မမေ့တတ်သူအဖို့ မမေ့ခြင်းတရားတွေက ဆီးကြိုနေသလို၊ မေ့တတ်သူကိုလည်း မေ့ခြင်းအကျိုးတရားတွေက စောင့်ကြိုနေပါတယ်။
( ကြယ်ခြွေဒဿန)
%%%%%%%%%%%%%%
“ အရှင်ဘုရား၊အရှင်ဘုရား”
တိတ်ဆိတ်ခြင်းကို အာရုံယူနေသော မိမိအဖို့ ပျာယာသော အသံက နှလုံးသားကို လာဆောင့်သလို တည်ငြိမ်စပြုနေသော သမာဓိတို့က အဝေးကို လွင့်စဉ်သွားတယ်။
ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာကို ‘ဒုက္ခ’ လို့ခံယူထားတဲ့သူအဖို့ ဒီတောလေးကို နှစ်သက်မိပေမယ့် တစ်ခါ တစ်ခါ ရွာထဲကကိစ္စတွေကိုတော့ လိုက်လျောရတယ်။
ဒါကလည်း ရဟန်းတို့ရဲ့ကိစ္စဖြစ်နေတော့ ဘာမှမပြောသာပေ။ သို့သော် ကြီးကျယ်သော သာရေး နာရေးတွေမှာ မိမိကို မပင့်ဖို့ ရွာသားတွေကို တောင်းဆိုထားရတယ်။ ရွာနဲ့ မကင်းနိုင်ပေမယ့် ရွာနားက တခြားကျောင်း တွေကိုသာ သွားပင့်ဖို့ မှာထားရတယ်။
အခုလည်း ဘာကိစ္စရှိလာပြီလည်း မသိ။ ကျောင်းအပြင်မှာ ရွာထဲက လူကြီးတချို့နဲ့(၁၀)နှစ်သားအရွယ် ကောင်လေးတစ်ဦးကို တွေ့လိုက်တယ်။ ရွာသူကြီးက…
“ ဒီကလေးက ရွာတောင်ဖျားက ဘုရား၊ သူ့မိဘနှစ်ပါးစလုံး မရှိတော့ ဘူး။ ရောဂါတစ်ခုနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးသွားကြတာ၊ အဲဒါ ခိုကိုး ရာမဲ့နေလို့ အရှင်ဘုရားကျောင်းမှာကလည်း ကိုရင်က မရှိဆိုတော့”
အပေါင်းအဖော်တွေနဲ့ နေရခြင်းဒုက္ခကို ထပ်ပြီး မခံစားချင်တော့သော မိမိအဖို့ အဖော်လည်း မလိုအပ်သလို၊ တပည့်လည်း အလိုမရှိပေ။
ဒါပေမယ့်…
ရွာသူကြီးပြောစကားတစ်ခွန်းက ငြင်းဆန်ရခက်နေပြန်တယ်။
“ရွာထဲမှာဆိုရင် သူများခိုင်းဖတ်ဖြစ်ပြီးတော့ လူဆိုးလူမိုက်ဖြစ်မှာ စိုးတာနဲ့ အရှင်ဘုရားကို လာလှူတာပါဘုရား”
ငြင်းဆန်လိုက်ရင်လည်း မကောင်းတာနဲ့ သူတစ်ပါးအသက်တစ်ချောင်း ကယ်ကောင်းပါတယ်လေ ဟူသော အသိဖြင့် ကယ်တင်လိုက်ဖို့ဆုံးဖြတ် လိုက်ပါတယ်။
တောကျောင်းနေ မိမိအဖို့ သပိတ်၊သင်္ကန်းက အပိုမရှိပေ။
“ဒီကလေး သာသနာတော်မှာနေဖို့ လိုအပ်တာ တပည့်တော် လှူပါမယ် ဘုရား”
လာလျှောက်သောဒကါကြီးက တာဝန်ယူတယ်။ ဒီလိုနဲ့ မိမိရဲ့တောရ ကျောင်းလေးမှာ ‘သုခ’ ဆိုသော သာမဏေလေးတစ်ပါး တိုးလာခဲ့တယ်။
အပြောအဆို၊အနေအထိုင်၊တည်ငြိမ်သလို မိမိစကားကိုလည်း လိုက်နာ သဖြင့် ကိုရင်သုခနှင့် အဆင်ပြေလှ၏။ ပရိယတ္တိစာပေ အခြေခံရအောင် ပရိတ်ကြီး၊ သဒ္ဒါ၊
သဂြိ င်္ုလ်စတဲ့ စာပေတွေကို အချိန်လေးသတ်မှတ်ပြီး သင်ပေး ဖြစ်တယ်။
အပြင်အာရုံထိတွေ့မှုက နည်းသဖြင့် ကိုရင်သုခ စာလည်းအတော်သွား သလို အရာရာကိုလည်း အလိုက်သိတယ်။
“ ဆရာတော်ဘုရား.. ရွာတွင်းကို ဆွမ်းခံမကြွပါနဲ့ဘုရား၊ မိုးတွင်းဘက် ဆိုတော့ လမ်းတွေက မကောင်းတော့ လမ်းသွားရင်း ချော်နေပါ့မယ်၊ တပည့် တစ်ပါးတည်း ဆွမ်းခံကြွပြီးဆွမ်းခံကျွေးပါရစေ”
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဘ၀ငြိမ်းချမ်းမှု၊ပူလောင်မှုသည် သူနေ ထိုင်သော ပတ်ဝန်းကျင် ဓလေ့စရိုက်နဲ့လည်း ဆိုင်တယ်လို့ အဘိဓမ္မာရဲ့ သဘောမှာဆိုထားတယ်။
အခုလည်း ကိုရင်သုခ အဖို့ ဆန့်ကျင်ဘက်နှစ်ခုဖြစ်သော ပတ်ဝန်းကျင် ကို မြင်နေရပြီ။ ဆရာအရှင်ရဲ့ တောရကျောင်းရိပ်သည် အေးမြမှုရှိသ လောက် ရွာတွင်းသို့ကြွသွားသောအခါ အပူငွေ့တချို့က သူ့ရင်ကို လာ လာရိုက်ခတ်တယ်။
“ကိုရင်… ညနေကျရင် အိမ်ကိုကြွပါဦး၊ အအေးကပ်ချင်လို့”
“ ဆွမ်းဟင်း မကျက်သေးလို့ ခဏစောင့်ပါဦးဘုရား၊ အမေက ကိုရင့်ကို ဆွမ်းဟင်းလောင်းဖြစ်အောင် လောင်းဖို့ သမီးကို အဲ…တပည့်တော်မကို မှာထားတယ်”
ဒီအခင်းအကျင်းလေးတွေကြားမှာ ကိုရင်သုခရဲ့ စိတ်တွေက ယောက်ယက်ခတ်လာတယ်။ အနာသိရင် ဆေးရှိတယ် ဆိုပေမယ့် အနာဆိုတဲ့ အရာကြီးကို အနာလို့မမြင်တတ်တော့ ဆေးဆိုတာလည်း မသိခဲ့ပေ။
“ကိုရင်သုခ က ချစ်စရာလေး၊ အသားလေးကလေးဖြူ၊ မျက်ခုံးလေး ကလည်းစင်းနေတော့”
ဒီလို ၀ါကျလေးတွေဆိုရင် သုခရဲ့အာရုံတွေကို အလုပ်ရှုပ်စေခဲ့တယ်။ တစ်ခါတလေ ဆရာတော်ကို ပြုလုပ်ပေးနေကျ ၀တ်ကြီးဝတ်ငယ်ကိစ္စတွေ ပေါ့လျော့လာတယ်။ နှစ်ပေါင်းများစွာ ဗုဒ္ဓရဲ့ဓမ္မတွေ နှလုံးသားထဲမှာ ဦးနှောက်ဆီမှာ သိမ်းဆည်းလာခဲ့ပေမယ့် တကယ်တမ်းကျတော့ သံယောဇဉ် ဆိုတဲ့ မီးကိုငြိမ်းဖို့ရာ ကိုရင်သုခ နှလုံးသားက ကာဆီးထားတယ်။
“သာသနာ့ဘောင်မှာ နေတာ အကုသိုလ်တွေများပြီလား”
ဒီအတွေးတွေက ညဥ့်နက်အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်တယ်။ နဂို ကတည်းက ဓမ္မဖြင့်နေသားကျဖို့ ခက်ခဲတဲ့ နှလုံးသားကို ပတ်ဝန်းကျင်ရဲ့ အာရုံတွေက လာနှောင့်ယှက်တော့ ယိမ်းယိုင်စပြုလာတယ်။
“ကိုရင် ရွာထဲက ပြန်လာတာ နောက်ကျပါလား”
“အရှေ့ကျောင်းကို ခဏသွားတာပါဘုရား”
ဆရာတော်ကိုပင် အဖြူရောင်မုသားတွေကျဲပတ်မိတယ်။
“သီလ၊သမာဓိ ရှိတဲ့ ပုဂ္ဂိုလ်အနားမှာ ငါ နေလို့သင့်တော်ပါ့မလား”
ကိုရင်သုခအတွေးတွေက တိမ်များလို့ လွင့်မျောလို့။ ဆရာသခင်က တော့ဘုရားရှေ့မှာ ကမ္မဋ္ဌာန်းထိုင်နေတယ်။ ဆရာတော်ဘ၀နဲ့ မိမိဘ၀က ဆန့်ကျင်ဘက်။ ကိုရင်သုခ တစ်ခုခုကို ဆုံးဖြတ်လိုက်တယ်။ ဆရာတော် တရားဖြုတ်တာနဲ့…
“ဆရာတော်ဘုရာ…တပည့်တော် သာသနာ့ဘောင်မှာ မပျော်တော့ ဘူးဘုရား”
ရှင်လိင်ပြန်၊ထောင်ကထွက် မိန်းမရသော ရက်တွေဟာ ယောင်္ကျား သားတို့အဖို့ အပျော်ဆုံးရက်များအဖြစ် သတ်မှတ်ကြရတယ်။ ယခု သုခ အဖို့ တော့ရှင်လိင်ပြန်လို့ ပျော်ရသလို၊ မိန်းမရလို့လည်း ပျော်ရွှင်ရပြီး အချိန်ကာ လပေါင်းများစွာ ချုပ်တည်းစွာ နေခဲ့ရာမှ လွတ်လပ်ခြင်းတို့နှင့် ထိတွေ့ရတော့ ကြည်နူးမိတယ်။
ဣနြေ္ဒသိက္ခာကို ချုပ်တည်းရခြင်း၊ အမြင်အာရုံတွေကို ခြိုးခြံရမှုတို့ကို အတားအဆီးမဲ့ သွန်ပစ်လိုက်တယ်။ ဘ၀နှင့်ရင်း၍ ရခဲ့သော ကိုယ်ကျင့် သီလတွေကို ဈေးပေါပေါဖြင့် ချိုးဖောက်လိုက်တယ်။ အဲဒါကိုပင် အရသာ လို့ ထင်မိတယ်။
ပြည်တန်သော ပတ္တမြားကို ဓားသွေးကျောက်အဖြစ် လဲလှယ်လိုက်ရ သလို စင်ကြယ်လှသော ကိုယ်ကျင့်တရာတွေကို ကာမဂုဏ်ဖြင့် အပေးအယူ လုပ်လိုက်တယ်။ အဲဒါကိုပင် ဘ၀ရဲ့ချမ်းသာမှု ဟု သုခ ကထင်တယ်။
သူ့ဘ၀တွင် တောရကျောင်းလေးအစား ဆူညံသောအိမ်တွေက အစားဝင်လာတယ်။ ဖြူစင်သော သီလ အစားမည်းညစ်သော ဒုစရိုက်တရား တို့က နေရာယူလာတယ်။ အလင်းရောင်ရှိရာ အရပ်မှ အမှောင်လမ်းသို့ ဦးတည်လိုက်တယ်။ အဲဒီအမှောင်လမ်းမှာ ကြုံတွေ့တဲ့ ခလုတ်တိုက်တာကိုပဲ သူက အရသာတွေ့နေမိတယ်။
ကာမဂုဏ်ဆိုတာ ဆားငန်ရည်လို့ ဆရာတော်က ပြောခဲ့ဖူးပေမယ့် သူ့အတွက်သောက်ကောင်းခဲ့တယ်။ ဒီလိုနဲ့ ရိုးသားပြီး ကြိုးစားမှုကြောင့် သူတို့လင်မယား အတော်အသင့် အဆင်ပြေလာတယ်။
“မယားအားပေး၊ယောင်္ကျားဓားသွေး” ဆိုသည့် စကားအတိုင်း ချစ်ဇနီး ရဲ့အားပေးမှုကြောင့် သုခကလည်း အလုပ်တွေကို ကြိုးစားပြီး လုပ်ခဲ့တယ်။
မောရ ပန်းရမှန်းတောင် မသိခဲ့ပေ။
နှစ်တွေကြာလာတော့ အတော်အတန် ပြည့်စုံလာတယ်။ စားဖို့ သောက်ဖို့ အဆင်ပြေလာသလို ပိုတာလေးတွေကိုပင် ဇနီးဖြစ်သူက ရွှေလုပ်သင့်တာလုပ်၊ အတိုးပေးသင့်တာပေးတယ်။ စီးပွားဥစ္စာတင် ပြည့်စုံ လာသည်မဟုတ်။ သားသမီးဆိုတဲ့ အစွဲလေးတွေက ၀င်လာတော့ သူတစ်ပါး နှင့်မတည့်ချင်တော့။
အရင်က ရိုးသားခြင်း၊ အားနာခြင်း၊ သနားတတ်ခြင်းဆိုတဲ့နေရာတွေမှာ ကိုယ်ရဖို့ အတ္တတစ်ခုကို ရှေ့တန်းတင်လိုက်တော့ ဦးသုခ ဆိုတဲ့နာမည် ပျောက်ပြီး တချို့က ကွယ်ရာမှာ ဦးဒုက္ခလို့တောင် ခေါ်လာကြပြီ။
မိတ်ဆွေတွေက ရန်သူဖြစ်လာတယ်။ ဘယ်သူ့ကိုမှလည်း သိပ်ပြီးတော့ မယုံကြည်ချင်တော့။ ခြံဝင်းကို အသေအချာလုံအောင် ခတ်တယ်။ သား မယားတွေကို အသွားအလာသတိထားဖို့ ပြောတယ်။
တစ်ခါတစ်ခါ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်မှာ စိုးတာနဲ့ လက်ရင်းတပည့်လေးတွေကို မွေးထားရတယ်။ စီးပွားဥစ္စာကို စောင့်ရှောက် ရင်း အသက်ချမ်းသာအောင် မွေးမြူရတယ်။ ဒုက္ခ က ဆင်းရဲမှန်းတော့ ရိပ်မိ တယ်။ ဒါပေမယ့်…
သူတစ်ပါးခေါင်းပေါ်မှာပဲ နေချင်တော့ အဲဒီဒုက္ခကပဲ ခံတွင်းမြိန်လှ သလိုဖြစ်နေတယ်။ တစ်နေ့ သူ့ကို ကြည့်မရသူက သူတို့မိသားစု အိပ်ပျော် နေချိန်မှာ သူ့အိမ်ကို မီးနဲ့လာရှို့တယ်၊ ရုတ်တရက်ဆိုတော့ သူဘာမှ မတတ် နိုင်လိုက်ပေ။
သားမယားကို လက်ဆွဲပြီး သူအလွတ်ရုန်းရတယ်။ ဘာပစ္စည်းမှ မရလိုက်။ သုခ ကို ဒီလိုလုပ်လို့ဘယ်ရမလဲ။ သူနီးရာ ဓားဆွဲကာ သူ့ရန်သူနောက် လိုက်သွားတယ်။ ဒေါသ တရားတွေက ထိန်းမနိုင်၊သိမ်းမရ။ နောက်ဆုံး လူသတ်ခြင်းတည်းဟူသော ကံက သူ့ကို အကျဉ်းထောင်ထဲ ပို့လိုက်တယ်။
အထီးကျန်ခြင်း၊ ဒုက္ခရောက်ခြင်းဆိုတဲ့ ဘေးနှစ်ခုကြားမှာ သူ့ဇနီးချောကို သတိရနေမိတယ်။ ထောင်ဝင်စာ လာမတွေ့တာကိုပင် သူ စိတ်မနာရက်နိုင်ပေ။
ဒီလိုနှင့် ရာသီတွေအလီလီပြောင်းပြီး အချိန်တွေနှောင်းတော့ သူအပြစ် ကလွတ်လာတယ်။ ရိုးရိုးသားသားနေပြီး ဘ၀ကို အသစ်တစ်ဖန် ပြန်စမည် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူရွာကိုပြန်ခဲ့တယ်။ ရွာရောက်တော့ သူ့ကို ချစ်လှပါတယ်ဆိုသော ဇနီးချောက နောက်တစ်ဦးနဲ့ဖောက်ပြန်ကာ ရွာမှ ထွက်သွားတာကြာပြီ တဲ့။
မုန်တိုင်းကို ရင်ထဲမျိုထားရသလို ဆောက်တည်လို့မရ၊ နဂိုကတည်းက တစ်ကောင်ကြွက်၊ တစ်မျက်နှာဆိုတော့ ဆွေမျိုးတွေမရှိဘူး။ အရင်က သူ့ပေးကမ်းစာနဲ့ ရှင်သန်နေသူတွေ အိမ်သွားတော့ အရင်လိုကြည်ကြည်လင် လင်မဟုတ်ကြတော့။ သရုပ်ဆောင်တစ်ယောက်လို သူ့ကို ဆက်ဆံတယ်။
သူ့ပုံကလည်း နိမိတ်ကြီးလေးပါးတစ်ပါးမှ မလွတ်ခဲ့။ ကျန်းမာရေးတွေ ကညံ့ဖျင်းလာတယ်။ ဒီကြားထဲ မိုးက မိတော့တစ်ကိုယ်လုံးဖျားပြီး ဘယ်အိမ် မှာတည်းရမလဲလို့ စဉ်းစားလိုက်တော့ တစ်အိမ်မှ အဆင်မပြေဘူးဖြစ် နေတယ်။
ရုတ်တရက် သူငယ်စဉ်ကဆရာတော်ကို သတိရလိုက်တယ်။
မိုး ကလည်းအတော်ချုပ်နေပြီ။
“ဟုတ်ပြီ…ငါဆရာတော်ဆီကိုသွားမယ်”
ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ သူ့ဆရာတော်ရဲ့တောရကျောင်းလေးကို လျှောက်လှမ်းခဲ့တယ်။ တောရကျောင်းလေး မရောက်ခင်မှာပဲ သူမေ့ကျသွား တယ်။ သူ့နှုတ်ကလည်း…
“ဆရာတော်ဘုရား…တပည့်တော်ကို ကယ်ပါဦး”
“ဟဲ့…ကိုရင်သုခ ဘာတွေယောင်နေတာလဲ”
ကိုရင်သုခ ထထိုင်လိုက်တယ်။ နောက်ဆရာတော်ကို ရိုသေစွာကန် တော့ပြီး သူ့အိပ်မက်ထဲက အကြောင်းတွေပြောပြလိုက်တယ်။ ကိုရင်သုခ စကားဆုံးတော့ ဆရာတော်က…
“အင်း…သုပိနကူပမာ ကာမာ တဲ့။ ကာမဂုဏ်တရားဆိုတာ အိပ်မက် နဲ့ တူတယ်လို့ မြတ်စွာဘုရားက ဟောထားတယ် သုခ၊ မင်းအိပ်မက်ထဲမှာ သူဌေးဘ၀ ဖြစ်ခဲ့ပြီ။ သားမယားတွေနဲ့လည်း ပျော်ခဲ့ဖူးပြီ၊ ဥစ္စာပစ္စည်းတွေ ရခဲ့ဖူးသလို ပျက်စီးတာလည်း ခံဖူးပြီ၊ လောကီ အပြစ်ဒဏ်တွေလည်း ခံဖူးပြီ”
“တင်ပါ့ဘုရား”
“အိပ်မက်ထဲမှာ ဘ၀မျိုးစုံ မင်းကြုံခဲ့ဖူးပြီ မဟုတ်လား၊ မင်းကြုံခဲ့သမျှ အရာတွေဟာ ခုနေပြန်စဉ်းစားရင် အိပ်မက်တစ်ခုလိုပဲ ဘာမှ မကြာလိုက်ဘူး မဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“တကယ်လို့သာ အဲဒီအိပ်မက်ထဲကအတိုင်း မင်းရဲ့သား သမီး၊ဇနီးတွေ နဲ့ပြန်ပြီးတော့ နေရဦးမယ်ဆိုရင် အဲဒီ ပစ္စည်း ဥစ္စာတွေကြောင့် ရတဲ့ဒုက္ခ၊ မိသားစုနဲ့ ကွေကွင်းရခြင်း ဒုက္ခတွေ မင်းပြန်ခံစားရဦးမှာပဲ၊ အဲဒီအိပ်မက်တွေ ထပ်ပြီးတော့လည်း မမက်ချင်နဲ့တော့၊ ပြန်ပြီးတော့လည်း အိပ်မနေပါနဲ့တော့ ကွာ၊ ဟိုမှာ ရောင်နီတွေလာနေပြီ၊ အလင်းရောင်လာတော့မယ်၊ အိပ်မနေနဲ့တော့ကွာ”
Shared from ခြူးပန်းအိမ် (FB)
No comments:
Post a Comment