(၁)
“ ရှင် မဟုတ်တာတွေ မပြောနဲ့”
သူမ အသံက ကြမ်းရှလွန်းတယ်။
“ငါ့ကို လာပြောတဲ့သူတွေက အသေအချာပြောတာ၊ မင်းမလိမ်ပါနဲ့”
“ဘာကိုလိမ်ရမှာလဲ”
ကိမိလ မြို့ပေါ်ရှိ အိမ်ကြီးပေါ်မှ တိုက်ပွဲခေါ်သံဟာ တဖြည်းဖြည်းပြင်းထန်၍ လာနေပေပြီ။
“ မင်းနဲ့ငါ အိမ်ထောင်ပြုလာတာလည်း ကြာပြီ၊ ကုသိုလ်ကောင်းမှုတွေကိုလည်း အတူလုပ်ခဲ့ကြတယ်၊
တစ်မြို့လုံးကလည်း ရိုသေလေးစားကြတယ်၊ အခု မင်းက အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတော့ မြို့မိ
မြို့ဖတွေ ကြားမှာ ငါ ဘယ်လိုမျက်နှာပြရမလဲ?
ယောင်္ကျားဖြစ်သူရဲ့ အသံကသစ္စာမဲ့ခံရသူတစ်ယောက်ဖြစ်ပေမယ့်လည်း သောတာပန် ဆိုတဲ့
ဂုဏ်ပုဒ်ကြောင့် တည်ငြိမ်တိုးလျမှုတွေ တသွင်သွင်စီးနေခဲ့တယ်။
“ ကျွန်မ အဲ့ဒီလောက် အောက်တန်းမကျဘူး”
သူမရဲ့ အော်ဟစ်သံကြောင့် အိမ်ဖော်ကောင်မလေးတွေပင် မျက်လွှာကိုပင့်မကြည့်ရဲ၊ အိမ်ကြီးရှင်
သခင်မလေး အသံက သူတို့ရဲ့ အသက်ရှုသံကိုပင် ပို၍ တိုးဝင်စေခဲ့လေပြီ။
“ ငါ မယုံဘူး”
“ ရှင် ယုံအောင် ကျွန်မ သစ္စာဆိုကျိန်ပြရမှာလား”
“ဒါတော့ မင်းသဘောလေ”
အိမ်ထောင်ရေး ဖောက်ပြန်မှုဆိုတဲ့ အရာကြီးက သူတို့မိသားစု ကြားကို မုန်တိုင်းသဖွယ်
ဝင်ရောက်လာတော့ အဲဒီမုန်တိုင်းကို ရပ်တန့်ဖို့ ယုံကြည်မှုကို တည်ဆောက်ရတော့မယ်။
“ကျွန်မ ကျိန်ပြမယ်”
တစ်အိမ်လုံး တိတ်ဆိတ်သွားတယ်။
“ အကယ်၍ ရှင်ထင်သလို ကျွန်မ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် …”
ကျိန်စာဆိုးသံက ငှက်ဆိုးတစ်ကောင်လိုပဲ တင်လျက်။
(၂)
ညက တဖြည်းဖြည်းနက်လာလေပြီ။
ကိမိလတစ်မြို့လုံး အိပ်မောကျနေပေမယ့် သူမ မှာတော့ အိပ်ရေးပျက် ညတွေနဲ့ တိတ်ဆိတ်မှုတွေကို
ကျော်ဖြတ်ရတာ တစ္ဆေတစ်ကောင် အနားမှာ ရှိနေသလိုပါပဲ။
“ငါ မှားပြီ”
ဆိုတဲ့ အတွေးက ၀င်လာတိုင်း မျက်ရည်တွေက တသွင်သွင်စီးကျလို့။
“သူတော်ကောင်းကိုမှ လိမ်ညာမိတာပဲ” ဟု နှုတ်က ထွက်ကျတိုင်း အသက်ရှုလို့မ၀။
တိတ်ဆိတ်တဲ့ညက အမှားကျူးလွန်ခဲ့သူကို မွန်းကျပ်မှုတွေဖြစ်စေခဲ့ပြီလေ။
အတိတ်တွေက တဖျက်ဖျက်။
(၃)
သူမ နာမည်က ကဏ္ဏမုဏ္ဍ၊
ရုပ်အဆင်းက လှပသလို၊ ဘာသာရေးကိုင်းရှိုင်းခြင်း၊မိဘများက ချမ်းသာခြင်းတို့ကြောင့်
ကိမိလတစ်မြို့လုံးက ယောင်္ကျားသားတွေ စိတ်ဝင်စားနေတဲ့အထဲမှာမှ သူမ က သူ့ကိုရွေးချယ်ခဲ့တယ်။
သူတို့နှစ်ယောက်ပေါင်းကျတော့ တစ်မြို့လုံးက နေနဲ့လ၊ရွှေနဲ့မြလို့ အားလုံးက သတ်မှတ်ကျလောက်အောင်
သူတို့က ရှေ့သွားနောက်လိုက် ညီခဲ့ကြတယ်။
ယောင်္ကျားဖြစ်သူနဲ့သူရဲ့တပည့်တွေကစုပြီး ကဿပဘုရားရှင်ရဲ့ကျောင်းမှာ
ဝေယျာဝစ္စကုသိုလ်၊ ဓမ္မဿဝနကုသိုလ်တွေ ယူကြသလို၊ သူမကလည်း အိမ်ရှင်မကောင်းပီသစွာနဲ့
ဆွမ်းချက် တရားနာဆိုတော့ ‘ ပြောရရင် ဓမ္မနဲ့ နေသားကျနေတဲ့ မိသားစု’ လေးဖြစ်ခဲ့တယ်။
ဒီလိုတည်ငြိမ်နေတဲ့ သူမတို့ဘ၀လေးထဲကို အရိုင်းဆန်မယ့် နေ့စွဲလေး တစ်ခုက ရောက်လာခဲ့တယ်။
တစ်နေ့ သူမတို့ မိန်းကလေးသူငယ်ချင်းတစ်စု အပန်းဖြေခရီးသွားချိန် မှာ
ရုပ်ချောတဲ့လူငယ်လေးတစ်ယောက်နဲ့ခင်မင်ခဲ့တယ်။
‘ကျွန်မက အပျိုပါမောင်’ဟု အမှတ်တမဲ့မုသားကျဲပက်ခဲ့တယ်။
ဒီလိုနဲ့…
သူမယောင်္ကျားတရားနာသွားတဲ့ ညတွေမှာ သူမ ကပွဲကြည့်သွားရင်း နှစ်ယောက်တစ်အိမ်မက်ဘ၀တွေကို
လျို့ဝှက်ညင်သာစွာနဲ့ ကခုန်ခဲ့ကြ တယ်။ နောက်တော့ အဲဒီကောင်လေးကို သူမ မတွေ့တော့။
ဇာတ်လမ်းက ပြီးပြီ ဟု သူမ ထင်မှတ်ထားခဲ့ချိန်မှာတော့ သူမနဲ့ ဖောက်ပြန်ခဲ့သူက
အရက်သမားလူညာတစ်ယောက်ဖြစ်ပြီး သူတို့အချင်းချင်း လောင်းကြေးထပ်ပြီး သူမ
ဘ၀ကိုဖျက်ဆီးခဲ့သူ ဟု သိခဲ့ရချိန်မှာတော့ ပြဿနာက အိမ်ကို ရောက်လာခဲ့တယ်။
နာကျည်းခြင်း၊ဒေါသထွက်ခြင်း၊အိမ်ထောင်ရေးမပြိုကွဲလိုခြင်း ဆိုတဲ့ သောကတွေအောက်မှာ
ယောင်္ကျားဖြစ်သူ ယုံကြည်အောင် ကျိန်စာဆိုခဲ့ရတယ်။
ဒီလိုဆိုတော့ ကျွန်မက လူဆိုးလို့ ရှင်တို့ထင်ရင် မှားလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မဘ၀မှာ
အကုသိုလ်ဆိုလို့ ကြီးကြီးမားမား အိမ်ထောင်ဖောက်ပြန်တာပဲ ရှိခဲ့တယ်။
ကဿပဘုရားရှင်သာသနာမှာ ကျွန်မပြုခဲ့တဲ့ ကုသိုလ်တွေက အများကြီးလေ၊ သို့သော်…
(၄)
“ အရသာတစ်ခုအတွက်နဲ့ လာရတဲ့ခရီးက တန်ရဲ့လား” ဟု
ဗာရာဏသီ မင်းတစ်ယောက်တွေးကာ တောအထပ်ထပ်ကို ဖြတ်ကျော်လာခဲ့တယ်။
တစ်နေ့ ဂင်္ဂါမြစ်မှာ မျောပါလာတဲ့ သရက်သီးတစ်လုံးကို စားမိရာမှ မုဆိုးတစ်ယောက်ကို
သရက်သီးလာရာလမ်းကြောင်းကို စုံစမ်းခိုင်းပြီး သရက်သီးရှိရာမှာ နတ်သမီးတစ်ပါးရှိတယ် ဆိုတဲ့
မုဆိုးရဲ့လျှောက်တင်သံကို စိတ်ဝင်စားပြီး ဧကရာဇ်ဘုရင်တစ်ပါးဘ၀ကို ခ၀ါချပြီး သူတောလမ်းကို
ထွက်လာခဲ့တယ်။
တောအထပ်ထပ် တောင်အသွယ်သွယ်ကို ကျော်ဖြတ်ပြီးတဲ့အခါမှာတော့ သူကြိုတွေးထားသလိုပဲ
နတ်ဝတ်တန်ဆာနဲ့ လှပတဲ့နတ်မင်းသမီးကို သူ့အခြွေအရံတွေနဲ့ တွေ့လိုက်ရတယ်။
‘မြင် မြင်ချင်းပဲ ချစ်မိတယ်’ ဆိုတဲ့ စကားအတိုင်းပဲ ဗာရာဏသီမင်းနဲ့ နတ်သမီးတို့ဟာ
တောနက်အတွင်းမှာတွေ့ပြီး ချစ်သူဘ၀ကို ရောက်သွားကြတယ်။
သိပ်ချစ်ကြတော့လည်း မိုးမမြင် လေမမြင်ပေါ့။
(၅)
ဘုရင်တစ်ပါးဆိုတာ တိုင်းပြည်တစ်ခုမှာ လက်ညှိုးညွှန်ရာ အရာရာဖြစ် တဲ့ဘ၀ပါ၊
ကာမဂုဏ်အာရုံဆိုတာကလည်း ပင်လယ်ရေလို သောက်လေ သောက်လေ ငတ်မပြေ။
လူ့ဘ၀ထက်သာတဲ့ ကာမဂုဏ်အာရုံတောမှာ ဗာရာဏသီမင်းတစ်ယောက် မမောနိုင် မပန်းနိုင်
ကူးခတ်ခဲ့တယ်။
တစ်ရက်…
နှစ်ရက်…
ရက်တွေကြာလာတဲ့ အခါမှာတော့ နတ်သမီးရဲ့ထူးခြားမှုတစ်ခုကို တွေ့ရတော့တယ်၊အဲဒါကတော့
ည သူ အိပ်ပျော်သွားရင် ပျောက်ပျောက် သွားပြီး မနက်ခင်းမှ ပြန်လာတာပါ။
နေ့ရက်ပေါင်းများစွာ ဒီလိုအပြုအမူတွေ ဖြစ်လာတော့ ‘ဘာကြောင့်’ ဆိုတဲ့အဖြေကို သိချင်တာနဲ့
တစ်ည သူမနောက်ကို လိုက်သွားတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက မကောင်း။
ခွေးနက်ကြီးတစ်ကောင်က သူမရဲ့အသွေးအသားတွေကို ကိုက်စားနေတာကို မြင်ရတာကိုက
တုန်လှုပ်စရာ၊ သူမရဲ့ အခြေနေကလည်း ခွေးကိုက်ခံရတဲ့ဒဏ်ရာတွေ၊သွေးသံတွေနဲ့ မသေတဲ့ဘ၀နဲ့
ဝဋ်ခံနေရတဲ့မြင်ကွင်း။
သူ့အတွေးက ချက်ချင်းပင်…
“ငါ ဒီက ပြန်တော့မယ်”
(၆)
“ကျွန်မ ဘ၀က နတ်သမီးတစ်ပိုင်း၊ပြိတ္တာတစ်ပိုင်း နေစံ ညခံပါမောင်၊ ကျွန်မ က လူမဟုတ်ဘူးလေ၊
ဘာကြောင့် ဒီလို ၀ဋ်ခံရသလဲ ဆိုတော့ ကဿပဘုရားရှင် လက်ထက်မှာ ကျွန်မ ကအိမ်ထောင်ရေး
ဖောက်ပြန်ခဲ့တာ ကိုး”
“….. ”
“ကျွန်မ က မဖောက်ပြန်ဘူးဆိုရင်း သူတော်ကောင်းယောင်္ကျားကို လိမ်ညာပြီး ကျိန်စာဆိုခဲ့တာ၊
အခု အဲဒီ အကုသိုလ်ဝဋ်ကြွေးအတိုင်း ကျွန်မ ခံစားနေပြီလေ”
“….. ”
“ဒီဒုက္ခတွေက ဘယ်တော့ လွတ်မလဲ ဟုတ်လား? ‘ဒီမေးခွန်းရဲ့ အဖြေကို ကျွန်မကိုယ်တိုင်လည်း
သိချင်နေတာပါ မောင်၊ အကုသိုလ် ၀ဋ်ကြွေး မကုန်မချင်းတော့ ဆပ်ရမှာပေါ့”
“…..”
“ကုသိုလ်လေးပြုခဲ့လို့ နေ့ခင်းဆို နတ်သမီးလို နေရတာပေါ့”
“…..”
“တားဆီးလို့ မရတော့လည်း ကျွန်မတစ်ယောက်တည်း အလွမ်းတွေ ဒုက္ခတွေနဲ့ နေခဲ့ရမှာပေါ့”
(၇)
အထီးကျန်ခြင်း ဝေဒနာဆိုတာ မောင်တစ်ယောက် ကျွန်မဘ၀ထဲက ထွက်သွားပြီးကတည်းက
ခံစားနေရပေမယ့် အခုထိနေသားမကျသေးဘူး။
သတိရခြင်းဆိုတဲ့ ဒဏ်ရာတွေက ကျွန်မဘ၀ကို နွမ်းလျစေခဲ့တယ်… မောင်…။
တကယ်လို့ရှင်တို့အနေနဲ့ မောင့်ကို တွေ့ရင်ပြောပေးပါနော်..။
ကျွန်မ က သတိရနေပါတယ်လို့..။
ဒါပေမယ့်…
မောင်က ယုံပါ့မလား မသိဘူး။ ကျွန်မ က လိမ်ညာတတ်သူ တစ်ယောက် ဆိုတော့..။
(၀န်ခံချက်)ခုဒ္ဒကနိကာယ်၊ဥဗ္ဗရိဝဂ်၊ကဏ္ဏမုဏ္ဍပေတ၀တ္ထုကို မှီငြမ်းရေးဖွဲ့ပါသည်
Credit to: အရှင်ဃောသိတ ဘိုကလေး
No comments:
Post a Comment