Wednesday, July 3, 2013

စူဠ၏ အာစိဏ္ဏကံ ဒါနကုသိုလ်

ဒီနေ့ မကုဋာရာမကျောင်းကနေ စာတိုက်ကြီး၊ စာတိုက်ကြီးကနေ ကိုယ်နေထိုင်ရာကျောင်းသို့ ပြန်ခဲ့သည်။ ခရီးက အနည်းငယ် ရှည်သည့်အတွက် သုံးဘီးကားဆရာ စူဠနဲ့ စကားစမြည် ပြောဖြစ်ခဲ့သည်။ မကုဋာရာမကျောင်းမှာ ဂိတ်ထိုးသည့် သုံးဘီးကား (၃) စီးရှိသည်။ ကားဆရာ (၃) ယောက်လုံးက သူ့နေရာနဲ့သူ ကျွမ်းကျွမ်းကျင်ကျင် ရှိကြသည်။ ဈေးဝယ်ထွက်သည်မျိုး၊ အစိုးရရုံးများသို့ သွားသည်မျိုးတို့တွင် သူတို့နဲ့သွားရတာ ပိုအဆင်ပြေသည်။ အပြင်က သုံးဘီးကားတွေနဲ့က စကားပြောရတာကအစ အဆင်မပြေတာက များသည်။ စူဠတို့ သုံးယောက်ကတော့ မြန်မာရဟန်းတော်တွေပြောတဲ့ လေယူလေသိမ်းတွေကို ကျက်မိနေပြီးဖြစ်သည်။ ဒါ့အပြင် မြန်မာရဟန်းတော်တွေအနေနဲ့ ဘယ်ရုံးကိုသွားလျှင် ဘယ်နေရာ ဘယ်နေရာတွေ ဝင်ရမည်၊ ဘာတွေလုပ်ရမည် ဆိုတာကို အကုန်သိထားပြီးဖြစ်သည်။ သူတို့ guide ကောင်းကောင်း လုပ်နိုင်သည်။ ထို့ကြောင့်လည်း သူတို့သုံးယောက် အနေဖြင့် မြန်မာရဟန်းတော်အပါး (၁၀၀) လောက် မပြတ်တန်းရှိနေသည့် မကုဋာရာမ မြန်မာကျောင်းတိုက်မှာ "ကုသိုလ်လည်းရ ဝမ်းလည်းဝ" ဆိုတာလို နေရာတစ်ခု ရနေကြခြင်းဖြစ်လေသည်။

စာရေးသူ အနေဖြင့်မူ မြန်မာကျောင်းမှာ နေသူမဟုတ်သည့်အတွက် စူဠတို့နှင့် မကြုံတာက များသည်။ မှတ်မှတ်ရရ စူဠ၏ သုံးဘီးကို စီးဖြစ်သည်မှာ (၁၀) ကြိမ်လောက်သာ ရှိဦးမည်။ သူ့သုံးဘီးကို စီးဖြစ်တိုင်း ထူးဆန်းသည့် သူ့အပြုအမူတစ်ခုကို အမြဲသတိထားဖြစ်ခဲ့သည်။ ဒီနေ့တော့ ခရီးကလည်းခပ်ရှည်ရှည်၊ အခြား သူငယ်ချင်းတွေလည်းမပါပဲ ကိုယ်တစ်ပါးတည်းသာ ဖြစ်သည့်အတွက် သူ့အပြုအမူလေးနဲ့ ပတ်သက်ပြီး အနည်းငယ်ဗျူးဖြစ်ခဲ့လေသည်။

............................................................................

စူဠသည် အသက် (၅၅) နှစ်ရှိပြီဖြစ်သည်။ သုံးဘီးကားမောင်းလာသည်မှာ ယခုဆိုလျှင် (၂၅) နှစ်တိတိရှိပြီဖြစ်သည်။ ယခုလက်ရှိမောင်နှင်နေဆဲ သုံးဘီးကားကလေးသည် သူ့လက်ထဲတွင် ၂၅ နှစ်တိုင်ခဲ့ပြီဟုဆိုသည်။ ၂၀၀၂ -ခုနှစ်တွင် မကုဋာရာမ မြန်မာကျောင်းဝင်းထဲ၌ စတင် ဂိတ်ထိုးခဲ့သည်။ အင်တာဗျူးရင်းက ၂၀၀၂ ခုနှစ်၏ မကုဋာရာမပုံရိပ် တစွန်းတစကို စူဠဆီမှ ကြားသိရသည်။ ထိုနှစ်က မြန်မာရဟန်းတော် (၄၅) ပါးသာ မကုဋာရာမကျောင်းတိုက်မှာ ရှိခဲ့ပြီး သံဃာအားလုံးအတွက် တစ်နေ့တာ ဆွမ်းစရိတ်ငွေမှာ ရူပီးခြောက်ရာမျှသာ ဖြစ်သည်ဟု ဆိုသည်။ မြန်မာရဟန်းတော် အားလုံးနီးနီး မကုဋာရာမကျောင်းတိုက်တွင် နေထိုင်ခဲ့ကြပြီး အနည်းငယ်ခန့်မျှသာ အပြင်ကျောင်းများတွင် နေထိုင်ခဲ့ကြသည်ဟုဆိုသည်။ ၂၀၀၅- ခုနှစ်လောက် မှစ၍ မြန်မာရဟန်းတော်များ ယခင်ထက်ပိုမိုရောက်ရှိလာပြီး ၂၀၀၇- နောက်ပိုင်းတွင်မူ သိသိသာသာ တိုးတက်ရောက်ရှိလာခဲ့ကြောင်းလည်း မှတ်မှတ်ရရဆိုသည်။ စူဠသည် ကားလမ်းကြောရှုပ်လာသဖြင့် စကားပြောရပ်ကာ သူ့သုံးဘီးကို ဂရုတစိုက်မောင်းပြန်လေသည်။

စူဠ စကားရပ်နေခိုက် လက်ရှိ မြန်မာရဟန်းတော်များနှင့် မဟာမကုဋာရာမ မြန်မာကျောင်းတော်ကြီး၏ အနေအထားဆီသို့ အတွေးမြှားဦးလှည့်မိသည်။ ယနေ့ ၂၀၁၂ တွင် သီရိလင်္ကာသို့ မြန်မာရဟန်းတော် အပါး ၃၀၀ ကျော်ရောက်ရှိ ပညာသင်ကြားနေကြပြီဖြစ်သည်။ သံဃာဦးရေ တိုးတက်ရောက်ရှိ လာသကဲ့သို့ နေရာထိုင်ခင်း အဆောက်အဦးများလည်း တိုးတက်လာသည်။ သို့ရာတွင် ရောက်လာသော သံဃာများနှင့် တိုးတက်လာသော အဆောက်အဦတို့ကား အချိုးမညီမျှနိုင်သေး။ ထို့ကြောင့် မိခင်မကုဋာရာမ ကျောင်းတိုက်ကြီးသည် ရောက်ရောက် လာသမျှ သားတော်အားလုံးကို ယခင်ကလို သူ့ရင်ခွင်ကြားမှာသာ ထွေးပွေ့ထားခွင့်မသာတော့။ သင့်လျော်ရာ အပြင်ကျောင်းတစ်ကျောင်းကျောင်းမှာ မှီခိုကပ်ရပ်နေထိုင်ကြဖို့ စိတ်လက်မပါ့တပါ ခွင့်ပြုနေခဲ့ရလေပြီ။ ၂၀၁၀ ကတည်းကပင် ရောက်နေခဲ့သော စာရေးသူတို့သော်မှ ယခုအချိန်အထိ မကုဋာရာမမှာ နေရာမရနိုင်သေး။

၂၀၀၂-ခုနှစ်ဆီက တစ်နေ့တာ ဆွမ်းစရိတ် ရူပီး ခြောက်ရာ ကျပ်ဖြင့် လောက်ငှအောင် စီမံနိုင်ကြသည် ဟု စူဠပြောပြ၍ သိရသည်။ ယနေ့တွင်မူ တစ်နေ့တာဆွမ်းစရိတ် ရူပီး သုံးထောင် ကျောင်းတိုက်က ထုတ်ပေးသည်။ ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန် တို့ကို ထို သုံးထောင်ထဲမှ ဝယ်ရန်မလို။ ထိုရူပီး သုံးထောင်သည် ဟင်း နှင့် ငါး အတွက်သာ ဖြစ်သည်။ သို့ရာတွင် ရူပီးသုံးထောင် (မြန်မာကျပ်ငွေ နှစ်သောင်းဝန်းကျင်) မျှဖြင့် သံဃာအပါး တစ်ရာခန့်စာ နေ့ဆွမ်းအတွက် သင့်တင့်လျောက်ပတ်အောင် စီမံရန် မဖြစ်နိုင်။ (ကြက်သားတစ်ကီလိုကို ရူပီး ၅၀၀ ကျော်အထက်မှာရှိသည်။) ထို့ကြောင့် မကုဋာရာမကျောင်းနေ ခင်မင်ရင်းနီးသူ သူငယ်ချင်းရဟန်းတော်များ ဆွမ်းချက်လှည့်ကျပြီဆိုလျှင် အပြင်ကျောင်းနေ မိတ်ဆွေသူငယ်ချင်းများကပါ အလှူငွေ စုပေါင်းထည့်ဝင်ကြပြီး စားသောက်၍ ဖြစ်နိုင်အောင် စီမံဖန်တီးဆက်ကပ်ကြရလေသည်။

....................................................................................................................

လမ်းမကြီးတစ်ခုမှ လမ်းမကြီးတစ်ခုသို့ လမ်းကြားလေးတစ်နေရာမှ အဖြတ် လမ်းဘေးခွေးတစ်ကောင်ကို တွေ့လိုက် ရသည်။ ထိုခွေးကံကောင်းပါသည်။ စူဠထံမှ ဘီစကစ်မုန့်တစ်ချပ် ရသွားသည်။ ဤတွင် ဗျူးချင်နေသောအကွက်သို့ ဆိုက်သည့်အလျောက် ခွေးကိုမုန့်ကျွေးသည့် စူဠ၏ ဒါနအကြောင်းကို ဗျူးခွင့်ရလေသည်။

စူဠသည် ခွေးများကို တစ်နေ့လျှင် ဘီစကစ် ၅- ထုပ်စီ ကျွေးသည်။ သူ့သုံးဘီးကား စတီယာရင်ရှေ့တွင် အသင့်ဖောက်ထားသည့် ဘီစကစ်တစ်ထုပ်ကို အမြဲလိုလိုတွေ့နိုင်သည်။ ကျောင်းကခွေး၊ အိမ်ကခွေး၊ လမ်းပေါ်ကခွေးဟု သူ အမှတ်မထား၊ သုံးဘီးမောင်းရင်း လမ်းတွင်တွေ့သည့်ခွေးများကို အဆင်ပြေလျှင်ပြေသလို သုံးဘီးပေါ်မှ တစ်ချပ်စီ တစ်ချပ်စီ ပစ်ကျွေးသွားလေ့ရှိသည်။ ဤဒါနသည် သေးငယ်သည်ဟု ဆိုနိုင်ကောင်း ဆိုနိုင်မည် ဖြစ်သော်လည်း နေ့စဉ်မပျက်မကွက် ပြုလုပ်နေသူ သူ့အတွက်မှာမူ သူတကယ်အလေးအနက်ထားသည့် ဒါနဝတ်တစ်ခု ဖြစ်နေလေသည်။ အာစိဏ္ဏကံကုသိုလ်ဟု ဆိုနိုင်သည်။

သူ့အနေဖြင့် ဤဒါနဝတ်ကို ဖြည့်ကျင့်လာသည်မှာ ယခုနှစ် ၂၀၁၂ အထိဆိုလျှင် ဆယ်နှစ်တိတိ ရှိပြီ ဖြစ်သည်။ ခွေးများကို ဘီစကစ်ကျွေးမွေးရန်အတွက် ငွေကို တကူးတက ဖဲ့ထုတ်ရသည်မဟုတ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားပဲ နေလိုက်ခြင်းသာ ဖြစ်လေသည်။ အရက်သောက်မည့်ငွေ ၊ ဆေးလိပ်သောက်မည့်ငွေ၊ ကွမ်းစားမည့်ငွေကို ဒါနဖက်သို့ လှည့်လိုက်ခြင်းသာဖြစ်သည်ဟု စူဠကဆိုသည်။

စူဠ၏ စကားကြောင့် ပီတိအတိ ဖြစ်မိသည်။ ဤအသိသည် သာမန်အသိတရားမဟုတ်။ စာရေးသူသည်ပင် လွန်ခဲ့သည့် ၂ လခန့်ကမှ ကွမ်းကို ယတိပြတ် ဖြတ်နိင်ခဲ့သည်။ "သူကွမ်းမစားတော့ကြောင်း၊ ကွမ်းစားမည့်ငွေကို စုထားပြီး အပတ်စဉ် ဘုရားပန်း ဆက်ကပ်လှူဒါန်းကြောင်း" ပြောပြခဲ့ဖူးသော မိတ်ဆွေရဟန်းတော်တစ်ပါးကိုပင် အမှတ်ရမိသေးတော့သည်။ ဤပီတိကြောင့်ပင် "အရက်သောက် ဆေးလိပ်သောက်မည့်ငွေကို အလှူဒါနဖက် လှည့်ခဲ့သည်ကတော့ ဟုတ်ပြီ၊ ဘာကြောင့် ခွေးတွေကိုမှ ရွေးပြီး ဒါနပြုရသနည်း" ဟု ဆက်မဗျူးခဲ့မိတော့ ။ နေ့စဉ်ပြုမည့် ဒါနဝတ်တစ်ခုအတွက် အရက်ကို..၊ ဆေးလိပ်ကို..၊ ကွမ်းယာကို ဖြတ်နိုင်ခဲ့သည့် စူဠကိုရော၊ မနှစ်က ဆုံခဲ့ရသော ကွမ်းယာဖြတ်ပြီး ဘုရားပန်းကပ်ခဲ့သူ သူငယ်ချင်းရဟန်းတော်ကိုပါ လေးစားနေမိတာကိုပဲ သိတော့သည်။

...................................................................................................................

ခက်ခက်တွေးလျှင် အရက် ဆေးလိပ် ကွမ်းယာဆိုသည်မှာ စွဲနေသူတွေအဖို့ ဖြတ်ရခက်သည်ဟု ထင်ကောင်းထင်ကြပေလိမ့်မည်။ သူလည်း အစွဲတစ်ခုဖြစ်သည်ကိုး။ အသွေးထဲ အသားထဲ အဆုပ်ထဲအထိ စွဲနေသည့် အရက်နှင့် ဆေးလိပ်ကို ဘယ်လိုဖြတ်ရင်ကောင်းမလဲဆိုတာကိုတော့ ကိုယ်မသိ၍ မပြောသာ။ ကွမ်းဖြတ်တာကတော့ သိပ်လွယ်ပါတယ်ဟု ပြောနိုင်သည်။ ကွမ်းဖြတ်သည့်နေ့က ခါတိုင်းကွမ်းထားသည့်နေရာမှာ ရေပုလင်းကြီးကြီး တစ်လုံး ထောင်ထားလိုက်သည်။ မသိစိတ်ကြောင့်ပဲဆိုဆို၊ စွဲနေတာကြောင့်လို့ပဲ ဆိုဆို ကွမ်းထားခဲ့သည့် နေရာဆီကို လက်က အလိုလို ရောက်ရောက်သွားသည်။ ရောက်တော့ ရေပုလင်းနဲ့တိုးသည်။ သောက်ချင်ချင် မသောက်ချင်ချင် ထိုနေရာကို အကြည့်တစ်ချက် လက်တစ်ချက် ရောက်မိတိုင်း ရေကို တဝကြီး သောက်သောက် ပစ်လိုက်သည် ။ ရေဝသွားတော့ ကွမ်းစားချင်စိတ် အထိုက်အလျောက် ပျောက်ပျောက်သွားသည်။ အဲသည်လိုနဲ့ ခနခန ရေသောက်ရဖန်များလာသည့်အခါ ရေသောက်ရမှာကြောက်ပြီး လက်ကသိပ်မရောက်ဖြစ်တော့။ သုံးရက်မြောက်နေ့မှာ ကွမ်းကို မေ့ထားနိုင်ခဲ့လေသည်။ ဤသည်မှာ စာရေးသူကိုယ်တိုင် ကွမ်းဖြတ်ခဲ့ပုံဖြစ်သည်။

သည်အကြံကို "ကွမ်းစားလာတာ ဆယ်နှစ်မကတော့ဘူးဆိုတော့ ကျောက်ကပ်ကို သန့်ရှင်းရေး လုပ်ရာလည်း ရောက်စေ၊ ကွမ်းစားချင်စိတ်ကိုလည်း တိုက်ဖျက်နိုင်စေ" ဟူသည့် အကြံဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ကြံခဲ့လိုက်ခြင်းသာဖြစ်သည်။ စူဠလို ခွေးလေးတွေကို ဘီစကစ်ကျွေးနိုင်ဖို့ ဖြတ်မယ် ဆိုတာမျိုး၊ သူငယ်ချင်းရဟန်းတော်လို ဘုရားပန်းတင်လှူဖို့ ကွမ်းဖြတ်မယ် ဆိုတာမျိုး မဟုတ်ခဲ့သည်ကတော့ အမှန်။ မည်သို့ဆိုစေ စူဠရော၊ သူရော၊ ကိုယ်ရော.. ဒါတွေကို ဖြတ်တော့မည် ဆိုသည့်စိတ် ထက်ထက်သန်သန် ဖြစ်ခဲ့ပုံချင်းကတော့ တူလိမ့်မည်ထင်သည်။

........................................................................................

အတွေးနယ်ချဲ့၍ ကောင်းနေတုန်း စာရေးသူတို့ ကျောင်းလမ်းထဲကို ကွေ့ဝင် လိုက်သည်။ နောက်ထပ်ခွေးလေး တစ်ကောင် ကံကောင်းသွားပြန်သည်။ နောက်တစ်ကောင်..၊ နောက်တစ်ကောင်..။ ကျောင်းရောက်ပြီ ။ ကျောင်းက ခွေးကလေးလည်း ကံကောင်းသွားပြန်သည်။ လူစိမ်းမြင်လျှင် ဟောင်တတ်သည့် ခွေးကလေးက စူဠကိုတော့ အမြီးနှံ့ပြနေလေသည်။ သူ့မေတ္တာ ကိုယ့်မေတ္တာ ဆိုရပေလိမ့်မည်။ နေပူပူက လာကြသည်မို့ တစ်ခုခု လိုက်သောက်ဖို့ စူဠကိုခေါ်လိုက်သည်။ အခန်းထဲရောက်တော့ နွားနို့အေးအေးတစ်ထုပ်၊ ရေအေးအေးတစ်ခွက်နဲ့ စွံပလွံသီးယိုတစ်ထုပ်ဖောက်ပြီး စူဠကို ဒါနပြုလိုက်သည်။ ပြန်ခါနီးမှာ ပြောရှာသည်..။ " အေးအေးလေးသောက်ရတဲ့ ဒီရေနဲ့ ဒီနွားနို့အတွက် သိပ်ကျေးဇူးတင်ပါတယ်၊ နေပူကြီးထဲမှာ သုံးဘီးမောင်းလာရာကနေ ဒီလိုသောက်လိုက်ရတာ သိပ်ကောင်းပါတယ်" ဆိုပဲ။

နှုတ်ဆက်ကန်တော့ပြီး ပြန်သွားသူ စူဠကိုကြည့်ရင်း ရင်ထဲမှာ စကားတွေ အများကြီး ပြောကျန်ရစ်ခဲ့ရသည်။ သိချင်တာတွေ ရှိနေသေးသည်။ စူဠကို ဗျူးချင်တာလေးတွေ ကျန်နေသေးသည်။ "ဒီအကြောင်းကို ဆောင်းပါးလေး ရေးမယ်" လို့ ခွင့်တောင်းလိုက်တော့ "သင့်ခယူ.. ဟာမူးသရူး" ဟု ပြောသွားရှာသည်။ နောက်တစ်ခေါက် အကြောင်းဆုံလျှင်တော့ မေးချင်တာတွေ ထပ်မေးရဦးမည်။ စူဠလို လူမျိုးတွေကိုလည်း ဗျူးထိုက်သည်ဟု ထင်ပါသည်။

မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)
မှတ်ချက်။ ။ဤနေရာမှ (ကလစ်ပါ)ကူးယူဝေမျှပါသည်။

www.forverfriends.ning.com

No comments:

Post a Comment