Saturday, July 18, 2015

အသဲကွဲ ရဟန်း


(၁)

“ ဦးတိဿ.. ဘာတွေတွေးနေတာလဲ”

ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် သူ ပတ်ဝန်းကျင်ကို ဂရုစိုက်မိသွားတယ်။

“ ဦးကုသလ ပါလား၊ ဘာပြောစရာများရှိလို့လည်းဘုရား ’’

“ ဘာမှပြောစရာမရှိပါဘူး၊ အရှင်ဘုရားအနားကို ရောက်နေတာကြာပြီ၊ တပည့်တော်လာတာတောင် မသိနိုင်လောက်အောင် ဘာတွေများတွေးနေတာလဲလို့ မေးတာပါ ”

“ ဘာမှမတွေးပါဘုရား ”

ဒီအဖြေစကားဟာ သူ့နှုတ်က ထွက်ကျလာတဲ့ အဖြူရောင်မုသား တစ်စလည်းဖြစ်တယ်။

တကယ်ဆိုရင် သူတွေးလက်စ အတွေးကို မပြောမိရင်တောင်မှ ဘာရယ်မဟုတ်ပါဘူး ဆိုတဲ့ တခြားအပြစ်မသင့်တဲ့ ၀ါကျတစ်ခုကို ပြောင်းသုံးသင့်တယ် လို့လည်း ဦဏှောက်က အချက်ပေးလိုက်တယ်။

“ ညနေ ဘုရားဝတ်တက်ပြီးရင် ဆွေးနွေးပွဲရှိတယ်နော် ဘုရား ”

“ မှန်ပါဘုရား ”

“ညနေကျရင် ဒကာမလေး မြ၀တ်ရည်တို့ သားအမိ ဘုရားပန်းလာလှူရင်း အဖျော်ရည်လာကပ်မယ် လို့ မနက်က လျှောက်သွားတယ် ကိုယ်တော်”

“ … "

‘တင်ပါ့ဘုရား’ ဆိုတဲ့ စကားလုံးကို မဖြစ်မနေ သုံးသင့်ပေမယ့်‘ မြ၀တ်ရည်’ဆိုတဲ့ အသံကြားတာနဲ့ နှုတ်က ဆွံ့အ သွားတယ်။ သူ့ဘယ်ဘက် ရင်ခုန်သံကလည်း ပိုမြန်လာသလို ထင်လိုက်မိတယ်။

“ ငါဘာတွေဖြစ်နေတာလဲ” ဆိုတဲ့ အတွေးနဲ့ ထိုင်ရာကထပြီ…

“ ကျောင်းဝန်းထဲ တံမျက်လှည်းလိုက်ပါဦးမယ်”

(၂)

“ ပင်လယ်ဆိုတာကတော့ ကျယ်တာပေါ့၊ သွားခါစကဆို အဆုံးအစ မရှိတော့ဘူးလို့တောင် ထင်ထားတာ”

သူက ပင်လယ်ဖြတ်နေ့စွဲတွေ အကြောင်းကို ပြောပြနေမိတယ်။

“ လှိုင်း မမူးဘူးလား ဦးဇင်း၊ သမီးဆို မူးမှာ ကျိန်းသေတယ်”

“ ဟဲ့…မြ၀တ်ရည် ဦးဇင်း ကို သမီးလို့မပြောပါနဲ့ဆို၊ တပည့်တော်လို့ပြော”

ဘုရားပန်းတွေလဲပြီးတော့ မြ၀တ်ရည်တို့ သားအမိက မပြန်သေးတော့ ဦးတိဿ ဧည့်ခံစကားပြောနေမိတယ်။

“ ရပါတယ် ဒကာမကြီး၊ ပြောတတ်သလိုပြောပါစေ”

“ ရင်းနှီးနေတာပဲ အမေကလည်း”

ဆရာ ဒကါ ဆက်ဆံရေးမှာ လမ်းမှားကိုတည့်မတ်ပေးရမယ့် တာဝန်ကို လျစ်လျူရှုပြီး အလိုက်သင့်ဆက်ဆံတာဟာ ရဟန်းတစ်ပါးရဲ့ အလုပ် မဟုတ်ဘူးဆိုတာ သိပေမယ့် သူ့နှုတ်က တာဝန်မဲ့ စကားတွေ ထွက်ကျ လာတာကို မတားဆီးမိဘူး။

“ သီဟိုဠ်သူတွေ ချောလားဦးဇင်း”

“ ဟဲ့ ကောင်မလေး ဘာတွေ မေးနေပြန်ပြီလဲ”

“ သတိမထားမိပါဘူး”

ဒီစကားကို အမှန်ပြောတာပါ။

“ သမီးကတော့ မယုံပါဘူး”

မြ၀တ်ရည် က မယုံဘူးလို့ သာမန်ဆိုလိုက်တာကိုပင် သူ့နှလုံးသားမှာ အလိုမကျဖြစ်သွားခဲ့တယ်။

“ စကားကောင်းလိုက်တာ၊ ဦးဇင်း ပြန်ဦးမယ်နော်၊ မနက်ကျရင် ဆွမ်းအုပ်ကို သမီးလာပို့ခိုင်းလိုက်မယ်”


(၃)

“တပည့်တော်တို့ သီဟိုဠ်နိုင်ငံကို သွားကြတယ်ဆိုတာ မြန်မာပြည်က သာသနာမှာ သိမ်တွေ မသန့်ရှင်းဘူး ဆိုတဲ့ သံသယနဲ့သွားပြီး သိမ်တက် ပြန်လာကြတာ၊ အခု တပည့်တော်တို့ ဟံသာဝတီမရောက်ခင် ဒီပုသိမ်မှာ စပြီး သိမ်သမုတ်ကြမယ်ဘုရား”

ဘုရားဝတ်တက်ပြီး ဆွေးနွေးပွဲမှာ အကြီးဆုံးမထေရ်ရဲ့ ဓမ္မသံစဉ်က ဖြည်းဖြည်းချင်း လွင့်လာတယ်။

“ တပည့်တော်တို့ နိုင်ငံက မင်းပြောင်း မင်းလွှဲတွေက များတော့.. သာသနာတော်ကို ချီးမြှောက်တဲ့ မင်းတက်ရင် သာသနာသန့်ရှင်ပြန့်ပွားပြီး၊ သာသနာတော်ကို နှိပ်ကွပ်တဲ့ မင်းတက်တဲ့အခါ အလဇ္ဇီရဟန်းတွေက အားကောင်းခဲ့တော့ တပည့်တော်တို့နိုင်ငံက သိမ်တွေဟာ တကယ် စစ် မစစ် ဆိုတာ မယုံကြည်ဖွယ်ရာ အနေအထားတွေချည်းပဲလို့ ထင်ကြတာကိုး”

မြန်မာနိုင်ငံက သိမ်တွေ မစစ်ဘူးဆိုပါက မြန်မာနိုင်ငံက ဘုရားသား တော် ရဟန်းများဟာလည်း ရဟန်း ဖြစ် မဖြစ်၊ ရဟန်း စစ် မစစ်ဆိုတာ ဧကန် မုချယုံကြည်ဖို့ ခက်နေတဲ့ကာလ။

သံဃာရတနာ မစစ်ဟုထင်မှတ်ပါက မြန်မာနိုင်ငံသာသနာအတွက် လုံးဝမကောင်း။

ဒီအနေအထားကနေရုန်းထွက်ဖို့ သာသနာအရောင်ထွန်းပြောင်နေတဲ့ သီဟိုဠ်(ယနေ့ သီရိလင်္ကာနိုင်ငံ)ကို မြန်မာရဟန်းတော်တွေဟာ ပင်လယ်ပြင်ကိုဖြတ်ကာ ကြွရောက်ပြီး သိမ်ပြန်တက်၊ မြန်မာနိုင်ငံကို ပြန်ကြွကာ သိမ်တွေ ပြန်လည်သမုတ်ကြတယ်။

“ အခု တပည့်တော်တို့က စပြီး သာသနာမှာ ယုံမှားသံသယတွေ ကင်းပျောက်အောင် သိမ်သမုတ်ကြမှာမို့ နေ့တိုင်း အာပတ်ဖြေဖို့ မမေ့ပါနဲ့ ဘုရား”

မထေရ်ကြီးရဲ့စကားလုံးတွေက ဦးတိဿရဲ့နားကို ၀င်တစ်ချက်၊ မ၀င် တစ်ချက်ဖြစ်နေတယ်၊ သူ့အတွေးတွေကလည်း ဆွေးနွေးပွဲမှာ ရှိမနေခဲ့ဘူး။

“နောက်ဆုံးပြောချင်တာကတော့ ဘုရား၊ အများအကျိုး၊သာသနာတော် အကျိုးကို ရှေ့ဆောင် လမ်းပြဆောင်ရွက်ကြမယ့် တပည့်တော်တို့ အနေဖြင့် အများအပြစ်ပြောစရာ မရှိအောင် ဘုရားစည်းကမ်းအတိုင်း နေဖို့ပါပဲဘုရား”

(၄)

“ ဘုရားစည်းကမ်းအတိုင်းနေဖို့ပါပဲဘုရား”

ဆိုတဲ့ မထေရ်ကြီးရဲ့ ပဲ့တင်သံစကားလုံးများက သူ့ရဲ့သန်းခေါင်ယံ ညတွေကို ဖျက်ဆီးခဲ့သလို မြ၀တ်ရည်ရဲ့…

“ဘုန်းကြီးဘ၀မှာ မပျော်ရင် လူထွက်ပေါ့” ဆိုတဲ့ အသံကလည်း ရေလာအောင် ဖော်ပေးတဲ့ မြောင်းလားလို့ ထင်မိတယ်။

သာသနာတော်မှာ နေခဲ့တဲ့သက်တမ်းတစ်လျှောက်မှာလည်း သူဟာဘုရားစည်းကမ်းအတိုင်း နေခဲ့တယ်။

အခုတော့…

မြ၀တ်ရည် ဆိုတဲ့ အစိတ်အပိုင်းက သူ့ဘ၀ကို အပြောင်းအလဲဖြစ်စေဖို့ အကြောင်းတရားတွေ ဖြစ်စေခဲ့ပြီ။

“ သတိရလိုက်တာ မြ၀တ်ရည် ရယ်”

သူ့နှုတ်က တိုးတိုးလေးပြောနေမိတယ်။

နှစ်ပေါင်းများစွာ နှလုံးသားထဲမှာကော၊ ဦဏှောက်ထဲမှာ မြတ်ဗုဒ္ဓရဲ့ ဓမ္မ တွေကို သိုလှောင်ကာ မြတ်ဗုဒ္ဓအလိုတော်ကျ နေခဲ့တဲ့ရဟန်းတစ်ပါး။

အချစ်ဆိုတာကို စကားလုံးပင် ကောင်းကောင်းမရေးဖြစ်ခဲ့ဖူးတဲ့ ပုထုဇဉ် ရဟန်းတစ်ပါးရဲ့ နှလုံးသားအပူမီးတွေက ဖွဲမီးလို တမြေ့မြေ့တောက်လောင်နေပြီ။

“ ငါဘာလုပ်ရမလဲ”

ဒီမေးခွန်းရဲ့ အဖြေကိုရဖို့ သူ့ကိုယ်သူအကြိမ်ပေါင်းများစွာ မေးမိပေမယ့် တိကျတဲ့အဖြေကို မရခဲ့ပေ။

သာသနာမှာမပျော်ဘဲနေရင် အကုသိုလ်များပါတယ်၊ လူထွက်တာပဲ ကောင်းတယ်၊ မနက်ဖြန်ည ကျရင် လူထွက်ဖို့ကိစ္စ ဆရာတော်များကို လျှောက်မယ်၊ လူ့ဘ၀ရောက်မှ မြ၀တ်ရည်နဲ့ငါ နှစ်ယောက်တစ်ဘ၀တည် ဆောက်ကြမယ်။

သူ့အတွေးတွေက လက် လက်ကို ထလို့။

(၅)

“ ဦးတိဿ ဝေယျာဝစ္စတွေ လုပ်လှပါလား”

“ မှန်ပါ့.. လူထွက်တော့မှာဆိုတော့ သံဃာ့ဝေယျာဝစ္စတွေ အကုန်လုပ်ပေးချင်တယ်ဘုရား”

တချို့ကိုယ်တော်တွေကို သူက ဖွင့်ပြောလိုက်တယ်၊ မထူးလည်း သိမှာ ပဲပေါ့၊ တစ်နေကုန် ဝေယျာဝစ္စတွေ လုပ်ပြီးတော့ မိုးချုပ်မှ မထေရ်မြတ်တွေ ကိုလျှောက်ဖို့ အားလုံးစီရင်ပြီး ကျောင်းကြီးပေါ် တက်လာခဲ့တယ်။

တစ်လှမ်း။

နှစ်လမ်း။

သတိမပါတဲ့ ခြေလှမ်းတွေက ခုန်နေသလိုပဲ..။

(၆)

“ဦးတိဿ အကြောင်းလည်း အရှင်ဘုရားတို့ ကြားပြီးရောပေါ့”

ကျောင်းပေါ်သို့ အတက် သူ့နာမည်အသံကြားတော့ သူ့ခြေလှမ်းတွေ ရပ်သွားတယ်။ အလင်းဖျော့နေတဲ့ မီးရောင်အောက်မှာ စုဖွဲ့နေတဲ့ မထေရ်များ က သူနဲ့ အတူတူ သီဟိုဠ်သွားခဲ့တဲ့ မထေရ်များ၊ သူတို့မျက်နှာက ည အရောင်ကြောင့် ထင်ပါရဲ့၊ မလင်းလက်။

“ ဘုန်းကြီးတစ်ပါး လူထွက် မိန်းမ ယူတာမဆန်းသလို၊ အပြစ်ရှိတယ် လို့လည်း ဘုရားက ဟောမထားပါဘူး၊ ဒါပေမယ့်…”

မထေရ်များက သူ့ကို မတွေ့တော့ သူအမှောင်ထဲမှာ ရပ်နေမိတယ်။

“တပည့်တော်တို့က နိုင်ငံခြားအထိသွားပြီး သိမ်ဝင်၊ပြန်လာပြီး သိမ်တွေ သန့်ရှင်းအောင်လုပ်မယ် ဆိုတဲ့ အလွန်မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ပြန်လာတဲ့ ပထမဆုံးအဖွဲ့ ဖြစ်တယ်ဘုရား၊ ဒီအထဲမှာ ဦးတိဿ က အငယ်ဆုံး၊ ပထမဆုံးအဖွဲ့က စပြီး လူထွက် မိန်းမယူ ဆိုတော့ သီဟိုဠ်က ပြန်လာမယ့် နောက်ထပ်အရှင်မြတ်တွေ၊ ပြီးတော့ ပြည်တွင်း ရဟန်းတွေရဲ့ အထင်သေးခြင်း၊ အင်း….”

စကားသံက တိုးလျသွားတယ်၊ အကြောင်းအရာက ရင်မောစရာဆို တော့လည်း ရင်နာနာနဲ့ ပြောရလို့ထင်ပါ့၊လေသံက ညင်သာလွန်းနေတယ်။

“ ဒါပေမယ့် ဦးတိဿ ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုလည်း တားဆီးဖို့က မဖြစ်”

ညက အမှောင်ကြောင့် ပိုနက်သွားတယ်။

(၇)

သင်္ဘောဆိပ်ကို သူထွက်လာခဲ့တယ်၊ ဘယ်နေရာကြည့်ကြည့် ရေပြင်ဆိုပေမယ့် သူ့အတွေးတွေက ပင်လယ်ပြင်မဟုတ်၊ ပုသိမ်မှာ ကျန်ခဲ့တဲ့ အရှင်မြတ်များထံ…။

“တပည့်တော် သီဟိုဠ်ပြန်တော့မယ်ဘုရား”

“ ဘာဖြစ်လို့လည်း ဦးတိဿရဲ့”

“တပည့်တော် မြန်မာနိုင်ငံကို ပြန်မလာတော့ဘူးဘုရား”

သာသနာတော်အတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ပြီး၊ မြ၀တ်ရည်ကိုပင် နှုတ်မဆက်ပဲ သူ သီဟိုဠ်ကို ပြန်လာခဲ့တယ်၊ အလွမ်းက မွန်ကျပ်လှတယ်၊

ရုတ်တရက် လှိုင်းအပုတ်မှာ ပင်လယ်ရေက သူ့နှုတ်ဖျားဆီ ၀င်သွားတယ်။

“ငန်လိုက်တာ”

(ဟံသာဝတီခေတ်မှ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံ၍ ရေးဖွဲ့ပါသည်)

Credit to: ခြူးပန်းအိမ် (FB)

No comments:

Post a Comment