Wednesday, July 3, 2013

ဥရဂဇာတ်

လောကတွင် ရှိကြသော လူသတ္တ၀ါတို့သည် သေမည်ကို သိကြသူများသာ ဖြစ်သည်၊ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများသာ၍ပင် သိကြသည်။ အကြောင်းမူ သေတတ်သော ခန္ဓာနှင့်စပ်၍ အသေတရားများကို မကြာခဏပင် နာကြားနေကြရသည်။ သို့သေမည်ကို သိထားသည်ဆိုသော သူများသည် မိမိကိုယ်ကို ဖြစ်စေ၊ မိမိ၏ သားမယား, မိဘ, ညီအစ်ကို, မောင်နှမ, မိတ်ဆွေသင်္ဂဟ, ဆွေမျိုးဉာတိ စသော သူတို့ သေကြလျှင် သော်လည်းကောင်း၊ သတင်းကြားရလျှင်သော် လည်းကောင်း၊ သေခြင်းတရားသည် ဓမ္မတာတရား ဖြစ်၍ မပူဆွေးကြဘဲ တရားရကြပါသလား ဟုမေးလျှင် ဤမေးခွန်းသည် သက်သက် မဖြစ်နိုင်သော မေးခွန်းမျိုးဟု ယူဆကြပေလိမ့်မည်။

သေခြင်းသဘောကိုကား သိကြသည်မှန်၏။ သို့ရာတွင် မိမိအတွက် မဟုတ်သလို မိမိအတွက်ဆိုပါကလည်း အလွန်စောသေးသည်ဟူသော အထင်ရှိကြသည် “ဒီအသက် လောက်နဲ့တော့ သေဖို့ မကောင်းသေးပါဘူး၊ စောလှပါသေးတယ်”ဟူသော စကားမျိုးသည် သေသင့်သော အချိန်ကို သိ၍လော၊ မသိနိုင်သော တရားငါးပါးကိုပင် မကြားဖူး၍လော မပြောတတ်ပေ။

ကျွန်ုပ်တို့ ပြောတတ်သည်ကား ထိုစကားမျိုးပြောသော သူတို့သည် သေတတ်သည်ကို အများပြော အနေနှင့်သာ ကြားရဖူး၍ တကယ်ယုံကြည်မူ မရှိသေးသောသူ၊ သေရမည့်ဘေးကို အလွန်ကြောက်သော သူသာ ဖြစ်ပေလိမ့်မည်။ တကယ်ပင် နှစ်နှစ်ကာကာ ယုံကြည်မူရလျှင် မိမိ၏ အသေကိုပင် မိမိသိနိုင်သော ၀ိပဿနာအလုပ် အားထုတ်ပေတော့မည် ဖြစ်သည်၊ ရှေးအခါ တကယ်သိသော သူတို့၏ သဘောထားကို ကြည့်ပါ။

လွန်လေပြီးသောအခါက ကာသိတိုင်း၊ ဗာရာဏသီပြည်တွင် ဓမ္မပါလ မည်သော ပုဏ္ဏားရွာ တစ်ရွာရှိလေသည်။ ထိုရွာတွင် တစ်ခုသော အိမ်၌ ပုဏ္ဏားကြီး, ပုဏ္ဏေးမ, သား, သမီး, ချွေးမ, ကျွန်မ ငါးဦးတို့ နေကြလေသည်။ ထိုသူတို့သည် “ငါတို့ကား... သေတတ်သော သူတို့ ဖြစ်ကြသည်။ သေခြင်းဟူသည် သတ္တ၀ါခန္ဓာဖြစ်ရှိသော သူတို့၏ မထူးဆန်းသော ကိစ္စဖြစ်၍ သေတတ်သော သဘောသာရှိ၏”ဟု “မရဏာနုဿတိ” သေခြင်းကိုသာ နှလုံးသွင်းလျက် နေကြမြဲဖြစ်လေသည်။ တစ်ဦးတစ်ယောက် အပြင်သို့ ကိစ္စရှိ၍ ထွက်သွားခဲ့သော် ကျန်လူများအား သေခြင်းသဘောကို ပြောပြခဲ့လျက် ကျန်လူများအတွက် အပြင်သွားသောသူအား ပူပန်ခြင်း၊ စိုးရိမ်ခြင်း မရှိဘဲသာလျှင် “သေခြင်းတရား”ကိုသာ မပြတ်နှလုံးသွင်းလျက် နေကြလေသည်။

တစ်နေ့သောအခါ သားနှင့်တူ နွားတို့ကို ယူ၍ လယ်ထွန်ခြင်းငှာ လယ်ထဲသို့ ထွက်သွားလေသည်။ ရှေးဦးစွာ သားဖြစ်သူသည် သစ်ရွက်ခြောက်တို့ကို မီးထည့်ရန် စုနေစဉ် မြွေဟောက် တစ်ကောင်သည် မီးရို့မည်ကို ကြောက်၍ သစ်ခေါင်းမှ ထွက်ပြီးလျှင် သားအား ကိုက်လိုက်ရာ ထိုနေရာတွင်ပင် လဲကျသေဆုံးလေသည်။ သေလေပြီးသော သားသည် သိကြားမင်း ဖြစ်သွားလေသည်။ ဖခင်ဖြစ်သော ပုဏ္ဏားကြီးလည်း သားသေသည်ကို မြင်၍ မိမိတို့ လယ်ထွန်မည့် အနီးမှ ဖြတ်သွားသော ယောက်ျားတစ်ယောက်ကိုတွေ့၍...

“အဆွေယောက်ျား ပုဏ္ဏေးမနှင့် အိမ်သားများကို ပြောလိုက်စေလိုပါသည်၊ အိမ်သားအားလုံးလည်း ရေချိုးပြီးလျှင် အ၀တ်ဖြူဝတ်၍ ပန်းနံ့သာတို့နှင့် တစ်ယောက်စာ ထမင်းကိုယူ၍ အလျင်အမြန် လာကြပါ”

ဟု မှာလိုက်လေသည်။ ခရီးသွား ယောက်ျားလည်း ပုဏ္ဏားကြီးအိမ်သို့ သွား၍ မှာလိုက်သောအတိုင်း ပြောပြလေလျှင် မှာလိုက်သော စကားအရ ပြုလုပ်စီမံကြ၍ သွားကြလေသည်။ ပုဏ္ဏားလည်း ရေချိုး၍ ထမင်းစားပြီးသော် အိမ်သားအာလုံး ၀ိုင်း၍ ထင်းတို့ကို စုဆောင်းပြီးလျှင် အလောင်းကို ထင်းပုံထက်သို့ တင်၍ မီးသွေးဖုတ်ရန် ထင်းပုံကို မီးတိုက်သကဲ့သို့ စိုးရိမ်းခြင်း၊ ပူဆွေးခြင်း မရှိကြပါဘဲ “အနိစ္စသညာ”ကို နှလုံးသွင်း၍ (အဂ္ဂိဈာပန) မီးတိုက်ကြလေသည်။

မြွေကိုက်သေ၍ သိကြားဖြစ်နေသော ပုဏ္ဏားသားသည် ဘုရားအလောင်းတော် ဖြစ်၍ မိမိ၏ ရှေးရှေးဘ၀တို့၌ ပြုအပ်သော ကုသိုလ်ကံတို့ကို ဆင်ခြင်လျက် မိခင်ဖခင်စသော အဆွေအမျိုးတို့အားလည်း အစဉ်သနားသဖြင့် ပုဏ္ဏားအရောင်ဆောင်၍ လာရောက်ပြီးလျှင် အဆွေအမျိုးတို့ မပူမဆွေးသည်ကို ကြည့်၍ အကယ်ပင် သဘောပေါက်သဖြင့် မပူကြခြင်းလော၊ သို့တည်းမဟုတ် ဟန်လုပ်၍ နေခြင်းလောဟု သိလိုသဖြင့်...
“အချင်းတို့ - သမင်ရလို့ ကင်နေကြသလား၊ ကျက်လျှင် ကျွန်ုပ်မှာ ဆာလောင်လှပါသဖြင့် အသား နည်းနည်းပေးကြပါ”ဟု တောင်းလေသာ်...

ပုဏ္ဏားကြီးက...

“မီးရို့နေခြင်းသည် သမင်မဟုတ်ပါ၊ လူသေဖြစ်ပါသည်”

ဟု ဆိုသောအခါ သိကြားပုဏ္ဏားက...

“သြော်... သင်တို့ ရန်သူသေလို့ မီးရို့နေကြသကိုး”

ဟု ဆိုပြန်ရာ...

ပုဏ္ဏားကြီးက...

“ကျွန်ုပ်တို့၏ ရန်သူမဟုတ်ပါ၊ အလွန် ဂုဏ်ကျေးဇူးများသော ငယ်ရွယ်သူဖြစ်သည့် ကျွန်ုပ်တို့၏ ရင်နှစ်သားချစ်ပါ”ဟု ပြောရာ...

သိကြားပုဏ္ဏားက...

“ဤသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မစိုးရိမ်ကြသနည်း၊ မငိုကြွေး ကြသနည်း”ဟု ဆိုလေသောအခါ...

ပုဏ္ဏားကြီးက

(ဥရ ဂေါဝ တစံ ဇိဏံ။ လ။ ဂတောသော တဿယာဂတိ)

ဟူသော ၂ဂါထာဖြင့် ပြန်ပြောပုံကား…
“မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ဤအတူ သံသရာ၌ ကျင်လည်ရသော သတ္တ၀ါသည် အသက်ကုန်၍ သေသည်ရှိသော ခန္ဓာကိုယ်ကို အသုံးမပြုနိုင်တော့ဘဲ မိမိ၏ ဆွေးမည့်သော ခန္ဓာကိုယ်ကို စွန့်၍ သွားရ၏။ ထိုသေသူသည် သူ၏ ကံအတိုင်း ပို့ဆောင်ရာ ဂတိသို့ သွားရသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ခန္ဓာကိုယ်သည် သူ၏ ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ သို့ကြောင့် ကျွန်ုပ်မငိုပါ”ဟု ပုဏ္ဏားကြီးက ဆို၏။

ပုဏ္ဏားကြီးကို မေးပြီးသောအခါ ပုဏ္ဏေးမကြီးအား သိကြားပုဏ္ဏားက...

“ရှင်မသည် သေသူနှင့် မည်သို့ တော်စပ်ပါသလဲ”

“ဆယ်လတိုင်အောင် လွယ်၍ မွေးပြီးလျှင် ကိုယ်တိုင် နို့တိုက်မွေးရသည့် မိခင်အရင်း ဖြစ်ပါသည်”ဟု ပြောလေသော်...

သိကြားပုဏ္ဏားက...

“သို့ဖြစ်လျှင် ယောက်ျားက စိတ်နိုင်သူမို့ မငိုလျှင် ရှိပါစေတော့၊ အမိတို့ မည်သည်မှာ သားသမီးအပေါ်၌ အလွန်နူးညံ့ပါသည်၊ သင်သည် အဘယ်ကြောင့် မငိုသနည်း” ဟုမေးရာ...

ပုဏ္ဏားမကြီးက...

(အနဗ္ဘိတော တတော အာဂါ။လ။ ဂတောသောတဿယာဂတိ)။

ဟု ပြန်ပြောသည်။

“ငါသည် သူ့ကို လာရန်မခေါ်ခဲ့ပါ၊ ယခုလည်း သွားတော့ဟု ခွင့်မပြုဘဲ သူသွား၏၊ အကြင်သို့သော အခြင်းအရာအားဖြင့် မခေါ်ဘဲ လာ၍ ထိုထိုသို့သော အခြင်းအရာအားဖြင့် ခွင့်မပြုဘဲ သွားသော သံသရာ၌ ဤသို့ဤသို့ တစ်ဘ၀မှ တဘ၀သို့ ကျင်လည် သွားလာနေသော သတ္တ၀ါတို့အတွက် ငိုကြွေးခြင်းသည် အကျိုးအဘယ်မှာရှိမည်နည်း”

(နောက်ဂါထာအတူ)

ဟု ပုဏ္ဏားမကြီးက ပြောပြီးသောအခါ...

သိကြားပုဏ္ဏားက နှမဖြစ်သူတို့...

“မောင်နှင့် နှမဟူသည် အလွန်ချစ်ခင်ကြပါလျက် ယခု မောင်သေသောအခါ သင် အဘယ်ကြောင့် မငိုသနည်း”ဟု မေးလေလျှင်...

နှမက...

(သစေရော ဒေကိသာအဿံ။ လ။ ဂတောသောတဿယာဂတိ)

ဟုပြောလေသည်။

“အကယ်၍ ငိုကြွေးခဲ့ပါမူ ပိန်ချုံးရုံမျှသာ ရှိရာ၏၊ ထိုသို့ ငိုကြွေးခြင်းဖြင့် အဘယ်အကျိုး တစ်စုံတစ်ရာ ရအံ့နည်း။ ငါတို့ဆွေမျိုး မိတ်ဆွေ စသော အကျွမ်းဝင်သူတို့ စိတ်ဆင်းရဲမူသာ ဖြစ်ပါမည်”ဟု ပြန်ပြောသည်။

နောက် မယားဖြစ်သူထံ ချဉ်းကပ်ပြန်၍...

“သေသူသည် သင်၏ လင်ဟု ဆိုသည်၊ မယားဖြစ်သူတို့မှာ လင်ကိုသာလျှင် အားကိုးရာ အားထားရာ မှန်၏၊ ယခု လင်သေသောအခါ သင်သည် မုဆိုးမ ဖြစ်ပေတော့မည်၊ အားထားရာမဲ့ပြီ၊ သို့အတွက် သင် အဘယ်ကြောင့် မငိုသနည်း” ဟုမေးပြန်ရာ...

မယားဖြစ်သူက...

(ယထာပိဒါရ ကေစန္ဒံ။ လ။ ဂတောသော တ ဿယာဂတိ)

ဟု ပြောသည်။

“သူငယ်သည် ကောင်းကင်၌ သွားသောလကို ငါ၏ ရထားဘီးကို ယူပေးပါဟု ဆို၍ ငိုသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ ယင်းသို့ စိုးရိမ်ခြင်းသည် ထိုသူငယ်၏ အဖြစ်နှင့် တူသည်သာတည်း”ဟု ဆိုပြန်သော အခါ ကျွန်မထံသို့ ကပ်၍...

သိကြားပုဏ္ဏားက...

“သေသူသည် သင်၏ အရှင်သခင်ဟု ဆိုသည်၊ သင်၏ အရှင်သည် သင့်ကို အလွန် နှိပ်စက်ညှင်းဆဲသူဖြစ်ရမည်၊ ယခုတော့ ငါလွတ်ပြီဟု ၀မ်းသာသော စိတ်နှင့် သင်မငိုသလော”ဟု မေးပြန်၏။

ထိုအခါ ကျွန်မက...

(ယထာပိဗြာဟ္မေ ဥဒကုမ္ဘော။ လ။ ဂတောသော တဿ ယာဂတိ)

“ပုဏ္ဏားကြီး... ကွဲလေပြီးသော ရေအိုးသည် တစ်ဖန် ပြန်စပ်၍ မရသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏ ထိုသူ၏ စိုးရိမ်ခြင်းသည် ကွဲလေပြီးသောအိုးကို စပ်၍ မရသည်နှင့်တူ၏ ထိုသေသူသည် မိမိလားရောက်ရာဂတိသို့ သွးလေပြီဖြစ်၍ မီးလောင်ကျွမ်းနေသော ဤကိုယ်ခန္ဓာသည် မိမိတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် အရှင့်သားကို အကြောင်းပြု၍ မငိုကြောင်း…”

ကျွန်မက ဆိုလေသာ်...

သိကြားသည် ထိုသူတို့၏ စကာကို ကြားရ၍ အလွန်ကျေနပ်လှရား...

“သင်တို့၏ (မရဏဿတိ) သေခြင်းကို နှလုံးသွင်းပွားများမူသည် တကယ်ပင် မှန်လှပေသည်၊ ယနေ့မှစ၍ သင်တို့သည်ဆင်းရဲကြီးစွာ အသက်မမွေးကြရန်အတွက် ငါသည် သင်တို့အိမ်တွင် ရတနာ ၇-ပါး ပြည့်အောင်ထားခဲ့ပြီ။ သင်တို့သည် ပေးလှူခြင်း၌ မမေ့ပါနှင့်၊ သီလစောင့်ခြင်း၊ ဥပုသ်သုံးခြင်းတို့၌ မမေ့မလျော့ပါလေနှင့်”

ဟု ဆုံးမစကားပြောကြားလျက် ငါသည် သေသွးသော သင်တို့၏ သား၊ ယခု သိကြားဖြစ်နေသည်ကို ပြောပြီးလျှင် နတ်ပြည်သို့ ပြန်လေသည်။

ပုဏ္ဏားကြီးမိသားစုလည်း ဒါန-သီလစသည်ကို အသက်ထက်ဆုံး ပြုကျင့်ကြလျက် သေသောအခါ နတ်ပြည်သို့ လားကြလေသည်။

(ဤကား - ဇာတက ပါဠိတော် - ပ - အုပ် ၁၂၂။ ပေတ၀တ္ထုပါဠိတော် အဋ္ဌကထာ - ၅၆ ကို မြန်မာဘာသာပြန်၍ ထည့်လိုက်သည်)။

သတ္တ၀ါ၏အဖြစ်သည် အတိအကျဆိုရမူ သေဖို့ဖြစ်လာသည်ဟု ဆိုက အမှန်ဆိုခြင်းပင်ဖြစ်၏။ လောကစီးပွားရေး၊ သံသရာစီးပွားရေးသည် မသေမီသာ ပြုလုပ်ရသည်။ သေမည့် ပန်းတိုင်ကား သတ္တ၀ါဟုဖြစ်ရှိနေသော ခန္ဓာ အမျိုးမျိုးတို့အတွက် ကျိန်းသေ စိုက်ထူထား၏။ သေခြင်းကို သိပါသည်ဆိုသောသူများ ထိုအသေကို နှစ်သက်စရာဟု မထင်အပ်ပေ။ နှစ်သက်စရာဟု ထင်နေကြ၍သာ ထိုအသေမျိုး မရအောင်၊ ချုပ်ပြတ်အောင် အားထုတ်ရမည့် ၀ိပဿနာအလုပ်ကို မလုပ်လိုဘဲ နေကြခြင်းက ထိုအသေကို နှစ်သက်ပါသည်ဟု ၀န်ခံနေသလိုဖြစ်၍နေ၏။ မြတ်စွာဘုရားသည် ဤ အို, နာ,သေတတ်သော ခန္ဓာ၏ အဖြစ်ဆိုးကို နည်းအမျိုးမျိုးနှင့် ညွှန်ပြသည်။ အပြစ်ကို ဝေဖန်ပြပါလျက် မလိုက်နာကြချေ။

မြတ်စွာဘုရားသည် အသုဘ အဖြစ်ကို ဟောခြင်းကား ခန္ဓာကိုယ်၌ ဖွဲ့စည်းထားသော ၀တ္ထုပစ္စည်းများသည် ဘာမျှ တပ်မက်ဖွယ်ရာ မရှိကြောင်း အတွင်းအပြင် စုံလင်အောင် ဟောပြသည်။ ထင်မြင်အောင် ဟောပြသည်။ အသေကောင်၌ ကြာလေ ရွံဖွယ်ကောင်းလေဖြစ်သော အမှန်သဘောတရားသည် မသေသေးသော မိမိခန္ဓာကိုယ်နှင့်လည်း ဘာမျှမထူးခြားကြောင်းကို ဟောပြသည်၊ ၎င်းပြင် မြတ်စွာဘုရားသည်...

“သစေ ဣမဿ ကာယဿ၊ အန္တော ဗာဟိရကောသိယာ၊ ဒဏ္ဍံနူနဂဟေတွာန၊ ကာကေသောဏေ နိဝါရယေ” ဟု ဟောတော်မူသည်။

“ဣမဿကာယဿ၊ ဤကိုယ်အား။ သစေ၊ အကယ်၍။ အန္တောဗာဟိရကော၊ သံပရာသီးအခြမ်းကဲ့သို့ အတွင်းအပြင် ပြောင်းပြန်လှန်ထားသည်ရှိသော်။ သိယာ၊ ဖြစ်ငြားအံ့။ ဧ၀ံသတိ၊ ဤသို့ ပြောင်းပြန်လှန်ထားသည်ရှိသော်။ တွံ၊ သင်သည်။ ဒဏ္ဍံ၊ တုတ်တောင်ဝှေးကို။ ဂဟေတွာ၊ ကိုင်၍။ ကာကေသောဏ၊ ကျီး, ခွေး တို့ကို။ နိဝါရယေနူန၊ ခြောက်လှန့််တားမြစ်ရမည်မဟုတ်ပါလော”

လက်ရှိ အသက်ရှင်နေသော မိမိ၏ ခန္ဓာကိုယ်၌ လူသေကောင်ကဲ့သို့ မထူးခြးသော ထင်မြင်မူရရှိလျှင် ဤခန္ဓာကိုယ်ကို မှီ၍ဖြစ်သော တဏှာ, မာန, ဒိဋ္ဌိတို့ မဖြစ်ရာသော အကြောင်းမျိုးစုံကိုလည်း ဟောထားသည်။ အသက်ရှိစဉ်က အလွန်အဖိုးတန်သူ ဖြစ်စေကာမူ အသက်သေက တစ်ပြားမှ တန်ဖိုးမရှိတော့ကြောင်းလည်း ဟောကြားထားသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
www.forverfriends.ning.com

No comments:

Post a Comment