လူ့စိတ်ဆိုတာ ပြောရအင်မတန်ခက်ပါတယ်။ တစ်ခါ တစ်ခါလည်း အရိုင်းအစိုင်းသဘောနဲ့ တိရိစ္ဆာန်စိတ် တွေနှောလို့ ..။ ရိုင်းတယ်၊ အတ္တဆန်တယ်၊ မာနကြီးတယ်၊ မာယာတွေများတယ်၊ မေတ္တာတုတွေနဲ့ ဟန်ဆောင်ကြတယ်။ သည်းမခံချင်ဘူး၊ ခွင့် မလွှတ်ချင်ဘူး။ စိတ်တွေမငြိမ်ဘူး၊ မငြိမ်းဘူး။ ဒါကြောင့် တစ်ခါတစ်လေ လူဆိုတာ မျောက်ကနေ ဆင်းသက်လာတယ် ဆိုတာကို လက်ခံရမလိုပဲ။ တစ်ခါတစ်လေတော့လည်း အဲ့သည့်စိတ်က ယဉ်ယဉ်ကျေးကျေး၊ အတ္တတွေခ၀ါချလို့၊ မေတ္တာ အပြုံးတွေနဲ့ နွေးထွေးလို့၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ သနားကရူဏာထားမှု၊ မုဒိတာပွားမှု၊ ဥပေက္ခာထားမှုဆိုတဲ့ ဗြဟ္မစိုတရား တွေနဲ့ သိပ်ကိုလှပနေပြန်တာပါပဲ။ ဒီလိုဆိုပြန်တော့လည်း လူဆိုတာ သူတို့တွေ ပြောကြသလို ဗြဟ္မာကနေ ဆင်းသက်လာ တယ်ဆိုတာကို ကျွန်တော် နှစ်သက်ပြန်ပါတယ်။
လူ့စိတ်မှာ ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ တရားတွေ အခွင့်သင့်ရင် သင့်သလို ဖြစ်နေပါတယ်။ အကုသိုလ်စိတ်တွေ ဖြစ်နေ တဲ့အခါ လူဟာ အရုပ်ဆိုး အကျည်းတန်၊ တကယ့်ကို လူမဆန်တဲ့အရာတွေကို ပြုမှုလို့၊ ကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အခါမှာ တော့ ရုပ်ရည်တွေကြည်လင်၊ စိတ်ဓာတ်တွေ ဖြူစင်လို့ …။ တိရိစ္ဆာန်တစ်ပိုင်း နတ်တစ်ပိုင်းဖြစ်နေတဲ့သူတွေလို စိတ်ကောင်းတွေဖြစ်လိုက် စိတ်ဆိုးတွေဖြစ်လိုက်နဲ့ပေါ့။ ဒီလိုဆိုတော့ စိတ်ထဲမှာ စေတီပုထိုးတွေမှာ တွေ့ရတတ်တဲ့ မနုဿသီဟလို နတ်ခေါင်းနဲ့ တိရိစ္ဆာန်ခန္ဓာဖြစ်နေတဲ့ အကောင်တွေကို ပြေးမြင်မိပြန်တယ်။ ဟုတ်တယ်။ လူဆိုတာ တစ်ခါ တစ်လေ နတ်လိုပဲ။ တစ်ခါတစ်လေ တိရိစ္ဆာန်လိုပဲ။ နတ်တိုင်း စိတ်ကောင်းမရှိပါဘူးကွာ၊ တိရိစ္ဆာန်တိုင်း စိတ်ထားမရိုင်း ပါဘူးကွာလို့ ပြောချင်တဲ့သူက ပြောကြပါလိမ့်မယ်။ ကျွန်တော်ကတော့ နတ်ဖြစ်တာဟာ ကုသိုလ်စိတ်ကောင်းလေး ကြောင့်ဖြစ်ပြီး၊ တိရိစ္ဆာန်ဖြစ်တာဟာ အကုသိုလ်စိတ်ဆိုးစိတ်ယုတ်ကြောင့်ဖြစ်တာ လို့ ကျွန်တော်ယုံကြည်မိပါတယ်။
မင်္ဂလသုတ်တော်ကြီးမှာ မြတ်စွာဘုရားရှင်ကတော့ အ သေ၀နာ စ ဗာလာနံ …. လို့ နတ်သားကို ဟောတော်မူခဲ့ပါတယ်။ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ ..ဆိုတဲ့ ငယ်ငယ်တုန်းတည်းက ရွတ်ခဲ့ရတာလေး နှုတ်ထဲက ခုထိမထွက်ပါဘူး။ လူမိုက်ဆိုလျှင် ရှောင်ပါတဲ့။ ဘယ်လိုရှောင်ရမလဲဆိုတော့ မမှီဝဲသောအားဖြင့် ရှောင်ပါလို့ ဆိုတာပါ။ ဒီနေရာမှာတော့ မြန်မာစကားကိုပဲ နည်းနည်းရှင်းပြဖို့ လိုလာပြီထင်ပါတယ်။ ဘာလဲဆိုတော့ မှီဝဲတယ်ဆိုတဲ့ စကားပါပဲ။ ဥပမာ။ ။ လူနာတစ်ယောက်အတွက် ဆေးမှီဝဲနေရတယ်ဆိုတာဟာ ဒီဆေးကို အမြဲတမ်းသုံးဆောင်နေရတယ်၊ စားသုံး နေရတယ်လို့ ဆိုလိုတာပါ။ ဆေးကိုမှီဝဲလိုက်တဲ့အတွက် ဆေးရဲ့အာနိသင်တွေဟာ တစ်ကိုယ်လုံးပျံ့နှံ့တည်ရှိပြီး လူကို သက်သာရာ ရစေပါတယ်။ အဆိပ်ကို မှီဝဲမိသူကတော့ တစ်ကိုယ်လုံး အဆိပ်အာနိသင်တွေ ပျံ့နှံ့ပြီး သေဆုံးခြင်းကို ရောက်ကြရပါတယ်။
ဒီလိုပါပဲ။ လူမိုက်ဆိုတာဟာလည်း လူက မိုက်တာမဟုတ်ပါဘဲ စိတ်ကမိုက်တာပါ။ အင်္ဂုလိမာလမထေရ်ဟာ လူ့ဘ၀ တုန်းကတော့ လူမိုက်ကြီးပေါ့။ လူတွေကိုသတ်၊ လက်ညှိးဖြတ်နေတဲ့သူ။ ဘာကြောင့်လဲဆိုတော့ စိတ်မိုက်နေလို့ပါ။ စိတ် မိုက်လို့ လူမိုက်နေရတာပါ။ ရဟန္တာဖြစ်သွားတဲ့အခါမှာတော့ စိတ်မမိုက်တော့ပါဘူး။ စိတ်ထားတွေ နုညံ့သိမ်မွေ့သွားပါပြီ။ ဒါကြောင့်လူလည်း မမိုက်တော့ပါဘူး။ စိတ်မိုက်တာဟာ အဓိကကျတဲ့အချက်ပါပဲ။ ဒါကြောင့်လဲ လူမိုက်ကိုရှောင်ဆိုတာဟာ ထိုသူ့မှာရှိတဲ့ စိတ်မိုက်ကိုရှောင်လို့ဆိုတာပါ။ ဘယ်လိုရှောင်ရမလဲဆိုတော့ မမှီဝဲသောအားဖြင့် ရှောင်ရမှာပါ။ စိတ် မိုက်တွေကို မှီဝဲလိုက်တာနဲ့တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မကောင်းတဲ့ အကုသိုလ်အာနိသင်တွေ ပျံ့နှံ့ပြီးတည်နေ တာဖြစ်လို့ အလွန်တရာ အရုပ်ဆိုး အကျည်းတန်လှပါတယ်။
မိမိမနှစ်သက်တဲ့စကားတစ်ခွန်းကို ကြားလိုက်တာနဲ့ စိတ်ထဲမှာ ဒေါသထွက်မိတာဟာ ဒေါသကို မှီဝဲလိုက်တာပါပဲ။ ဒေါသနဲ့ ပေါင်းသင်းလိုက်တာပါပဲလို့ ကျွန်တော်မြင်မိပါတယ်။ တစ်ဦးအပေါ်တစ်ဦး အနိုင်လိုချင်တဲ့ ဒေါသတရားတွေ ကြီးစိုးလာတဲ့ အခါ၊ တစ်ဦးနဲ့ တစ်ဦး သူ့ထက်ငါ သာချင်တဲ့ အပြိုင်အဆိုင်မာနတရားတွေ အားကြီးလာတဲ့အခါ ပညာရှိတို့ရဲ့ ဆုံးမစကား သည်ပင် နောက်ဆုတ်ခဲ့ကြရပါတယ်။ အကုသိုလ်တရားတို့ရဲ့အစွမ်းကလည်း အံ့မခန်းပါပဲ။ တစ်ခါတုန်းက ကောသမ္ဗီပြည် က ၀ိနည်းဆောင်ရဟန်းနဲ့ သုတ္တန်ဆောင်ရဟန်းတို့ အချင်းများကြတဲ့အခါ မြတ်စွာဘုရားရှင်က ကြားဝင်ပြီး ဆုံးမစကား မြွတ်ကြားပါသော်လည်း နားမျှမ၀င် အရာမထင်ခဲ့တာကို ကြည့်ပြီး မကောင်းတဲ့ စိတ်ဓာတ်ဆိုးတွေဟာ တစ်ကယ်ကို ကြောက်စရာကောင်းလှပါလားလို့ မြင်မိလာပါတယ်။
ကောင်းမှုနှင့် မကောင်းမှု၊ ဓမ္မနှင့်အဓမ္မ၊ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာတွေမှာ ကောင်းတဲ့ကုသိုလ်တရား၊ ဓမ္မတို့ကသာလျှင် မကောင်းမှု အကုသိုလ်တရား၊ အဓမ္မတရားတို့ကို အနိုင်ရကြစမြဲသာဖြစ်ပါတယ်။ မကောင်းမှုအကုသိုလ်တရားတွေကို နိုင် ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ကောင်းမှုကုသိုလ်တရားတွေကို လုပ်ရဲတဲ့သတ္တိရှိဖို့ပဲ လိုတာပါ။ မကောင်းမှုတရားတွေ ကိုစွန့်ရဲတဲ့ သတ္တိပဲလိုတာပါ။ မကောင်းမှုကို စွန့်ရဲတဲ့သတ္တိလည်းမရှိ၊ ကောင်းမှုကို ပြုရဲတဲ့ သတ္တိလည်းမရှိတဲ့အခါ မကောင်း မှုအကုသိုလ်တရားတွေရဲ့ ထိုးနှက်ချက်ကို အလူးအလဲခံကြရပါတော့တယ်။ ကောင်းမှုတရားတစ်ခုကို ရရှိဖို့အတွက်၊ အမှန် တရားတစ်ခုကို ရရှိဖို့အတွက်ဆိုရင် စွန့်လဲစွန့်ရဲ ရတယ်၊ အစွန့်လည်းခံရဲ ရပါတယ်။ ထိုသူတွေထဲမှာတော့ မြတ်စွာ ဘုရားရှင်က အသာလွန်ဆုံးပါပဲ။
ပြောရရင် ဥရုဝေလမှာ ဘုရားဖြစ်ဖို့တရားကျင့်စဉ်ကာလတုန်းက တို့ဘုရားအလောင်းတော်ဟာ ခန္ဓာကိုယ်ကို အလွန် ပင်ပန်းဆင်းရဲခံပြီး ကျင့်တဲ့အခါမှာ သူ့အနားမှာ ၀တ်ကြီးဝတ်ငယ်ပြုနေကြတဲ့ ပဉ္စ၀ဂ္ဂီ(၅)ဦးရှိကြပါတယ်။ ဒီအတိုင်းသာကျင့်ရင် တို့အရှင် ဘုရားဖြစ်ပြီဆိုတဲ့မျှော်လင့်ချက်နဲ့ စောင့်မျှော်ရင်း အလုပ်အကျွေးပြုနေကြတာပါ။ မြတ်စွာဘုရားအ လောင်းတော်က ဒီအတိုင်းအပင်ပန်းခံပြီး ကျင့်တာဟာ တရားရဖို့မဟုတ်ဘူး။ ဆင်းရဲကြောင်းသာဖြစ်တယ်ဆိုပြီ အလယ် အလတ်ကျင့်စဉ်ကို ကျင့်သုံးပါတော့တယ်။ ဒီအခါ ထိုအရှင် ၅ ဦးတို့က အလောင်းတော်ကို တရားရဖို့လမ်းမမြင်တော့ဘူး ဆိုပြီး ဘုရားအလောင်းတော်ကို စွန့်ခွာသွားကြပါတယ်။ မြတ်စွာဘုရားရှင်ကလည်း မိမိရဲ့ အခြွေအရံတွေ စွန့်ခွာသွားလို့ အမှန်တရားရှာတဲ့လမ်းကို မပြောင်းလဲခဲ့ပါဘူး။ အစွန့်ပစ်ပဲ ခံခဲ့ပါတယ်။ အမှန်တရားတစ်ခုအတွက် အစွန့်ပစ်ခံရဲတဲ့၊ တနည်းအားဖြင့် လမ်းခွဲရဲတဲ့ သတ္တိကို မကြည်ညိုပဲ မနေနိုင်ခဲ့ပါဘူး။
ကောသမ္ဗီပြည်မှာ သံဃာတွေသင်းကွဲတုန်းကလည်း သံဃာထုကိုစွန့်ခွာပြီး တစ်ပါးတည်း ဧကစာရီတောရဆောက်တည် ခဲ့ဖူးပါတယ်။ သစ္စာတရားတစ်ခုအတွက် အခြွေအရံပရိတ်သတ်ကို မငဲ့ကွက်ပဲ တစ်ပါးတည်း လမ်းခွဲခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ လောကသားအားလုံးရဲ့ အတုယူစရာ စံပြပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ဝန်းကျင်ကနေ ခွဲထွက်နိုင်ရဲတဲ့ မြတ်စွာဘုရားရှင်ရဲ့သတ္တိဟာ လူနတ်ဦးခိုက် ပူဇော်ထိုက် လှပါတယ်။ သတ္တိဆိုတာ သိတတ်တာပါပဲကွာလို့ ဆရာတော်ကြီးတစ်ပါး မိန့်ဖူးပါတယ်။ သတ္တိဆိုတာ သိတတ်တာတဲ့။ ဘာတွေကို သိတတ်ရမှာလဲ။ ကောင်းတာတွေကို ကောင်းတယ်လို့ သိတတ် ရမယ်။ မကောင်းတာကိုလည်း မကောင်းဘူးလို့ သိတတ်ရမယ်။ မကောင်းတာတွေကို စွန့်ခွာရဲတဲ့ သတ္တိရှိဖို့ လိုအပ်သလို ကောင်းတာတွေကို လုပ်ဆောင်ရဲတဲ့သတ္တိရှိဖို့ဟာလည်း အရေးကြီးပါတယ်။။ ပြီးခဲ့တာတွေကို ပြန်ကြည့်ရင် တို့တွေလက် တွဲခဲ့တာဟာ၊ တို့တွေ မှီဝဲခဲ့တာတွေဟာ မကောင်းတာတွေပဲ များခဲ့တာပါ။ ပါပသမိံ ရမတိ မနော …. စိတ်ဆိုတာ မကောင်း မှုမှာပဲ မွေ့လျော်တတ်တယ်လို့ ဆိုတာကိုး။ ဒီတော့ မကောင်းမှုကနေ တို့တွေ လမ်းခွဲမှပဲ တော်လိမ့်မယ်ထင်တယ်။
သံသရာတစ်လျှောက်လုံး အတ္တဆန်မှုတွေ၊ ရန်လိုမှုတွေ၊ အနိုင်လိုမှုတွေ၊ လောဘဒေါသ မာန်မာနတရားတွေနဲ့ လက်တွဲ၊ တို့တွေ မှီဝဲလာလိုက်တာ ကြာခဲ့ပါပြီလေ။ ကြာပင်ကြာငြားသော်လည်း မဟောင်းနိုင်း မမေ့နိုင် ယနေ့တိုင် သူတို့နဲ့ လက်တွဲလာခဲ့ကြပေမယ့် ဒီနေတော့ အားလုံးကိုကျောခိုင်း ခပ်ရိုင်းရိုင်းလူသားဆိုတဲ့ မကောင်းမှုတရားတွေနဲ့ မဆုံဖို့ တို့တွေ လမ်းခွဲကြပါစို့။
သတိထား အသိပွားနိုင်ကြပါစေ။
http://thukhayate.blogspot.com/2009/09/blog-post.html မှကူးယူဖော်ပြပါသည်။
Reference: www.forverfriends.ning.com
No comments:
Post a Comment