Friday, July 3, 2015

လူပျံတော်ရဲ့ ရည်းစားစာ


“ဦးကောဝိဒကြီး လူထွက်သွားပြီ”
အထက်ပါသတင်းစကားဟာ ဆင်ဖြူကျွန်းဆိုတဲ့ အညာမြို့လေးမှာ ဟော့သတင်းဖြစ်သွားပါတော့သည်။ တချို့မယုံကြည်ကြသလို တချို့ကလဲ အံ့သြနေကြ၏။ အံ့သြမည်ဆိုကလည်း အံ့သြထိုက်ပါပေ၏။ ဦးကောဝိဒဆိုတာ တကယ်ကိုဘုရားတရားသမား၊ရိုးရိုးသားသား အေးအေးနေတတ်တဲ့သူ။ တစ်ပါးတည်း အေးအေးဆေးဆေးတည်တည်ညိမ်ညိမ်နေတတ်သူ။ မပြုံးမရီခပ်တည်တည်မှုန်တေတေနဲ့ ဒီတသက်မှာတော့ ဦးကောဝိဒ လူထွက်လိပ်မယ်လို့ ဘယ်သူမှကို ထင်မထားကြဘူး။

ဒါပေမဲ့ လက်ရှိအနေအထားက မယုံလို့မရ လက်မခံလို့မဖြစ်တော့တဲ့အခြေအနေ၊ ခေါင်းက ကတုံဘိုကေနဲ့ ပုဆိုးကိုတစ်စောင်းဆွဲ မညီမညာဝတ်ထားကာ အင်္ကျီမှာဖရိုမရဲ ဖွကျဲကျဲနဲ့ ခပ်တည်တည်မှုန်ကုတ်ကုတ်နဲ့ လူပျံတော်ဦးကောဝိဒပုံဟာ မြင်ရုံနဲ့ဘုန်ကြီးလူထွက်မှန်း သိသာလှပါသည်။

ဦးကောဝိဒ လူထွက်တာထကက် လူထွက်ခြင်းအကြောင်းရင်းကိုသိတဲ့သူတိုင်းက ပိုလို့အံ့သြကြ၏။ မအံ့သြဘဲနေနိုင်ရိုးလား လူထွက်တဲ့အကြောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ တူမ အပျိုကြီးမမကို ချစ်ခင်တွယ်တာမြတ်နိုးရှာလို့ဆိုပဲ။ လူဘ၀ရောက်ရတဲ့ရည်ရွယ်ချက်က နတ်လူသာဓုထော်ပနာပြုရမဲ့ ရည်မှန်ချက်ကြီးပါလေ။

အပျိုကြီးမမဆိုတာကလည်း ဦးကောဝိဒကို ကြည်ညိုလေးစားတဲ့ဒကာမတယောက်ပါ။ ဦးကောဝိဒ လူထွက်တယ်ဆိုတဲ့သတင်းကြားတော့ အပျိုကြီးမမမှာ ၃-ရက်လောက်တောင် ထမင်းမစားနိုင် တမှိုင်မှိုင်နဲ့ဖြစ်သွားတဲ့အထိကို စိတ်မကောင်းဖြစ်မိတာ။

ဦးကောဝိဒ လူထွက်ပြီးတလလောက်ကြာတော့ လူထွက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို စတင်အကောင်ထည်ဖော်ဖို့ ကြိုးစားပါတော့သည်။ ဘုန်ကြီးလူထွက်ဆိုတော့လည်း ချစ်တယ်ဆိုပြီး ရည်းစားစကားပြောဖို့ဆိုတာအဆင်မပြေ အစွမ်းလဲမရှိ။ နောက်ဆုံးမှာတော့ ရှိသမျှသတ္တိ အားကုန်သုံးပြီး အပျိုကြီးမမကို ရည်စားစာပေးဖို့ဆုံးဖြတ်လိုက်၏။

သို့သော် ကိုယ်တိုင်တော့မဟုတ်ကြားခံအောင်တွယ်ကနေတဆင့် ရည်းစားစာပေးရန်ဖြစ်သည်။ ကြားခံအောင်တွယ်ကား အခြားမဟုတ် ဦးကောဝိဒဦးဇင်းဘ၀က ညီငယ်လိုဖြစ်နေသည့် ကိုရင်ဗိုလ်တေပင်တည်း..။

ကိုရင်ဗိုလ်တေကလဲ ဦးကောဝိဒလို မပြုံမရီ ခပ်တည်တည်နဲ့ မဟုတ်မခံဂျစ်ကန်ကန် ကိုရင်တပါးပင်ဖြစ်သည်။ စကားလဲမလိုအပ်ရင်အပိုမပြောတာမို့ ဘာစာလဲ ? ဘာလို့ ပေးတာလဲ ? လို့လေရှည်နေမဲ့သူမဟုတ်လို့ ကိုရင်ဗိုလ်တေကို အကူအညီတောင်းခြင်းဖြစ်သည်။ ကိုရင်ဗိုလ်တွေက အပျိုကြီးမမအိမ်ကိုနေ့တိုင်းဆွမ်းခံကြွလေ့ရှိ၏ ထို့ကြောင့် ကိုရင်ဗိုလ်တေကတဆင့် အပျိုကြီးမမထံကို အချစ်ပေလွှားပါးလိုက်ပါတော့သည်.။

“ကိုရင်ဗိုလ်တေ တပည့်တော်ကို တစ်ခုလောက်ကူညီပါဘုရား”

“ဘာများလဲ ဒကာကြီး တတ်နိုင်တာအကုန်ကူညီမယ် ပြော”

“တင်ပါ ကျေးဇူးပါဘုရား၊ တခြားတော့မဟုတ်ပါဘူး ကိုရင်ဆွမ်ခံကြွတဲ့အိမ်က ဆရာတော်တူမ အပျိုကြီးမမကို စာလေးပေးပေးဖို့ပါဘုရား”

“ဒါလောက်တော့ အေးဆေးပါ ဒကာကြီးရာ ပေးလိုက်လေဒီနေ့ဆွမ်းခံကြရင်း ပေးခဲ့မယ်”

ဆိုပြီး လူပြန်တော်မောင်လူထွက်ဆီက စာကိုလက်မှာအသာကိုင်ပြီး ဆွမ်းခံထွက်လာလေ၏။ အပျိုကြီးမမအိမ်ရောက်တော့ ဆွမ်းလောင်းဖို့ အသင့်စောင့်နေတဲ့ အပျိုကြီးကို အသင့်သားတွေ့လိုက်လေ၏။

“ဒကာမကြီး ဦးကောဝိဒလူထွက်က ဒကာမကြီးကို
စာပေးခိုင်းလိုက်တယ် ရော့ ဒီမှာ” ဆိုပြီးပေးလိုက်လေရာ အပျိုကြီးမှာ ၀မ်းသားအားရနဲ့

“ဟုတ်လားဘုရား တပည့်တော်သူနဲ့တွေ့ချင်နေတာ အဆင်ကောပြေလားမသိပါဘူး၊ အရင်ကတော့ ဦးဇင်းက တပည့်တော်ကို တရားစာတွေ၊ဆုံးမစာတွေရေးပေးနေကျလေ ခုလဲ တရားစာ ဆုံးမစာပဲရေးပေးလိုက်တာနေမှာဘုရား” လို့ပြောပြီး စာအိပ်ကိုဖွင့်၍ ဖတ်ရန်လုပ်ပြီမှ.

“တပည့်တော်က မျက်မှန်မပါတော့ မမြင်ရဘူးဘုရား။ ကိုရင်ပဲဖတ်ပြပါဘုရာ”

ဆိုပြီးဘုန်းကြီးလူထွက်ရဲ့ရည်းစားစာကိုကိုရင်ဗိုလ်တေလက်ထဲထိုးထည့်လိုက်ပါတော့သသည်။

ကိုရင်ဗိုလ်တေဟာ ဓမ္မကထိကဖြစ်ဖို့ရည်ရွယ်ထားသူမို့ စာကျက်ရင်ပဲဖြစ်ဖြစ် ဘုရားရှိခိုးရင်ပဲဖြစ်ဖြစ် ဓမ္မကထိကလေသံနဲ့ ကျက်တတ် ရှိခိုးတတ်၏။ စာချဆရာတော်ဆီ ကျက်ပြီးသားစာကိုအလွတ်ပြန်ဆိုတဲ့အခါ ကိုရင်ဗိုလ်တေအလှည့်ရောက်မှာကို စာချဆရာတော်မှာ အသေကြောက်၏။

စာကိုဓမ္မကထိလေသံနဲ့ ဆွဲဆွဲငင်ငင်အေးအေးဆေးဆေး အသံသြသြကြီးနဲ့ တရားဟောသလိုဆိုတတ်သောကြောင်းဖြစ်သည်။ အခုလည်း လူပျံတော်ဘုန်းကြီးလူထွက်က အပျိုကြီကိုပေးလိုက်တဲ့ ရည်းစားစာကို ဓမ္မကထိကလေသံဖမ်းပြီး တရားဟောသလို ဖတ်ပြလိုက်ပါတော့သည်……….။

“ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောဆိုတဲ့ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာအိမ်ပိုင်သည့် သင်္ခါရနယ်သူ မာတုဂါမ။ အနိစ္စ၊ဒုက္ခ၊အနတ္တဆိုတဲ့ မြတ်စွာဗုဒ္ဓဟောမြွှတ်ပြသကဲ့သို့ သံသရာခရီသွားဦးပဇင်းကောဝိဒသည်လည်း ယခုအခါ၌မူ အနိစ္စသဘောဖြစ်ပျက်သွားချေ၏။သို့ကြောင့် ဒေါမနဿမဖြစ်ချေလင့်၊ မာတုဂါမ၏ ရူပါရုံပသာဒသည် ဟဒဟဘ၀င်၌ဥပါဒါန်အာရုံရောက် အ၀ိဇ္ဇာမာရ်နတ်ဝင်ပူးကပ်သဖြင့် သမုဒုယသစ္စာဖြစ်သွားပါပေ၏။ဒုက္ခသစ္စာအတူကျော်၍ သုမေဓါ သုမိတ္တာလိုတူပျော်ပျော်မဂ်ဖိုလ်နန်း တက်လှမ်းကြပါကုန်စို့ ….သတည်း..”

လို့ နောက်ကနေ “သတည်း”တစ်လုံးအပိုထပ်ထည့်ပြီး ဘုန်းကြီးလူထွက်ရည်းစားစာကို ဓမ္မကထိကလေသံနှင့် ဖတ်လိုက်လေရာ အပျိုကြီးဒေါ်မမမှာ ရိုသေစွာလက်အုပ်ချီပြီး သာဓု……သာဓု….သာဓု…..ပါဘုရာလို့ သာဓုသုံးလီခေါ်ဆိုဆိုလိုက်ပါတော့သည်။

“ဦးကောဝိဒတို့ကတော့ တပည့်တော်ကို အတော်ခင်တာဘုရား ဥပဇင်းဘ၀တုန်းကလဲ တရားစာတွေရေးပေးသလို ခုလူထွက်တော့လဲရေးပေးနေတုန်းပဲဘုရား၊ သူကိုပြောလိုက်ပါ ဥပဇင်းပေးတဲ့ဘုရားရှိခိုးကို နေ့တိုင်းမှန်မှန်ရှိခိုးပါမယ်ဘုရား” လို့ကိုရင်ဗိုလ်တေကို လျှောက်လိုက်ပါတော့သည်။

အဲနေကစပြီး အပျိုကြီးဒေါ်မမတစ်ယောက်
ဘုရားရှိခိုးတိုင်း ဦးကောဝိဒလူထွက်ရဲ့ ရည်းစား စာကို ဘုရားရှိခိုးအထင်နဲ့ နေ့စဉ်နေ့တိုင်းရှိခိုးရှိနေလေတော့၏။

ဘုန်းကြီးလူထွက် ဦးကောဝိဒကြီးလည်း ဓမ္မကထိကလေသံဖမ်းတဲ့ ကိုရင်ဗိုလ်တေရဲ့ ကောင်းမှုကြောင့် ရည်ရွယ်ချက်အထမမြောက် “အချစ်ရှုံးသမား ဘုန်းကြီးလူထွက်” အဖြစ်နဲ့ အပျိုးကြီးနဲ့မမညား ဘုန်းကြီးကျောင်းမှာ “ကပ္ပိယ”အဖြစ်နဲ့သာ နှစ်ပါးသွားရရှာလေတော့သတည်းးးးးးးးးးးးးး။

(ဘ၀အမော၊ခပ်ပါးပါးဖြစ်ဖြစ်၊ပြေလျော့နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
www.ashintejaniya.com

No comments:

Post a Comment