနားမိပါရဲ့။ ကဲ.. ထားပါတော့။

နောက် ထမင်းစား တယ်။ ဒါကတော့ ဒီအနာအတွက် ဆေးသောက်ပေးနေရတာ၊ ဓာတ်စာ ကျွေးနေရတာပဲမဟုတ်လား။ ဒီလိုဆေးလေးတွေ ပါးစပ်ကနေ အချိန်မှန် ကျွေးပေးမှ ပြည်ပုပ်တွေ ပြန်ထွက်လာမှာပေါ့။ ဒါကတော့ စွန့်ုထုတ်တာကို ပြောတာပါ။ ကဲ.. ဒါဆိုတစ်နေ့တနေ့ အနာကို ဓာတ်စာကျွေးလိုက် ခန္ဓာတွင်းက အညစ် အကြေးတွေ စွန့်လိုက်၊ ဖန်ဆေးလိုက်၊ ကျပ်စည်းလိုက်နဲ့ အားရတယ်ကိုမရှိပါဘူး။ ဒီိလို လုပ်ပေးနေတာတောင် ဒီအနာကြီး က သက်သာ ပျောက်ကင်း သလား ဆိုတော့ ဝေးပါသေးတယ်။ အသေဘက် ကို တစ်နေ့ တစ်နေ့ အမြန်ခုတ်မောင်းနေလိုက်တာ မောနေပါပြီ။ အခုဆိုရင် မရဏ ဘူတာကို ဆိုက်ရောက်ဖို့ သိပ်မလိုတော့ပါဘူးလေ။ ရောက်တော့မှာပါ့။ ခုလား ? ။ ခဏနေလား ? ။ မကြာမီလာမည် မျှော် ရမှာပေါ့နော်။

အော်.. ခုမှပဲ အနာကြီးဒုက္ခသည် အစစ်နဲ့ တွေ့ရတော့တယ်လို့ မှတ်ပါနော်။ ကဲ.. ဒီနေ့တော့ သူ့ကို ဖန်ဆေးပြီး ကျပ်စည်းမယ်၊ ပြီးရင် ဆေးလိမ်းပေးမယ်။ ဓာတ်စာ ကျွေးလို့ ပြည်ပုပ်အညစ်အကြေးတွေ ထုတ်ပေး ရမှာမို့ မအားရှာတဲ့ ကျနော့်အဖြစ်ကို နားလည်တဲ့အနေနဲ့ ဒီလောက်နဲ့ပဲ တော်ကြမယ် နော်။

စောသဇင်(မန္တလေး)
Reference: www.forverfriends.ning.com

လူ့ထက်တန်းစား ကျင့်ဝတ်များ... အပိုင်း (၁)


သုတ်ပါထေယျပါဠိတော်
သိင်္ဂါလောဝါဒသုတ်မှ ထုတ်နုတ်ချက်

အသိပေးလွှာ။ ။ ဆိုခဲ့ပြီးသော ဗျဂ္ဃပဇ္ဇသုတ်တော်၌ ပစ္စည်းဥစ္စာတို့ကို ရှာဖွေစုဆောင်းနည်းနှင့် ဝင်လာနည်း ထွက်သွားနည်းတို့ကို အထူးအားဖြင့် ဟောတော်မူ၏။ ထို့ကြောင့် ’’သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း’’ ဟူသော ခေါင်းစဉ်ဖြင့် တင်ဆက်ခဲ့ပါသည်။ ဤသိင်္ဂါလောဝါဒသုတ်တော်ကား သူဋ္ဌေးဖြစ်ကြောင်းထက်ပိုသော လောကထဲဝယ် လူတစ်ယောက် ရှိသင့်ရှိထိုက်သော လိုက်နာသင့်လိုက်နာထိုက်သောကျင့်ဝတ်တရားတို့ကို ဟောကြားတော်မူခဲ့ပါသည်။ ထိုကြောင့် ဤသုတ်တော်ကို တင်ဆက်ရာ၌ ’’လူ့ထက်တန်းစား ကျင့်ဝတ်များ’’ အမည်ဖြင့် အပိုင်းလိုက် တင်ဆက်သွားပါမည်။ စောင့်မျှော်ဖတ်ရှုပါရန်။ (တစ်ဆင့်မျှဝေသူ- အရှင်ပုညဝံသ မဟာဂန္ဓာရုံ)

သိင်္ဂါလသတို့သား။ ။ သိင်္ဂါလသတို့သားသည် နဂိုက ဘုရားကို မကြည်ညို၊ ထို့နောက် ဘုရားရှင်၏ လောကကြီးပွားရေးတရားများကို ကြားရမှ ဘုရားကို ကြည်ညို၍ တရား သံဃာတော်ကိုပါ ကိုးကွယ်ဆည်းကပ်လေသည်။ ထိုသတို့သားအား ဟောတော်မူအပ်သော တရားတော်သည် ဗျဂ္ဃပဇ္ဇသုတ်၌ ပါပြီးသော တရားတော်များနှင့် တချို့ သဘောတူ၏။ ထို့ကြောင့် သဘောမတူသော တချို့ကျင့်ဝတ်များကို ထုတ်ပြပါမည်။

အဂတိမလိုက်ရ။ ။ ဘက်လိုက်ခြင်း မျက်နှာလိုက်ခြင်းကို ’’အဂတိဂမန- မလိုက်ထိုက်သည်ကို လိုက်ခြင်း- မပြုထိုက်သည်ကို ပြုခြင်း’’ဟု ခေါ်၏။ ထိုအဂတိသည် ’’ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိ’’ဟု လေးပါးရှိ၏။

ပစ္စည်းဝေရာ၌ ဘက်လိုက်ပုံ။ ။ နှစ်ယောက် သုံးယောက်မှ စ၍ အများဆိုင်ပစ္စည်းများကို ဝေဖန်ရာ၌ ချစ်သူအား ပို၍ ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။
(ဆန္ဒ- ချစ်ခြင်းကြောင့်+ အဂတိ- ဘက်မလိုက်ထိုက်သည်ကို+ ဂမန- လိုက်ခြင်း)
မုန်းသူအား လျော့၍ ပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ အနည်း အများ နားမလည် အဖိုးတန် မတန် နားမလည်သောကြောင့် တစ်ယောက်မှာ များ၍ အခြားတစ်ယောက်မှာ နည်းအောင် ဝေမိခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ပို၍ မပေးလျှင် ရန်လုပ်မည့်အတွက် ကြောက်သောကြောင့် ပို၍ပေးလျှင် ဘယာဂတိလိုက်ခြင်း မည်၏။
(မိမိပိုင်ပစ္စည်းကိုကား အလိုရှိသလို ပေးနိုင်၏။ ချစ်သူအား ပေးခြင်းကြောင့် ဆန္ဒာဂတိလိုက်သည် မမည်။ သို့သော် မိမိသားသမီး မိမိ တပည့်တို့အား ဝေ၍ ပေးရာ၌ကား အဂတိ မလိုက်မိအောင် သတိထားရသေး၏။)

ရာထူးခန့်ရာ၌ ဘက်လိုက်ပုံ။ ။ လူကို ရာထူးခန့်ရမည့်ကိစ္စ၌ပင် ကိုက ချစ်နေသောကြောင့်ဖြစ်စေ လာဘ်လာဘပေးသည့်အတွက် ယခုမှ ချစ်သောကြောင့်ဖြစ်စေ ချစ်သူအား ရာထူးခန့်ခြင်း ရာထူးတိုးပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်းမည်၏။ ပင်ကိုက မုန်းသောကြောင့်ဖြစ်စေ လာဘ်မပေးသောကြောင့်ဖြစ်စေ မုန်းသူအား ရာထူးမခန့်ခြင်း ရာထူးမတိုးခြင်း ရာထူးလျှော့ချခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ သူတို့၏ အရည်အချင်းကို မသိသောကြောင့် ခန့်သင့်သူ ရာထူးတိုးသင့်သူကို မခန့်ဘဲ မတိုးစေဘဲ မခန့်သင့် မတိုးသင့်သူကို ခန့်ခြင်း ရာထူးတိုးပေးခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ကြောက်သောကြောင့် ရာထူးခန့်ခြင်း ရာထူးတိုးပေးခြင်းသည် ဘယာဂတိလိုက်ခြင်း မည်၏။

တရားဆုံးဖြတ်ရာ၌ ဘက်လိုက်ပုံ။ ။ တရားတွေ့သူနှစ်ဖက်တွင် နဂိုကဖြစ်စေ လာဘ်ကြောင့်ဖြစ်စေ ချစ်သူဘက်ကို အနိုင်ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။ ရှေးက ရန်သူဖြစ်နေ၍ (သို့မဟုတ်) ယခုတွေ့မှ အပြောမတည့်၍ (သို့မဟုတ်) လာဘ်မပေး၍ မုန်းသောကြောင့် အရှုံးပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ တရားအမှန်ကို နားမလည်၍ အရှုံးအနိုင်ပေးရာ၌ အမှားပေးမိခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ကြောက်သောကြောင့် အနိုင်ပေးခြင်းသည် ဘယာဂတိလိုက်ခြင်း မည်၏။

အဂတိလိုက်ခြင်း မလိုက်ခြင်း။ ။ လဆုတ်ရက်များ၌ လ၏အရောင်သည် တစ်နေ့တစ်ခြား ဆုတ်ယုတ်ကာ နောက်ဆုံးနေ့၌ ကွယ်ပျောက်သကဲ့သို့ အဂတိလိုက်သူ၏ အခြွအရံနှင့် ဂုဏ်သတင်း ကျော်စောခြင်းလည်း တစ်နေ့တခြား ဆုတ်ယုတ်ကာ နောက်ဆုံး၌ တိမ်မြုပ်သွားရ၏။ လဆန်းရက်များ၌ လ၏အရောင်သည် တစ်ရက်ထက် တစ်ရက် တိုးတက်လာသကဲ့သို့ အဂတိမလိုက်သူ၏ အခြွေအရံနှင့် ဂုဏ်သတင်း ကျော်စောခြင်းလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်၍ လာနိုင်ပေမည်။

မောဟာဂတိ၏ ကြောက်ဖွယ်။ ။ မိမိကိုယ်ကို ဘက်မလိုက်သူဖြစ်အောင် သတိထား၍ စောင့်စည်းလိုသူသည် ဆန္ဒ ဒေါသ ဘယအတွက် ထိန်းသိမ်းနိုင်ဖွယ် ရှိသော်လည်း မောဟအတွက်ကား မစောင့်စည်းနိုင်ချေ။ ထို့ကြောင့် ကိစ္စတစ်စုံတစ်ရာ ကြုံလာလျှင် အရင်းခံအကြောင်းကို သိအောင် စုံစမ်းပြီးမှသာ ပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်နိုင်မှ အမှန်ကို ပြုလုပ်ရာရောက်၍ မောဟာဂတိမှ လွတ်မြောက်ပေလိမ့်မည်။ ထိုမျှလောက် ကြိုးစားပါလျက် လွဲသွားလျှင်ကား မိမိ စွမ်းနိုင်သောအရာ မဟုတ်တော့။

ယခုခေတ်ဖြစ်ပုံ။ ။ ယခုခေတ်၌ကား ဆန္ဒာဂတိမှစ၍ အဂတိလိုက်မှု ဘက်လိုက်မှုတွေ များလှသောကြောင့် ဆိုင်ရာအလုပ်ကိစ္စ၌ တာဝန်ယူရသူများပင် ဂုဏ်သတင်း ကျော်စောခြင်း ပျက်ပြယ်ကာ နောက်ဆုံး၌ တိမ်မြုပ်သွားကြရလေသည်။ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်ဟု အယူရှိသူတို့သည် မတတ်နိုင်သော မောဟမှတပါး အခြား အဂတိလိုက်မှုများ မလိုက်မိအောင် ရှောင်ကြရပေလိမ့်မည်။

မှတ်ချက်။ ။ ရာထူးပေးရာ၌ အရည်အချင်းရှိသူက မိမိစကားကို နားထောင်မည့်သူ မဟုတ်၊ မိမိအလုပ်ကို ကူညီမည့်သူ မဟုတ်သောကြောင့် ထိုသူ့ကို မပေးဘဲ မိမိအလုပ်ကို ကူညီမည့်သူအား ပေးခြင်းမှာ ဘက်လိုက်ခြင်းဟု မဆိုနိုင်ပါ။

Shared from Ashin Ponnyavamsa (FB)

“ဘုန်းကြီးမဝတ်ခင် သိသင့်တာလေးတွေ”



(ညီတော် နောင်တော် ရဟန်းများကို မေတ္တာဖြင့် တပည့်တော်ရဲ့ အတွေးအမြင်လေး မျှဝေပေးပါရစေ။)

“ရဟန်းတစ်ပါးဟာ ပစ္စည်း(၄)ပါးကို အဓိကထားရှာရင် ပစ္စည်း(၄)ပါးလည်း မရဘူး။ တရားလည်းမရဘူး။”

“ရဟန်းတစ်ပါးသည် တရားကို အဓိကထားရှာရင် ပစ္စည်း(၄)ပါးလည်း ရသည်။ တရားလည်းရသည်။”

ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး က ဒကာ၊ဒကာမ အလုပ်တွေပါ။
စာချတဲ့ သံဃာတော်က စာဘဲ့ချ၊ တရားကျင့်တဲ့ သံဃာတော်က တရားဘဲ့ကျင့် သေတဲ့အထိအဲဒီ အလုပ်ဘဲ့ လုပ်ကြပါ။ စာလုပ်တယ်ဆိုတာ တရားကျင့်တာပါဘဲ့ အတူတူပါ။

*ရဟန်းလောကက ပိုအရေးကြီးပါတယ်*

အရှင်ဘုရားတို့ -
"လူတွေဆိုတာက မြေပြင်ပေါ် လမ်းလျှောက်တာနှင့်တူတယ်"

"ရဟန်း၊သံဃာဆိုတာက သစ်ပင်ပေါ် လမ်းလျှောက်တာနှင့်တူတယ်"

မြေပြင်ပေါ် လမ်းလျှောက်တဲ့သူက လဲကျရင် အနည်းဆုံးပွန်းရုံပဲ့ရုံပါဘဲ။
သေလောက်အောင် မဖြစ်ပါဘူး။
သစ်ပင်ပေါ် လမ်းလျှောက်ပြီး ချော်ကျရင်
ခြေကျိုးလက်ကျိုး ဘဝပျက်ပြီး သေနိုင်သကဲ့သို့ 
လူ့လောကမှာ ကိုယ့်လုပ်စာကိုယ်စားပြီးတော့
မဟုတ်တရုတ်နေတဲ့ပုဂ္ဂိုလ်က ခံရလည်း အတော်အသင့်ဘဲ
ကိုယ့်လုပ်စာ ကိုယ်စားတာကိုး။

ရဟန်း၊သံဃာများကျတော့ သင်္ကန်းးဝတ်တဲ့ အချိန်ကစပြီး ဒကာ၊ဒကာမ လုပ်စာ စားရတာပါ။ ဒါကြောင့် ရဟန်း၊သံဃာများကျတော့ ပိုပြီးကိုယ့်ဟာကိုကြည်ညိုအောင်နေကြရတယ်။ ကိုယ့်ဟာကို မကြည်ညိုမိလို့ အပ္ပါယ်ကျရင် လူတွေထက်(၂)ဆ ခံရပါတယ်။ သူများ
ဟာတွေစား သူများဟာတွေ ဝတ်ထားလို့ ပါ။
(မေတ္တာရှင် ရွှေပြည်သာ)

Credit - ပရ ဟိတ ဒကာလေး

Shared from နှလုံးသားအာဟာရ (FB)

Monday, June 17, 2013

စစ်မှန်တဲ့ ချစ်ခြင်း



သူ့အသက်က ၅၅နှစ်၊ သူ့နာမည်က Tony Leung (Tony Leung Ka Fai- 梁家輝)၊ အလုပ်အကိုင်က ဟောင်ကောင်နာမည်ရ ရုပ်ရှင်မင်းသား။
သူနာမည်မရခင်က စီးပွားရေးမပြေလည်ခဲ့ဘူး။ အဲဒီမှာ မိန်းကလေးတစ်ယောက်နဲ့သူ မြင်မြင်ချင်းချစ်ခဲ့ကြတယ်။သူစလုပ်နေတဲ့ သရုပ်ဆောင်အလုပ်ကို အဲဒီမိန်းကလေးက အားပေးကူညီခဲ့တယ်။ နောက်တော့ သူတို့မင်္ဂလာဆောင်ကြတယ်။ မင်္ဂလာဦးနေ့မှာ သူ့တစ်ကိုယ်လုံး ပိုက်ဆံ ၈ဝဝဝပဲရှိခဲ့တယ်။ "ငါ့ကိုယူလိုက်လို့ နင်နောင်တမရဘူးလား"လို့ မိန်းကလေးကို သူမေးတယ်။ မိန်းကလေးက "ငါနောင်တမရဘူး... အိမ်ထောင်ကျပြီးတဲ့နောက် နင်ငါ့ကို ဘယ်တော့မှ စိတ်ထိခိုက်ဝမ်းနည်းစေမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"လို့ ရိုးရိုးရှင်းရှင်းတစ်ခွန်းပဲ ပြန်ဖြေခဲ့တယ်။

အဲဒီစကားကို သူ့နှလုံးသားထဲ စွဲစွဲမြဲမြဲမှတ်သားထားခဲ့မိတယ်။ ငါ့ကိုယုံကြည်တဲ့ မိန်းကလေးကို နောက်နောင် ဘယ်လိုအခြေအနေရောက်ရောက် ငါသစ္စာမဖောက်ဘူး၊ လက်တွဲမဖြုတ်ဘူးလို့ သူ့စိတ်ထဲ သံဓိဋ္ဌာန်ချခဲ့တယ်။

အဲဒီလိုနဲ့ သူတို့မှာ အမွှာသမီးလေးနှစ်ယောက်ထွန်းကားခဲ့တယ်။ သူ့ရဲ့ကြိုးစားမှု၊ မိန်းမရဲ့အားပေးဖေးမမှုတွေကြောင့် သူဟာ နာမည်ကြီးမင်းသားတစ်ဦး ဖြစ်လာခဲ့ပြီး ဆုတွေအမြောက်အများ ပိုင်ဆိုင်လာခဲ့တယ်။ နာမည်ရပြီး သူချောသထက်ချော၊ ခန့်သထက်ခန့်လာချိန် သူ့မိန်းမက အိုစာသထက် အိုစာလာခဲ့တယ်။
ငယ်ရွယ်စဉ်က အချောအလှစာရင်းဝင်ခဲ့တဲ့ သူ့မိန်းမဟာ အခုချိန်မှာ ပုံပျက်ပန်းပျက်၊ ဝဝတုတ်တုတ်၊ မပြင်မဆင်တတ်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် မိန်းမရဲ့အပြင်ပန်းသဏ္ဍာန်က သူ့အချစ်ကို စိတ်မပျက်စေခဲ့ပါဘူး။ ဘယ်သွားသွား ဘယ်လာလာ လူပုံအလယ်မှာ မိန်းမလက်ကို သူရဲရဲတွဲပြီး သွားလာခဲ့ပါတယ်။ နာမည်ကြီးမင်းသားမို့ လူတွေက သူနဲ့သူမိန်းမကို အမျိုးမျိုးဝေဖန်၊ အမြင်တိမ်းကြပေမယ့် သူက "ကျွန်တော်မိန်းမက မိန်းမချောပါ။ အခုလည်း ကျွန်တော့်မျက်စိထဲမှာ သူချောတုန်း၊ လှတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမပါ။ သူ့ရဲ့ကောင်းကွက်တွေက ကျွန်တော်ရဲ့ကောင်းကွက်တွေကို လှုံ့ဆော်ပေးခဲ့တာပါပဲ။ သူမရှိရင် ချစ်စရာကောင်းတဲ့ ကျွန်တော်သမီးလေးနှစ်ယောက်လည်း ရှိမှာမဟုတ်သလို ဒီကနေ့လိုအောင်မြင်တဲ့ ကျွန်တော်လည်းရှိမှာမဟုတ်ပါဘူး။ သူဟာ ကျွန်တော့်ရဲ့ချစ်သူ၊
ကျွန်တော့်ရဲ့မိန်းမ၊ ကျွန်တော့်ရဲ့ကျေးဇူးရှင်ပါ"လို့ ပြောခဲ့ပါတယ်။ လူအများကတော့ ဒီလိုယောက်ျားမျိုးကို ပိုင်ဆိုင်ထားတဲ့ သူ့မိန်းမကို အားကျခဲ့ကြပါတယ်။

စစချင်းနှစ်တွေမှာ လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တွယ်တာတာဟာ "အချစ်"ဖြစ်တယ်။
အဲဒီနောက် ၈နှစ် ၁ဝနှစ်ကျော်ကြာတဲ့အခါ အဲဒီအချစ်က မိသားစု "သံယောဇဉ်"အဖြစ်ပြောင်းသွားတယ်။
တကယ်လို့ နောင်အနှစ် ၃ဝ၊ ၄ဝမှာ သူ့လက်ကိုမြဲမြဲတွဲထားနိုင်သေးရင် ဒါဟာ တကယ့် "အချစ်စစ်"ဖြစ်တယ်။

Shared from Nine Nine Sanay (FB)

Friday, June 14, 2013

ဆင်ခံမြင်းခံဘုရားပြဿနာ

တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူ ကို ကုလားလူမျိုးတစ်ဦးက လာလှူ၏။

ရုပ်ပွားပုံကား ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံဖြစ်၏။

ဆူးလေဘုရား ဂေါပဂအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တစ်ခါမှ မတွေ့ဖူးသဖြင့်

ဘုရားပေါ်တွင် အပူဇော်ခံ ထားသင့်/မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏။

ထို့ကြောင့် ဆူးလေစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏။

ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြဝါဒါစရိယ ဆရာတော်တစ်ပါးပင် ဖြစ်၏။

ကျန်ဆရာတော်များက

‘အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်ခံဘုရား၊ မြင်းခံဘုရားတို့တောင် ရှိနေပြီဟာပဲ၊

အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်းမဟုတ်တော့ပါဘူး’ ဟု မိန့်တော်မူကြ၏။

ဖျာပုံတိုက်သစ်ဆရာတော်က ကျန်းဂန်နှံ့စပ်တော်မူလှသည့်အပြင်

စာရေးဆရာတိုင်း လက်မလွှတ်တမ်း အသုံးပြုနေရသည်

သုတေသန သရုပ်ပြအဘိဓာန် ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာဘိဝံသထံသို့

ရဟန်းပရိတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်လို ရောက်သွားကြ၏။

ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏။

“ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်။

ပိဋကိတ်သုံးပုံ၊ နိကာယ်ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင် စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။

မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင် ဝေးဝေး

ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီတယ်ဆိုရင် ခြေလျှင်ကြွတာပဲများပါတယ်။

ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူး ဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ ကြွပါတယ်။

ကောက်

တိရစ္ဆာန်ပေါ်ကို တက်စီးဖို့ မပြောနဲ့။ တိရစ္ဆာန် ကထားတဲ့ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ်။

မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ်။

ဒီလို အာပတ်ပညတ်ပြီး တားတော်မူရတာက သတ္တဝါအား လုံးပေါ်မှာ အညီအမျှထားတော်မူတဲ့

‘မဟာကရုဏာတော်’ ကြောင့်ပဲဖြစ်တယ်။ ရိုးရိုးကရုဏာမဟုတ်ပါဘူး။

မဟာတပ်ထားတဲ့ ‘ကြီးကျယ်တဲ့ ကရုဏာ’ ပါ။

ဒီမဟာ ကရုဏာကြီးကြောင့်ပဲ လေးအင်္ချေကမ္ဘာတစ်သိန်း ကြာအောင် အဆင်းရဲအပင်ပန်းခံပြီး

ပါရမီတော်တွေကို ဖြည့်ဆည်းတော်မူခဲ့တာပါ။

ဒီမဟာကရုဏာတော်ကြီးကို အလေးဂရုမပြုလို့ မရပါဘူး။

တိရစ္ဆာန်စီးနေတဲ့ပုံတော်တွေကို ထုလုပ်ရေးဆွဲခြင်းအားဖြင့်

မြတ်စွာဘုရားရဲ့ သတ္တဝါတိုင်းအပေါ်ထားတဲ့ မဟာကရုဏာတော်ကို ထိခိုက်စော်ကားရာ ရောက်ပါတယ်။

ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကို ကြည့်ပြီး

‘ဗုဒ္ဓဟာ သတ္တဝါအားလုံးအပေါ်မှာ သနားကရုဏာရှိတယ်လည်း ပြောသေးတယ်၊ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား’ ဆိုတဲ့ မေးခွန်းမျိုးနဲ့ ထောက်ပြလာနိုင်ပါတယ်။

ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင်

နောင် အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊ သမင်ခံတဲ့ရုပ်ပွားမျိုးတွေ အတော်မသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံတဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံမထားဖို့ ပြောကြားလိုက်ပါတယ်။

ဆရာတော်၏ သဘာဝကျလှသော သြဝါဒကြောင့်

ဂေါပဂလူကြီးများသည် ဥဒေါင်းကိုဖယ်ထားပြီး ရုပ်ပွားတော်ချည်း သက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။


***ကောက်နုတ်ချက် ***

မေတ္တာရှင်(ရွှေပြည်သာ)

ထေရဝါဒမှတ်ကျောက် (နှာ- ၂၄~၂၆) မှ ကောက်နုတ်ရေးသားပါသည်။

Shared from ထေရ၀ါဒ ရနံ့ (FB)

သာသနာပြုကြရာတွင် အတုယူလိုက်နာသင့်သော မိဂဒါဝုန်တွင် မြတ်စွာဘုရား အသုံးချခဲ့သော 'မူ' (အရှင်သေဋ္ဌိလာဘိဝံသ ဆရာတော်ကြီး)

“သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားအောင်လုပ်တာပဲ၊ အရေးကြီးတာက ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားစေချင်ရင် သူ့ဝါဒဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို သူတို့ရဲ့ မိရိုးဖလာအယူဝါဒ ဓလေ့ထုံးဆိုတာရှိတယ်။ ဒါတွေကို ‘အလကား မိစ္ဆာဝါဒတွေ၊ ရူးကြောင်ကြောင် အလုပ်တွေ’ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။

မြတ်စွာဘုရားပွင့်တော်မူလာတဲ့အချိန်က မဇ္ဈိမဒေသဆိုတဲ့ အိန္ဒိယမှာဝါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ရှုပ်ကို ထွေးနေတာပေါ့၊ ဒီကြားထဲမှာ ဘုရားရှင် ဘယ်လို သာသနာပြတော်မူသွားတယ် ဆိုတာ မျက်ခြည်မပြတ်စေနဲ့၊ လေ့လာရတယ်၊ အတုယူရတယ်၊ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က ဘုရားကို အတူယူ ကျင့်သုံးမှာပေါ့၊ အရှင်ဘုရားတို့ သိက္ခာပုဒ်တွေထဲမှာ မြတ်မနုတ်ရ၊ သစ်ပင်မခုတ်ရဆိုတာမျိုးတွေ တွေ့တယ် မဟုတ်လား”

“ဒါတွေဟာ လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ ဘာရှိလို့တုန်း၊ ဒါပေမယ့် မြတ်စွာဘုရားက “အဲဒါတွေ မလုပ်ရလို့” ဘာလို့ ပညတ်ထားသလဲ၊ အကျိုး မရှိဘဲနဲ့ မပညတ်ဘူး။ အကျိုးရှိလို့ ပညတ်တာ၊ အဲဒီခေတ်မှာဖြစ်တယ် တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲတစ်ခုက “သစ်ပင်ကိုခုတ်ထစ်တာဟာလည်း ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တဝါကို ညှဉ်းဆဲတာပဲ” လို့ မှတ်ကြတာ” (ဣနြေ္ဒ = အသက်)။

“အဟိံသာ ပရမော ဓမ္မော မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရားဆိုတာ ဒီလိုအယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့၊ ဒါကိုဖောက်ဖျက်ကျူးလွန်ရင် လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး၊ ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ မကျယ်ပြန့်သေးဘဲ မထိရောက်သေးဘဲ သူ့များဝါဒနဲ့ ဆန့်ကျင်ဘက်လုပ်လိုက်ရင် ကိုယ့်စကားကို နားထောင်မယ်သူတောင် ရှိမှာ မဟုတ်လို့ သစ်ပင်မခုတ်ဖို့ ဗုဒ္ဓက ပညတ်တော်မူတာ၊ ဒီလို ပညတ်လို့ ကိုယ့်ဝါဒမှာလည်း ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး၊ ဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်”

“ဝေဖန်တယ် ပိုင်းခြားတယ်ဆိုတာဟာ အဘိဓမ္မာတစ်ရပ်ကို တင်ပြတာပဲ၊ အဲဒီတော့ အမှန်နဲ့ အစားထိုးပြနိုင်မှ အသက်ဝင်တာ၊ အသက်ဝင်မှလည်း အသက်ရှင်တယ်၊ ဗုဒ္ဓဝါဒ ဒီနေ့ထိအသက်ရှင်နေတာဟာ မိဂဒါဝုန်မှာ မြတ်စွာဘုရားရဲ့ တရားဦးဖြစ်တဲ့ ဓမ္မစကြာကို လေ့လာကြည့်မယ်ဆိုရင် ပထမ အစွန်းတရားနှစ်ပါး ဆိုတဲ့ အမှားနှစ်မျိုးကို ထောက်ပြတယ်၊ ပြီးတော့ အဲဒီအမှားကို မဇ္ဈိမပဋိပဒါဆိုတဲ့ အမှန်နဲ့ အစားထိုးပေးတယ်”

“ဒါကြောင့်လည်း ဗုဒ္ဓအဘိဓမ္မာဟာ ဒီနေ့အထိ ဘယ်ပညာရှင်ကမှ ငြင်းပယ်လို့ မရနိုင်တဲ့ အမှန်တရားအဖြစ် ရပ်တည်နေနိုင်တာပါ၊ မြတ်စွာဘုရား မပွင့်ခင်က ဝါဒတစ်ခုပေါ်လိုက်၊ အဲဒီဝါဒကို နောက်ပုဂ္ဂိုလ်က အမှားလို့ ဝေဖန်လိုက်၊ ပြီးတော့ ခုခံသူက ပြန်ခုခံလိုက်နဲ့ ဝါဒတွေဟာ လုံးချာလိုက်နေတာပဲ ဘယ်သူ့ဝါဒ အမှန်ဆိုတာတော့ ဘယ်ပညာရှင်မှ အတိအကျမဆုံး ဖြတ်နိုင်ခဲ့ဘူး၊ မှားတယ်လို့ ပြောဖို့ဆိုတာက လိုအပ်ချက်တွေကို ပေးစွမ်းနိုင်မှုမရှိရင် ဒါဟာမှားနေတယ်၊ မမှန်ဘူးလို့ ပြောနိုင်တာပဲ၊ ဝါဒတစ်ခု ပေါ်ပေါက်တယ်ဆိုတာကလည်း လောကရဲ့ ဒုက္ခကို ကုစားဖို့ ပေါ်လာရတာကိုး၊”

“ဒီဒုက္ခကို တကယ်ပျောက်ကင်းအောင် ကုစားမပေးနိုင်ဘူးဆိုရင် ဒါကိုမှားတယ်လို့ ဘယ်သူမဆို ပြောနိုင်တာပဲ” ဒါဖြင့် ဘာက မှန်သလဲလို့ ပြန်ပြီး မေးခွန်းထုတ်တဲ့အခါကျမှသာ ကိုယ်က အစားထိုးမပြနိုင်တာ။ မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး၊ အမှားကိုလည်း ထောက်ပြတယ်၊ အမှန်နဲ့လည်း အစားထိုးနိုင်တယ်၊ ဒီအမှန်ကလည်း ဒုက္ခငြိမ်းမှုကို ပေးစွမ်းနိုင်လို့ လောကရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်၊ ဒါကြောင့် အသက်ဝင်ပြီး အသက်ရှင်နေတာပေါ့”

“သူ့လက်ထဲမှာ ဝတ်ထားတဲ့ ချက်ကျောက်ကြီးကို ဒါအတုကြီးပဲ ဆိုပြီး ဆွဲမချွတ်လိုက်နဲ့၊ သူများလှတာ မနာလို လို့လားဆိုပြီး လက်ကို ပုတ်ချလိမ့်မယ်၊ ကိုယ့်မှာရှိတဲ့ စိန်အစစ်ကို လက်တွေ့ပြ၊ ဒါ စိန်အစစ်ပဲလို့ သူနားလည်အောင် ပြောပြနိုင်ရင် သူ့လက်က စိန်အတုကြီးကို သူကိုယ်တိုင် ချွတ်ပြီးလွှင့်ပစ်လိမ့်မယ်၊ အဲဒါကြောင့် သူများ အမှားကို ပယ်ပယ်နယ်နယ်ကြီး အပုပ်ချသလို ပြောနေမယ့် အစားကိုယ်ပြောမယ့် အမှန်တရားကိုသာ အများနားဝင်အောင် ရေရေလည်လည် ပြောပြဖို့ အရေးကြီးတယ်၊ ဒါဟာ မိဂဒါဝုန်မှာ မြတ်စွာဘုရား အသုံးချခဲ့တဲ့မူပဲ”

(မှတ်ချက်)

ကမ္ဘာ့ဗုဒ္ဓ သာသနာပြု ဆရာတော် အရှင် သေဋ္ဌိလာဘိဝံသ

၁၃၃၇ ခုနှစ်ခန့်က ဒေးဒရဲမြို့၊ ကွင်းချောင်း ကျောင်းတိုက်အတွင်း

အရှင်အာဒိစ္စဝံသ ဆရာတော်ကြီး အထိမ်းအမှတ်ပွဲတွင် ကြွရောက်လာသော သံဃာတော်တို့အား ချီးမြှင့်သော သြဝါဒဖြစ်သည်။


ကောက်နုတ်ချက်

~~~~~~~~~~

မေတ္တာရှင် (ရွှေပြည်သာ)

ဆရာကောင်းကို ရှာဖွေခြင်း - မှ ကောက်နှုတ်ပူဇော်ပါသည်။
" ထေရဝါဒ ရနံ့ " မှ ပြန်လည်ရေးသားပူဇော်ပါသည်။


Firday, June 14, 2012 
12:17 pm

Shared from ထေရ၀ါဒ ရနံ့ (FB)

တစ်ဘက်မြင်များ (ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဆရာတော်ကြီး - နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ)

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ဖူးတာရှိတယ်။ သူက ဘက်စုံမကြည့်လို့ရှိရင် အမှန်မသိတဲ့အကြောင်းလေး။ ပြဿနာတိုင်းမှာ(၂)ဘက် ရှိတယ်တဲ့၊ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကလေးတစ်ခုပေါ့၊ တောင်တုန်းလေးတစ်ခုပေါ်မှာ စားသောက်ဆိုင်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်။ အဲဒီဆိုင်လေးမှာ တောင်က လာတဲ့လူပဲဖြစ်ဖြစ်၊ မြောက်က လာတဲ့လူပဲဖြစ်ဖြစ် ၀င်ပြီးနားကြတယ်။ လမ်းကြီးက တောင်မြောက်ဖောက်ထားတယ်။ အဲဒီတုန်းကလူတွေ မြင်းစီးတဲ့ခေတ်ဆိုတော့ မြင်းစီးပြီးတော့ သွားကြ လာကြတယ်။ ခြောက်လုံးပူး ခါးချိန်တဲ့ခေတ် မဟုတ်ဘူး၊ ဓားလွယ်, လွယ်တဲ့ခေတ်။

အဲဒီတုန်းကမြောက်ဘက်က လူကြီးတစ်ယောက် ဓားလွယ်နဲ့ မြင်စီးပြီးတော့ လာတယ်။ တောင်ဘက်က လူတစ်ယောက်ကလည်း မြောက်သွားဖို့ မြင်းစီးပြီး လာတယ်။ အဲဒီတောင်ကုန်းလေးကျတော့ ခဏနားကြတယ်၊ တောင်ကုန်းပေါ်အတက်ကလေးမှာ နှစ်ယောက်သား မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။ စားသောက်ဆိုင်လေးထဲ ၀င်ပြီးနားကြမယ်ပေါ့။

အဲဒီမှာ မြောက်ဘက်ကလာတဲ့ လူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်လိုက်တဲ့အခါကျတော့ သူက ဘာတွေ့တုန်းဆိုရင် ရွှေခြင်္သေ့ရုပ်ကလေးကို တွေ့တယ်။ တွေ့တော့ သူက သြော် ရွှေခြင်္သေ့ စားသောက်ဆိုင်ပဲလို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အချိန် တောင်ဘက်ကလူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်ပြီး မိတ်ဆွေ ခင်ဗျား မှားနေပြီ၊ ရွှေခြင်္သေ့စားသောက်ဆိုင် မဟုတ်ဘူးဗျာ့။ ငွေခြင်္သေ့စားသောက်ဆိုင်ပါ။

ဒီတော့ မြောက်ကလာတဲ့လူက ခင်ဗျားက ကျုပ်ကို ရွှေနဲ့ငွေ မကွဲဘူးလို့ ပြောချင်တာလား တဲ့။ မကျေနပ်တဲ့အသံနဲ့ မေးတယ်။ ဟိုလူက ခင်ဗျား မှားနေတာပါ။ ရွှေခြင်္သေ့မဟုတ်ဘူး၊ ငွေခြင်္သေ့ပါလို့ ထပ်ပြောတယ်။ အဲဒီ ခေတ်ကတစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ရင် ဓားချင်းယှဉ်ခုတ်တဲ့ခေတ်။ အချင်းများကြတယ်။ ပထမလူက သူ့ကို ဒီလောက် အထင်သေးရမလား ဆိုပြီးတော့ ဓားဆွဲထုတ်တယ်၊ ဒုတိယလူကလည်း ဓားဆွဲထုတ်တယ်။ ပြီးတော့ ဓားချင်း ယှဉ်ခုတ်ကြတယ်။ တချွမ်ချွမ်နဲ့၊ အဲဒီနေရာမှာ နှစ်ယောက်စလုံး တစ်ဘက်မြင်နဲ့ ဆော်ကြတာလေ။

အငြင်းပွားပြီး ဓားချင်း ဆွဲခုတ်နေကြတုန်း အသံတစ်သံ ထွက်ပေါ်လာတယ်၊ ရပ်လိုက် ဆိုတဲ့ အမိန့်ပေးသံ၊ သူတို့ နှစ်ယောက်စလုံး ကြားတယ်။ သူတို့ အံ့အားသင့်ပြီး ရပ်လိုက်ကြတယ်။ အသံရှင် နတ်သမီးလေး ရုတ်တရက်ပေါ်လာပြီး ရှင်တို့ ဘာလုပ်နေကြတာတုန်းလို့ မေးလိုက်တယ်။ တို့ဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ပြောကြတယ်။ တကယ်တော့ သူတို့အမှန်တရားကို ပြည့်ပြည့်စုံစုံမြင်ကြတာ မဟုတ်ဘူး။ ကိုယ်မြင်တာ အမှန်လုပ်ပြီး တိုက်ပွဲဝင်နေတာနော်။

ကဲ . . . ပြောပါဦး ဆိုတော့ မြောက်ဘက်မှ လာတဲ့သူက ပြောတယ်၊ ငါက ရွှေခြင်္သေ့လို့ပြောတယ်။ ဒီလူက ငွေခြင်္သေ့တဲ့၊ ဒီလူက ငါ့ကို ရွှေနဲ့ငွေမကွဲဘူးလို့ ပြောချင်တယ်။ ဒါ့ကြောင့် ငါက အမှန်တရားအတွက် တိုက်ပွဲဝင်နေတာ၊ ဒီတော့ အဲဒီနတ်သမီးက မြောက်ဘက်က လာတဲ့ လူကြီးမင်း တောင်ဘက်သွားပြီးကြည့်ပါ၊ တောင်ဘက်ကလာတဲ့ လူကြီးမင်းက မြောက်ဘက်ကို သွားကြည့်ပါဦးလို့ ပြောလိုက်တယ်။ ရွှေတစ်ဖက် ငွေတစ်ဖက် လုပ်ထားတာကိုး။

ခြင်္သေ့ရုပ်လေးက ဟိုဘက်က ရွှေ၊ ဒီဘက်က ငွေ၊ နှစ်ယောက်စလုံးမှန်တယ်။ နှစ်ယောက်စလုံး မှားနေကြတယ်။

ဆိုလိုတာက တစ်ဘက်ပဲ သိတယ်။ အကုန်လုံးမသိဘူး။ ဒီပုံပြင်လေးက တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အလွန်မှတ်သားစရာ ကောင်းတယ်။ တစ်ပိုင်းတစ်စ အမြင်လေးနဲ့ ပြည့်စုံတယ်မထင်နဲ့။

မြတ်စွာဘုရားက နာနာတိတ္ထိယသုတ်မှာ ဟောတယ်။

“၀ိဂ္ဂယှ နံ ၀ိဝဒန္တိ၊ ဇနာ ဧကင်္ဂဒဿိနော” အေး . . . လူတွေဟာ တစ်ပိုင်းတစ်စကိုသာ သိပြီး၊ ဆုပ်ကိုင်ထားပြီး အငြင်းပွားနေကြတယ်။ ကိုယ်သိတာလေးကို ဆွဲကိုင်ပြီး အငြင်းပွားနေကြတယ်တဲ့။ အကုန်သိအောင် လုပ်ရမယ်။

အကုန်သိရင် အငြင်းပွားစရာ မရှိတော့ဘူးလေ။

ဒီသုတ်ထဲမှာ မျက်မမြင်သူကန်း ဆင်စမ်းပြီး ဆင်သရုပ်ဖော်ခြင်းဆိုတဲ့ ပုံဝတ္ထုလေး ပါတာကို တွေ့ရတယ်။

လောကီစာအုပ်တွေထဲမှာလည်း မျက်မမြင် ပုဏ္ဏား(၆)ယောက်အကြောင်း ရေးထားကြတယ်။

အဲဒီပုံပြင်က ဘယ်က စ လာတာလဲ မသိဘူး။ အိန္ဒိယ ဟိန္ဒူဘာသာဖြင့် ရေးထားတဲ့ စာအုပ်မှာတွေမှာလည်း ပါတာပဲ၊ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေမှာလည်း ပါတာပဲ၊ မြန်မာလိုလည်း ပြန်ရေးကြတယ်။ ထူးထူးဆန်းဆန်း မြတ်စွာဘုရားဟောတဲ့ သုတ္တန်ထဲမှာလည်း တွေ့တယ်။ မြတ်စွာဘုရားဟောတဲ့ ဥဒါန်းပါဠိတော်မှာ နာနာတိတ္ထိယသုတ် ဆိုတာ ရှိတယ်။ တိတ္ထိအမျိုးမျိုး အကြောင်းကို ဟောထားတာ။ အဲဒီ နာနာတိတ္ထိယ သုတ်မှာ မျက်မမြင်ပုဏ္ဏား (၆)ယောက်တော့ မဟုတ်ဘူး၊ (၉)ယောက်၊ (၉)ယောက် ဆိုတာ လူကို ပြောတာမဟုတ်ဘူး၊ မျက်စိမမြင်တဲ့ သူတွေကို အုပ်စု (၉)စုခွဲကာ ဆင်ကို စမ်းကြည့်စေပြီး ဆင် သရုပ်ဖော်ခိုင်းတာ။

အဲဒီဇာတ်လမ်းက ဘုရားဟောတဲ့ သုတ္တန်မှာ ဘယ်လိုပြထားသလဲဆိုရင် -

သာဝတ္ထိပြည်က ဘုရင်ကြီးဟာ တစ်ခါတလေ အပျင်းဖြေတဲ့ သဘောပေါ့၊ ရယ်စရာ လုပ်တယ်။

ဘာလုပ်တုန်းဆိုတော့ သာဝတ္ထိ ပြည်မှာရှိတဲ့၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူအားလုံး ဆင့်ခေါ်ခိုင်တယ်။

နန်းရင်ပြင်မှာ စုစေတယ်။ မျက်စိမမြင်တဲ့လူတွေ အများကြီးပဲ ရောက်လာကြတယ်။

ရောက်လာတဲ့အခါ (၉)စုခွဲလိုက်တယ်။ ခွဲပြီးတဲ့အခါ ကျတော့ ဘုရင်က ၀န်းထမ်းတွေကို အမိန့်ပေးတယ်။

အဲဒီ (၉)စုကို တစ်စုစီ ခွဲပြီး တစ်မျိုးစီ ဆင်ကို ပြစေတယ်၊ ဆင်ဆိုတာ ဘယ်လိုလဲ၊ တချို့ကို ဆင့်ခြေထောက်ကို ကိုင်စမ်းပြီးပြတယ်။ တချို့ကို အမြီးကို ကိုင်စမ်းပြတယ်၊ တချို့ကို နှာမောင်းကို ပြတယ်၊ တချို့ကို အစွယ်ကို ပြတယ်၊ တချို့ကို ကိုယ်လုံးကို ပြတယ်၊ အဲဒီလို ခွဲပြီးပြတယ်၊ အမြီးမှာလည်း မြီးဆံလေးကို ပြတယ်၊ တချို့ကို မြီးထူးရိုးကိုပြတယ်။ ခွဲပြီးတော့ ပြခိုင်းတယ်။

အုပ်စုလိုက် ပြပြီးပြီဆိုတဲ့အခါကျတော့ ဘုရင်ကြီးက ရှေ့တော်သွင်းတယ်၊ ဘုရင်ကြီးက မေးတယ်။

မောက်ကန်းတို့၊ မင်းတို့ ဆင်မြင်ကြပြီလား။

ဘုန်းတော်ကြောင့် မြင်ရပါပြီ တဲ့။

ကဲ . . . နံပါတ်တစ်အုပ်စုက ဆင်ဆိုတာ ဘယ်လိုဟောလဲ၊ ပြောပြစမ်းလို့ ဘုရင်ကြီးကမေးတယ်။

သူတို့ကို ပြထားတဲ့အတိုင်း သူတို့ပြောတာပေါ့။

ဆင့်ကိုယ် စမ်းထားတဲ့လူစုက ဆင်ဆိုတာ အုတ်နံရံကြီးလိုပဲတဲ့။

ကျန်တဲ့သူတွေကလည်း ဟိုကြည့် ဒီကြည့်ပေါ့။ မြင်တော့ မမြင်ရဘူးပေါ့။ အံ့သြတယ်။

ငါတို့တွေ့တာ အုတ်နံရံကြီးလို မဟုတ်ပါဘူး၊ တုတ်ချောင်းကြီးလိုပါ။ ဘာလို့လဲဆိုတော့ အစွယ်ပြထားတာကိုး။

မြီးဆံပြထားတဲ့လူက တံမျက်စည်းလိုဟာကြီးပါ။ ခြေထောက် ပြထားခြင်းခံရတဲ့ လူကလည်း ဆင်ဆိုတာ တိုင်လိုကြီးပါတဲ့။

သူတို့အချင်းချင်း တစ်ခုနဲ့တစ်ခု မကျေမနပ် ဖြစ်နေကြတယ်။ ဆင်ဆိုတာ နံရံကြီးလိုဆိုတော့ တံမျက်စည်းလို ထင်တဲ့ကောင်က

ဟာ . . . မင်းမှားနေတယ်။ ငါတွေ့တာက တံမျက်စည်းလိုပဲ။

ဆင့်ခြေထောက် စမ်းတဲ့ လူကလည်း

ဟ . . . ဆင်ဆိုတဲ့ အကောင်က အဲဒီလိုမဟုတ်ဘူးတဲ့၊ တိုင်ကြီးလိုပဲ။

နားရွက်စမ်းတဲ့ကောင်က ဆင်ဆိုတာ ပြားချပ်ကြီး၊ ယပ်တောင်ကြီးလိုပဲ ပြောတယ်။

ပြောရင်း ပြောရင်း အုပ်စုချင်း ငြင်းခုံကြ၊ ရန်ဖြစ်ကြပြီး ထသတ်ကြတယ်။

အဲဒီအခါမှာ ဘုရင်ကြီးက သဘောကျလွန်းလို့ ဟားတိုက်ပြီး ရယ်သတဲ့။ အတော် ကမြင်းတဲ့ ဘုရင်ပေါ့နော်။

အဲဒီမှာ မြတ်စွာဘုရားက မျက်မမြင်သူကန်းတွေဟာ ကိုယ်မြင်တဲ့အပိုင်းလေးကို ဟုတ်လှပြီဆိုပြီး အခုလို အငြင်းပွားနေကြသတဲ့။ အားလုံးပေါင်းလိုက်ရင် ဆင်ဆိုသည်မှာ ဒါတွေ အားလုံးရှိတယ်ဆိုတာ သူတို့ လက်ခံမယ်ဆိုလို့ရှိရင် သူ့ဟာလည်း လက်ခံမယ်၊ ငါ့ဟာလည်း လက်ခံမယ်၊ အားလုံးကို လက်ခံလိုက်ရင် ဆင်သရုပ် ပေါ်လာမှာပါတဲ့၊ မြတ်စွာဘုရားက မိစ္ဆာ၀ါဒဟာလည်း ဒီအတိုင်းပဲ၊ ခြုံငုံ မကြည့်ဘူး၊ စုံအောင် မကြည့်ဘူး၊ တစ်ဘက်အမြင်လေးနဲ့ အငြင်းပွားနေကြတယ် လို့ ဆိုလိုတယ်။

အေး . . . ဒါကြောင့်မို့ လောကမှာ မိစ္ဆာဝါဒ ဆိုတာ ခြုံငုံသုံးသပ်ခြင်း မရှိလို့ မှားယွင်းတဲ့ ၀ါဒမျိုး ဖြစ်တယ်။ တစ်ဘက်မြင်ကိုပဲ အစွဲအလမ်းကြီးပြီး ကိုယ့်ဘာသာကိုယ် ‘ဣဒမေ၀ သစ္စံ၊ မောဃမညံ’ = ငါ့ဟာသာ အမှန်၊ တခြားဟာ အလကား ဆိုတဲ့ ဆိုလိုချက်တွေနဲ့ ကိုယ့် philosophy ကိုသာ အဟုတ်ထင် စွဲကိုင်ထားပြီး သူများ philosophy ကိုတော့ ပယ်ချတယ်၊ ဒီလိုနဲ့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်။

အမှန်တရားဆိုတာ တစ်ခုတည်းသာရှိတယ်။

အဲဒီအမှန်တရားနဲ့ ပတ်သက်ပြီး သိလာလို့ရှိရင် ဘာမှအငြင်းပွားစရာ မရှိဘူး၊ အားလုံး အတူတူပဲ။

ကောက်နုတ်ချက်

***********

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး

နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ (စာ-၁၄၈-၁၅၅) - မှ ကောက်နှုတ်ပူဇော်ပါသည်။

"ထေရဝါဒရနံ့ " မှ ပြန်လည်ရေးသားပူဇော်ပါသည်။


Friday, June 14, 2012 1:30 pm

Shared from ထေရ၀ါဒ ရနံ့ (FB)

“စိတ်ဓါတ်ရင့်ကျက်လာဖို့”

(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..
တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။

(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..
ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။

(၃) ငါ သေရအုံးမှာ..
အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။

(၄) ငါဘာတွေတွေးနေလဲ?
ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး
ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။

(၅) ငါဘာကိုတန်ဖိုးထားတာလဲ?
အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?
စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?
ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)

(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာ
ဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။
သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။

သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့
ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။
သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။
အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲ
အရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။
အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်း
ဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။
ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။
နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။

ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…
အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။
တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။
တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။

ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။

“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။

“ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။

“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။

အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့်လုပ်ဖို့ရယ်ပါ..။

နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့............

ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ် (ဆရာတော်ဦးဇောတိက)။
ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။
ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။

“Change Your Thoughts and
You Change Your World…
Change Your Life
by Changing Your heart…”
နှလုံးသားအာဟာရ
၁၂.၆.၂၀၁၃
၅း ၁၇ pm

Shared from နှလုံးသားအာဟာရ (FB)

Saturday, June 8, 2013

နှစ်သက်မိသော စာလေးတစ်ချို့

၁) သူများ ကိုယ့်ကို ပစ်တဲ့ အုတ်ခဲတွေနဲ့ပဲ ကိုယ့်အတွက် ခိုင်မာတဲ့ အုတ်မြစ်ကို ချထားပါတယ်။

၂) ကိုယ့်အမှား ကိုယ့်အားနည်းချက် ကိုယ့်ချို့ယွင်းချက်တွေကို သိတဲ့သူ နည်းပါတယ်။ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို သိတဲ့သူလည်း နည်းပါတယ်။

၃) လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်တုန်းမှာ ဘာလုပ်သလဲ ဆိုတာကိုကြည့်ပါ။

၎) လကွယ်မရှိရင် လပြည့်ညဟာ ပျော်စရာ သိပ်ကောင်းမှာ မဟုတ်ဘူး။

၅) မိတ်ဆွေကောင်းတစ်ယောက် တိုးလာတာဟာ ကိုယ့်လောကကြီး ကျယ်လာတာနဲ့တူတူပဲ။

၆) အောင်မြင်မှုဆိုတာကို အခက်အခဲတွေ ကြားထဲမှာ ၀ှက်ထားတယ်။

၇) မဖြစ်မနေလုပ်မယ်ဆိုတဲ့ ဆုံဖြတ်ချက်ဟာ အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်တယ်။

၈) သဘောထားမှန်အောင် ထားနိုင်တာဟာ လွတ်လပ်မှုတစ်မျိုး။

၉) ဘ၀ဆိုတာ စွန့်စားခန်းပါ။ မစွန့်စားရင် ဘ၀မရှိဘူး။

၁၀) ဘာအခက်အခဲမှမရှိရင် သင့်မှာ အောင်မြင်ဖို့ အခွင့်အလမ်း ဘာမှမရှိဘူး။

၁၁) မှတ်ဥာဏ်ကောင်းရုံနဲ့ ပညာတတ်မဖြစ်ဘူး။ ဆက်စပ်ပြီး တွေးခေါ်စဉ်းစားတတ်မှ ပညာတတ်ဖြစ်မယ်။

၁၂) စိတ်ဓာတ်အင်အားကြီးမားတဲ့သူဟာ သူများကို အနိုင်မကျင့်ဘူး။

၁၃) တည်ငြိမ်အေးဆေးတဲ့ အမူအရာဟာ ဆွဲဆောင်နိုင်တဲ့ အင်အားရှိတယ်။

၁၄) အထင်ကြီးခံချင်လွန်းတဲ့သူဟာ မကြာခင်မှာ အထင်သေးခံရတတ်တယ်။

၁၅) အခက်အခဲဟာ ကိုယ့်အရည်အချင်းကို စိန်ခေါ်တဲ့အရာ ဖြစ်ပါတယ်။

၁၆) အပေါင်းအဖော်နဲ့ အချိန်များများ ဖြုန်းတဲ့သူဟာ လေးနက်တဲ့ ဘ၀ဦးတည်ချက်ကို မျက်ခြေပြတ်သွားမယ်။

၁၇) ကိုယ်မြင်ရတဲ့ လောကကြီးဟာ ကိုယ့်စိတ်ရဲ့ ရောင်ပြန်ဟပ်မှုပါပဲ။

၁၈) စိတ်ဓာတ်အင်အား ပျော့ညံ့တဲ့သူ၊ စစ်မှန်တဲ့ သတ္တိမရှိတဲ့သူဟာ သူတစ်ပါးကို အနိုင်ကျင့်တဲ့သူ ဖြစ်လာတယ်။

၁၉) ရှေ့ကို သုံးလှမ်းလှမ်းပြီး နောက်ကို နှစ်လှမ်းပြန်ဆုတ်တာဟာလည်း တိုးတက်မှုပါပဲ။

၂၀) ဒုက္ခဆိုတာ ကိုယ်သွားနေတဲ့လမ်းကို မီးမောင်းထိုးပြတာပါ။

၂၁) ဆုံးရှုံးမှုတွေကို လက်ခံနိုင်တာဟာ အောင်မြင်တဲ့ဘ၀ကို နေနိုင်ရေးမှာ အရေးပါတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။

၂၂) ဒီနေ့ကြုံနေရတဲ့ အခက်အခဲကို တစ်နေ့ကျရင် အားရပါးရ ပြန်ပြောလိမ့်မယ်။

၂၃) အနည်းဆုံး တစ်နေ့တစ်ခါလောက်တော့ အေးချမ်းတဲ့ စိတ်ကလေးနဲ့ နေနိုင်ဖို့လိုတယ်။ စိတ်ကိုအေးချမ်းစေမယ့်စာကို ဖတ်သင့်တယ်။ စိတ်ကြည်လင်အေးချမ်းမယ့်နေရာ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ လမ်းလျှောက်သင့်တယ်။ ခဏလောက်ဖြစ်ဖြစ် တရားအားထုတ်သင့်တယ်။

ဟိုး...အရင်က စုဆောင်းထားတာလေးတွေကို ပြန်လည်မျှဝေပါတယ်။ 
အေးချမ်းသော လမင်း
ဇွန်လ ၈ ရက် ၂၀၁၃ ခုနစ် (စနေနေ့)

Monday, June 3, 2013

ဝိပဿနာ ဘာဝနာကုသိုလ်၏ အကျိုးကျေးဇူးကြီးမားပုံ

ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။

၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား … ရှေးအခါက ဝေလာမအမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတော်ကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။

၂။ သာသနာပအခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၃။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူရသည်ထက် သောတာပန်တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၎။ သောတာပန်တစ်ရာကို ပေးလှူရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၅။ သကဒါဂါမ်တစ်ရာကို ပေးလှူးရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူရသည်က ပို၍ အကျိုး ကြီးမားသည်။

၆။ အနာဂါမ်တစ်ရာကို ပေးလှူရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၇။ ရဟ န္တာတစ်ရာကို ပေးလှူရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၈။ ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၉။ ဘုရားရှင်အားပေးလှူရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍ အကျိုးကြီးမားသည်။

၁၀။ ထို.ထက် မိမိကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်းက ပို၍အကျိုးကြီး၏။

၁၁။ ထို.ထက် မိမိကိုယ်တိုင် ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။

၁၂။ ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုးကြီး၏။

၁၃။ ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းက ပို၍ အကျိုးကြီးမား၏။ …

ဟူ၍ ဟောကြားတော်မူပေသည်။ ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ …

(၁)မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၂)မှ(၁၁) အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၁၂)မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃)မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။

သို.ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးက မြတ်သည်၊ သီလကုသိုလ်မျိုးထက် သမထဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထ ဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာ ကုသိုလ်မျိုးက မြတ်သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။ ဤသည်ကို သိရှိခြင်းဖြင့် ဝိပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။

(ရတနာဝါသဘုရားကျောင်း)

ဒီနေရာမှ ကူးယူမျှဝေပါသည်။

လေးစားစွာဖြင့် .... မောင်မြင့်


http://satekuupuyar.blogspot.com/2013/05/blog-post_5043.html


Shared from www.forverfriends.ning.com