Wednesday, July 3, 2013

မြွေကိုက်ခံ၍ တရားနာခြင်း

ဂင်္ဂါဝန၀ါလိ ဟူသော အရပ်၌ ရဟန်းသုံးကျိပ်သည် ၀ါကပ်၍ တရားအားထုတ်ကြလေသည်။ ၁၅-ရက်တစ်ကြိမ် အလှည့်ကျ တရားဟောကြရသည်၊ တစ်ခုသော တရားဟော အလှည့်တွင် မထေရ်တစ်ပါးသည် မြတ်စွာဘုရား၏ ပညတ်တော်အတိုင်း ပစ္စည်းလေးပါးတို့၌ ရောင့်ရဲခြင်း အကျိုးကို ဟောလေသည်။ ပိဏ္ဍပါတိက အမည်ရှိ မထေရ်တစ်ပါးသည် နောက်ကျနေသောကြောင့် ပရိသတ်အစွန် ချောင်ကျ၍ မှောင်ကွယ်သော နေရာ၌ ထိုင်ကာ တရားနာလေသည်။ မြွေပွေး တစ်ကောင်သည် မထေရ်၏ ဒူးခေါင်းသားကို မွေးညှပ်ဖြင့် ဆွဲနုတ်သကဲ့သို့ အပြင်းအထန် ကိုက်လေသည်။ မထေရ်သည် မြွေပွေးကို မြင်သဖြင့် “ယနေ့-ငါသည် တရားနာမူ၏ အန္တရာယ်မဖြစ်စေအံ့”ဟု ကြံ၍ မြွေပွေးကို ဖမ်းကာတောင်းတစ်ခုတွင် ထည့်ထားပြီးလျှင် အ၀၌ ပိတ်ဆို့လျက် တရားနာမြဲ နာလေသည်။ အာရုဏ်တက်လတ်သော် မထေရ်သည် မြွေဆိပ်တက်ခြင်းကို သည်းခံသောအားဖြင့် ဖယ်ခွာ၍ တရားအားထုတ်လေရာ…

၁။ မြွေဆိပ်သည် ကိုက်ရာဌာနမှ ဆင်း၍ မြေသို့ဝင်ခြင်း၊

၂။ မထေရ်သည် အနာဂါမိဖိုလ်၌ တည်ခြင်း၊

၃။ တရားဟော ပုဂ္ဂိုလ်၏ တရားပြီးဆုံးခြင်းသည် တစ်ပြိုင်နက် ဖြစ်လေသည်။

ထို့နောက် တရားပွဲပြီးဆုံး၍ ရဟန်းများပြန်ကြွမည် ရှိသောအခါ မြွေကိုက်ခံရသော မထေရ်က “ငါ့အရှင်တို့ ငါသည် ခိုးသူတစ်ယောက်ကို ဖမ်းမိထားပြီ”ဟု ဆို၍ မြွေကို မြေ၌ လွှတ်၏။ ရဟန်းတို့က “ငါ့ရှင် - ဘယ်အချိန်၌ သင့်ကို ကိုက်သနည်း”ဟု မေးရာ “မနေ့ညဦးက ကိုက်ပါသည်”ဟု ဆိုသောအခါ “ငါ့ရှင် - အဘယ်ကြောင့် ငါတို့ကို မပြောသနည်း”ဟု ဆိုကြသောအခါ မထေရ်က “ငါ့ရှင်တို့ - အကယ်၍ ငါသည် မြွေကိုက်ပြီဟု ပြောလျှင် တရားထူးကို ငါရမည် မဟုတ်ပါ”ဟု ပြောဆိုလေသည်။ နောက်တစ်ပုံ…


ကဠမ္ဗရ အမည်ရှိ မိန်းမတစ်ယောက်သည် သားငယ်ကို ရင်ဝယ်ပိုက်လျက် တရားနာသွားအံ့ဟု စိတ္တလ တောင်သို့ သွား၍ ပရိသတ်အစွန် သစ်ပင်၏ အရင်းတွင် သားငယ်ကို အိပ်စေ၍ မိမိမူကား သစ်ပင်ကို မှီလျက် တရားနာနေလေသည်။ သန်းခေါင်ယံ အချိန်တွင် မြွေတစ်ကောင်သည် ၎င်း၏ မျက်မှောက်၌ အပ်နေသော သားငယ်ကလေးအား အစွယ် ၄-ချောင်းဖြင့် အပြင်းအထန် ကိုက်လေသည်။ ထိုမိန်းမသည် “အကယ်၍ - ငါ့သားအား မြွေကိုက်သည်ဟု အော်လေလျှင် တရား၏ အန္တရာယ်ဖြစ်ပေလိမ့်မည်၊ ငါသည် သံသရာ၌ ကျင်လည်ခဲ့ရသော ဘ၀များတွင် သားသမီးပေါင်း မြောက်မြားစွာ ရခဲ့ဖူးပြီ၊ တရားကိုသာ နာ၍ သိအပ်သော တရားကိုသာ ဂရုစိုက် နှလုံးသွင်းအံ့”ဟု ကြံ၍ ညဉ့်သုံးယံ ပတ်လုံး တရား အားထုတ်လေရာ သောတာပတ္တိဖိုလ်သို့ ရောက်၍ အာရုဏ်တတ်သောအခါ သစ္စာဆိုခြင်းအားဖြင့် သားငယ်ကို အဆိပ်ကျစေလျက် ကောက်ချီ၍ ပြန်သွားလေသည်။

(အင်္ဂုတ္တရ ဋ္ဌကထာ - ဒုအုပ် - ၁၃၄၊ ၁၃၅)။

ဤ၌ ပထမ၀ိဏ္ဍပါတိက မည်သော ရဟန်းမှာ တရားနာနေရာတွင် ဒူးခေါင်း၌ မြွေကိုက်လေသည်။ နောက်တွင် ထိုမြွေကိုက်မူကြောင့်ဖြစ်သော အဆိပ်တက်မူ ဒုက္ခဝေဒနာကို ခွာ၍ တရား အားထုတ်လေရာ အနာဂါမ်လည်းဖြစ်၊ မြွေဆိပ်လည်း မြေသို့ဝင်၊ တရားပွဲလည်း ပြီးဆုံးသွားကြောင်းကို ဆင်ခြင်ကြည့်လျှင် မြွေကိုက်ခံရခြင်း၊ မြွေဆိပ်တက်ခြင်း ဟူသည် သေအံ့သော ဆင်းရဲကြီးစွာသော ဆင်းရဲဖြစ်၏။ ကိုက်သော မြွေကလည်း မြွေပွေးဖြစ်၍ သေတတ်သော အဆိပ်ရှိ သတ္တ၀ါဖြစ်၍ ဆင်းရဲဒုက္ခမှာ သေးငယ်သည် မဟုတ်။

ဤနေရာတွင် ကိုက်သော မြွေကို “ဂေါနသ”ဟု ဆိုရာ အဘိဓာန်၌ စပါးအုံး ဟူ၍လည်းကောင်း၊ ငန်းကျွဲ ဟူ၍လည်းကောင်း၊ မြွေပွေးဟူ၍လည်းကောင်း ဖော်ပြသည်။ သို့ရာတွင် ၀ိမတိဝိနောဒနီဋီကာ၌…

“ဂေါနသာတိသပ္ပ၀ိသေသာ ယေယံပိဋ္ဌေသု မဟန္တာနိ မဏ္ဍလာနိ သန္ဒိဿန္တိ”

“ဂေါနသဟူသည်ကား ထူးသောမြွေတည်း၊ ထိုမြွေ၏ ကျောတွင် အလွန်ကြီးသော အ၀ိုင်းအကွက်တို့သည် ထင်ထင်ရှားရှား ရှိကုန်၏” ဟူ၍ ဆိုရာ မြွေပွေးပင်ဖြစ်လေသည်။

အင်္ဂုတ္တရဋီကာ၌ကား “ဂေါနသောတိမဏ္ဍလသပ္ပေါ”ဟု ဆိုသဖြင့် အကွက်အ၀ိုင်း ရှိသော မြွေပွေးဟုပင် ယူဆရသည်။

မည်သို့ပင်ဆိုစေ မထေရ်မှာ မြွေကိုက်သဖြင့် အဆိပ်တက်လာလေရာ ထိုအဆိပ်ကို အဋ္ဌကထာ၌ “၀ိသံဝိက္ခမ္ဘေတွာ”အဆိပ်တက်မူကို ခွာ၍ ဟု ပြသည်ကို ထင်ရှားခိုင်လုံစေရန် ဋီကာ၌…

“၀ိသံဝိက္ခမ္ဘေတွာဘိ - ၀ိပဿနာ တေဇေန ၀ိသေ၀၀ံက္ခမ္ဘေတွာ”

(အင်္ဂုတ္တရဋီကာ - ၁၂၂)။


“အဆိပ်တက်ခြင်းကို ခွာဖယ်၍ ဟူသည်ကား ၀ိပဿနာ ရူသော ဉာဏ်၏ အစွမ်းသတ္တိဖြင့် အဆိပ်တက်ခြင်းအဟုန်ကို ဖယ်ခွာ၍”

ဟု ဖော်ပြပေရာ ၀ိပဿနာဉာဏ်သည် ရုပ်နာမ်ပရမတ်ကိုသာ ရူသည်ဖြစ်၍ မြွေကိုက်ခြင်း, အဆိပ်တက်ခြင်း စသော ပညတ်အာရုံကို နှလုံးမသွင်း အသိအမှတ် မပြုသောအားဖြင့် မြွေဆိပ်တွင်သာမက ပညတ်မျိုးစုံကိုပင် ဖယ်ခွာ၍ ရူသည် ဖြစ်သောကြောင့် မထေရ်သည် “တိဏ္ဏံ ဖလာနံပါပုဏာတိ” သုံးမဂ်သုံးဖိုလ်ရောက်၍ အနာဂါမ်ဖြစ်လေသည်။ ဒုက္ခဝေဒနာ တွေ့လာတိုင်းသော ပုဂ္ဂိုလ်များအတွက် ဒေသနာတော်တွင် ဖယ်၍ခွာ၍ ရူသည်ချည်းတည်း။

၎င်းအပြင် ကဠမ္ဗရ အမည်ရှိ မိန်းမတစ်ယောက်သည်လည်း စိတ္တလတောင်သို့ သွား၍ တရားနာရာတွင် သားငယ်ကလေးအား ၎င်း၏ ရှေ့တွင် သိပ်ထားသည်။ တရားနာနေစဉ် သန်းခေါင်းယံ အချိန်၌ ကလေးငယ်အား မြွေကိုက်သည်။ ထိုအခါတွင်“ငါ့သားကလေးကို မြွေကိုက်လို့ ဟု အော်လိုက်ပါက အခြားတရားနာသူတို့ အနှောက်အယှက်ဖြစ်မည်။ ငါသည် သံသရာ ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ရာတွင် ဖြစ်ရာဘ၀တို့၌ သားသမီးမြောက်များစွာ ရခဲ့ဖူးပြီ၊ တရားကားမရခဲ့။ သို့အတွက တရားအနှောင့်အယှက်တော့ မဖြစ်စေလို၊ သားသေထိုက်က သေစေတော့”ဟု နှလုံးပိုက်၍ ထိုအချိန်မှစ၍ တရားကို အထူးဂရုစိုက်၍ အားထုတ်လေရာ သောတာပန်ဖြစ်ပြီး အာရုဏ်တက်ခါမှ သစ္စာဆို၍ ကလေးမှ မြွေဆိပ်ကို ကျစေခြင်းဖြင့် အသက်ချမ်းသာရာရပြီး ကလေးကိုချီ၍ အိမ်ပြန်လေသည်ဟု ဆိုသည်။

ဤ၌ တရားနာနေသော အမျိုးသမီး၏ နှလုံးသွင်းမှန်ပုံကို ချီးကျူးစရာကောင်းသည်။ အရေးတစ်စုံ ကိုယ်၌ ကြုံလာက“အနမတဂ္ဂသုတ်”ကို နှလုံးသွင်းဖို့ရန်လိုသည်။ ဓမ္မပဒပါဠိတော် စက္ခုပါလမထေရ်သည် အပြင်းအထန် တရားအားထုတ်နေရင်း မျက်စိရောဂါ ဖြစ်လာသည်။ အိပ်သော ဣရိယာပုတ်ကိုပယ်၍ တရားအားထုတ်ရန် အဓိဋ္ဌာန်ထားမူကြောင့် မျက်စိဆေးကို လဲလျောင်း၍ပင် မခတ်သောကြောင့် ဆေးဆရာလည်း ဆေးမကုတော့ဘဲ စွန့်ပစ်၍ သွားသောအခါ မထေရ်သည် စဉ်းစားလေသည်။ “ငါသည် ဤမျက်စိတို့ကိုပင် ဂရုစိုက်သောအားဖြင့် တရားအားထုတ်မူကို လျှော့ချမည်လာ၊ သို့မဟုတ် မျက်စိရောဂါကို ဂရုမစိုက်ဘဲ တရားကိုသာ ဆက်လက် အားထုတ်မည်လော”ဟု စဉ်းစားပြီးသောအခါ ဆုံးဖြတ်ပုံကား…

“အနမတဂ္ဂသ္မိံ ဟိသံသာရ၀ဋ္ဋေ တ၀အက္ခိကာဏဿဂဏနာ နာမနတ္ထိ၊ အနေကာနိ ပန ဓဗုဒ္ဓသတာနိ၊ ဗုဒ္ဓသဟဿအတီတာနိ တေသုတေဧက ဗုဒ္ဓေါပိ နပရိစဏ္ဏော ဣဒါနိဣမံ အန္တောဝဿံ တယောမာသေန နိပ္ပဇ္ဇိဿာမီတိ တေမာသံနိဗဒ္ဓ၀ီရိယံ ကရိဿာမိ၊ တသ္မာ တေစက္ခူနိ နဿန္တုဝါ ဘိဇ္ဇန္တုဝါ ဗုဒ္ဓေသာသန မေ၀ဓာရေဟိ မာစက္ခူနိ”

(ဓမ္မပဒ ဋ္ဌကထာ - ၇)။


“ငါ့ဆုံးဖြတ်ချက် အမှန်ကိုဆိုလိုက်မည်၊ အစမထင်သော သံသရာဘ၀အမျိုးမျိုး၌ ကျင်လည်လာရသော ငါ့ဘ၀တို့တွင် မျက်စိ မကန်းသော ဘ၀မရှိခဲ့ပေ၊ ကန်းဖူးမည်သာ။ ထိုမျက်စိကို ဂရုစိုက်နေမူကြောင့် ဘုရား တရား, တစ်ထောင်ပင် တွေ့ကြုံပင် တွေ့ကြုံရငြားလည်း ဘုရားတစ်ဆူဆူတွင်မှ ငါလေ့လာဆည်းပူးခဲ့ရသည် မရှိခဲ့ပေ၊ ယခု ငါသည် ၀ါတွင်း သုံးလပတ်လုံး တရားအားထုတ်ရာ၌ အိပ်သော ဣရိပုထ်ကို ပယ်၍ အားထုတ်တော့အံ့ဟု အဓိဋ္ဌာန်ပြု၍ အားထုတ်ပါမှ ဤမျက်စိဒုက္ခပေးသည်၊ ထို့ကြောင့်…

တေ၊ သင်၏။ စက္ခူနိ၊ မျက်စိသည်။ နဿန္တုဝါ၊ ပျက်ချင်လည်း ပျက်စေတော့။ ဘိဇ္ဇန္တုဝါ၊ ကွဲချင်လည်း ကွဲစေတော့။ ဗုဒ္ဓသာသနမေ၀၊ မြတ်စွာဘုရား၏ ဆုံးမတိုင်းသော တရား အလုပ်ကိုသာလျှင်။ ဓာရေဟိ၊ ဆောင်ရွက် အားထုတ်လေလော့။ စက္ခူနိ၊ မျက်စိတို့ကို။ မာဓာရေဟိ၊ မဆောင်မရွက် ဂရုမစိုက်လေလင့်”

ဟု မိမိကိုယ်ကို မိမိဆုံးမပြီးလျှင် တရားအားထုတ်တော့ရာ မျက်စိလည်းပျက်သည်၊ ရဟန္တာလည်းဖြစ်သည်။ လွန်စွာ သတိတရားရဖို့ ကောင်းသော အချက်များပင်။

ယခု မိန်းမသည်လည်း “သံသရာ၌ ကျင်လည်ခဲ့ရသော ငါသည် ဤလို သားသမီးပေါင်း မြောက်မြားစွာ ရခဲ့ဖူသည်၊ သားမြွေကိုက်သည်ကို အော်လိုက်ပါက တရားနာသူတို့ အန္တရာယ်ဖြစ်မည်၊ ငါ့သား သေသော် သေပါစေ၊ ဖြစ်ခြင်းရှိက သေခြင်း ရှိမည်သာ၊ သို့အတွက် ငါတရားရမူသာ ဂရုစိုက်မည်”ဟု အကြံပြုပြီး တရားအားထုတ်လေရာ သောတာပန် ဖြစ်လေသည်။

ပထမ၀တ္ထုပင် ပိဏ္ဍပါတိကမထေရ် မြွေကိုက်ခံရပြီး တရားအားထုတ်ရာ တရားရလေသည်။ ထိုမထေရ် မြွေကိုက်သည်ကို (၀ါ) မြွေကိုက်ခံရသဖြင့် မြွေကိုက်နာ အဆိပ်တက်ခြင်းကို ရူ၍ တရားရသလား၊ ထိုအနာအဆိပ်တက်မူကို ဖယ်ခွာ၍ ရူသောကြောင့် တရားရသလားဆိုသည်ကို အဋ္ဌကထာ စကားဖြင့် ဖော်ပြခဲ့ပြီ။ ထိုမထေရ်သည် ထိုဒုက္ခဝေဒနာကို ရူ၍ တရားရပါသည်ဟု ဒုက္ခဝေဒနာရူ ဆရာတို့က မျက်စိမှိတ်၍ ဇွတ်ငြင်းခဲ့သော်… ဤအမျိုးသမီးမှာ ကလေးကို မြွေကိုက်သည်၊ ကလေးအမေ တရားရသည်၊ မြွေကိုက်ခံရသော ကလေး၏ ဒုက္ခဝေဒနာကို အမေဖြစ်သူက ဘယ်နည်းဘယ်ပုံယူ၍ ရူသောအားဖြင့် တရားရသနည်း… အမှန်တရား မသိမမြင်သူတို့၏ သနားစဖွယ် ယူမှားချက်ပင်။

၎င်းပြင် သံဝေဂယူဖွယ် ကောင်းသည်မှာ သစ္စသံယုတ်တွင် မြတ်စွာဘုရားက…

“ချစ်သားတို့… အသက်တစ်ရာ ရှည်သော ယောက်ျားတစ်ယောက်ကို တစ်ယောက်သောသူက အမောင်ယောက်ျား၊ သင့်အား နံနက်တစ်ကြိမ်လှံဖြင့် အချက်ပေါင်းတစ်ရာထိုးအံ့၊ နေ့ခင်းတစ်ကြိမ်လှံဖြင့် အချက်တစ်ရာထိုးအံ့၊ ညနေပိုင်းတွင်တကြိမ်လှံဖြင့် အချက်ပေါင်းတစ်ရာထိုးအံ့၊ တနေ့လုံးတွင် လှံ အချက်ပေါင်း သုံးရာထိုး၍ နှိပ်စက်အံ့၊ ဤသို့ဖြင့် နေ့စဉ် လှံချက်သုံးရာတို့ဖြင့် အနှစ်ပေါင်းတစ်ရာတိုင်တိုင် လှံဖြင့် အထိုးခံပြီးသော သင့်အား အနှစ်တစ်ရာပြည့်သောနေ့၌ သစ္စာလေးပါးကို သင်ထိုးထွင် သိ၍ သိအောင် ဟောပြပေးအံ့” ဟုဆိုရာ၏။

“ချစ်သားတို့… မိမိအကျိုးကိုသာ လိုလားသော သူမှန်လျှင် ထိုလှံဖြင့်ထိုး၍ သစ္စာတရားကို ပြမည့်သူ၏ထံသို့ ချဉ်းကပ်ရန်ထိုက်၏။ အဘယ်ကြောင့်ဟူမူ သံသရာဘ၀သည် အစပင်မရှိခဲ့၊ ဘ၀ပေါင်းများစွာတွင် လှံထိုးခံရ၍ သေခဲ့ရသောဘ၀၊ ဓားချက်ဖြင့် သေခဲ့ရသော ဘ၀၊ ပုဆိန်ချက်ဖြင့် သေခဲ့ရသော ဘ၀ကား များလှသည်၊ သစ္စာတစ်ပါးမျှပင် မသိခဲ့ရ၊ စင်စစ်မှာ သစ္စာသိခြင်း၌ ဤမျှ ဆင်းရဲဒုက္ခခံမှ သိရသည်ကား မဟုတ်ပေ။

“နခေါပနာဟံ ဘိက္ခဝေ သဟဒုက္ခေန သဟဒေါမနေဿန စတုန္နံ အရိယသစ္စာနံ အဘိယမယံ ၀ဒါမိ”

(မဟာ ၀ဂ္ဂသစ္စသံယုတ် - သတ္တိသကသုတ် - ၃၈၅)။


“ဘိက္ခဝေ၊ ချစ်သားတို့။ သဟဒုက္ခေန၊ ကိုယ်ဆင်းရဲခြင်းနှင့်တကွ။ သဟဒေါမေဿန၊ စိတ်ဆင်းရဲခြင်းနှင့် တကွ။ စတုန္နံ၊ လေးပါးကုန်သော။ အရိယသစ္စာနံ၊ အရိယသစ္စာတရားတို့ကို။ အဘိသမယံ၊ ထိုးထွင်း၍ သိမည်ဟူ၍။ အဟံ၊ ငါဘုရားသည်။ န၀ဒါမိ၊ မဟောပေ။ အပိစ၊ စင်စစ်ငါဟောသည်မှာကား။ ဘိက္ခဝေ၊ ချစ်သားတို့။ သဟာဝသုခေန၊ ချမ်းသာခြင်းနှင့် တကွသာလျှင်။ သဟာဝသော မနေေဿန၊ ၀မ်းသာခြင်းနှင့် တကွသာလျှင်။ စတုန္နံ၊ လေးပါးကုန်သော။ အရိယသစ္စာနံ၊ အရိယသစ္စာတရားတို့ကို။ အဘိသမယံ၊ ထိုးထွင်း၍ သိမည်ဟူ၍။ အဟံ၊ ငါဘုရားည်။ ၀ဒါမိ၊ ဟောတော်မူ၏”

ဤသုတ်အရ ဆင်ခြင်ရာသည်ကား ဘ၀ပေါင်းများစွာတွင် အမျိုမျိုးသော ဓားလှံလက်နက်တို့ဖြင့်သာ သေခဲ့ရသည်။ မည်သည့် တရားသစ္စာ တစ်ပါးပါးမှ မသိခဲ့ရသော ငါသည် ယခုဘ၀တွင် မည်သည့်နည်းနှင့်မဆို သစ္စာသိရန် အားထုတ်မည်ဟု နှလုံးသွင်း အောက်မေ့ အပ်ပေသည်။ အားထုတ်ရာတွင်လည်း ဒုက္ခနှင့် ဒေါမနဿနှင့် ရင်းနှီး၍ ရှာရမည် မဟုတ်ပေ။ ဉာဏ်နှင့် ပညာနှင့်သာ ရင်းနှီး၍ သူသူငါငါ ဉာဏ်မပါလျှင် တွေ့သိနိုင်သော တရားမဟုတ်ပေ။ ဉာဏ်ပညာနှင့်သာ သူက ငါက မသိရသော ပရမတ်တို့၏ သဘောကို သိနိုင်ပေရာ ပညတ်အာရုံဖြင့် သိနေရသော လောကလူတို့ သုံးစွဲနေသည့် သပုတိပညတ်ကိုပင် ပရမတ်ဟု ထင်နေက မိမိအတွက် နစ်နာပေလိမ့်မည်၊ ထို့ကြောင့် ရှေးဆရာတို့သည် “မရှိပညတ်-ရှိပရမတ်-အတပ်သိအောင်ရှာ”ဟု တိုက်တွန်းခဲ့ရာ မရှိသော ပညတ်ကိုလည်း မရှိမှန်းသိ၍ ရှိပရမတ်ကိုလည်း ရှိမှန်းသိကာ အတပ်သိအောင် ဉာဏ်နှင့် ရူကြည့်ရာသတည်း။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို  ♣☺ မေတ္တာရိပ် ☺♣   မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
www.forverfriends.ning.com

No comments:

Post a Comment