ပညာရှိသူတော်ကောင်းနှင့် ပေါင်းမိ၍ “စိတ်ကို ပြင်ပါသည်”ဟု ဆိုသော်လည်း ပညာရှိ သူတော်ကောင်းနှင့် ဝေးနေရသောအခါ“မီးဝေးသောချိပ်”ပမာ စိတ်ကြမ်း စိတ်ယုတ်မာတွေသာ ပြန်၍ ဖြစ်တတ်၏။ ခွေးမြီးကောက်ကို ဖြောင့်လာအောင် ပြုပြင်သူသည် ၁၂-နှစ်လုံးလုံး ဆီဖြင့် နှူးကာ ကျည်တောက်ကို စွပ်ထားသော်လည်း ကျည်တောက်ကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက်ကောက်မြဲ ကောက်သကဲ့သို့ ဖြစ်လေသည်။
ခွေးသည် ကောင်းစွာ ကျွေးထားသဖြင့် အစာဝနေသော်လည်း ဖိနပ်စုတ်တွေက မစားနိုင်စေကာမူ နမ်းကြည့်ရမှ ကျေနပ်သကဲ့သို့ သန္ဓေဆိုးအထုံပါလာ၍ ၀ါသနာဓာတ်ခံ ညံ့ဖျင်းနေသူသည်လည်း ဆိုင်ရာ ပညာရှင် သူတော်စင်တို့က အထက်တန်းသို့ ရောက်အောင် မြှောက်တင်ထားသော်လည်း သူ၏ ယုတ်ညံ့သော ၀ါသနာမှာ မပျောက်နိုင်ဘဲ ရှိတတ်လေသည်။ ထို့ကြောင့် မိမိကိုယ်ကို ဖြစ်စေ၊ မိမိနှင့် စပ်ဆိုင်သူကို ဖြစ်စေ “မည်ကဲ့သို့ အထုံဝါသနာမျိုး ပါရှိခဲ့ပါလိမ့်မည်နည်း”ဟု စဉ်းစားတတ်ဖို့ရာ စရိုက်အကြောင်းအရာကို ရှေးဦးစွာ နားလည်သင့်ကြပေသည်။
စရိုက်
ပင်ကိုရိုးရာ သူတကာ ဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သော သဘောကို “စရိုက်”ဟု ခေါ်သည်။ ထိုစရိုက်သည် ရာဂ၊ ဒေါသ၊ မောဟ၊ သဒ္ဓါ၊ ဗုဒ္ဓိ၊ ၀ိတက်အားဖြင့် ၆-ပါးပြား၏။ (လောဘကို ရာဂဟုလည်းကောင်း၊ ဥာဏ်ပညာကို ဗုဒ္ဓိဟုလည်းကောင်း ခေါ်၏။ ဒေါသ စသည်မှာပြခဲ့သော စေတသိက်များတည်း။) (သတ္တ၀ါတစ်ယောက်၌ ထိုစရိုက် ၅-ပါးတွင် တစ်ပါးဖြစ်စေ၊ ၂-ပါး၊ ၃-ပါး စသည် ရောလျက်ဖြစ်စေ ဖြစ်လေ့ရှိ၏။)
အကဲခတ်နည်း
“ဤသူသည် မည်သည့် စရိုက်ရှိသူ ဖြစ်ပါလိမ့်မည်နည်း” ဟု အကဲခတ်ဖို့ရာ အသွား၊ အလာ၊ အနေ၊ အထိုင်ကိုလည်းကောင်း၊ သူကြိုက်တတ်သော အစာကိုလည်းကောင်း၊ အဖြစ်များသော တရားကိုလည်းကောင်း သတိပြု၍ ကြည့်ရူအကဲခတ်ရသည်။ ထိုစရိုက်အမျိုးမျိုးရှိသူတို့တွင် ရာဂနှင့် သဒ္ဓါ စရိုက်ရှိသူ၊ ဒေါသနှင့် ဗုဒ္ဓိစရိုက်ရှိသူ၊ မောဟနှင့် ၀ိတက်စရိုက်ရှိသူမှာ သွားလာနေထိုင် အလုပ်အကိုင် အစားအသောက်မှစ၍ သဘောတူတတ်ကြသည်။
ရာဂစရိုက်နှင့် သဒ္ဓါစရိုက်
ရာဂစရိုက်နှင့် သဒ္ဓါစရိုက်ရှိသူ ၂-ဦးလုံးပင် အသွားအလာ အနေအထိုင် ယဉ်ကျေး၏။ အ၀တ်ဖွပ်မူ၊ တံမြက်လှည်းမူ စသော အလုပ်တို့၌ သေသေသပ်သပ် ရှိ၏။ ချိုဆိမ့် မွှေးကြိုင် ပျံ့လိုင် နူးညံ့သော အစားအသောက် အသုံးအဆောင်ကို နှစ်သက်၏။ ထို ၂-ယောက်တို့ ထူးခြားပုံကား - ရာဂစရိုက်ရှိသူသည် ကာမဂုဏ်အာရုံများကို မခွဲနိုင် မခွာရက်နိုင်အောင် စွဲမက်တတ်၏။ ပရိယာယ် မာယာများ၏။ ကောက်ကျစ်စဉ်းလဲမူ သာဋ္ဌေယျပေါ၏။ မာန လောဘကြီး၏။ သဒ္ဓါစရိုက် ရှိသူကား မာယာသာဋ္ဌေယျနှင့် မာနလောဘတို့ မကြီးမားဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏။ ၀တ်ကျောင်း ဘုရား သံဃာများကို ၀တ်တွား ဆည်းကပ်လေးမြတ် ပူဇော်ကာ တရားနာလေ့ရှိသည်။ (သွားမူ၊ ရပ်မူ၊ ထိုင်မူ၊ လျောင်းမူ ဤ ၄-ပါးကို “ဣရိယာပုတ်”ဟု ခေါ်၏။ ဤ ၄-ပါးကို လင်္ကာ၌ “ယာပိုထ်လေးထွေ” စပ်ဆိုထားသည်။)
ဆောင်။ ။ရာဂစရိုက်၊ ရှိသူ၌ကား၊ ယာပိုထ်လေးထွေ၊ ယဉ်ကျေးလေ၏။ ထွေထွေကိစ္စ၊ ပြုသမျှလည်း၊ ကျနစေလတ်၊ လွန်သေသပ်ရှင့်၊ လေးမြတ်ဖွယ်ရေး၊ ဘောဇဉ်ရွေးက၊ ချို၊ မွှေး၊ ဆိမ့်၊ အိမ့်၊ လွန်နှစ်သိမ့်သတဲ့၊ မစိမ့်လောက်တုံ၊ ကာမဂုဏ်ကြောင့်၊ အာရုံစွဲကာ၊ ခွဲမခွာတည်း၊ မာယာဗရပွ၊ သာဋ္ဌေယျနှင့်၊ မာနဖိစီး၊ အလိုကြီး၏၊ ထိုနည်းသဒ္ဓါ၊ စရိုက်မှာမူ၊ မာယာစသော့၊ ပြစ်မနှောဘဲ၊ သာမောရွှင်လန်း၊ လှူပေးကမ်းလျက်၊ ရဟန်းတော်ပေါင်း၊ ထေရ်ရှင်ကောင်းနှင့်၊ ၀တ်ကျောင်းဘုရား၊ မြတ်တရားကို၊ မှတ်သားနာယူ၊ လွန်ကြည်ဖြူသည်။ ဤသူမွန်မြတ်ပေတကား။
ဒေါသစရိုက်ရှိသူနှင့် ဗုဒ္ဓိစရိုက်ရှိသူ
စရိုက် ၂-မျိုးလုံး ရုန့်ရင်းကြမ်းတမ်းသော အသွားအလာအနေအထိုင်ရှိ၏။ အ၀တ်ဖွပ်မူ၊ တံမြက်လှည်းမူ စသောကိစ္စ ကျကျနန သေသေသပ်သပ်မရှိ။ အချဉ်၊ အငန်၊ အစပ်၊ အခါး၊ စူးရှသော အရသာများကို နှစ်သက်တတ်၏။ မကောင်းသော အဆင်းအသံ စသည်နှင့် တွေ့ကြုံလျှင် သည်းခံအောင့်အည်း၍ ချုပ်တည်းခြင်းမရှိဘဲ ဆဲဆို ငေါက်ငမ်း ကြမ်းတမ်းစိတ်တို၏။ ဤသို့ ဒေါသနှင့် ပညာစရိုက်တို့ ဖြစ်ပုံခြင်း တူသောကြောင့် ထိုစရိုက်ရှိသူတို့သည် (မိမိစိတ်ကို မပြင်သေးသမျှ) ဆဲဆိုငေါက်ငမ်း ကြမ်းတမ်း နေကြသည်မှာ ဓမ္မတာကဲ့သို့ ဖြစ်လေသည်။
ထိုသူ ၂-မျိုးတို့ ကွဲလွဲပုံကား - ဒေါသစရိုက်ရှိသူ၌ ရန်ငြိုးဖွဲ့မူ အာဃာတ၊ ငြူစူမူ ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ၊ သူတစ်ပါး ဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တု ဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမခက်ခြင်း ဒုဗ္ဗစတရားတို့ ဖြစ်ပွားလေ့ရှိ၏။ ဗုဒ္ဓိစရိုက်ရှိသူ၌ကား ရန်ငြိုးဖွဲ့ခြင်းစသော တရားတို့မရှိ။ ဆိုဆုံးမလွယ်၏။ စားဖွယ်သောက်ဖွယ်ဟူသမျှ၌ နှိုင်းနှိုင်းချိန်ချိန် ပြုလေ့ရှိ၏။ နောင်ရေး နောင်တာ သံသရာအတွက် သတိပညာဖြင့် ကောင်းစွာ မြော်မြင်လေ့ရှိရကား ပါရမီ ကုသိုလ်များကို ကြိုးစားလေ့ရှိသည်။
ဆောင်။ ။ဒေါသစရိုက်၊ ရှိသူ၌ကား၊ ယာပိုထ်လေးထွေ၊ ကြမ်းတမ်းလေ၏။ ထွေထွေကိစ္စ၊ ပြုသမျှလည်း၊ ကျနမဖွယ်၊ မတင့်တယ်လည်း၊ စားဖွယ်ငန်၊ ချဉ်၊ စပ်ခါးမင်၏၊ ငါးအင်အာရုံ၊ မဖွယ်ကြုံလျှင်၊ ယမ်းပုံမီးကျ၊ စိတ်တိုလျ၍၊ ကောဓထန်သည်း၊ ရန်ငြိုးကြီးလျက်၊ ဖိစီးဣဿာ၊ မစ္ဆေရာနှင့်၊ မက္ခာပဠာသ၊ ဒုဗ္ဗစတို့၊ မုချဆစ်ပွား၊ အပြစ်များ၏၊ တရားပညာ၊ စရိုက်မှာမူ၊ ရှေ့လာအားလုံး၊ နည်းတူသုံးလည်း၊ လုံးလုံးကောဓ၊ စသည်ဆိတ်ကွယ်၊ ဆုံးမလွယ်၏၊ စားဖွယ်ကသိုဏ်း၊ တွေ့ကြုံတိုင်းလည်း၊ နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန်တည်း၊ ကြိမ်ကြိမ် နောင်လာ၊ သံသရာကို၊ ပညာသတိ၊ မြော်ခေါ်ညှိ၍၊ ဂတိနောင်လျှင်၊ ကောင်းအောင်ပြင်သည်၊ လူတွင်သူမြတ်ပေတကား။
မောဟနှင့် ၀ိတက်စရိုက်ရှိသူ
မောဟ စရိုက်ရှိသူသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိ၏။ ကိစ္စအထွေထွေလည်း ပွေပွေလိမ်လိမ်ရှိ၏။ ဘယ်အစာ နှစ်သက်၏ဟု အမြဲမရှိ။ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြား၍မသိ။ သူများ ချီးမွမ်းအပ်သူကို မိမိလည်း လိုက်၍ ချီးမွမ်းတတ်၏။ သူများ ကဲ့ရဲ့အပ်သူကိုလည်း လိုက်၍ ကဲ့ရဲကတတ်၏။ သတိပညာကင်း၍ ထိုင်းမိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စတို့နှင့်သာ ကာလကုန်ရလေသည်။
ဝိတက်စရိုက်ရှိသူလည်း မောဟသမားနှင့် ထူးမခြားနားပင်။ ထိုထိုကိစ္စ၌ စကားပေါလျက် ကိစ္စမချောဘဲ မျောနေသည်သာများ၏။ ကောင်းသော လုပ်ငန်း၌မူ အစွမ်းအစမရှိဘဲ ပျင်းရိတတ်၏။ မိမိကဲ့သို့ လူ့ပေါက်ပန်း လူပေါ်ကြော့တို့နှင့် ပျော်မွေ့ရာ ထွေရာလေးပါး အကြံများလျက် လူအား လူပိုသာ ဖြစ်သည်။
ဆောင်။ ။မောဟ စရိုက်၊ ရှိသူ၌ကား၊ ယာပိုထ်လေးထွေ၊ ရူပ်ပွေပွေနှင့်၊ ထွေထွေကိစ္စ၊ ရူပ်ထွေးစွတည်း၊ အာဟာရအရာ၊ စားသောက်ပါလည်း၊ ဘယ်ဟာမိမိ၊ မြဲမရှိခဲ့၊ ကိုယ်၏အစွမ်း၊ စုံထောက်လှမ်း၍၊ အဆန်းအရိုး၊ ကြောင်းအကျိုးဟု၊ ကောင်းဆိုးယုတ်မြတ်၊ မသိတတ်သဖြင့်၊ အရပ်ရပ်မှာ၊ နောက်လိုက်သာတည်း၊ ပညာသတိ၊ ကင်းကွာဘိ၍၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စနှင့်၊ ကာလကုန်ဆုံး၊ အချိန်ဖြုန်း၏၊ ထုံးနည်းမခြား၊ ၀ိတက်များလည်း၊ စကားတွေပေါ၊ ကိစ္စမျောလျက်၊ ကောင်းသောလုပ်ငန်း၊ ကုသိုလ်လမ်းမူ၊ အစွမ်းမရှိ၊ ပျင်းရိရိတည်း၊ မိမိတို့တန်း၊ လူ့ပေါက်ပန်းနှင့် ရောပြွမ်းပျော်ပါး၊ အကြံများသည်၊ လူအားလူပိုတွေတကား။
စရိုက်ဖြစ်ခြင်း၏ အကြောင်းရင်း
“လူချင်းတူပါလျက် အဘယ်ကြောင့် စရိုက်အမျိုးမျိုး ကွဲပြားကြပါလိမ့်နည်း”ဟု စဉ်းစားဖွယ်ရှိ၏။ ရှေးရှေးဘ၀ ကုသိုလ်ကံပြုစဉ်က ဘ၀စည်းစိမ်ကို လိုလားတောင့်တသော လောဘခြံရံ၍ ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာဘ၀၌ ရာဂစရိုက် ရှိတတ်၏။ ဒေါသခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏။ အသိဉာဏ်နည်းပါးလျက် မောဟကြီးစွာ ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်သည်။ ပညာဖြင့်လည်းကောင်း၊ ပညာကြီးဖို့ရန် ဆုပန်၍လည်းကောင်း ပညာရေးဆိုင်ရာ ကုသိုလ်များပြုခဲ့လျှင် ထိုကံအကျိုးပေးရာ ဘ၀၀ယ် ဗုဒ္ဓိစရိုက် ရှိတတ်၏။ သဒ္ဓါထက်သန်စွာ ပြုခဲ့လျှင် သဒ္ဓါစရိုက်ရှိတတ်၏။ ကာမ၀ိတက် စသော မကောင်းသော အကြံခြံရံလျက် ကံပြုခဲ့လျှင် ၀ိတက်စရိုက် ရှိတတ်၏။ ဤသို့လျှင် စရိုက်အမျိုးမျိုး ကွဲပြားကြောင်းမှာ ရှေးကံသာ ပဓာနဖြစ်၍ နောက်နောက်ဘ၀တို့၌ မကောင်းသော စရိုက်များ မပါအောင် သဒ္ဓါ ပညာ ခြံရံလျက် ထက်သန်သော ကောင်းမူများကိုသာ တည်ထောင် အားထုတ်သင့်ကြပေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
www.forverfriends.ning.com
No comments:
Post a Comment