Wednesday, July 3, 2013

ခံစားမှုမှ - ထွက်မြောက်ကြ

(၂၃)

ပါဠိတော်

“ကိဉ္စ ဘိက္ခဝေ ဝေဒနာနံ နိဿရဏံ၊ ယော ဘိက္ခဝေ ဝေဒနာသု ဆန္ဒရာဂ၀ိနယော ဆန္ဒရာဂပ္ပ - ဟာနံ ဣဒံ ဝေဒနာနံ နိဿရဏံ။

မြန်မာပြန်
“ရဟန်းတို့ - ခံစားမူတို့၏ ထွက်မြောက်ရာသည် အဘယ်နည်း၊ ရဟန်းတို့ - ခံစားမူတို့၌ တွယ်တာ တပ်မက်မူကို မဖြစ်စေရန် ဆုံးမခြင်း၊ မဖြစ်အောင် ပယ်ခြင်းသည် ခံစားမူတို့၏ ထွက်မြောက်ခြင်းတည်း”

အဓိပ္ပာယ်ရှင်းလင်းချက်

ခံစားမူဟူသော(ဝေဒနာ) တရားမှာ (သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ) “ချမ်းသာခံစားမူ၊ ဆင်းရဲခံစားမူ၊ ချမ်းသာမဟုတ်, ဆင်းရဲမဟုတ်သည်ကို ခံစားမူ” အားဖြင့် ၃-မျိုးရှိလေသည်။ ထိုသုံးမျိုးသော ခံစားမူတို့မှ လုံးဝ ထွက်မြောက်နိုင်ရန်အတွက်မှာ မည်သည့် ခံစားမူမဆို တစ်ခုခုအပေါ်၌ ဆန္ဒရာဂမဖြစ်အောင် ဆုံးမခြင်း၊ တားဆီးခြင်း၊ စောင့်ရှောက်ခြင်းအားဖြင့် လုပ်ငန်းစ၍ ထိုခံစားမူတို့ အပေါ် တပ်မက်စွဲငြိသော ဆန္ဒရာဂကို လုံးဝပယ်သတ်နိုင်မူသည် ခံစားမူ (ဝေဒနာ)မှ ထွက်မြောက်ခြင်း ဖြစ်လေသည်။ ထိုထွက်မြောက်ရာတွင် ထွက်မြောက်ခြင်း ၃-မျိုးရှိလေသည်။

“တိဝိဓံကာမရာဂ ဿနိဿရဏံ၊ ၀ိက္ခမ္ဘနနိဿရဏံ တဒင်္ဂနိဿရဏံ၊ သမုစ္ဆေဒနိဿရဏန္တိ၊ တတ္ထအသုဘေပဌမဇ္ဈာနံ ၀ိက္ခမ္ဘနနိဿရဏံနာမ၊ ၀ိပဿနာ တဒင်္ဂနိဿရဏံနာမ၊ အရဟတ္တမဂ္ဂေါ သမုစ္ဆေဒနိဿရဏံနာမ”

(အင်္ဂုတ္တရဋ္ဌကထာ-တ-၆၇)

“ကာမရာဂဟူသော တရား၏ ထွက်မြောက်ရာသည် သုံးပါးအပြားရှိ၏။ ၀ိက္ခမ္တနနိဿရဏ ဟူသော ကြာကြာခွာ၍ ထွက်မြောက်ခြင်း၊ တဒင်္ဂနိဿရဏ ဟူသော ခဏခွာ၍ ထွက်မြောက်ခြင်း၊ သမုစ္ဆေဒနိဿရဏ ဟူသော အပြတ်ခွာ၍ ထွက်မြောက်ခြင်းတို့ဖြစ်၏။ ထိုသုံးပါးတို့တွင် ပထမဈာန်ရအောင် အသုဘရူခြင်းသည် ဆန္ဒရာဂကို ကြာကြာခွာထားနိုင်သောကြောင့် “၀ိက္ခမ္တန နိဿရဏ” မည်၏။ ခန္ဓာကိုယ်အား ပရမတ်ဖြစ်ပျက်ကို ရူနေမူသည် ဆန္ဒရာဂကို ခဏိကအားဖြင့် ပယ်၍ ထွက်မြောက်သောကြောင့် “တဒင်္ဂနိဿရဏ”မည်၏။ အရတ္တမဂ်သည် ကိလေသာ အားလုံးတို့ကို သတ်၍ ကိလေသာမှ ထွက်မြောက်ရာ ဖြစ်သောကြောင့် “သမုစ္ဆေဒနိဿရဏ” မည်၏။

အခြားသော ထွက်မြောက်မူ နိဿရဏ ၁၀၈-မျိုးအထိ ပဋိသမ္ဘီဒါမဂ္ဂ ဋ္ဌကထာ၌ ပြသေး၏။ မည်သို့ပင် ဖြစ်စေ ဆန္ဒရာဂမှ ထွက်မြောက်လျှင်၊ ထွက်မြောက်ရန် အားထုတ်နိုင်လျှင် မြတ်စွာဘုရား၏ ဟောတော်မူချက် ပြည့်စုံပြီဖြစ်၏။ ထွက်မြောက်ခြင်းသုံးပါး ပြရာ၌-

(၁) လှပသော အဆင်းရူပါရုံတစ်ခုကို ဆန္ဒရာဂအားဖြင့် တပ်မက်မူဖြစ်လာလျှင် ထိုအဆင်း၌ တပ်မက်သော စိတ်တို့ ကင်းကွာပြတ်စဲသွားစေရန် အသုဘဟူသော မတင့်မတယ် စက်ဆုပ် ရွံရှာဖွယ် ဖြစ်အောင်ရူ၍ ပထမဈာန်စသည်ရလျှင် ထိုအဆင်း၌ တပ်မက်သော စိတ်တို့ အတော်ကြာအောင်ပင် ခွာထွက်နိုင်သည်ဖြစ်သောကြောင့် ထိုကာမမှ ထွက်မြောက်မူသည်(၀ိက္ခမ္ဘနနိဿရဏ) မည်၏။ သို့ရာတွင် ထိုဈာန်ကြောင့် ခွာခြင်း၊ ထွက်မြောက်ခြင်းသည် စိတ်ချရသော ခွာခြင်း၊ ထွက်မြောက်ခြင်းမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဟူမူ(အနုသယ) မျိုးစေ့ပြုတ်အောင် ခွာနိုင်သော ပညာမျိုးမဟုတ်သောကြောင့် ဖြစ်၏။

(၂) လှပသော အဆင်းရူပါရုံတစ်ခုကို တွေ့လျှင် (ဒိဋ္ဌေဒိဋ္ဌမတ္တံအရ) မြင်တတ်သောသဘောနှင့် မြင်အပ်သောသဘောသာရှိလျှင် ရှိ၏ဟု ပညတ်အာရုံ မယူသော အနိမိတ္တ သမာဓိဖြင့် ပရမတ် အာရုံအတိုင်း အသွင်သဏ္ဌာန်ကို မမှတ်၊ မယူ မြင်တတ်သော သဘောသည် ဖောက်ပြန်တတ်၏။ ချုပ်ပျက်တတ်၏။ မြင်အပ်သဘောသည်လည်း ဖောက်ပြန်တတ်၏။ ချုပ်ပျက်တတ်၏။ မြင်သိသဘောသည်လည်း ဖောက်ပြန်တတ်၏။ ချုပ်ပျက်တတ်၏။ သို့ဖြစ်၍ တတ်, မြင်မြင်အပ်, မြင်သိသဘောတို့သည် ပရမတ်တို့၏ သဘောတရားအတိုင်း မိမိ သူတစ်ပါး ပြုသူပြင်သူမရှိ။ “သူ့သဘောအတိုင်း ဖြစ်ပျက်တတ်သော သဘောတို့”ဟု ရူနေ, သိနေသော အချိန်သည် ထိုမျှလောက် အချိန်နည်းသော်လည်း ကိလေသာကို ခွာခြင်း, ထွက်ခြင်း၌ ၀ိပဿနာရူဆဲ၊ ပရမတ်အာရုံကို သိဆဲအချိန်သည် (တဒင်္ဂနိဿရဏ)မည်၏။ ခေတ္တ ခဏပင် ဖြစ်သော်လည်း ထိုရူဆဲ, သိဆဲ၌(ဖုဿဖုဿဗျန္တီ ကရောတိ) ဟူ၍ အင်္ဂုတ္တရပါဠိတော် ဟောချက်အတိုင်း တိုက်တွေ့တိုင်း ဉာဏ်က ကိလေသာကို သတ်၍သတ်၍ သွားသောကြောင့် ထိုဝိပဿနာဖြင့် ကိလေသာသတ်မူသည် စိတ်ချရလေသည်။

(၃) ယင်းသို့ ဒိဠိကိလေသာမှစ၍ မဂ်အဆင့်ဆင့် ပယ်သတ်လျက်သွားရာ အရဟတ္တမဂ်အရောက်တွင် ကိလေသာဟူသရွေ့ အကြွင်းအကျန်မရှိ။ အမြစ်မှတူး၍ သတ်ပြီးဖြစ်သောကြောင့် (သမုစ္ဆေဒနိဿရဏ) အပြီးသတ် ထွက်မြောက်ခြင်း ဖြစ်လေသည်။

ထွက်မြောက်ခြင်း (နိဿရဏ)ကို ဟောရာ၌ “ဆန္ဒရာဂ ၀ိနယ၊ ဆန္ဒရာဂပ္ပဟာန” နှစ်ချက်ပြ၍ချည်း ဟောတော်မူသည်။ ထိုတွင် ကိလေသာကို သတ်ဆဲ, ဆုံးမဆဲ, အားထုတ်ဆဲ ပုဂ္ဂိုလ်ကို “ဆန္ဒရာဂ၀ိနယ” တစ်နည်း “တဒင်္ဂနိဿရဏ”ဟုခေါ်၍ ကိလေသာကိုသတ်ပြီး, ဆုံးမပြီး, အားထုတ်ပြီးသော ပုဂ္ဂိုလ်ကို “ဆန္ဒရာဂပ္ပဟာန” တစ်နည်း “သမုစ္ဆေဒ နိဿရဏ”ဟု ခေါ်နိုင်လေသည်။

ဝိပဿနာအလုပ် အားထုတ်သော ကျွန်ုပ်တို့သည် “ဆန္ဒရာဂ၀ိနယ” “တဒင်္ဂနိဿရဏ” ဖြစ်ရန်သာ အရေးကြီးစွာ ဂရုစိုက်ဖို့လိုလေသည်။ ကျွန်ုပ်တို့၏ ခန္ဓာ၌ (ဝေဒနာသုံးပါး) ခံစားမူ သုံးမျိုးတို့သည် အခါခပ်သိမ်း ဖြစ်ရှိနေသည်။ ချမ်းသာခံစားခိုက် ဆင်းရဲခံစားမူ၊ ချမ်းသာဆင်းရဲ မဟုတ်သော ခံစားမူမျိုး မရှိပေ။ ဆင်းရဲခံစားခိုက်၊ ချမ်းသာခံစားမူ၊ ချမ်းသာမဟုတ်, ဆင်းရဲမဟုတ်သော ခံစားမူတို့ မဖြစ်မရှိပေ။ ချမ်းသာမဟုတ်, ဆင်းရဲမဟုတ်သော သဘောကို ခံစားခိုက် ချမ်းသာခံစားမူ, ဆင်းရဲ ခံစားမူမျိုးတို့ မဖြစ်, မရှိပေဟု ဘုရားဟောတော်မူသည်။

ဆိုလိုသည်မှာ ကျွန်ုပ်တို့တွင် (ဝေဒနာ) ခံစားမူ တစ်မျိုးမျိုး အမြဲရှိနေသည်။ ဝေဒနာဆို၍ ဒုက္ခတစ်မျိုးတည်းဟု မယူဆလေနှင့်၊ ငါးပါမှောက်သွားမည်။ မိမိသည် အကယ်၍ (သုခဝေဒနာ) ချမ်းသာကို ခံစားနေသည်ဖြစ်အံ့၊ ချမ်းသာနေဆဲတွင် မည်သို့ သဘောထားမည်နည်း။ ချမ်းသာနေလျှင် ချမ်းသာနေသည်ဟု ထင်နေလျှင် နှစ်သက်သဘောကျမူ, တပ်မက်မူ “ရာဂါနုသယ”ကား လက်ပိုက်ကြည့်နေမည် မဟုတ်ပါချေ။ ဝေဒနာသံယုတ်၊ ပဟာနသုတ်ကို ကြည့်လော့။ ထို့ကြောင့် ကျွန်ုပ်တို့သည်…

“ဖြစ်ပျက်မမြင်၊ ချမ်းသာထင်၊ စွဲလျှင်ရာဂမည်”

“ဆန္ဒရာဂ၊ တဏှာပြ၊ မုချလမ်းမှားပြီ”

ဟုဆိုခဲ့သည်၊ ချမ်းသာကို ခံစားနေသော ပုဂ္ဂိုလ်၏စိတ်သည် သာယာသည်၊ နှစ်သက်သည်၊ တပ်မက်သည်၊ တွယ်တာသည်၊ စွဲလမ်းသည်။ သို့ဖြစ်၍ မြတ်စွာဘုရားသည် သဠာယတနသံယုတ်၌…

“သုခံ ဝေဒယမာနဿ၊ ဝေဒနံအပ္ပဇာနတော၊ သောရာဂါနုသယော ဟောတိ၊ အနိဿရဏ ဒဿိနော”

(ပဟာနသုတ် - ၄၀၈)

“ချမ်းသာသော ခံစားမူကို ခံစားသောသူအား ထိုခံစားမူတို့၏ သဘောတရားကို ပျက်မူဟူ၍ မသိသောကြောင့် ခံစားမူတို့၏ အပျက်သဘောကို မမြင်သော ထိုပုဂ္ဂိုလ်သည် ရာဂတဏှာ ကိလေသာသို့ ကိန်းဝပ်ရောက်ရှိခြင်းသည် ဖြစ်၏”

ဟု ဟောတော်မူသည်။ ထိုချမ်းသာခံစားမူ၌ ကိလေသာ မဖြစ်စေရန်ကား… (ပါဠိမြှုပ်ခဲ့အံ့)။

“ချစ်သားတို့… အကယ်၍ ချမ်းသာကို ခံစားဆဲဖြစ်သော ထိုသူသည် ဤသို့သိရာ၏ ငါ့အား ချမ်းသာ ခံစားမူကား ဖြစ်လေပြီ၊ ထိုချမ်းသာ ခံစားမူဟူသည် အလိုအလျောက် ဖြစ်သည်မဟုတ်၊ အစွဲအမှီရှိ၍သာ ဖြစ်ပေါ်လာ၏။ အဘယ်ကို စွဲမှီ၍ ဖြစ်လာသနည်း၊ ဤခန္ဓာကိုယ်ပင် စွဲမှီ၍ ဖြစ်လာ၏။ ဤအစွဲအမှီခံရသော ခန္ဓာကိုယ်သည်ကား မမြဲသောသဘော၊ ပြုပြင်အပ်သောသဘော၊ အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်း သဘောရှိ၏။ ဤခန္ဓာသည် ဤသို့ မမြဲသော၊ ပြုပြင်အပ်သော အကြောင်းကို စွဲ၍ ဖြစ်ပေါ်ခြင်းရှိလျှင် ဤခန္ဓာကိုယ်ကိုစွဲမှီ၍ ဖြစ်သောချမ်းသာ ခံစားမူသည် အဘယ်မှာ မြဲပါလိမ့်မည်နည်းဟုသိ၏။ ထိုသူသည် ဤခန္ဓာကိုယ်၌ လည်းကောင်း၊ ချမ်းသာခံစားမူ၌ လည်းကောင်း၊ မမြဲသော သဘောကို မပြတ်ရူလျက်နေ၏။ ပျက်တတ်သော သဘောကို မပျက် ရူလျက်နေ၏။ တပ်မက်ကင်းမူကို မပြတ်ရူလျက်နေ၏။ ချုပ်ငြိမ်းသော သဘောကို မပြတ်ရူလျက်နေ၏။ စွန့်ပစ်ခြင်းသဘောကို မပြတ်ရူလျက်နေ၏။ ယင်းသို့ ရူမြင်နေသော သူအားရာဂတဏှာ ကိလေသာသည် ထိုသူ၌ မကိန်းဝပ်တော့ပေ”

ဤကား (သုခဝေဒနာ) ချမ်းသာ ခံစားမူ၌ ထွက်မြောက်ရာလမ်းတည်း။

ချမ်းသာခံစားခြင်းတကာတို့တွင် ဈာန်ချမ်းသာ ခံစားခြင်းသည် အမွန်ဆုံး၊ အမြတ်ဆုံးနှင့် အသာဆုံးဖြစ်၏။ ထိုဈာန်အဘိညာဏ်တို့ ချမ်းသာကို ခံစားကြသော ဈာနလာဘီ ပုဂ္ဂိုလ်ကြီးများပင်လျှင် ထိုခံစားမူကိုသာ သာယာမနေဘဲ “တံ ဈာနံ ပါဒကံ ကတွာ” ထိုရရှိ ခံစားနေရသော ဈာန်ချမ်းသာကိုပင် အခြေခံထား၍ “ခယ ၀ယံ ၀မ္မ သန္တော” ကုန်တတ် ပျက်တတ်သော သဘောကို ရူမြင်လျက် “၀ိပဿနံ ၀ဍ္ဎန္တော” ၀ိပဿနာကို ပွားကာ “မဂ္ဂပရမ္ပရာယ” မဂ်အဆင့်ဆင့် တက်ပြီးလျှင် “အရဟတ္တံ အပါ ပုဏိ” ရဟန္တာအဖြစ်သို့ ရောက်၏။

ဈာန်ချမ်းသာကို ခံစားသော ပုဂ္ဂိုလ်၏ ၀ိပဿနာလမ်းနှင့် အရဟတ္တဖိုလ် ရရောက်သူတို့ကား များလှချေ၏။ သက်သေတွေ ထုတ်ပြန်ရန်ကား ကျယ်ဝန်းလှသဖြင့် ယခု သာသနာနယ်ပယ်တွင် ထင်ရှားနေသော (ဒုက္ခဝေဒနာ) ဆင်းရဲခံစားမူ၏ ထွက်မြောက်လမ်းကိုသာ ဖော်ပြပါအံ့။

“ဒုက္ခံဝေဒယမာနဿ၊ ဝေဒနံအပ္ပဇာနတော၊ ပဋိဃာနုသယော ဟောတိ၊ အနိဿရဏဒဿိနော”

“ဆင်းရဲသော ခံစားမူကို ခံစားသောသူအား ထိုခံစားမူ သဘောတရားကို ပျက်မူဟူ၍ မသိသောကြောင့် ခံစားမူတို့၏ အပျက်သဘောကို မမြင်သော ထိုပုဂ္ဂိုလ်သည် ပဋိဃာဓနုသယ ဟူသော ဒေါသ ဒေါမနဿတို့ ကိန်းဝပ်ခြင်းသို့ရောက်၏”

ဟု ဟောတော်မူသည်။ ထိုဆင်းရဲ (ဒုက္ခဝေဒနာ) ခံစားမူ၌ စိတ်ငြိုငြင်မူ၊ မကျေနပ်မူ၊ မကြည်သာမူ၊ ကသိကအောက်ဖြစ်မူသည်(အနာဂါမ်ရဟန္တာ) ကလွဲလျှင် ဖြစ်မည်ချည်းတည်း။ ဖြစ်ခဲ့သော် မည်သို့ သဘောထားမည်နည်း၊ ဆင်းရဲကို ဆင်းရဲဟု သိနေရုံမျှနှင့် ဒေါသ, ဒေါမနဿတို့က ခွင့်လွှတ်မည် မဟုတ်ပေ။ ထိုဆင်းရဲခံစားမူအား ၎င်း၏ သဘောတရားကို ဉာဏ်အသိနှင့် သိနေရန်အတွက် မြတ်စွာဘုရား၏ ညွှန်ပြ ဟောကြားပုံကို လေ့လာကြည့်ပါ။ သင့်အတွက် အကျိုးမယုတ်ပါ။

“ချစ်သားတို့… အကယ်၍ ဆင်းရဲကို ခံစားရဆဲဖြစ်သော ထိုသူသည် ဤသို့သိရာ၏၊ ငါ့အား ဆင်းရဲခံစားမူကားဖြစ်လေပြီ၊ ထိုဆင်းရဲခံစားမူဟူသည် အလိုအလျောက် ဖြစ်သည်မဟုတ်၊ အစွဲအမှီရှိ၍သာ ဖြစ်ပေါ်လာ၏၊ အဘယ်ကို စွဲမှီ၍ ဖြစ်ပေါ်သနည်း၊ ဤခန္ဓာကိုယ်ကိုပင် စွဲမှီ၍ ဖြစ်လာ၏၊ ဤအစွဲအမှီခံရသော ခန္ဓာကိုယ်သည်ကား မမြဲသောသဘော၊ ပြုပြင်အပ်သောသဘော၊ အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိ၏၊ ဤခန္ဓာသည် ဤသို့ မမြဲသော, ပြုပြင်အပ်သော, အကြောင်းကိုစွဲ၍ ဖြစ်ပေါ်သော သဘောရှိလျှင် ဤခန္ဓာကိုမှီ၍ ဖြစ်သော ဆင်းရဲခံစားမူသည် အဘယ်မှာ မြဲပါလိမ့်မည်နည်းဟုသိ၏။ ထိုသူသည် ဤခန္ဓာကိုယ်၌လည်းကောင်း၊ ဆင်းရဲခံစားမူ၌ လည်းကောင်း မမြဲသောသဘောကို မပြတ်ရူလျက်နေ၏။ ပျက်တတ်သောသဘောကို မပြတ်ရူလျက်နေ၏။ ယင်းသို့ ရူမြင်နေသော သူအား ပဋိဃာဓနုသယဟူသော ဒေါသ, ဒေါမနဿသည် မကိန်းဝပ်တော့ပေ”

(သဠာယတနသံယုတ် ဂေလညသုတ် - ၄၀၃)

ဤပါဠိတော် ဟောချက်ကို အလုပ်တရား၏ အမှန်ကို ရှာသော ယောဂီသည် သေချာစွာ လေ့လာအပ်ပေသည်။ “ဝေဒနာ၊ ဝေဒနာ” နှင့်ဒုက္ခ တစ်မျိုးကိုသာ ပေ၍ရူနေသော ယောဂီသည် မည်သို့ပင် သည်းခံနိုင်ပါသည် ဆိုစေကာမူ စိတ်ငြိုငြင်မူ၊ ကသိကအောက်ဖြစ်မူရှိလာလျှင် ထိုစိတ်နှင့်အတူ ဒေါသ, ဒေါမနဿကား ၀င်ပြီး ဖြစ်လေပြီ။ နူးညံ့သိမ်မွေ့သော ပညာဉာဏ်ဖြင့်သာ သိအပ်သော ကြံစည်စိတ်ကူးယူသော စိတ်ကူးယဉ်သူတို့၏ အရာမဟုတ်သော၊ ပညာရှိမဟုတ်, ပညာရှိယောင်ဆောင်ကာ လှည့်ပတ်အပ်သော သဘောမရှိသော ဤတရားကား အလွန်ပင် သိမ်မွေ့လှ၏။ နူးညံ့လှ၏၊ ၀ိပဿနာဖြစ်သော ဉာဏ်၌ ညစ်နွမ်းစေတတ်သော (ကိလေသာ) အခိုးအငွေ့၊ အရှိန်အစော်၊ အနံ့ အသက် လုံးဝကင်းစင်၍ စင်ကြယ်သော “မဇ္ဈိမပဋိပဒါ-၀ိသုဒ္ဓိပဋိပဒါ” စိတ်အကျင့်လမ်းစဉ်၊ ဉာဏ်အကျင့် လမ်းစဉ် ဖြစ်သည်ကို သတိကြီးစွာ ထား၍ လော့လာဖို့လိုသည်။

ဝိပဿနာအလုပ်သည် ရုပ်ခန္ဓာကို အရူခံအဖြစ် ထား၍ ဉာဏ်အသိ လေ့ကျင့်ရသော အလုပ်ဖြစ်သည်ကိုလည်း မျက်ခြည်ပြတ်၍ မရပေ။ ရုပ်နာမ်ခန္ဓာကို ပေတေထား၍ရူနေလျှင်, ကြည့်နေလျှင် ဖြစ်တတ်သော သဘောကို လေ့လာကြည့်ပါ။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
www.forverfriends.ning.com

No comments:

Post a Comment