Sunday, December 28, 2014

တရား အားထုတ်ခြင်း၏ လက်ငင်း အကျိုးကျေးဇူး


တရားအားထုတ်ရင် စိတ်ကြည်လင်တယ်။ အေးချမ်းလာတယ်။ အသိဥာဏ်တွေ သန့် ရှင်းလာတယ်။ မလုပ်သင့်တာတွေ မလုပ်ဖြစ်ဘူး။ အမှားအယွင်း နည်းသွားတယ် ဆိုရင်ပဲ စိတ်ချမ်းသာလာတယ်။ လူတွေမှာ စိတ်ဆင်းရဲမှုဖြစ်တာဟာ အမှားအယွင်းကြောင့်ပါ။ ကိုယ့်အမှားရဲ့  ဒဏ်ချက်ကို ကိုယ်ပြန်ခံရတာပဲ ။

တရားအားထုတ်တဲ့အခါမှာ စိတ်အင်မတန် ကြည်လင်လာတဲ့အခါမှာ ဘယ်စကားက ပြောသင့်တယ်။ ဘယ်စကားက မပြောသင့်ဘူး။ ဘယ်ကိစ္စက လုပ်သင့်တယ် ဘယ်ကိစ္စက မလုပ်သင့်ဘူး။ ဒါတင်မကဘူး။ ဘယ်အဝတ်အစားက ဝတ်သင့်တယ်။ ဘယ်အဝတ်အစားက မဝတ်သင့်ဘူး သိလာတယ်။ ဘယ်အစားက စားသင့်တယ် ဘယ်အစားမျိုးက မစားသင့်ဘူး ဒါတွေကိုပါ သိလာတယ်။

ကိုယ့်စိတ်ကို ပြန်ကြည့်တတ်လာတဲ့ သူဆိုရင် စိတ်ထဲမှာ ပေါ်နေတဲ့ အတွေးတွေကို ကြည့်ပြီးတော့ ဘယ်အတွေးကတော့ လောဘပဲ။ ဘယ်အတွေးကတော့ ဒေါသပဲ။ ဒီအတွေးတွေကတော့ မာနပဲ။ ဒါကတော့ ဣဿာမစ္ဆရိယပဲလို့  ပိုင်းပိုင်းခြားခြား သိလာတယ်။ သူတို့ ကို မြင်လာရင် သူတို့ ရဲ့  လွှမ်းမိုးမှု နောက်ကို ပါမသွားဘူး။ ပါမသွားတာကိုက လွတ်လပ်မှု တစ်မျိုးပဲ။

လောဘနှင့် ဆုံးဖြတ်ပြီး မလုပ်ဘူး။ လောဘရဲ့ ဆွဲအား လောဘရဲ့  လှည့်စားမှုနဲ့  မလုပ်သင့်တာကို မလုပ်ဖြစ်ဘူး။ ဒေါသရဲ့ တွန်းအား ဒေါသရဲ့  ဖျက်ဆီးချင်တဲ့ နောက်လိုက်ပြီး ဖျက်ဆီးချင်တာကို မလုပ်ဖြစ်ဘူး။

မာနရဲ့  လှုံ့ ဆော်မှုကြောင့် ငါမှငါဆိုတဲ့ ဣဿာ မစ္ဆရိယကြောင့် မနာလိုလို့  သူတစ်ပါး ကြီးပွားတာကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့ နည်းနဲ့  ဖြစ်စေ ပျက်စီးအောင် မလုပ်ဖြစ်တော့ဘူး။ မလုပ်ဖြစ်တဲ့အတွက် စိတ်ချမ်းသာမှု ရလာတယ်။

သူ အဲသလို နေလိုက်တဲ့အတွက်ကြောင့် ကြာလာရင် ပတ်ဝန်းကျင်က လူတွေဟာ သူ့ ကို သိလာတယ်။ ဒီလူဟာ တော်တော်အေးအေးချမ်းချမ်း စည်းကမ်းရှိရှိ နေတဲ့လူ အေးအေးချမ်းချမ်း လုပ်တဲ့လူ မဟုတ်တာ မမှန်တာ မလုပ်ဘူး။ စဉ်းစဉ်းစားစား လုပ်တတ်တဲ့လူ ဆိုပြီးတော့ သူ့ အပေါ်မှာ ပိုပြီး ချစ်လင်လာကြတယ်။ လေးစားလာတယ်။ အားကိုးမှု ရလာတယ်။

အဲဒီတော့ ပတ်ဝန်းကျင်ရဲ့  ချစ်ခင်မှု ကြည်ညိုမှု လေးစားမှု အားကိုးမှု ရလာတယ် ဆိုရင်ပဲ ဘယ်လောက် အကျိုးများပြီ လဲ။ ။

ဆရာတော် ဦးဇောတိက
(မဟာမြိုင် တောရ)

မင်းနန် (မော်ကျွန်း )
ဆရာတော်ကြီးများ၏ သြဝါဒတော်များ ပေါင်းချုပ် စာ - ၅၀၇

ပထမဆုံး ကရင်အမျိုးသမီး လေယာဉ်မှူး


“နယ်ပယ်စုံမှာ အမျိုးသမီးတိုင်း ခေါင်းဆောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားဖို့ လိုသလို အမျိုးသမီးတွေ အနေနဲ့လည်း ကြိုးစားကြပါ” လို့ ပြောတဲ့ ပထမဆုံး ကရင် အမျိုးသမီး လေယာဉ်မှူး

ကြာသပတေးနေ့၊ ဒီဇင်ဘာလ 25 ရက် 2014 ခုနှစ်
အင်တာဗျူး - ကေအိုင်စီ

ပထမဆုံး ကရင်အမျိုးသမီးလေယာဉ်မှူး နော်ခူးခူဖောအား ကရင်သတင်းဌာန(ကေအိုင်စီ)က ဆက်သွယ်မေးမြန်းခြင်းဖြစ်သည်။

မေး။ ။ နော်ခူးခူဖောအနေနဲ့ လေယာဉ်မယ်အဖြစ် မဟုတ်ဘဲ ဒီလိုလေယာဉ်မှူးအလုပ်ကို လုပ်ဖြစ်သွားရတဲ့အကြောင်းရင်းကို ရှင်းပြပေးပါလား။

ဖြေ။ ။ ယား(ကျမ)အနေနဲ့  ဒီလိုလေယာဉ်မှူး အလုပ်လုပ်ဖြစ်သွားတာကတော့ ခူးခူက ငယ်ငယ်ထဲက အင်ဂျင်နီယာတစ်ယောက် ဖြစ် ချင်ခဲ့တာပါ။ ဒီလိုနဲ့ ဆယ်တန်းအောင်ပြီးတဲ့ နောက်မှာတော့ နည်းပညာ တက္ကသိုလ်ကိုဘဲတက်ပြီး အင်ဂျင်နီယာဘွဲ့ကို ယူခဲ့ပါ တယ်။ ဘွဲ့ရပြီးသွားတဲ့အချိန်မှာ လေယာဉ်စက်ပြင် အင်ဂျင်နီယာအလုပ်နဲ့ အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ မြန်မာ ပြည်မှာက လေယာဉ်စက်ပြင် အင်ဂျင်နီယာအလုပ်က မိန်းကလေးတစ်ယောက်အတွက် လုပ်ဖို့က အဆင်မပြေဘူး။ ကိုယ်က လည်း ဒီလိုင်းကိုပဲ အားသန်တော့ လေယာဉ်မှူးသင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲ့မတိုင်ခင်မှာလည်း ခူးခူက လေကြောင်းလိုင်းတစ်ခုမှာ Operation Department မှာ ၈လလောက် အလုပ်ဝင်လုပ်ခဲ့ပါသေး တယ်။ အဲ့ဒီလေကြောင်းလိုင်းမှာက အမျိုးသမီးလေယာဉ်မှူးတွေလည်း ရှိတယ်။ အဲ့ဒီကတစ်ဆင့် ဝါသနာပါခဲ့တာပါ။ သူတို့ တောင် ဖြစ်သေးတာ ခူးခူလည်း ဖြစ်အောင်ကြိုးစားမယ် ဆိုတဲ့စိတ်နဲ့  လုပ်ဖြစ်ခဲ့တာပေါ့နော်။ ဒီတော့ လေယာဉ်မှူးသင်တန်း မသွားခင်မှာလည်း ဒီက လက်ရှိလေယာဉ်မှူးတွေနဲ့တွေ့ပြီးတော့ အတွေ့အကြုံတွေကို စကားပြောကြည့်ခဲ့တယ်။ သူတို့ကတော့ ကောင်းတာတွေရော၊ ဆိုးတာတွေရော အကုန်လုံး စိတ်ရှည်ရှည်နဲ့ ပြောပြခဲ့ပါတယ်။ ဆိုးတာကတော့ ပိုများတာပေါ့နော်။ မိန်းကလေးဖြစ်တာကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ ခူးခူဆုံးဖြတ်ပြီးသားကိုပဲ ဆက်လုပ်ဖြစ်ခဲ့တယ်။

မေး။ ။ လေယာဉ်မှူးသင်တန်းက ဘယ်မှာတက်ခဲ့တာလဲ။ အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ခူးခူက လေယာဉ်မှူးသင်တန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဧပြီလမှာ မလေးရှားနိုင်ငံမှာရှိတဲ့ (Asia Pacific Flight Training) ကျောင်းမှာ လေယာဉ်မောင်းသင်တန်းကို စတက်ခဲ့တာပါ။ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလမှာ သင်တန်းပြီးခဲ့ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ဒီသင်တန်းတက်ဖို့က ပိုက်ဆံ သိန်းထောင်ချီကုန်ခဲ့တယ်။ ဖိလစ်ပိုင်မှာဆိုရင်တော့ သိန်းလေးငါးရာလောက် နဲ့ ရတယ်တော့ပြောတယ်။ တချို့ကျတော့ မိဘက ပိုက်ဆံရှိတော့ အချိန်ဆွဲ တက်ကြတာလည်းရှိတယ်။ တစ်ယောက်နဲ့တစ် ယောက်တော့ မတူဘူးပေါ့နော်။ ကိုယ်ကြိုးစားရင် ဘာသာရပ်တွေကို မြန်မြန်ပြီးအောင် ဖြေဆိုအောင်မြင်မယ်။ မကြိုးစားရင် နိုင်ငံခြားဆိုတော့ နေစရိတ် စားစရိတ်ကုန်တာပေါ့။ အဓိကကတော့ ပညာရေးလည်း ကောင်းဖို့လိုသလို ကျန်းမာရေးလည်း အထူးကောင်းဖို့လိုတယ်။ နိုင်ငံခြားမှာဆိုတော့ ကိုယ့်ဘာသာကိုယ် စာကျက်တဲ့အချိန်၊ အနားယူမဲ့အချိန် သီးခြားခွဲပြီး ကိုယ့်ဘာ သာကိုယ်ပြန် စီမံခန့်ခွဲရတာပေါ့။ သင်တန်းမှာတော့ စုစုပေါင်းဘာသာရပ် ၁၅ခုကို ဖြေခဲ့ရတယ်။

မေး။ ။ လေယာဉ်မှူးဖြစ်တဲ့အချိန်မှာ လုပ်ငန်းခွင်ထဲ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရပါသလဲ။ အဲဒီ အခက်အခဲတွေကိုရော ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသလဲ။

ဖြေ။ ။ ခူးခူအနေနဲ့တော့ လက်ရှိလေယာဉ်မှူး (Pilot Course)တွေ ပြီးသွားလို့  လိုင်စင်ရပြီးပါပြီ။ လောလောဆယ် ဘယ်လေကြောင်း လိုင်းကိုမှ မဝင်ရသေးပါဘူး။ ဝင်ဖို့ ကြိုးစားပြင်ဆင်နေပါ တယ်။ အခက်အခဲအနေနဲ့ ပြောရမယ်ဆိုရင်တော့ သင်တန်းမှာ တချို့ ဆရာတွေက မိန်းကလေးဆိုရင် သိပ်မကြိုက်ချင်ကြဘူး။ တချို့ကျတော့လည်း မိန်းကလေးဆိုပြီး လျှော့ပေးတယ်ဆိုတာ မရှိဘူး။ ယောက်ျားလေးတွေနဲ့ တန်းတူပဲလုပ်ရတယ်။ ခူးခူတို့မှာ လက်တွေ့ ပျံသန်း(Flying test) ပြီး စာမေးပွဲ ဖြေရတာရှိတယ်။ အဲ့ဒီအ ချိန်မှာ ခူးခူအရမ်းကြောက်တယ်။ ဘာလို့လဲဆိုတော့ စာမေးပွဲစစ်သူက ကိုယ့်ဘေးမှာထိုင်ပြီးတော့ ကိုယ်လေယာဉ်မောင်းတာ ကို လိုက်စစ်တာလေ။ ကျေးဇူးတော်ကြောင့်ပဲ ခူးခူ ပျံသန်းမှု စစ်ဆေးတိုင်းကို အောင်မြင်ခဲ့ပါတယ်။

မေး။ ။ မိသားစုနဲ့ ကိုယ့်ရဲ့ လူမှုအသိုင်းအ၀ိုင်းက ခူးခူဖောရဲ့ ဒီလုပ်ငန်းအပေါ် အားပေးပံ့ပိုးမှုတွေက ဘယ်လိုတွေရှိသလဲဆို တာ အားလုံးလည်း သိသွားရအောင် ကေအိုင်စီကနေတဆင့် ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ အခုလို လေယာဉ်မှူးသင်တန်းကို ခူးခူသွားတက်တာ မိဘနှစ်ပါးရဲ့ ထောက်ပံ့မှုနဲ့ပါ။ သူတို့ကလည်း ကြိုးစားပြီး ငွေအားနဲ့ရော အကြံဥာဏ်အား၊ လူအားနဲ့ပါ ပံ့ပိုးပေးခဲ့ပါတယ်။

မေး။ ။ ထူးထူးခြားခြား ကရင်တိုင်းရင်းသားအမျိုးသမီးတွေထဲမှာ လေယာဉ်မှူးဖြစ်လာသူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ် ပိုင် ခံစားချက်လေးကို ပြောပြပေးပါလား။

ဖြေ။ ။ ကရင်အမျိုးသမီးတွေထဲမှာ ပထမဦးဆုံး လေယာဉ်မှူး ဖြစ်လာတဲ့အတွက် ဝမ်းသာပါတယ်။ ဒါကိုလည်း သင်တန်းမှာတုန်းက ကရင်အမျိုးသမီးတွေထဲမှာ ပထမဆုံး လေယာဉ်မှူးဖြစ်မယ်ဆိုတာကို သိခဲ့ရတာပါ။ ကရင်အမျိုးသမီးဖြစ်တာကို ဂုဏ်ယူသလို အခုလို ဖြစ်လာတာကိုလည်း ကရင်အမျိုးသားတစ်ရပ်လုံးအတွက် ခူးခူ ဝမ်းသာဂုဏ်ယူမိပါတယ်။

မေး။ ။ နော်ခူးခူဖောအနေနဲ့ နောင်လာမဲ့ ကိုယ့်ရဲ့အနာဂတ်အတွက် ဘာတွေလုပ်သွားမယ်လို့ စိတ်ကူးထားပါသလဲ။

ဖြေ။ ။ခူးခူအနေနဲ့ကတော့ အနာဂတ်မှာ ဒီလေယာဉ်မှူးအလုပ်ကိုပဲ ပိုပိုပြီး အဆင်ပြေအောင်မြင်အောင် ကြိုးစားသွားမှာပါ။ နောက် တစ်ဖက်ကနေလည်း ဒီလိုသင်တန်းကိုတက်ချင်တဲ့ လူငယ်တွေကို ကိုယ့်အတွေ့အကြုံနဲ့ အကြံပေးသွားဖို့လည်းရှိပါတယ်။ စိတ် ဝင်စားတဲ့ ဘယ်သူမဆို ဆက်သွယ်နိုင်တယ်လို့လည်း ပြောချင်ပါတယ်။ နောက်တခုက ခူးခူရဲ့အဖိုးဆို ရန်ကုန် ကရင်နှစ်သစ်ကူး ကျင်းပရေး ဗဟိုကော်မတီရဲ့ ပထမဦးဆုံး နှစ်သစ်ကူးပွဲ ပြုလုပ်နိုင်ဖို့အတွက် ဦးဆောင်စီစဉ်ခဲ့သူပါ။ ဒါကြောင့် ကရင်အမျိုးသား ရေးကိုလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်သွားဖို့ စဉ်းစားထားပါတယ်။

မေး။ ။ ကရင်အမျိုးသမီး အပါအ၀င် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးလူငယ်တွေကို ကရင်သတင်းဋ္ဌာန(ကေအိုင်စီ)ကနေတဆင့် ဘယ်လိုအားပေးအမှာစကားတွေများ ပြောဆိုချင်ပါသလဲ။

ဖြေ။ ။ ကရင်အမျိုးသမီးတွေအတွက်တော့ပြောချင်တာကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်ကြိုးစားပါ။ အထူးသဖြင့် ကရင်လူငယ် အမျိုး သားရော အားလုံးကိုပေါ့။ ပြောချင်တာ ဒီခေတ်က ပညာခေတ်ဖြစ်တယ်။ ဒီတော့ ပညာကိုဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကြိုးစားသင်ပါ။ အားမငယ်ပါနဲ့။ မိန်းကလေးပဲမို့ အားငယ်နေစရာမလိုပါဘူး။ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကိုထားပါ။ တခုထပ်ပြောချင်တာကတော့ ကျား၊ မ ခွဲခြားတာတွေက ခူးခူတို့ လူမှုအသိုင်းအဝိုင်းမှာ တချို့အပိုင်းတွေ ရှိနေသေးပေမဲ့ အမျိုးသမီးတိုင်းလည်း လူမှုအဖွဲ့အ စည်းတွေမှာ ခေါင်းဆောင်ပိုင်းတွေရှိသလို ကောင်းမွန်အောင်မြင်စွာ ခေါင်းဆောင်မှုပေးနေတာ အခု တွေ့မြင်နေရတာပဲ။ ဒါ ကြောင့် နယ်ပယ်စုံမှာ အမျိုးသမီးတိုင်း ခေါင်းဆောင်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားဖို့လိုသလို အမျိုးသမီးတွေအနေနဲ့လည်း ကြိုး စားကြပါလို့ တိုက်တွန်းချင်ပါတယ်။

မေး။ ။နောက်ထပ်ဘာများ ဖြည့်စွက်ပြောဆိုချင်တာရှိပါသေးသလဲ။

ဖြေ။ ။ ခူးခူးအနေနဲ့တော့ ထွေထွေထူးထူး မပြောချင်ပါဘူး။ အခုလို စိတ်ဝင်တစားနဲ့ မေးမြန်းတာ ကို ကျေးဇူးအများကြီးတင်ပါတယ်။ (တာဘလု)နော်။

အသက် ၂၄နှစ်အရွယ်ရှိ နော်ခူးခူဖောကို မိဘများဖြစ်ကြသည့် နော်မာနေထူးနှင့် စောကျော်ဌေးရင်တို့က (၁-၁၀-၁၉၉၀)ခုနှစ် တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် မွေးချင်းမောင်နှမနှစ်ဦးအနက် အကြီးဖြစ်ပြီး မောင်လေးတစ်ဦးရှိသည်။ ၀ါသနာ အားဖြင့် စာဖတ်ခြင်းနှင့် သီချင်းနားထောင်ခြင်းကို ခုံမင်သူဖြစ်သည်။

ငယ်စဉ်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အ.မ.က(၈)၌ မူလတန်းကိုလည်းကောင်း၊ အ.မ.က(၄)အင်းစိန်၌ ပဉ္စမတန်းကိုလည်း ကောင်း၊ ဆဋ္ဌမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အ.ထ.က(၂) ကမာရွတ်မြို့နယ်၌ အောင်မြင်ခဲ့ပြီးနောက် BE(Electronic Communication) ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် ၂၀၁၁ခုနှစ်က ပညာသင်ကြား အောင်မြင်ခဲ့သူဖြစ်သည်။

Shared from Zawzaw Zaw (FB)

ရဟန်းဖြစ်လာသော သိပ္ပံပညာရှင်


အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ဓမ္မစရိယ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒ န္တအာစိဏ္ဏ၏ ဖားအောက်တောရရိပ်သာကျောင်းတွင်
အနောက်တိုင်းသား နိုင်ငံခြားသား ယောဂီအများအပြား ရဟန်းဝတ်၍ တရားအားထုတ်နေသည်ကို တွေ့ရသည်။ ၄င်းတို့အထဲတွင်
သန်းကြွယ်သူဌေးမိသားစုမှ ဆင်းသက်လာသော လခစား အမေရိကန် သိပ္ပံပညာရှင်တစ်ရှင်တစ်ဦးလည်း ရဟန်းဝတ်ပြီး တရားအား
ထုတ်နေသည်။
-
အဆိုပါ ရဟန်းကို မီဒီယာ ဂျာနယ်လစ်တစ်ဦးက မေးခွန်းထုတ်သည်။" အရှင်ဘုရားသည် သန်းကြွယ်သူဌေး သိပ္ပံပညာရှင်
ကြီးဖြစ်ပါလျက် အဘယ်သို့သောအကြောင်းကြောင့်ရဟန်းဝတ်ပြီး သမထဝိပဿနာတရား စခန်းမှာ တရားအားထုတ်နေ
ပါသနည်း။ အဘယ်အထိ ဤသို့တရားအားထုတ်ရန် ရည်မှန်းထားပါသနည်း'' ဟုမေးသည်။
-
ထိုအခါ ရဟန်းကဖြေသည်မှာ " ဖားအောက်တောရ ဆရာတော်ဘုရားကြီး အမေရိက သာသနာပြုခရီးတွင် ဟောကြားညွှန်ပြတော်မူသော ဗုဒ္ဓတရားတော်များကို နာကြားရသောအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင်မှာ ဗုဒ္ဓဖြစ်နေကြောင်း ၊ ကမ္ဘာပေါ်တွင် ရှိရှိသမျှနှင့် ရှိခဲသမျှ ပုဂ္ဂိုလ်အပေါင်းတို့တွင် ပညာအကြီးမားဆုံးပုဂ္ဂိုလ်မှာ ဗုဒ္ဓဘုရားဖြစ်နေကြောင်း သိရှိလာရပြီး ဗုဒ္ဓ၏ စာပေများက ညွှန်ပြထားသော အဆုံးအမများ ကသာလျှင် မိမိဘဝတိုးတက်ရေးအတွက် ပစ္စုပ္ပန်သံသရာနှစ်ဖြာ
ကောင်းကျိုးအတွက် အမှန်ဆုံး၊ အကောင်းဆုံး ၊ အမြတ်ဆုံးဖြစ်ကြောင်း ၊ ထို့ကြောင့် သည်တိုင်း ၊ သည်ဒေသ ပုဂ္ဂိုလ်များက
လက်ခံထားသရွေ့ ဤတစ်ပါးကျောင်းကလေးတွင် တစ်သက်ပတ်လုံးနေပြီး တရားအားထုတ်သွားရန် ရည်ရွယ်ဆုံးဖြတ်ထားကြောင်း'' ရှင်းပြသွားသည်။
-
ထိုကြောင့် ကကြီး ၊ ခကွေးကအစ မူလတန်းမှနေ တက္ကသိုလ်အဆင့်ဆင့်အထိ သင်ကြားခဲ့ကြသည့် စာပေပညာများ၊ အတတ်ပညာ နည်းပညာများသည် ပစ္စုပ္ပန်တစ်ဘဝစားဝတ်နေရေး ချမ်းသာရေးအတွက် အကျိုးပြုသည်။
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတော်များ၊ဗုဒ္ဓစာပေများမှာကား မိမိ၏ ပစ္စုပ္ပန်ဘဝနှင့် သံသရာအဆက်ဆက်တို့တွင် အမြင့်ဆုံး
အမြတ်ဆုံး အချမ်းသာဆုံးနှင့် နိဗ္ဗာန်ချမ်းသာအထိ ရရှိအောင် ၊ရောက်အောင် ပို့ဆောင်ပေးနိုင်ကြောင်းမှာ ရှင်းလင်းလှပေသည်။
==============

(ကျီးသဲညွှန့်နိုင်)
copy__Bhikkhu's Dhamma

အစွမ်းတန်ခိုးများနျှင့် သာသနာ တရားအတိုလေး (၅ မိနစ်)

တရားအမြည်း အပိုင်း ၂

တကယ့် အစွမ်းတန်ခိုးဆိုတာ ဘာလဲ???... မြတ်စွာဘုရားရဲ့ အဆုံးအမကို လေ့လာသင်ယူခြင်းပဲ ဖြစ်တယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ကိုယ်တိုင်သိရှိအောင် လေ့လာခြင်း၊ ဖတ်ရှုခြင်း၊ ကျင့်သုံးခြင်း၊ နာယူခြင်း... ဒါတွေဟာသာလျှင် တကယ့်တန်ခိုး၊ တန်ခိုးပါဝါ... တကယ့်ကြီးမားတဲ့ စွမ်းအား... နိဗ္ဗာန်ထိအောင် မျက်မှောက်ပြုနိုင်တဲ့ ပါဝါရှိတဲ့ အစွမ်းတန်ခိုး အစစ်အမှန်ဖြစ်တယ်..ဆိုတာ... အားလုံး ဆုံးဖြတ်ချက်ချပြီး မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို သိရှိနားလည်အောင် အားလုံး လိုက်နာကျင့်သုံး လိုက်နာနိုင်ကြပါစေကုန်သတည်း....... သာဓု၊ သာဓု၊ သာဓု.......

တရားအမြည်း အပိုင်း (၁) = ၉ မိနစ်စာကို အောက်ကလင့်ခ်မှာ နာယူနိုင်ပါတယ်...

https://www.facebook.com/video.php?v=405224446299814&set=vb.273212476167679&type=2&theater

တရားတစ်ပုဒ်လုံးကိုတော့ အောက်က Youtube Link မှာ သွားရောက်နာယူနိုင်ကြပါတယ်။

https://www.youtube.com/watch?v=-sc9Jug2JTo

Credit to: Favorite Collections (FB)


https://www.facebook.com/video.php?v=405229009632691&set=vb.273212476167679&type=2&theater

.


အစွမ်းတန်ခိုးများနှင့် သာသနာ တရားအတိုလေး (၉ မိနစ်)

တရားအမြည်း အပိုင်း ၁

ကံကြမ္မာ ဖိစီးလာပြီဆိုလို့ရှိရင်တော့ တန်ခိုးဟာလည်း ကံကြမ္မာကို လက်လျှော့လိုက်ရတာပဲ။ အဲဒီတော့ ကံရဲ့အစွမ်းတန်ခိုးဟာသာလျှင် ကိုယ့်ရဲ့ တကယ့်အစွမ်းတန်ခိုးပဲ။ ကံကောင်းအောင် လုပ်နေဖို့ရာ တရားအဆုံးအမတွေကို နားလည်ဖို့လိုတယ်။

ဒီလိုတရားအတိုလေးတစ်ပုဒ် ပေ့ခ်ျမှာ တင်နိုင်ဖို့ကို တော်တော်လေး အချိန်ပေးရတယ်။ Youtube Link ကို တိုက်ရိုက်ရှယ်လိုက်ရင် ရနိုင်ပေမယ့် တရားတစ်ပုဒ်လုံးဆိုရင် တစ်နာရီကျော်လောက် အချိန်ပေးပြီး မနာနိုင်ကြမှာစိုးလို့ အမြည်းအနေနဲ့ အက်မင်သဘောကျတဲ့ အပိုင်းလေးတွေကို ဖြတ်တောက်ပြီး တင်ပေးလိုက်တဲ့သဘောပါ။ တရားတစ်ပုဒ်လုံးက စပြီးနာလိုက်ကတည်းက ရပ်ချင်စရာမရှိအောင် စိတ်ဝင်စားစရာကောင်းနေတော့ ဘယ်အပိုင်းကို တင်ရမလဲ မသိဘူးဖြစ်နေတာ။ အဲဒီတော့ တရားအမြည်း နှစ်ပိုင်း ရှယ်ပေးသွားပါမယ်။

တရားအမြည်း အပိုင်း (၂) = ၅ မိနစ်စာကို အောက်က လင့်ခ်မှာ နာယူနိုင်ပါတယ်...

https://www.facebook.com/video.php?v=405229009632691&set=vb.273212476167679&type=2&theater

တရားတစ်ပုဒ်လုံးကိုတော့ အောက်က Youtube Link မှာ သွားရောက်နာယူနိုင်ကြပါတယ်။

https://www.youtube.com/watch?v=-sc9Jug2JTo

Credit to: Favorite Collections (FB)


https://www.facebook.com/video.php?v=405224446299814&set=vb.273212476167679&type=2&theater

.






Saturday, December 27, 2014

အရိုးဆုံး တရားအားထုတ်နည်း


အခုဒီမှာ ထိုင်နေတယ်နော်...။ ကိုယ့်လက်နှင့် လက်နှစ်ခုထိနေတယ်။ ဟိုဒကာကြီးဆိုလည်း လက်နှင့်လက်ထိထားတယ်။ ဟိုဒကာကြီးကလည်း လက်နှင့်လက်ထိထားတယ်နော်။ အဲဒီထိထားတဲ့နေရာကို စိတ်နှင့် အာရုံပြုကြည့်စမ်းပါ။
ဘာကိုသိရသလဲ?
ဘယ်လိုအာရုံမျိုး၊ ဘယ်လို sensation မျိုး၊ ဘယ်လို feeling မျိုးရှိလဲ?

(........)

အင်း...။ ဟုတ်တယ်။ နွေးနေတယ်နော်။ အဲဒါ နွေးနေတာ sensation တစ်ခုဘဲ။ ဒီမှာ သေချာကပ်ပြီး ကြည့်လိုက်ပါအုံး။
သူ့မှာ လှုပ်နေတာတစ်ခုခုရှိနိုင်သလား? ရှိသလား?

ရှိတယ်နော်။ သတိသေသေချာချာထားကြည့်လို့ရှိရင် Pulse က အဲဒီမှာ ကြည့်လို့ရတယ်။ တော်တော်တော့ သိမ်မွေ့တယ်နော်။ ဒါပေမယ့် သိတယ်။ ဒီမှာ Pulse ရှိတယ်။ ပြီးတော့ တုန်နေတယ်။ Vibration ရှိတယ်။ Vibration မှန်းသိလို့ရတယ်။ သူက ပိုတောင် သိမ်မွေ့သေးတယ်။

အဲဒီလို ပိုပြီးတော့ သိမ်မွေ့တာကို သိလေလေ၊ သတိပိုကောင်းလေလေ၊ သမာဓိပိုကောင်းလေလေဘဲ။ ပထမတော့ အကြမ်းစားကို သိရတာဘဲ။ အကြမ်းစားကို သိနိုင်တဲ့သမာဓိနှင့် သိမ်မွေ့တာကို သိနိုင်တဲ့သမာဓိဆိုရင် သိမ်မွေ့တာာကို သိနိုင်တဲ့ သမာဓိကပိုကောင်းတယ်။ အကြမ်းစာကိုသိတဲ့ သတိနှင့် သိမ်မွေ့တာကို သိတဲ့ သတိနှင့်ဆိုရင် သိမ်မွေ့တာကို သိတဲ့ သတိက ပိုပြီးအားကောင်းတယ်။

အဲဒီတော့ သိမ်မွေ့တဲ့ အာရုံကို ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပိုပြီးတော့ အလေးထားပြီးတော့ စိတ်ကလေးနှင့် သေသေချာချာကပ်ပြီးတော့ သိနေဖို့လိုတာ။ ဘာမှ မခက်ဘူး။

ဒီလိုသိနေလို့ရှိရင် လုံးဝအတွေးအတော မရှိတော့တဲ့အခါမှာ ဒီသိရတဲ့အာရုံကို ငါလို့မထင်တော့ဘူး။ ပထမတော့ ငါ့လက်က ပူနေတာလို့ ဒီလိုထင်တာကိုး။ ငါ့...လက်...ပူ.... သုံးခုကတွဲထားတယ်။ နောက် သတိအင်မတန်ကောင်းလာတဲ့အခါမှာ၊ လုံးဝအတွေးအတောမရှိတဲ့အခါမှာ၊ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ငါလည်း မဟုတ်တော့ဘူး၊ လက်လည်း မဟုတ်တော့ဘူး။ ပူတာဘဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာဝ sensation လေးတစ်ခုကိုဘဲ သိနေရတော့တာဘဲ။

အဲဒီလို ငါလည်း မဟုတ်၊ လက်လည်းမဟုတ်ပဲနှင့် ပူတာကိုသိတဲ့အချိန်မှာ သူဟာ ပရမတ္ထကို သိတာဘဲ။ ပညတ်မပါတော့ဘူး။ ငါပူတာမဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာဘဲ။ သူ့ဟာသူဘဲ။

အဲဒီလိုသိရင်ကိုဘဲ ရုပ်ကို ရုပ်လို့ သိလိုက်တာဘဲ။ ရုပ်ကို ငါလို့မထင်တော့ဘူး။ ရုပ်ပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။ ဒါဟာ ပြောပြတော့ ရိုးရိုးလေးနှင့် လွယ်လွယ်လေးနော်။ အာရုံက ရိုးရိုးလေးနော်။ ဘာမှ မဟုတ်ဘူး။ ပူတဲ့အာရုံလေး။ သို့မဟုတ်ရင် လှုပ်နေတဲ့အာရုံလေး။

ဒီဟာလေးအပေါ်မှာ စိတ်ကလေးကို တည့်တည့်လေးထားပြီးတော့ သိသိ၊ သိသိနေတဲ့အခါမှာ လုံးဝအတွေးလည်း ကင်းသွားပြီ။ ပညတ်လည်း စိတ်ထဲမှာ မထင်တော့ဘူး။ သူ့ကို နာမည်လည်း မတပ်တော့ဘူး။ လက်ရဲ့  ပုံသဏ္ဍာန်ကြီးကိုလည်းဘဲ စိတ်ထဲက အာရုံမပြုတော့ဘူးဆိုရင် တည့်တည့်သိတဲ့အချိန်မှာ ငါလည်း မရှိဘူး၊ လက်လည်း မရှိဘူး။ ပူတာဘဲရှိတော့တယ်။ ငါမရှိဘူး၊ လက်မရှိဘူး။ လှုပ်တာဘဲ ရှိတော့တယ်။

အဲဒီတော့ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ပညတ်မပါပဲနှင့် ပရမတ်ကို တကယ်တည့်တည့်သိတဲ့အချိန်မှာ အဲဒီလိုဘဲ အမှန်ကို သိတာဘဲ။ သိပ်ခဲခဲယဉ်းယဉ်းကြီးလည်း မဟုတ်ဘူးနော်။

အဲဒီတော့ အာရုံက အင်မတန်ရိုးတယ်။ သိပုံလေးကလည်း အင်မတန်ရိုးတယ်။ ဆန်းဆန်းကြယ်ကြယ်မဟုတ်ဘူးနော်။ ဒါပေမယ့် အဲဒီလိုသိလို့ ဖြစ်ပေါ်လာတဲ့ အသိဉာဏ်ကတော့ အင်မတန်နက်နဲတယ်။ ဒီလို အနတ္တဆိုတဲ့ သဘာဝကို ပြောရတာ ကြားရလို့၊ စာအုပ်ထဲမှာ ဖတ်ရလို့သိပုံနှင့် အခုလို တကယ်ဖြစ်နေတာလေးကို အတွေးမပါပဲနှင့် တည့်တည့်သိတဲ့အခါမှာ သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ အင်မတန် အားရကျေနပ်မှုဖြစ်လာတယ်။ တခါတလေ အင်မတန်ထူးဆန်းတယ်လို့တောင်ထင်တယ်။ ဟာ....ဘယ်လိုဖြစ်သွားတုန်းလို့။ ဒီလိုထင်သွားတယ်နော်။

အမြဲတမ်း ငါ....ငါ.....ငါ....ဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။
သိတဲ့စိတ်ကလေးရှိတယ်။ သိနေရတဲ့ ပူတဲ့အာရုံ၊ သို့မဟုတ် လှုပ်တဲ့အာရုံလေးဘဲရှိတယ်။ ကျန်တာဘာမှ မရှိတော့ဘူး။ အဲဒီလို feeling အင်မတန်ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့အသိဉာဏ်ဟာ အင်မတန်နက်နဲတယ်။ ရိုးတဲ့အာရုံ၊ သိတာလည်းဘဲ ရိုးရိုးလေးသိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့အသိဉာဏ်က အင်မတန်ကြီးကျယ်တယ်။ အင်မတန်နက်နဲတယ်။

ဒါကြောင့် တရားအားထုတ်လို့ ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟာ ဆန်းဆန်းပြားပြား မဟုတ်တော့ဘူး။ ဘာမှ Philosophically Analyse လုပ်နေစရာမလိုဘူး။ တွေးစရာ၊ ကြံစရာ ဘာမှ မရှိဘူး။ တိုက်ရိုက်သိတဲ့ ဉာဏ်လေး ဖြစ်လာတာဘဲရှိတယ်။ အင်မတန်နက်နဲတယ်။ အင်မတန်ရိုးတယ်။

အဲဒီတော့ အဲဒီလို ရိုးရိုးနှင့် နက်နက်နဲနဲသိအောင်ကိုဘဲ တရားအားထုတ်ရတာဘဲ။ ဘာမှ ဆန်းဆန်းပြားပြား ရှာဖို့ သိဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့သဘာဝကို အမှန်အတိုင်းသိဖို့ဘဲ ကြည့်နေတာဘဲ။

အဲဒီလိုဘဲ ခန္ဓာကိုယ်မှာ ဖြစ်သမျှ တခြားဘယ်လိုအာရုံမျိုးကိုဘဲဖြစ်ဖြစ် သတိလေးနှင့် သေသေချာချာကပ်ပြီးတော့ ကြည့်တဲ့အခါမှာ အမြဲတမ်းဘဲ သူ့သဘောနှင့် သူဟာသူ ဖြစ်နေတယ်ဆိုတာ ကြာလေ ပိုထင်ရှားလေ၊ ကြာလေ ပိုထင်ရှားလေ ဖြစ်လာတယ်။

သတိကောင်းတဲ့သူဟာ ဒီအာရုံကို သိနေတဲ့စိတ်ကိုလည်း သူသိနေတယ်။ လှုပ်နေတာကို သိတယ်။ အဲဒီလှုပ်နေတာကို သိတဲ့စိတ်ကိုလည်း သိတယ်။ အလေ့အကျင့်များလာရင် ဒီလိုဘဲ သိလာတာဘဲ။ ပထမတော့ အာရုံကိုဘဲသိတယ်။ စိတ်ကိုမသိဘူး။ နောက် အင်မတန် သတိသမာဓိကောင်းလို့ အလေ့အကျင့်များလာတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အာရုံကိုလည်း သိတယ်။ အဲဒီအာရုံကို သိတဲ့စိတ်ကိုလည်း သိတယ်။ ဒီလိုနဲ့ဘဲ ဆက်ပြီးတော့ ကြည့်သွားလို့ရှိရင် ဒီသိတဲ့စိတ်ကလည်းဘဲ သူသိတဲ့သဘောလေးသက်သက်ပဲ ဆိုတာကို မြင်တယ်။ သူလည်းဘဲ အမြဲတမ်းမရှိဘူး။ ရှိချင်တဲ့အခါရှိတယ် နော်။ တခါတလေ သတိမေ့တဲ့အခါမှာ၊ မောဟအားကြီးနေတဲ့အခါမှာ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့အာရုံကို မသိဘူး။

အဲဒီတော့ သိတဲ့စိတ်ကို ပြန်ကြည့်တဲ့အခါမှာလည်းဘဲ ငါသိတယ်ဆိုတဲ့ အထင်ဟာ မပါလာတော့ဘူး။ သိတဲ့သဘောလေးကဘဲ သိတယ်ဆိုတာလေးကို ကိုယ့်ဉာဏ်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတယ်။ သိနေရတဲ့ ရုပ်ကိုလည်းဘဲ ငါပူတယ်၊ ငါလှုပ်တယ်၊ ငါညောင်းတယ်၊ ငါနာတယ်လို့ ဒီလိုမထင်တော့ဘူးနော်။ ပူတဲ့သဘောလေးက သူ့ဖာသာသူ ပူတာဘဲ။ သိတဲ့သဘောလေးကလည်း သူ့ဖာသာသူ သိတာဘဲ။ ရိုးရိုးလေးဘဲ။ လှုပ်တဲ့သဘောကလည်း သူ့ဟာသူ လှုပ်တဲ့ သဘောလေးရှိတယ်။ သိတာကလည်း သူ့ဟာသူ သိတာဘဲ။

အဲဒီတော့ ဘယ်အရာကိုကြည့်ကြည့် သဘာဝအဖြစ်နဲ့ဘဲမြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နှင့် မမြင်တော့ဘူး။ အဲဒီဉာဏ်ဆိုတာ နဲနဲနောနောဉာဏ်မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ပိုင်းခြားပြီးတော့ သိတဲ့ဉာဏ်ဖြစ်သွားပြီ။ လောကီကိစ္စတွေမှာ၊ Philosophy တွေ ဘာတွေ ဘယ်လောက်ပဲ နက်နက်နဲနဲ ကြီးကျယ်တာတွေ လေ့လာဖတ်ရှုနေအုံးတော့၊ ဒီလောက်နက်နဲတဲ့ ဉာဏ်မျိုးကို ရဖို့ရန်မလွယ်ဘူး။ အတွေးလေးနှင့်ဘဲ သိရတာကိုး။ အထင်နှင့်ဘဲ သိရတာကိုး။ အခုဟာက အတွေးမပါဘူး။ အထင်မဟုတ်ဘူး။ တကယ်ဖြစ်နေတာကို တိုက်ရိုက်ကြည့်ပြီး သိရတာမို့လို့ အင်မတန် နက်နဲကြီးကျယ်တဲ့ဉာဏ်ဖြစ်တယ်။ အဲဒီဉာဏ်မျိုးကို ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင်၊ အထင်မှားမှုတွေဟာ အများကြီး ပျောက်ကုန်တယ်။ သူ့ရဲ့  Personality ပါ တခါတည်း ပြောင်းလဲသွားနိုင်တယ်။ အသိဉာဏ်ပါ ပြောင်းလဲသွားနိုင်တယ်။ အတွေးအခေါ်နဲ့ ရတဲ့ အသိဉာဏ်ဟာ Personality အပြောင်းအလဲကို တကယ်မဖြစ်စေနိုင်ဘူး။ ဒီလိုတိုက်ရိုက်ကြည့်ပြီးတော့ သိလာတဲ့ အသိဉာဏ်ဟာ Personality ကိုအများကြီး ပြောင်းလဲသွားစေတယ်။

သူတို့အနောက်နိုင်ငံကပြောတဲ့ Personality ဆိုတဲ့ စကားလုံးကို ယူပြီးတော့ သုံးလိုက်ရတာပါ။ လူ့ရဲ့  စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ။ ပြောင်းလဲတာမှ တကယ်ကို သိသိသာသာကြီးကို ပြောင်းလဲသွားတာဘဲ။ ပြောင်းပြန်ပြန်မလာနိုင်လောက်အောင် ပြောင်းလဲသွားနိုင်တယ်။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင်။

အဲဒီတော့ တရားအားထုတ်တာတွေမှာ နည်းအမျိုးမျိုးနှင့် အားထုတ်တာတွေ ရှိပေမယ့် ဒီပစ္စုပ္ပန်မှာဖြစ်နေတဲ့၊ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ သဘာဝတရားကို အတွေးမပါ၊ ပုံသဏ္ဍာန်မှန်းဆမှုမပါဘဲနှင့် တိုက်ရိုက်သိတဲ့ ဒီတရားအားထုတ်တဲ့နည်းဟာ အရိုးဆုံး၊ သဘာဝအကျဆုံး၊ အထိရောက်ဆုံးဖြစ်တယ်။ အကောင်းဆုံးဘဲ။ Simple ဖြစ်တယ်။ Natural ဖြစ်တယ်။ Effective ဖြစ်တယ်။ ပြီးတော့ Simple ဖြစ်မှကောင်းတယ်။ သိပ်ပြီးတော့ Complicated ဖြစ်လာရင်၊ ရှုပ်ထွေးကုန်တာမို့လို့ လုပ်ရတာ အဆင်မပြေတော့ဘူး။ ပင်ပန်းတယ်။ ရေရှည်မလုပ်နိုင်ဘူး။ တမင်တကာလုပ်ယူရတာမဟုတ်တဲ့ ရိုးရိုးလေးဖြစ်နေတဲ့၊ သဘာဝတရားကို ရိုးရိုးလေးဘဲ သတိလေးနှင့်ကပ်ပြီးတော့ ကြည့်ပြီးတော့ သိနေဖို့ဘဲလိုတာဘဲ။

(ဆရာတော် ဦးဇောတိက)

Audio File Download: http://minus.com/luFLzXsDKo05B
Youtube File: http://youtu.be/EH6ZCmEY2YE




Shared from Vimuttisukha Bliss (FB)

နေ့လွဲညစာ ပညတ်ခြင်း


“မြတ်စွာဘုရားသခင် အင်္ဂုတ္တရာပတိုင်း အာပဏ နိဂုံးမှာ သီတင်းသုံးတော်မူစဉ်က အရှင်ကာဋုဒါယီဟာ ဘုရားရှင်ရဲ့ မေတ္တာကရုဏာတော်နှင့် အရှည်မြော်ခေါ်နိုင်တဲ့ ဉာဏ်တော်ကို တွေးမိတဲ့အတွက် ဘုရားသခင် ထံတော်ပါး ချဉ်းကပ်ပြီး ဒီလို လျှောက်ထားသတဲ့ကွယ့်၊

“အရှင်ဘုရား - တပည့်တော်များသည် ရှေးအခါက တစ်နေ့ပတ်လုံး အလိုရှိတိုင်း စားသောက်ခဲ့ကြပါသည်၊ ဘုရားရှင်က နေလွဲသောအခါ စားခြင်းကို ပယ်ကြရမည်ဟု ပညတ်ချက်ထုတ်သောအခါ တပည့်တော်တို့အား စိတ်ဆင်းရဲမှု ဖြစ်ကြရပါသည်၊
လူသားသည် နံနက်တစ်ထပ် ညတစ်ထပ်ဟု နှစ်ထပ် စားကြရာတွင် နံနက်အထပ်ကို ဖြစ်သလိုစား၍ ညစာအထပ်ကိုသာ မွန်မွန်မြတ်မြတ် ပြုလုပ်စားသောက်ကြပါသည်၊ ထိုမွန်မြတ်သော အစာကို စွန့်ကြရမည်ဖြစ်၍ အမှန်ပင် တပည့်တော်များ စိတ်ဆင်းရဲကြရပါသည်၊ သို့သော်လည်း ဘုရားရှင်၌ ချစ်ခြင်း၊ ရိုသေခြင်း၊ ရှက်ကြောက်ခြင်းတို့ကြောင့် ပညတ်တော်အတိုင်း ညအစာ စားခြင်းကို ပယ်ခဲ့ကြပါသည်၊ အခုအခါ မေတ္တာတော် ကရုဏာတော်နှင့် အရှည်မြော်ခေါ်နိုင်သော ဉာဏ်တော်တို့ကို မျက်ဝါးထင်ထင် သိမြင်ခဲ့ပါသည်။

တပည့်တော်များသည် ညစာစားစဉ် ကာလက ဝမ်းရေးအတွက် ညဥ့်မှောင်မိုက်၌ ဆွမ်းခံလှည့်ရင်း အညစ်အကြေးကိုလည်း နင်းမိကြ၏၊ ရွှံ့ညွန်တွင်းသို့လည်း ကျ၏၊ ဆူးငြောင့်ကိုလည်း နင်းမိ၏၊ အိပ်နေသောနွားကိုလည်း နင်းမိ၏၊ သူခိုးဓားပြတို့နှင့်လည်း ကြုံတွေ့၏၊ ရာဂသောင်းကျန်းသော မိန်းမ၏ ဖိတ်ခေါ်ခြင်းကိုလည်း ခံရ၏၊ တစ်ကြိမ်တွင် တပည့်တော် မှောင်မိုက်အတွင်း ဆွမ်းခံလှည့်စဉ် လျှပ်စစ်အရောင်ဖြင့် ခွက်ဆေးနေသော မိန်းမက မြင်၍ ‘အမလေး - ဘီလူးကြီး ဘီလူးကြီး’ ဟု ဟစ်အော်ပြောဆိုခြင်းကို ခံခဲ့ရပါသည်၊ တပည့်တော်က ‘ငါဟာ ဆွမ်းခံရဟန်းပါ၊ ဘီလူးမဟုတ်ပါ’ ဟု ပြောသောအခါ ထိုမိန်းမက ထက်သော ဓားဖြင့် ဝမ်းဗိုက်ကို ထိုးဖောက်ရခြင်းက မြတ်သေး၏၊ ဝမ်းစာအတွက် မှောင်မိုက်အတွင်း ဆွမ်းခံရခြင်းကား မမြတ်ဟု ဆိုပါသည်၊ ထိုအကြောင်းကို စဉ်းစားမိ၍ မြတ်စွာဘုရား၏ မေတ္တာတော် ကရုဏာတော် အရှည်မြော်ခေါ်နိုင်သော ဉာဏ်တော်တို့ကို အမှတ်ရမိပါသည် လို့ လျှောက်ထားသတဲ့ကွယ့်။

ဒါကြောင့် အစားအစာနှင့် ပတ်သက်ပြီး ပညတ်ချက်အမျိုးမျိုး၊ တားမြစ်ချက်အမျိုးမျိုး ရှိနေတဲ့ ရှင်အဖြစ်, ရဟန်းအဖြစ် ခံယူဖို့အတွက် လူသားတွေမှာ အလွန်ခက်နေတယ်။

(၈) ဒွယံ ဒွယံ စ အဓိကာ၊
နရာ ရမန္တိ သဗ္ဗဒါ။
ဧကာ ရာမ ပဗ္ဗဇ္ဇိတာ၊
ဒူရာ ညောညာတိ ဒုလ္လဘာ။
နရာ - လူသားတို့သည်၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ ဒွယံ ဒွယံ စ - နှစ်ယောက် နှစ်ယောက်လည်းကောင်း၊ အဓိကာစ - ထို့ထက်အလွန်တို့လည်းကောင်း၊
ရမန္တိ - မွေ့လျော်ပျော်ပါးကုန်၏၊ ပဗ္ဗဇ္ဇိတာ - ရှင်ရဟန်းတို့သည်၊ ဧကာရာမာ - တစ်ယောက်တည်းသော မွေ့လျော်ရကုန်၏၊ အညောညာ - လူနှင့် ရှင်ရဟန်းတို့သည်၊ ဒူရာ - ကောင်းကင်မြေပမာ ဝေးကွာကုန်၏၊ တသ္မာ - ထို့ကြောင့်၊ အတိဒုလ္လဘာ - အလွန် ရခဲကုန်၏။

[ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၃၈) သုဒ္ဓေါဒနမင်းကြီး ရဟန်းမဖြစ်ခြင်း] ကို ဤနေရာတွင် ဆက်လက်လေ့လာနိုင်ပါသည်
https://www.facebook.com/notes/ထေရဝါဒ-ရနံ့/ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ-အမေးအဖြေများ-အမှတ်စဉ်၁၃၈-သုဒ္ဓေါဒနမင်းကြီး-ရဟန်းမဖြစ်ခြင်း/902696496420634


Shared from Ko Ye Win Tun (FB)

Sunday, December 14, 2014

တရားရပြီလို့ သိနိုင်ကြလား


ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်ပြီ။ ရဟန္တာဖြစ်ပြီ မည်သို့သိနိုင်ပါသလဲ။ အပြင်လူကော သိနိုင်ပါသလား။

အစစ်ဖြစ်လို့ရှိရင်တော့ သူတို့ပစ္စဝေက္ခဏာ ဆင်ခြင်ရသေးတယ်။ ဆင်ခြင်တဲ့အခါမှာ တကယ့်ကို နိဗ္ဗာန်အာရုံကိုရနေတယ်။
တကယ့်ကို မဂ်ကို အာရုံရနေတယ်ဆိုရင်တော့ သူသိတာဘဲ။ ဒီလိုမဟုတ်ဘဲနဲ့ဆိုရင် သူမသိနိုင်ပါဘူး။ ပစ္စက္ခေဏာ မဆင်ခြင်ဘဲ
နဲ့ဆိုရင်တော့ သူမသိပါဘူး။ သောတာပန် ဖြစ်မှန်းလည်းမသိပါဘူး။ မဖြစ်မှန်းလည်း မသိပါဘူး။

အပြင်လူဆိုတာကတော့ တစ်ခါတုံးက ရဟန္တာအရှင်မြတ်ကြီးနောက်က တောထွက်ကြီးတစ်ပါး သပိတ်ယူပြီးတော့ လိုက်သွားတယ်။ လိုက်သွားတော့ သူက သူ့ဆရာ ဘုန်းတော်ကြီးကို လျှောက်တယ်။ အရှင်ဘုရား ရဟန္တာများ ဘယ့်နှယ့်လုပ်ပြီးတော့ သိရပါမလဲ။ ဦးပဉ္ဇင်း ရဟန္တာဆိုတာ အင်မတန်သိဖို့ခက်တယ်။ သပိတ်ကိုင်ပြီးတော့
နောက်ကလိုက်တာတောင်မှ သိဖို့ခက်တယ်လို့ အမိန့်တော်ရှိတော့ ရဟန္တာမှန်း သိဖို့သိပ်ခက်တယ်။

ရဟန္တာမှန်းသိဖို့ သိပ်ခက်တယ်ဆိုရင် သောတာပန်မှန်း သိဖို့ဆိုတာလည်း သိပ်ခက်တာပဲ။ ဘယ်လိုပုဂ္ဂိုလ်မှ သိတုန်းဆိုရင်တော့ ပရစိတ္တ၀ိဇာနာန သူတစ်ပါးစိတ်ကို သိတဲ့ဉာဏ်ကို ရနေတဲ့အချိန်ကျမှ သောတာပန်ဟုတ်တယ်။ မဟုတ်ဘူးဆိုတာ သိတယ်။ ပရစိတ္တ၀ိဇာနာန အဘိညာဉ်ကို မရလို့ရှိရင်
ကမ္မဋ္ဌာန်းဆရာကိုယ်တိုင် သူ့တပည့် တရားပေါက်တယ် မပေါက်ဘူးဆိုတာ မသိနိုင်ဘူး။

အရှင်ဇနကာဘိဝံသ
သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ

ကောင်းဖို့အတွက် ဖြစ်လာတာပါ


တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှပညာရှိတဲ့ ပညာရှိအမတ်ကြီးတစ်ပါးလည်း အမှုထမ်းလျက်ရှိတာပေါ့။
ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။


ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ "ညကအိပ်မက်တွေမကောင်းဘူးအမတ်ကြီး ငါကိုယ်တော် ကံတွေဆိုးနေတယ်ထင်တယ် ဘာများဖြစ်နိုင်မလဲ" လို့မေးလိုက်တိုင်း
အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"
လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးက အဆင်မပြေတာနဲ့ကြုံလို့ မေးတဲ့အခါတိုင်း အမတ်ကြီးက "ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား"လို့ ဘုရင်ကြီးကို ပြန်ပြန်လျှောက်သတဲ့။

အဲဒီစကားကိုပဲအမြဲတမ်းလျှောက်နေတော့ ဘုရင်ကြီးက အမတ်ကြီးကို အမြင်မကြည်ဘူးဖြစ်လာတာပေါ့။ ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးနဲ့ နှစ်ယောက်တည်းတောကစားထွက်လာတယ်တဲ့။ ဘုရင်ကြီးဟာ တောလိုက်ရင်းနဲ့ အမှတ်မထင် သူ့လက်မတစ်ချောင်း ပြတ်သွားခဲ့တယ်။ အဲဒီအခါမှာ ဘုရင်ကြီးက "အမတ်ကြီးရေ ကျုပ်လက်မတော့ ပြတ်သွားပြီ။ နိမိတ်မကောင်းဘူးထင်တယ်" လို့ပြောသတဲ့။

အဲ့လိုပြောတဲ့အခါမှာလဲ အမတ်ကြီးက "မပူပါနဲ့ဘုရား ကောင်းဖို့အတွက် ဖြစ်လာတာပါ" ဆိုပြီး ထုံးစံအတိုင်း ပြန်လျှောက်တာပေါ့။ ဒါနဲ့ ဘုရင်ကြီးလည်း "တယ်... ဒီလောက် လက်မတစ်ချောင်း ပြတ်သွားတာတောင် ကောင်းဖို့အတွက် ပြတ်တယ်ဖြစ်ရသေး... ကဲကွာ..." ဆိုပြီး အမတ်ကြီးကို
မြင်းပေါ်ကနေ ကန်ချခဲ့တာ အမတ်ကြီးခမျာ ချောက်ထဲပြုတ်ကျ ကျန်ရစ်ခဲ့သတဲ့။ ဒီလိုနဲ့ ဘုရင်ကြီးဟာ တောဆက်ထွက်လာရင်း လူရိုင်းတစ်စုရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတယ်။ အဲ့လူရိုင်းတွေက ဘုရင်ကြီးကို ယာဇ်ပူဇော်ဖို့စီစဉ်ကြသတဲ့။ ဒါပေမယ့် ယာဇ်ပူဇော်ခါနီးမှာ လူရိုင်းတွေက ဘုရင်ကြီးကို သေချာကြည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။

ဘာလို့လဲဆိုတော့ ဘုရင်ကြီးက လက်မတစ်ချောင်းပြတ်ပြီး အင်္ဂါမစုံလို့ ယာဇ်ပူဇော်လို့မရဘူးတဲ့။ ဒါကြောင့်လူရိုင်းတွေက ပြန်လွှတ်ပေးလိုက်တာ။ ဘုရင်ကြီးခမျာ ဝမ်းသာအားရ ပြန်လာတာပေါ့။
ဘုရင်ကြီးလည်း အသက်ဘေးကလွတ်တော့မှ "သြော် ငါ့လက်မပြတ်တုန်းက ပညာရှိအမတ်ကြီးက ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရားလို့ လျှောက်တင်တာ တယ်မှန်ပါလား"ဆိုပြီး တွေးမိတယ်တဲ့။ ဒါနဲ့ဘုရင်ကြီးလည်း ပညာရှိအမတ်ကြီးကို ကန်ချခဲ့တာကို နောင်တတွေရပြီး ရဲမက်တွေကို ပြန်ရှာခိုင်းလိုက်တယ်။

အမတ်ကြီးလည်း ကံကောင်းထောက်မပြီး ချောက်ထဲကျတာမသေဘဲ ဘုရင်ကြီးဆီ ပြန်လိုက်လာတယ်တဲ့။ အမတ်ကြီးကိုတွေ့တော့ ဘုရင်ကြီးက "အမတ်ကြီးကို ကျုပ်တောင်းပန်ပါတယ်။"
ဆိုပြီးသူကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့။ အဲဒီအခါ အမတ်ကြီးကလည်း "ဘုရင်ကြီး ကန်ချခဲ့တာကို တောင်းပန်စရာ မလိုပါဘူး။ "ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား " ဆိုပြီး ပြန်လျှောက်သတဲ့။

ဘုရင်ကြီးက "လုပ်ပြန်ပြီအမတ်ကြီး ငါကိုယ်တော် သင့်ကို ကန်ချခဲ့တာ ဘာကောင်းတာတုန်း"လို့ မေးတာပေါ့။

အမတ်ကြီးကလည်း "ဘုရင်ကြီးသာ ကန်မချခဲ့ဘဲ ဘုရင်ကြီးနဲ့တူတူ တောကစားဆက်ထွက်ရင် လူရိုင်းတွေဖမ်းမိပြီး လက်မ မပြတ်ဘဲ အင်္ဂါစုံလို့ ယာဇ်ပူဇော်ခံရမှာ ကျွန်တော်မျိုးပါဘုရား" လို့ ပြန်လျှောက်တင်လိုက်တယ်တဲ့။

ဒီပုံပြင်လေးကိုဖတ်ရင်း စာဖတ်ပရိတ်သတ်တွေလည်း တစ်ခုခုမကောင်းတာနဲ့ ကြုံတိုင်း ငါ ကံများဆိုးနေသလားဆိုပြီး စိုးရိမ်ထိတ်လန့်ဝမ်းနည်းမနေဘဲ ပုံပြင်ထဲကလို "ကောင်းဖို့အတွက် ဖြစ်လာတာပဲ" လို့ဖြေသိမ့်ပြီး မိမိစိတ်ကို မိမိချမ်းသာအောင် ထားနိုင်ကြပါစေလို့.....

Credit- Original Writer

Shared from The Express Times (FB)

အဆိုးကို အသုံးချခြင်း


လောကမှာ ဥာဏ်မရှိသူအတွက် အဆိုးကြောင့် ဂုဏ်ပျက်တတ်သော်လည်း ဥာဏ်ရှိသူအတွက်တော့ အဆိုးကြောင့်ပဲ
ကောင်းဂုဏ်တက်ရပါတယ်။

မြတ်ဗုဒ္ဓရဲ့ အရဟံဂုဏ်တော်ကိုပဲ ကြည့်ပါ။ အဆိုးဆုံးကိလေသာကို အကောင်းဆုံးနည်းနဲ့ အကြွင်းမဲ့ လုံးဝအနိုင်ယူနိုင်လို့ ရထားတဲ့ ဂုဏ်ပုဒ်ပါ။ ကိလေသာအဆိုးကြောင့် ဘုရားရှင်ဂုဏ်တက်ရတာပါ။
အဆိုးဆုံးကို နိုင်ထားလို့ အကောင်းဆုံးဖြစ်သွားတာကိုး။

တရားကျင့်တာဟာ ဆင်းရဲအပူနဲ့ ရင်ဆိုင်လာရင် နောက်ဆုတ်အရှုံးပေးဖို့ မဟုတ်ဘူး။ အားပြိုင်အနိုင်ယူဖို့သာ ဖြစ်တယ်။
သူတော်ကောင်းဆိုတာ ဆိုးဝါးတဲ့ ဆင်းရဲအပူကို နိုင်လို့ရတဲ့ အကောင်းဂုဏ်ပဲ။

ဆိုးဝါးတဲ့အနာရောဂါဟာ ဆေးဝါးအာနိသင်နဲ့ ဆေးဆရာရဲ့စွမ်းအင်ကို ဖော်ထုတ်ပေးတတ်သလို ရုပ်နာမ်ခန္ဓာဆင်းရဲနှင့် ကိလေသာ အပူရှိန်များဟာလည်း တရားစွမ်းအင်အာနိသင်နှင့် သူတော်ကောင်းစွမ်းအားကို ဖော်ထုတ်ဂုဏ်တင်ပေးတဲ့ တွန်းအားကြီးများ ဖြစ်ပါတယ်။

ရောဂါကြီးလေ ဆေးဆရာအစွမ်းနဲ့ ဆေးအစွမ်း ပိုပြီး ပေါ်လွင်လေ ဖြစ်ရသလို ဒုက္ခအပူကြီးလေ လူ့အစွမ်းနဲ့ တရားအစွမ်း ပိုပြီး ပေါ်လွင်ထင်ရှားလာလေသာ ဖြစ်တတ်ပါတယ်။

လောကမှာ ဘယ်အရာမဆို အကောင်းရဲ့ ကြံ့ခိုင်မှုကို
အဆိုးနဲ့ စမ်းသပ်ရတာပါ။ အဆိုးနဲ့ နည်းမျိုးစုံ အစမ်းခံနိုင်မှ အကောင်းလို့ အတည်ပြုကြပါတယ်။

လူ့သန္တာန်မှာ တရားစွမ်းအား တက် မတက် သိလိုလျှင်
ကိလေသာဖြစ်စရာအာရုံ ဆင်းရဲဒုက္ခ လောကဓံ အာရုံများနဲ့ စမ်းသပ်ကြည့်ရတယ်။ အစမ်းခံနိုင်ရင် တရားစွမ်းအား တက်နေပြီလို့
သိနိုင်တယ်။ အစမ်းမခံနိုင်ရင် ဘာမှ မရှိသေး၊ ဘာမှမစွမ်းသေးလို့
နားလည်ရပါတယ်။

လူ့ဘဝအဆိုးတွေဟာ လူကို အောက်ကို လိမ့်ကျသွားအောင် တွန်းချပစ်ဖို့ မဟုတ်ပါဘူး။ အပေါ်ကို တက်သွားအောင်၊
လူ့အရည်အချင်း မြင့်မားသွားအောင် တွန်းတင်ပေးတဲ့ တွန်းအားကြီးတွေ ဖြစ်လို့ လူရဲ့ တကယ့်ကျေးဇူးရှင်ကြီးတွေပါ။
အဆိုးကို ခံနိုင်မှ တကယ့် လူ့စွမ်းအားပါ။ အဆိုးကို ခံနိုင်ဖို့ လိုသလို အကောင်းကို ခံနိုင်ဖို့လည်း သတိထားနေရမှာပဲ။ဘာကြောင့်လည်းဆိုတော့ လောကထဲက အကောင်းဆိုတာ အချိန်မရွေး အဆိုးဘက်ကို ပြောင်းလဲသွားတတ်တာကြောင့်ပါ။

တိပိဋကဓမ္မာဘဏ္ဍာဂါရိက ( ယော ) ဆရာတော်ဘုရားကြီး

ဆရာတော်ဘုရားကြီး၏ တိပိဋကဓမ္မလက်ဆောင်တရား
တော်များ စာမျက်နှာ ၅၅၉ မှ။

Posted by Words of Buddha

စိုးရိမ်သောက


အားငယ်စိတ် ကြောက်စိတ် ဆိုတာ လူတိုင်းမှာ အနဲနဲ့အများ ရှိတယ်။ အဲဒီ အားငယ်တာ၊ ကြောက်တာ၊ စိုးရိမ်တာတွေကို တနည်းနည်းနဲ့ ငြိမ်းချမ်းအောင် မလုပ်လို့ရှိရင် လူရဲ့ စိတ်ဓာတ်အင်အားတွေကို ကုန်ဆုံးသွားစေတယ်။ အဲဒီလူဟာ အမြဲတမ်းလိုလိုပဲ စိတ်ကြည်လင်မှု မရှိဘူး။ တခုခု ခက်ခဲနက်နဲတဲ့ အလုပ်ကို လုပ်ရတော့မယ် ဆိုရင်ပဲ သူ့မှာ အားစိုက်ဖို့ရာ အင်အားက မရှိဘူး။ အဲဒီတော့ အဲဒီအားငယ်စိတ်၊ ကြောက်စိတ်တွေကို သက်သာဖို့ဆိုတာလည်းပဲ ဒီတရားအားထုတ်မှ ရနိုင်မယ်။

အခု သက်သာအောင် နေရင် ရေရှည်မှာ မသက်သာဘူး။ အပျော်အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာ အကျိုးရှိမယ့် အလုပ်ကို မလုပ်တဲ့သူဟာ ရေရှည်မှာ မပျော်နိုင်တော့ဘူး။ ပူပင်သောက များမယ်။

စိတ်အေးရဖို့ ဆိုတာက ကိုယ့်ရင်ထဲမှာ တကယ်မှန်ကန်တဲ့၊ တိကျတဲ့ တန်ဖိုးထားစရာ ရှိရမယ်။ ငါ့ဘဝကိုငါ ဘယ်လိုနေမယ်၊ ဘယ်လိုသဘောထားနဲ့ နေမယ်၊ ဘယ်လိုခံယူချက်နဲ့ နေမယ်၊ ဘာကိုဦးတည်ချက် ထားမယ် ဆိုတာကို စိတ်ချလက်ချ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ကိုယ် စဉ်းစားပြီးတော့ သိပြီးတော့ ဆုံးဖြတ်ပြီးတော့ နေနိုင်မှ ရမယ်။ သူများက ပေးလို့ မရဘူး။

ကိုယ့်ရဲ့ ယုံကြည်ချက်၊ ခံယူချက်က ကိုယ့်အတွင်းကလာမှ ရမှာ။ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ သိပြီးတော့ ဖြစ်လာတဲ့ ယုံကြည်ချက် ခံယူချက် ဖြစ်မှ ရမှာ။ အဲဒါကို မရသေးသ၍ ဘယ်တော့မှ empty ဆိုတဲ့ feeling က ပျောက်မှာ မဟုတ်ဘူး။ ရှုပ်ထွေးပြီး ဘာမှ စိတ်မချရတဲ့ လောကကြီးအလယ်မှာ အားငယ်နေမယ်၊ ကြောက်နေမယ်။
emptiness နဲ့ loneliness ဟာ anxiety ရဲ့ မျက်နှာနှစ်ဖက်ပဲ။ အဲဒီ emptiness နဲ့ loneliness ရှိနေပြီဆိုရင် anxiety ( စိုးရိမ်သောက ) ရှိနေပြီ၊ သေချာပြီ။ စိတ်မအေးတော့ဘူး။ ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။

ကိုယ့်မှာလည်း ယုံကြည်ချက်၊ ခံယူချက် မရှိသလို တခြားသူတွေမှာလည်း ယုံကြည်ချက်၊ ခံယူချက်မရှိဘူး ဆိုရင် စိတ်ထဲမှာ မလုံခြုံတဲ့ ခံစားမှု၊ ဘယ်သူ့ကိုမှ စိတ်မချတဲ့ ခံစားမှု ဖြစ်မယ်။ အဲသလိုလူချင်းဟာ ဘယ်လိုလုပ် စိတ်ချလက်ချ ဆက်ဆံလို့ ရတော့မလဲ။

ကိုယ်က ဘာမှ အပြစ်မရှိပဲနဲ့ စိတ်အေးလက်အေး နေလို့မရတဲ့ အဖြစ်က anxiety ဖြစ်ဖို့ရာ အကြီးမားဆုံးအကြောင်းဘဲ။
ငါမကောင်းတာ မလုပ်ရင် ငါ့မှာ အန္တရာယ်မရှိဘူး။ ငါရိုးရိုးသားသား လုပ်မယ်ဆိုရင် ငါရသင့်တဲ့ အခွင့်အရေးကို ရိုးရိုးသားသားနဲ့ ရမှာဘဲလို့ ယုံကြည်လို့ ရတယ်ဆိုရင် နဲနဲ စိတ်အေးတယ်။ ကိုယ့်မှာ ရပ်တည်ရာလေးတခုရှိတယ်။ ဒီလိုနေရင် စိတ်အေးရမှာပဲ ဆိုတဲ့ နေနည်းထိုင်နည်းလေး life style လေးကို အားကိုးလို့ရတယ်။ အဲဒါမှ အားကိုးလို့ မရတော့ဘူးဆိုရင် သူ့ anxiety က အကန့်အသတ်မရှိတော့ဘူး။ ဒါကြောင့် လူတွေမှာ အဲသလို မဖြစ်သင့်တဲ့ anxiety မျိုးတွေ ဖြစ်နေပြီဆိုရင် စိုးရိမ်စရာကောင်းတယ်။ ဘာလုပ်သင့်သလဲ။

ကိုယ့်စိတ်ကို ကိုယ် သေသေချာချာသိတဲ့ အသိဟာ ပိုပြီးတော့ အားကောင်းလာလေလေ အဲဒီ anxiety လို့ ခေါ်တဲ့ သောကကို လွန်မြောက်နိုင်ဖို့ နဲ့ ခံနိုင်ရည်ပိုရှိဖို့ က အခွင့်အရေး အလားအလာ ပိုများလာလေလေပဲ။ ဒါဟာ တခုတည်းသော အားကိုးစရာ ဖြစ်တယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကိုကိုယ် ကြည့်တဲ့ အလေ့အကျင့်ကို လုပ်ရမယ်။ ဒါလုပ်သင့်တယ်။


ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ “တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်

Shared from LIEF (FB)

သတိနဲ့နေတဲ့ အလေ့အကျင့်


လူတွေနဲ့ တွေ့တဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် လွှမ်းမိုးတဲ့သဘောက ရှိနေတယ်။ သူက ကိုယ့်ကို လွှမ်းမိုးမယ် သို့မဟုတ် ကိုယ်က သူ့ကို လွှမ်းမိုးမယ်။ သတိကောင်းနေရင် ကိုယ့်စိတ်ကို ကိုယ် သိနေရင် ဘယ်သူမှ ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ကိုယ့်စိတ်က တည်ငြိမ် အေးချမ်းပြီး လေးနက်ခိုင်ခန့်နေတယ်ဆိုရင် တစ်ဖက်လူဟာ ရာထူးအားဖြင့် ကြီးချင်ကြီးမယ်၊ ဓနအားဖြင့် ကြီးချင်ကြီးမယ်၊ ဒါပေမယ့်သူက ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ဒါကြောင့် သူများလွှမ်းမိုးတာ မခံရချင်ရင် တည်ကြည်ခံညားမှုရှိအောင် သတိနဲ့ နေရမယ်။

နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။ နဲသွားရင် တိုးပေးတယ်။ အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ ခံစားမှုတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ လွန်မသွားအောင် ထိန်းပေးတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးလာအောင်၊ စိတ်အေးချမ်းမှု၊ တည်ငြိမ်မှု တိုးလာအောင် ပြဿနာတွေကို မှန်မှန်ကန်ကန် မြင်နိုင်တဲ့ ဉာဏ်အမြင် တိုးလာအောင်၊ လုပ်နိုင်သလောက်ကို လုပ်ပြီးတော့ ဖြစ်လာတဲ့ အခြေအနေကို ရင့်ကျက်တဲ့စိတ်နဲ့ လက်ခံနိုင်အောင် စိတ်အားကို မြှင့်ပေးတယ်။

စိတ်ကို ဒီလို သတိနဲ့ကြည့်ပြီင်္း ညှိပေးတဲ့ အလေ့အကျင့် မရှိရင်၊ စိတ်အတက်အကျ များနေရင် ဘ၀မှာ နေရထိုင်ရတာ၊ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ဆက်ဆံရေးတွေလည်း ကမောက်ကမ ဖြစ်တတ်တယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အောင်မြင်ရေးတွေ အားလုံးထိခိုက်တယ်။ ဒါကြောင့် ကိုယ့်ဘ၀မှာ အစစအရာရာ အဆင်ပြေချင်ရင် ကိုယ့်စိတ်ကို သတိနဲ့ကြည့်ပြီး ညှိပေးတတ်တဲ့ပညာကို တတ်အောင်သင်ဖို့နဲ့ အမြဲတမ်း သတိနဲ့နေဖို့ လိုတယ်။ အလေ့အကျင့် ရသွားရင် မခက်ဘူး။ ဒါတစ်ခုကို နိုင်နိုင်နင်းနင်း လုပ်နိုင်ရင် ဘ၀မှာတွေ့ရတဲ့ အခက်အခဲတွေဟာ ဉာဏ်ပါပါကစားရတဲ့ ကစားနည်းတစ်ခုလို ဖြစ်လာတယ်။ နားလည်နိုင်တဲ့ အရည်အချင်း၊ ကိုင်တွယ်နိုင်တဲ့ အရည်အချင်း၊ လက်ခံနိုင်တဲ့ အရည်အချင်းတွေ တိုးလာလို့ ဘ၀ကို အပေါ်စီးက ကြည့်ပြီး ပိုင်ပိုင်နိုင်နိုင် နေသွားနိုင်တယ်။ expert in living “ ဘ၀နေနည်း ကျွမ်းကျင်သူ” ဖြစ်လာမယ်၊၊


ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )

အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊
Shared from LIFE (FB)

Saturday, December 13, 2014

ပေါ့စတစ်အတွေးနှင့် စိတ်ချမ်းသာမှု


မြတ်စွာဘုရားလက်ထက်တော်က ဒန္တိကာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒန္တိကာအရွယ် ရောက်တဲ့အချိန်မှာပဲ အနာထပိဏ်သူဌေးကြီးရဲ့ ဇေတဝန်ကျောင်း ရေစက်ချအလှူပွဲကြီးနဲ့ ကြုံလိုက်ရပါတယ်။ အဲဒီ ကျောင်းရေစက်ချပွဲကြီးကိုကြည့်ပြီး သာသနာ့ဘောင်ကို ဝင်ချင်တဲ့စိတ် စဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ချက်ချင်းမဝင်နိုင်ခဲ့ပါဘူး။
ဒန္တိကာဟာ ဇေတဝန်ကျောင်းရေစက်ချပြီး နောက်ပိုင်း သာသနာ့ဘောင်ကိုမဝင်နိုင်သေးပေမယ့် သရဏဂုံနဲ့ ငါးပါးသီလကို အမြဲ ဆောက်တည်နေခဲ့ပါတယ်။

ကာလတစ်ခုကြာလာတဲ့အခါမှာတော့ ဒန္တိကာဟာ မိဘတွေကို ခွင့်တောင်းပြီး မိထွေးတော် ဂေါတမီဆီမှာ ဘိက္ခုနီမ ဝတ်လိုက်ပါတယ်။ ဘိက္ခုနီမဝတ်လိုက်တော့ ဒန္တိကာထေရီရယ်လို့ အမည်တွင်သွားပါတယ်။

ဒန္တိကာထေရီဟာ ဘိက္ခုနီမဝတ်ပြီးတာနဲ့ ဆရာဥပဇ္ဈာယ် မိထွေးတော် ဂေါတမီရဲ့ အဆုံးအမ တရားစကားကို နာကြားပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ်နေပါတော့တယ်။ ဒါပေမဲ့ စိတ်မတည်ငြိမ်လို့ သမာဓိမရဘဲ ဖြစ်နေပါတယ်။ ဒီတော့ တရားအားထုတ်ရတာ အဆင်မပြေတော့ပါဘူး။

တစ်နေ့မှာတော့ ဒန္တိကာထေရီဟာ ဂီဇ္ဈကုဋ်တောင်ပေါ်ကို တစ်ပါးတည်း တက်ခဲ့ပါတယ်။ တောင်ပေါ်ရောက်တော့ အရှေ့အနောက်တောင်မြောက် ဝဲယာကြည့်ရင်း ဆင်တစ်ကောင်နဲ့ ဆင်ဆရာကို တွေ့ရပါတယ်။ ကြည့်လက်စနဲ့ ဆက်ပြီး ကြည့်နေမိပါတယ်။

ဆင်ဆရာက ချွန်းကိုကိုင်ပြီး 'ခြေထောက်ဆန့်ပေးစမ်း'လို့ ပြောလိုက်ပါတယ်။ ဆင်ကြီးကလည်း ခြေထောက်ဆန့်ပေးပါတယ်။ ဒီတော့ ဆင်ထိန်းက ဆင်ပေါ်ကို လွယ်လွယ်ကူကူနဲ့တက်သွားပါတယ်။

ဆင်နဲ့ ဆင်ဆရာရဲ့မြင်ကွင်းကိုကြည့်ပြီး ဒန္တိကာထေရီဟာ 'ဆင်ဆရာ ချွန်းကိုကိုင်ပြီး ရှေ့ပိုင်းမှာ မယဉ်ကျေးတဲ့ ဆင်ရိုင်းကို လူတွေအလိုလိုက်အောင် ဆုံးမသလို ပျံ့လွင့်နေတဲ့ ငါရဲ့စိတ်ကို ဆုံးမရင် ရနိုင်တယ်။ ဝီရိယချွန်းနဲ့ ငါ့ရဲ့ ပျံ့လွင့်နေတဲ့စိတ်ကို ယဉ်ကျေးအောင် ဆုံးမမယ်' ဆိုပြီး အတွေးသံဝေဂ အဖြေရသွားပါတယ်။

ဒန္တိကာထေရီဟာ ဆင်ရိုင်းနဲ့ဆင်ဆရာကို ဥပမာယူပြီး ဝီရိယချွန်းနဲ့ စိတ်ကိုဆုံးမရင်း စိတ်တွေ ကြည်လင်လာပါတယ်။ စိတ်တွေ ကြည်လင်လာတော့ သမာဓိပါ ရလာပါတယ်။ သမာဓိ ရလာတာနဲ့အမျှ ဝိပဿနာတရားကို ဆက် အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတော့တယ်။
(ထေရီအဋ္ဌကထာ-ဒန္တိကာထေရီဝတ္ထု)

တကယ်ဆို ကိုယ် အားထုတ်နေတဲ့ ဝိပဿနာတရားနဲ့ ဆင်နဲ့ ဆင်ဆရာရဲ့အပြုအမူနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်စရာ ရှိပါတယ်။ ဘေးက ကြည့်ရင်လည်း 'ဒီ ဘိက္ခုနီမ ဆင်စီးတာကိုပဲ ကြည့်နေရတယ်လို့ ကိုယ့်တရား ကိုယ်အားထုတ်တာမဟုတ်ဘူး'ဆိုပြီး ဝေဖန်ချင်စရာပါ။ ဒန္တိကာထေရီအတွက်တော့ ဆင်နဲ့ ဆင်ဆရာရဲ့မြင်ကွင်းလေးကိုပဲ ကိုယ့်ဘဝ ဖြစ်စဉ်နဲ့နှိုင်းယှဉ်ပြီး ကိုယ့်အတွက် အသုံးချ သွားခဲ့တဲ့ တကယ့် သာဓကလေးတစ်ခုပါပဲ။

တစ်ခါတလေ တချို့မြင်ကွင်းတွေဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ထင်ရပေမယ့် ဒန္တိကာထေရီတို့လို ယူတတ်ရင် ကိုယ့် အတွက်တော့ တရားအားလေးတွေပါပဲ။

မြင်ကွင်းကို ရိုးရိုး မကြည့်ဘဲ ကိုယ့်အလုပ်နဲ့ ယှဉ်တွဲပြီး ကြည့်သွားတာပါ။ အထူးသဖြင့် တရားနဲ့ ယှဉ်ပြီး ကြည့်သွားတာပါ။ ဒီတော့ မြင်ကွင်းအားလုံးဟာ ကြည့်တတ်ရင် တရားတွေချည်းပါပဲ။ မကြည့်တတ်ရင်တော့ ဒေါသတွေ, အာဃာတတွေ, အမုန်းတွေ, ဣဿာမစ္ဆရိယတွေ, တဏှာရာဂတွေချည်း ဖြစ်နေမှာပါ။

ဒန္တိကာထေရီတို့လို တရားထူး မရပေမယ့် မြင်ကွင်းတွေကို တရားနဲ့ ယှဉ်ကြည့်တတ်တာလေးကိုတော့ ကိုယ်က အတုယူမှာပါ။
တရားနဲ့ကြည့်ရင် စိတ်ချမ်းသာပြီး မတရားနဲ့ကြည့်ရင် စိတ်ဆင်းရဲရတော့တာပါ။ ဒါက တကယ့်လက် တွေ့ပါ။

တစ်နည်းအားဖြင့် ပြောရင် ပေါ့စတစ်အတွေးနဲ့ နဂ္ဂတစ်အတွေးပါ။ ပါရမီပါခဲ့သူတွေဟာ ကြုံလာတဲ့ အာရုံတစ်ခုကို ပေါ့စတစ်အတွေးနဲ့တွေးပြီး စိတ်အေးချမ်းမှုကို ယူသွားကြတာပါ။ အထူးသဖြင့် နဂ္ဂတစ်အတွေးနဲ့ တွေးရင် စိတ်ဆင်းရဲရတယ်ဆိုတာ သေချာ သိထားရလို့ပါ။

ဘဝရဲ့တစ်နေ့တာမှာ အာရုံမျိုးစုံနဲ့ ကြုံနေရမှာပါ။ ကြိုက်တဲ့အာရုံရော မကြိုက်တဲ့ အာရုံရော ပါနေမှာပါ။ နဂ္ဂတစ်အတွေးရဲ့ ဆိုးကျိုးဆိုးပြစ်ကို သိထားပြီး ပေါ့စတစ်အတွေးနဲ့ တွေးတတ်တာလေးကို လေ့ကျင့်ထားရမှာပါ။ နဂ္ဂတစ်နဲ့ကြည့်မိရင် ဒေါသ, အာဃာတ စသည်တွေ ဝင်လာတတ်ပါတယ်။ ဒီတရားတွေ ဝင်လာပြီဆိုရင်တော့ နောက်ဆုံး ရလဒ်က စိတ်ဆင်းရဲရတော့တာပါ။

လူဟာ တစ်ခုခုကို လုပ်ပါများရင် စွဲနေတတ်ပါတယ်။ နဂ္ဂတစ်နဲ့ ကြည့်တတ်တာ အကျင့်ဖြစ်နေရင် ဘယ်မြင် ကွင်းပဲကြည့်ကြည့် နဂ္ဂတစ်နဲ့ပဲကြည့်နေတော့တာပါ။ စွဲနေတဲ့အစွဲကိုဖျောက်ဖို့ သိပ်ခက်ပါတယ်။ နဂ္ဂတစ်နဲ့ကြည့်မိ လိုက်လို့ စိတ်ဆင်းရဲရတယ်ဆိုတာလည်း မသိတော့ပါဘူး။ အဲဒီ မသိတာက ပိုချက်နေတော့တာပါ။

နဂ္ဂတစ်နဲ့ ကြည့်တတ်တာစွဲနေရင် ကောင်းတဲ့ မြင်ကွင်း, ကုသိုလ်ဖြစ်စေတဲ့ မြင်ကွင်းကို မြင်ဦးတော့ နဂ္ဂတစ်နဲ့ပဲ ကြည့်နေတော့တာပါ။

ဒီနေရာမှာ ကိုယ့်ကိုဖေးမပြောပြပေးမယ့် မိတ်ကောင်း ဆွေကောင်း သိပ်လိုပါတယ်။ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် နဂ္ဂတစ်သဘောဖြစ်နေတယ်ဆိုတာသိဖို့ အရေးကြီးပါတယ်။ ဒါမှ ဖေးမပေးရတဲ့သူလည်း လွယ်တာပါ။ ကိုယ့်ကို ချစ်တဲ့သူကပဲ ဖေးမမှာပါ။ မုန်းတဲ့သူကတော့ တကူးတကလာပြီး မဖေးမပါဘူး။ ဒီသဘောလေးတွေကို အာရုံ ပြုလိုက်ရင်လည်း ဖေးမလာသူကို တန်ဖိုးထားလာနိုင်ပါတယ်။ အဓိက ကိုယ်က ပြုပြင်ပြောင်းလဲချင်စိတ်ရှိဖို့ပါ။ ဆိုလိုတာက ကိုယ်က အဓိကပါ။

မြင်ကွင်းတစ်ခုကို ကြည့်တဲ့အခါ ပေါ့စတစ်နဲ့ ကြည့်တတ်တာ, နဂ္ဂတစ်နဲ့ကြည့်တတ်တာတွေဟာ အတိတ်ပါရမီ တွေနဲ့လည်း ဆိုင်နေပါတယ်။

ပါရမီပါခဲ့တဲ့သူကတော့ ပေါ့စတစ်နဲ့ကြည့်ပြီး ပါရမီမပါခဲ့တဲ့သူကတော့ နဂ္ဂတစ်နဲ့ ကြည့်တော့တာပါ။ ကိုယ်က နဂ္ဂတစ်နဲ့ ကြည့်တတ်သူဆိုရင်လည်း ပြန်လေ့ကျင့်ယူရမှာပါ။ ပါရမီပါသူနဲ့ မပါသူဟာ နေရာတိုင်းမှာ သိပ်ကွာပါတယ်။

တစ်ခါက ဦးဇင်းအရှင်ဆန္ဒာဓိကနဲ့ တစ်နေရာကို ဆွမ်းစားကြွ ဖြစ်ပါတယ်။ ဆွမ်းစားပြီးလို့ ပြန်ထတော့ ဦးဇင်းအရှင်ဆန္ဒာဓိကက လက်အုပ်လေးချီပြီး 'အရှင်ဘုရားကို နေရာထိုင်ခင်း လှူပါတယ်။ ဤထိုင်ခင်း လှူရသော
ကုသိုလ်ကောင်းမှုကြောင့် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေလို့' ပြောလာတော့ အောက်ကို ငုံ့ကြည့်လိုက်မိပါတယ်။ အောက်မှာ မိမိထိုင်ထားတာက ဦးဇင်းအရှင်ဆန္ဒာဓိကရဲ့ ထိုင်ခင်းပါ။ ဦးဇင်းအရှင်ဆန္ဒာဓိကကလည်း မိမိရဲ့ထိုင်ခင်း ပေါ် ထိုင်ထားပါတယ်။ ထိုင်ခင်းမှားထိုင်မိကြတာပါ။

ဒီတော့ မိမိကလည်း 'ဘုန်းကြီးကိုလည်း ထိုင်ခင်းလှူပါတယ်။ ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန့်အထောက် အပံ့ဖြစ်ပါစေ'လို့ ကောက်ကာငင်ကာ အမြန်ဆုတောင်းလိုက်ပါတယ်။ 'သြော်..အရှင်ဘုရားရယ် ကုသိုလ်ယူတတ်လိုက်တာ'လို့ စိတ်ထဲက လေးစားကြည်ညိုလိုက်မိပါတယ်။

တရားနဲ့တွေးတတ်တာဟာ အတိတ်ပါရမီ, အလေ့အကျင့်တွေနဲ့လည်း ဆိုင်နေတာဆိုတော့ ပါရမီဆိုတာလည်း အလေ့အကျင့်ကြောင့် ဖြစ်လာရတာပါ။ ဒီတော့ ကိုယ်က အထုံဖြစ်အောင်လေ့ကျင့်ယူရမှာပါပဲ။

ပါရမီပါခဲ့သူကတော့ သစ်ရွက်ကြွေတာလည်း တရားနဲ့ ကြည့်မှာပါပဲ။ မီးပျက်တာလည်း တရားနဲ့ကြည့်မှာပါပဲ။ ခွေးချင်းကိုက်တာလည်း တရားနဲ့ကြည့်မှာပါပဲ။ သစ်ရွက်လေးတွေကြွေတာကြည့်ပြီး 'သြော်..သက်မဲ့ဖြစ်တဲ့ သစ်ရွက်ကလေးတွေ မမြဲသလို ငါရဲ့ရုပ် နာမ်လည်း မမြဲဘူး။ မသေခင် ကုသိုလ်တရားတွေ ကြိုးစားအားထုတ်ထားမှ တော်ကာကျမယ်'လို့ ဆင်ခြင်မိသလို ခွေးချင်းကိုက်တာကြည့်ပြီးလည်း 'သြော်..ဒေါသဆိုတာ တိရစ္ဆာန်တွေမှာလည်း ရှိတာပဲ။ ငါလည်း ဒေါသ မဖြစ်အောင်နေမှ တော်ကာကျမယ်'လို့ တရားသဘောနဲ့ကြည့်တော့တာပါ။

ဒီတော့ သစ်ရွက်ကြွေတာ, မီးပျက်တာ, ခွေးချင်း ကိုက်တာတွေဟာလည်း တရားနဲ့ ကြည့်တတ်သူအတွက် တော့ တရားတွေ ဖြစ်နေပါတော့တယ်။

ပါရမီမပါသေးရင်လည်း ဘာမှ စိတ်ပျက်စရာ မလိုပါဘူး။ ရနိုင်သမျှ ဖြည့်ဖြည့် ယူသွားရမှာပါပဲ။ သံသရာ အများကြီး ကျင်လည်ခဲ့တာဆိုတော့ ပါရမီလုံးဝမပါတဲ့သူတော့ မဖြစ်နိုင်ပါဘူး။ ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင် ကိုယ်က နည်းနေတာပဲဖြစ်မှာပါ။ ပါရမီနည်းနေရင် ပိုဖြည့်ရုံပဲ ရှိတော့တာပါ။

ဒီနေရာမှာ ပုဂ္ဂိုလ်လေးမျိုးကို အာရုံပြုကြည့်ရအောင်ပါ။

ပုဂ္ဂိုလ်လေးမျိုး -

၁။ ဥဂ္ဂါဋိတညူပုဂ္ဂိုလ် = အကျဉ်းဟောလိုက်တာနဲ့ မဂ်ဖိုလ် ရနိုင်တဲ့ပုဂ္ဂိုလ်။

၂။ ဝိပဥ္စိတညူပုဂ္ဂိုလ် = အကျယ်ဟောပြမှ မဂ်ဖိုလ် ရနိုင်တဲ့ပုဂ္ဂိုလ်။

၃။ နေယျပုဂ္ဂိုလ် = အကျဉ်းအကျယ်ဟောရုံမက ကျက်သင့် ကျက်ထိုက်တာကျက်, ဆောင်သင့် ဆောင်ထိုက်တာ ဆောင်, ဆရာသမားကလည်း ဂရုစိုက်ပေး, ကိုယ်တိုင်လည်း နှစ် လ ရက်ရှည် ကြိုးကြိုးစားစား အားထုတ်ပါမှ မဂ်ဖိုလ် ရနိုင်တဲ့ပုဂ္ဂိုလ်။

၎။ ပဒပရမပုဂ္ဂိုလ် = ဒီဘဝ ဘယ်လောက်ပဲ အားထုတ် အားထုတ် မဂ်ဖိုလ် မရနိုင်တဲ့ပုဂ္ဂိုလ်။

ဒါပေမယ့် လယ်တီဆရာတော်ဘုရားကြီးက ဒီဘဝမရနိုင်ပေမယ့် နောက်ဘဝ ဤ ဘုရားသာသနာမှာ ကျွတ်နိုင်သလို နောက်နောက် ဘုရားသာသနာတွေမှာလည်း ကျွတ်နိုင်တဲ့အကြောင်း ဆတ္တမာဏဝလုလင်, ဖားနတ်သားဝတ္ထု, သစ္စကပရိဗိုဇ်တို့ကို သာဓကပြပြီး အားပေးထားပါတယ်။

ပိုပြီး ရှင်းသွားအောင် ဆတ္တမာဏဝလုလင်, ဖားနတ်သားအကြောင်းတို့ကို နည်းနည်းလောက် ပြောပြရအောင်ပါ။

မြတ်စွာဘုရားလက်ထက်တော်က ဆတ္တမာဏဝဆိုတဲ့ လုလင်တစ်ယောက်ရှိပါတယ်။ အရွယ်ရောက်လာတော့ အဖေလုပ်သူက ပေါက္ခရသာတိပုဏ္ဏားကြီးဆီမှာ ပညာသင်ခိုင်းပါတယ်။ ပညာသင်မှုပြီးဆုံးတော့ ဆရာက ပညာသင်ခ အသပြာတစ်ထောင်တောင်းပါတယ်။ ဒါကြောင့် ဆတ္တမာဏဝလုလင်ဟာ အိမ်ပြန်ပြီး အဖေ့ဆီမှာ ငွေပြန်တောင်းပါ တယ်။ ဒီသတင်းကို သူခိုးတွေသိသွားပြီး လမ်းကစောင့်နေပါတယ်။

ဒါကို မြတ်စွာဘုရားရှင် သိတော်မူလို့ သူခိုးတွေထက် ဦးအောင် လမ်းက ကြိုစောင့်ပြီး သရဏဂုံနဲ့ ငါးပါးသီလ ပေးပါတယ်။ သေဖို့ကံ ပါလာရင် မြတ်စွာဘုရားလည်း တားလို့မရပါဘူး။ ဆတ္တမာဏဝ လုလင်ဟာ သရဏဂုံသုံးပါးကို နှလုံးသွင်းပြီး လမ်းခရီးကို ဆက်ခဲ့ပါတယ်။ ခရီးတစ်ဝက်မှာ သူခိုးတစ်ယောက်ရဲ့မြားချက်နဲ့ သေသွားရပါတယ်။ သေလွန်တော့ တာဝတိံသာ နတ်ပြည်မှာ ဖြစ်ရပါတယ်။

လူ့ပြည်မှာ ကျန်ခဲ့တဲ့ ဆတ္တမာဏဝ လုလင်ရဲ့အလောင်းကို မိဘ ဆရာသမား မိတ်ဆွေတွေက မီးသင်္ဂြိုဟ်ပေး ပါတယ်။ မြတ်စွာဘုရားရှင်က ဈာပနနဲ့မနီးမဝေး သစ်ပင်ရိပ်မှာကြွပြီး သီတင်းသုံးနေလိုက်ပါတယ်။

ဆတ္တမာဏဝ လုလင်ဟာ နတ်သားအဖြစ်နဲ့ လာပြီး မြတ်စွာဘုရားကို ကန်တော့ပါတယ်။ မြတ်စွာဘုရားတရားနာပြီး ဆတ္တမာဏဝ နတ်သားရော မိဘတွေရော သောတာပန် တည်သွားပါတယ်။
ဆတ္တမာဏဝလုလင်ဟာ ပထမ ဘဝမှာ တရားထူး မရပေမယ့် ဒုတိယဘဝမှာတော့ တရားထူး ရသွားခဲ့ပါတယ်။

ဖာနတ်သားဝတ္ထုမှာလည်း ဒီအတိုင်းပါပဲ။ မြတ်စွာဘုရားတရားဟောနေစဉ် ရေကန်တစ်ကန်က ဖားလေးတစ်ကောင်တက်လာပြီး 'ဒါတရားပဲ'ဆိုတဲ့ အမှတ်နဲ့ အဓိပ္ပါယ်မသိပေမယ့် တရားဆိုတဲ့ အမှတ်နဲ့ ဝပ်နေပါတယ်။ အဲဒီအချိန်မှာ နွားကျောင်းသားတစ်ယောက်ကလည်း တရားနာဖို့ တုတ်တစ်ချောင်းနဲ့ထောက်ပြီး ရပ်နေလိုက်တာ ဖားခေါင်းပေါ် တုတ်ထောက်မိလျက်သားဖြစ်သွားပြီး ဖားငယ်သေသွားပါတော့တယ်။ တရားအမှတ်နဲ့ သေသွားတဲ့အတွက် နတ်ပြည် မှာဖြစ်ပြီး နတ်သားဘဝနဲ့ တရားပြန်နာရလို့ သောတာပန်တည်သွားရပါတယ်။

ဒီဘဝမှာမရနိုင်ပေမယ့် ဒုတိယ တတိယဘဝ စသည်တွေမှာ ရနိုင်တယ်ဆိုတာ ဆရာတော်ဘုရားကြီးက အား ပေးထားပါတယ်။

လယ်တီဆရာတော်ဘုရားကြီးရဲ့ ဗောဓိပက္ခိယဒီပနီ စာမျက်နှာ ၁၃ မှာ-

'ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ် အနှစ်တစ်ထောင်မှ နောက်ကာလ၌ ဤသာသနာတော်သည် နေယျပုဂ္ဂိုလ်, ပဒပရမပုဂ္ဂိုလ်နှစ်မျိုးတို့၏ ခေတ် သမယသာ ဖြစ်၏။ ယခုအခါ၌ သာသနာတွင်းမှာ ထိုပုဂ္ဂိုလ်နှစ်မျိုးသာ ရှိကြတော့သည်' လို့ ရေးပြထားပါတယ်။ ဆိုလိုရင်းက သာသနာနှစ်တစ်ထောင် နောက်ပိုင်း အခုခေတ်မှာ နေယျပုဂ္ဂိုလ်နဲ့ ပဒပရမ ပုဂ္ဂိုလ်နှစ်ဦးပဲ ရနိုင်ပါတော့တယ်တဲ့။ အပြန်အားဖြင့် ပြောရင် ဥဂ္ဂါဋိတညူပုဂ္ဂိုလ်နဲ့ ဝိပဥ္စိတညူပုဂ္ဂိုလ် နှစ်ဦး မရနိုင်တော့ပါဘူးတဲ့။

ဆရာတော်ဘုရားကြီးရဲ့စကားကိုထောက်ပြီး သန္တတိအမတ်ကြီးတို့လို ဂါထာတစ်ပုဒ်ကို အကျဉ်းနာကြားပြီး တရားထူးရနိုင်တဲ့ခေတ်ကို ကျော်လွန်ခဲ့ပြီဆိုတော့ ကြိုးကြိုးစားစားအားထုတ်နိုင်မှ တရားရနိုင်တဲ့ခေတ်ပါ။ နေယျပုဂ္ဂိုလ်ဆိုတာ အကျဉ်း အကျယ်ဟောရုံမက ကြိုးကြိုးစားစား အားထုတ်မှ တရားရနိုင်တဲ့ပုဂ္ဂိုလ်ပါ။

လူငယ်စကားနဲ့ ပြောရင် အပြတ်အားထုတ်မှ တရားရနိုင်မှာပါ။ ဒါပေမဲ့ မပြတ်တပြတ် အားထုတ်နေတဲ့သူတွေ အတွက်လည်း တရားထူးမရနိုင်ပေမယ့် ကိုယ်အားထုတ်နေတဲ့ တရားတွေကတော့ နောက်ဘဝ နောက်ဘဝတွေအတွက် ပါရမီတွေ ဖြစ်နေတော့တာပါပဲ။

သံသရာခရီးရှည်ကြီး ဆက်ရဦးမယ်ဆိုရင်တော့ ဝိပဿနာတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဒီဘဝ တရားတွေ အားထုတ်ခဲ့တဲ့ အထုံဓာတ်ကြောင့် နောက်ဘဝမှာလည်း ဆက်တော့ အားထုတ်နေပါရဲ့။ ဒါနမပြုခဲ့လို့ နောက်ဘဝမှာ မွဲနေရင် ရိပ်သာသွားတဲ့အခါ မျက်နှာငယ်နေရမှာပါ။

ကိုယ့်မှာ ပိုက်ဆံရှိရင် ရိပ်သာသွားရင်တောင် သူများထက် ပိုဦးစားပေးခံရပါတယ်။ 'လာပါ လာပါ'ဆိုပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခံရတယ်။ အခန်းကောင်းကောင်းရတယ်။ ရိပ်သာမှာလည်း ကိုယ်လှူချင်တာ ကြိုက်သလောက်လှူလို့ရတယ် စသည်ဖြင့် အခွင့်အရေးတွေက အများကြီးရယ်ပါ။

ဒါကြောင့် ပါရမီဖြည့်တဲ့နေရာမှာ စုံအောင် ဖြည့်ရပါမယ်။ နောက်ဘဝ ဉာဏ်ကောင်းအောင်ဆိုပြီး ဉာဏ်ကောင်းကြောင်းကုသိုလ်တွေပြုခဲ့ပါရဲ့, ဒါနတော့ မပြုခဲ့ဘူးဆိုရင် နောက်ဘဝ ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့ အောင်ပြီး ဆေးတက္ကသိုလ်တော့ တက်ခွင့်ရပါရဲ့ ဆေးတက္ကသိုလ်တက်ဖို့ ပိုက်ဆံမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

ဒါကြောင့် နောက်ဘဝ ဘာသာစုံဂုဏ်ထူးနဲ့ အောင်ပြီး ပိုက်ဆံအတွက် ပူစရာမလိုဘဲ လင့်ခရူဇာ ကားစီးပြီး ကျောင်းတက်နိုင်အောင် ဒါနပါရမီလေးတွေပါ တွဲဖြည့်သွားရပါမယ်။

ဒါနဆိုလို့ ကျောင်းတွေ သိမ်တွေဆောက်လှူမှ ရှင်တစ်ထောင် ရှင်တစ်သောင်းတွေပြုပေးမှ မဟုတ်ပါဘူး။ ကိုရင်သေးသေးလေးကို ဆပ်ပြာခဲတစ်ခဲလှူလိုက်လည်း ဒါနပါပဲ။ စာသင်သားဘဝမှာ ဆင်းရဲကြတာများတော့ ရသွားတဲ့ ကိုရင်လေးမှာလည်း ပျော်သွားမှာပါ။

ဆပ်ပြာတစ်ခဲ ဘယ်လောက် တန်ဖိုးရှိလို့လဲ။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဘောပင်၊ ဗလာစာအုပ် စသည်တွေဟာ စာသင်သား ကိုရင်ပေါက်စတွေ အတွက် သိပ်တန်ဖိုးရှိတဲ့ ပစ္စည်းတွေပါ။

ဒီလိုပါပဲ၊ အိမ်မှာရှိတဲ့ဘုရားမှာ ရေချမ်းကပ်တာ၊ ပန်းကပ်တာ၊ ဆွမ်းကပ်တာ၊ ငှက်ကလေးတွေ အစာကျွေးတာ၊ ကိုယ့်မိတ်ဆွေကို ကော်ဖီတိုက်တာ စသည်တွေဟာ ဒါနတွေချည်းပါပဲ။

တရားသဘောလေးတွေ အာရုံပြုနေရင်တော့ တရားသဘောတွေ ဖြစ်နေလို့ ကုသိုလ်ပြုရတာလည်း ပျော်ပျော်ကြီးပါပဲ။
မတရားသဘောတွေ အာရုံပြုနေရင်တော့ မတရား သဘောတွေချည်း ဖြစ်နေလို့ စိတ်ဆင်းရဲစရာတွေပဲ ဖြစ်နေတော့မှာပါ။ တရားသဘောပဲ အာရုံပြုပြု မတရားသဘောပဲ အာရုံပြုပြု တကယ်တော့ စိတ်ပါပဲ။ တကယ်လို့ မတရား သဘော အာရုံပြုမိလို့ သိလိုက်တာနဲ့ 'သြော် မတရား သဘောတွေပါလား'လို့ ဆင်ခြင်လိုက်ရင် တရားသဘောတွေ ပြန်ဖြစ်သွားတာပါ။ အဲဒီလို သိလိုက်နိုင်တာကိုက တော်တော်လေး တော်နေပါပြီ။ ဒီလိုပါပဲ စိတ်ကို လေ့ကျင့်ယူရမှာပါပဲ။

လူ့ဘဝမှာ စိတ်ချမ်းသာဖို့လည်း သိပ်အရေးကြီးပါတယ်။ ချမ်းသာပြီး စိတ်ဆင်းရဲနေပြန်ရင်လည်း နေရာမကျပါဘူး။ မတရား သဘောတွေ နှလုံးသွင်းနေလို့ကတော့ စိတ်ဆင်းရဲနေတော့မှာပါ။

တချို့ တအား ချမ်းသာကြပါတယ်။ ဒါပေမဲ့ စိတ်မချမ်းသာကြပါဘူး။ တော်တော်များများက ကုသိုလ်ပြုကြရင် ပစ္စည်း ဥစ္စာ ချမ်းသာဖို့ပဲ ဆုတောင်းကြတာပါ။ စိတ်ချမ်းသာဖို့ကျတော့ ဆုတောင်းသူ နည်းကြပါတယ်။ သူတစ်ပါးကို စိတ်ဆင်းရဲအောင် လုပ်ရင်၊ လူအများကို စိတ်ဆင်းရဲအောင်လုပ်ရင် ကိုယ်လည်း စိတ်ဆင်းရဲရတတ်ပါတယ်။

စိတ်မချမ်းသာရင် တရား အားထုတ်တာကအစ အဆင်မပြေပါဘူး။ စိတ်ချမ်းသာမှ တရားအားထုတ်ရတာလည်း အဆင်ပြေတာပါ။ ဒါကြောင့် စိတ်ချမ်းသာဖို့ သိပ်အရေးကြီးပါတယ်။

ဘာပဲပြောပြော မြင်ကွင်းတစ်ခုကို ကြည့်တဲ့အခါ ပေါ့စတစ်နဲ့ကြည့်တတ်တဲ့ အလေ့လေးကို လေ့ကျင့်ထားဖို့ပါပဲ။ ပေါ့စတစ်နဲ့ ကြည့်ဖြစ်ရင် စိတ်ချမ်းသာရတာပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် -အင်းမ)

ကျမ်းကိုး -
၁။ ဗောဓိပက္ခိယဒီပနီ။ လယ်တီဆရာတော်။
၂။ ဓမ္မပန်းချီ(၅) သုံးမျိုးသူနာ ဥပမာ ဆောင်းပါး၊
တည်တောဆရာတော်၊
၃။ ထေရီအပဒါန်ဝတ္တုတော်ကြီး။ အရှင်ဓမ္မဿာမီဘိဝံသ။

[အလင်းတန်း ဂျာနယ်]

Monday, December 8, 2014

ပူဇော်ထိုက်သူကို ပူဇော်တတ်သော အရှင်သာရိပုတ္တရာ


အရှင်သာရိပုတ္တရာသည် ဥပတိဿ ပရဗိုဇ် ဘ၀ဖြင့် အရှင်အဿဇိထံမှ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရခဲ့၏။ ထို့ကြောင့် ဆရာဖြစ်သူ အရှင်အဿဇိကို ပူဇော်လို၍ ရောက်လေရာ အရပ်တိုင်း၌ အရှင်အဿဇိ ရှိရာအရပ်ဘက်ကို ဦးခေါင်းထား အိပ်ခြင်း၊ ရှိခိုးခြင်းကို အစဉ်အမြဲ ပြု၏။
အရှင်သာရိပုတ္တရာ၏ အပြုအမူကို ကြည့်ပြီး အကြောင်းမှန်ကို မသိသော ရဟန်းများက အရှင်သာရိပုတ္တရာသည် အရပ်မျက်နှာတွေကို ရှိခိုးနေသည်ဟု ထင်မှတ်ကြသဖြင့် မိစ္ဆာဒိဌိဟု စွပ်စွဲမိကြကာ မြတ်စွာဘုရား နားတော် ပေါက်ကြားအောင် လျှောက်ထားကြလေသည်။ 

မြတ်စွာဘုရားကိုယ်တော်က မေးမြန်းတော်မူသောအခါ အရှင်သာရိပုတ္တရာ မြတ်ကြီးက သူ၏လက်ဦးဆရာဖြစ်သူ အရှင်အဿဇိ မထေရ် ရှိရာဘက်သို့ ဦးခေါင်းထားအိပ်ခြင်း ဖြစ်ကြောင်းနှင့် ဆရာအရှင်ကို ရည်မှန်း၍ ရှိခိုးပူဇော်ခြင်း ဖြစ်ကြောင်း လျှောက်ထားလေသည်။

ဤအချက်ကို အကြောင်းပြု၍ မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားတော်မူလေသည်။
“အကြင် ဆရာ့အထံမှ မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို သင်ယူနာကြား မှတ်သားရ၏။ ထိုဆရာကို ပုဏ္ဏားသည် ယဇ်ပူဇော်သောမီးကို ရိုသေစွာ ရှိခိုးသကဲ့သို့ ရိုသေစွာ ရှိခိုးရာ၏။”
“ယမှာ ဓမ္မံ ၀ိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓ ဒေသိတံ။
သက္ကစ္စံ တံ နမေဿယျ၊ အဂ္ဂိဟုတ္တံဝ ဗြဟ္မဏော။”
(ဓမ္မ ပဒ၊ ၃၉၂ ဂါထာ)

{ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

ကုသိုလ်ကောင်းမှု ချက်ချင်းပြု


တစ်ခါတုန်းက သာဝတ္ထိပြည်မှာ ပုဏ္ဏားလင်မယား နှစ်ယောက် ရှိခဲ့ကြဖူးတယ်။ သူတို့လင်မယားနှစ်ယောက်ဟာ အလွန်ဆင်းရဲချို့တဲ့ကြတယ်။ ဘယ်လောက်တောင် ဆင်းရဲမွဲတေသလဲဆိုတော့ လင်မယားနှစ်ယောက်ပေါင်းမှ အပေါ်ရုံအ၀တ်ပုဆိုး တစ်ထည်ပဲရှိသတဲ့။ ဒါကြောင့် သူတို့ကို ဧကသာဋက လို့ခေါ်ကြတယ်။ အဓိပ္ပါယ်ကတော့ ၀တ်ရုံတစ်ထည်တည်းသာရှိတဲ့ လင်မယားပေါ့။ ဒါကြောင့် သူတို့လင်မယားမမျာ တစ်ယောက်က အပြင်ကိစ္စရှိလို့သွားရင် ကျန်တစ်ယောက်က အိမ်ထဲမှာနေရတယ်။ အဲဒါလောက်ဆင်းရဲတဲ့
လင်မယားပါ။

တစ်နေ့ကျတော့ မြတ်စွာဘုရားကျောင်းတော်မှာ တရားနာ ဖိတ်ခေါ်တဲ့အသံကိုကြားတော့ ပုဏ္ဏား ကပုဏ္ဏေးမကိုမေးတယ်။

ပုဏ္ဏေးမ၊ မင်းနေ့မှာ တရားနာသွားမလား၊ ညမှာ တရားနာသွားမလား။ မင်းနေ့မှာသွားရင် ငါညမှာ သွားမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက် တရားနာသွားရင် သူကအပေါ်ဝတ်ရုံကို ယူသွားမှာကိုး။ ဒီတော့ တစ်ယောက်က အိမ်မှာနေခဲ့ရမယ် မဟုတ်လား။

ဒီအခါ ပုဏ္ဏေးမက သူနေ့မှာ တရားနာသွားမယ်လို့  ဆိုတယ်။

ပုဏားကတော့ ညဦးပိုင်းကျမှ မြတ်စွာဘုရားရဲ့ တရားတော်ကိုနာဖို့ သွားတာပေါ့။ မြတ်စွာဘုရားရဲ့  တရားတော်ကိုနာကြားရတဲ့ ပုဏ္ဏားဟာတစ်ကိုယ်လုံး ပီတိစိတ်တွေဖြာပြီး သဒ္ဓါတရားတွေ
ထက်သန်နေတော့တယ်။

သူ့စိတ်ထဲမှာရက်ရောတဲ့ အလှူကြီးတစ်ခုကို လှူချင်ပါတယ်။ ဒါပေမယ့် သူ့မှာ လှူစရာမရှိလို့ ကိုယ်ပေါ်မှာ တင်ထားတဲ့ဝတ်ရုံတစ်ခုပဲ ရှိတယ်။ သဒ္ဓါစိတ်က ထက်သန်ပြီး ပီတိစိတ်က ယိုဖိတ်နေတယ်ဆိုတော့ ပုဏ္ဏားရဲ့စိတ်အစဉ်မှာ ဒီဝတ်ရုံကိုပါ လှူလိုက်တော့မယ်ဆိုတဲ့ အကြံအစည် ဖြစ်ပေါ်လာပါတယ်။

ဒီလိုအကြံပေါ်ပြီးခဏကြာတော့ သူဆက်ပြီး စဉ်းစားတယ်။ ငါ ပုဆိုးကို လှူလိုက်ရင် ပုဏ္ဏေးမ ခြုံစရာရှိတော့မှာ မဟုတ်ဘူး။ င့ါမှာလည်း လက်ကန်တော့တင်စရာ ကျန်တော့မှာ မဟုတ်ဘူးဆိုပြီး အတွေးဖြစ်သွားတယ်။ ဒီအတွေးဖြစ်သွားတာနဲ့ချက်ချင်းသူ့စိတ်ဟာ
တွန့်တိုသွားတယ်။ သူနောက်ဆံတင်းသွားပြီကိုး။ ငဲ့ကွက်မှုတွေက သူ့စိတ်ထဲမှာ ဖြစ်ပေါ်လာပြီဆိုတော့ ဆုံးဖြတ်ချက်မချနိုင်ဘူး။
စိတ်ဟာ ချီတုံ ချတုံဖြစ်ပြီး ပျံ့လွင့်လှုပ်ရှားပါတော့တယ်။

ဒီနောက်မှာ ကြည်ညိုတဲ့ သဒ္ဓါစိတ်ကလေးက ၀င်လာပြန်တယ်။ ဒီတော့ အိုလှူမယ် ဆိုတဲ့စိတ်ဖြစ်ပြန်တယ်။

လှူမယ်ကြံတိုင်း အားကြီးတဲ့တွန့်တိုစိတ် ငဲ့ကွက်စိတ်တွေက ပေါ်လာပြီး တားဆီးနေတဲ့ အတွက် ပုဏ္ဏားရဲ့အကြံဟာမမြောက်ဘူး။

ပျံ့လွင့်တဲံ့စိတ်တွေကြောင့်သူ့မှာ ဆုံးဖြတ်ချက် မကျနိုင်ဘဲနဲ့ ညဥ့်ဦးယံကုန်သွားပါတော့တယ်။

ညဥ့်လယ်ယံရောက်ပြန်တော့လည်း လှူမယ်လှူလို့မဖြစ်ဘူးဆိုတဲ့ သဒ္ဓါစိတ်နဲ့တွန့်တိုစိတ်နှစ်ခုဟာ လွန်ဆွဲနေခဲ့ပြန်ပါတယ်။

နောက်ဆုံးမိုးသောက်ယံလည်းရောက်လာပြီ။ အချိန်လည်း ကုန်ဆုံးတော့မယ်။ ဒီတော့ ပုဏ္ဏားကြီးစဉ်းစားတယ်။

ငါ့ရဲ့သဒ္ဓါစိတ်နဲ့မစ္ဆရိယစိတ်တွေဟာ ငါ့ကိုယ်တွင်းမှာ တိုက်ပွဲဖြစ်နေတယ်။ ညဥ့်ဦးယံနဲ့ ညဥ့်လယ်ယံလည်း ကုန်ဆုံးသွားပြီ။ ငါ့မှာ ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ် လွန်ဆွဲနေတယ်။ ငါဟာ တွန့်တိုတဲ့အကုသိုလ်စိတ်ကို မဖြတ်တောက်နိုင်ဘူး။ မပယ်နိုင်ဘူး။
ဒါဆိုငါဟာ အပါယ်ဘေးကနေလွတ်တော့မှာ မဟုတ်ဘူး။ တော်ပြီ ငါလှူမယ်ဆိုပြီး ညဥ့်ရဲ့သန်းခေါင်ယံမှာ ဆုံးဖြတ်ချက်ကို ယတိပြတ် ချလိုက်ပါတော့တယ်။

ဒီလိုလည်း ဆုံးဖြတ်ချက်လည်းကျရော ပုဏ္ဏားဟာ သူ့ရဲ့ဝတ်ရုံကလေးကို မြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာပုံချထားပြီး ဇိတံ မေ၊ ဇိတံ မေ၊ ဇိတံ မေ လို့ကြွေးကြော်လိုက်ပါတယ်။ ငါအောင်ပြီ ငါအောင်ပြီ ငါအောင်ပြီ လို့ ကြွေးကြော်လိုက်တာပါ။

ဒီအသံကို သူ့ဘေးမှာ တရားနာရောက်ရှိနေတဲ့ ပသေနဒီကောသလမင်းကြီးက ကြားသွားပါတယ်။ ဒီတော့မင်းကြီးရဲ့စိတ်ထဲမှာ ဒီပုဏ္ဏားဟာ တစ်စုံတစ်ခုကို အောင်မြင်ဟန်တူတယ်။ ပုဏ္ဏားကိုမေးကြစမ်းပါလို့ မင်းချင်းတို့ကို ခိုင်းပါတယ်။ မင်းချင်းယောက်ျားတို့က မေးတော့ ငါ့ အတွင်းစိတ်ကို ငါအောင်နိုင်လို့ ကြွေးကြော်တာလို့ သူ့အဖြစ်ကို ပြန်ပြောလိုက်ပါတယ်။

မင်းချင်းတွေက ကောသလမင်းကြီးကို အဖြစ်အပျက်အစုံကို နားတော်ပြန်လျှောက်တော့ အင်း ဒီပုဏ္ဏားဟာ ပြုနိုင်ခဲတဲ့ အလှူကိုလှူတာပဲ။ ဒီပုဏ္ဏားကို သနားပါတယ်။ သူ့အတွက်
အ၀တ်တစ်ထည် ချီးမြှင့်မှဆိုပြီး အ၀တ်ညိုတစ်ထည်ကို ချီးမြှင့်ပါတယ်။

မင်းကြီးလှူတဲ့ ပုဆိုးကိုရတဲ့အခါမှာလည်း သဒ္ဓါစိတ်ကို မတားနိုင်တော့ဘဲ မြတ်စွာဘုရားကို လှူပြန်တယ်။ မင်းကြီးက သူ့ရဲ့ရဲရင့်တဲ့ သဒ္ဓါစိတ်ကို အားကျလာတယ်။ နောက်ထပ်
ဝတ်ရုံနှစ်ထည်လှူပြန်တယ်။ ပုဏ္ဏားလည်း ချက်ချင်းပဲ မြတ်စွာဘုရားကို လှူပစ်လိုက်တယ်။ ပုဏ္ဏားရဲ့စိတ်ထဲမှာ ဘာဆိုဘာကိုမျှ
ငဲ့ကွက်လိုတဲ့စိတ် မရှိတော့ပါဘူး။

မင်းကြီးလဲပုဏ္ဏားရဲ့ ရက်ရောတဲ့သဒ္ဓါစိတ်ကို နှစ်သက်တော်မူတာနဲ့ ပုဏ္ဏားကို အ၀တ်အထည်များနှစ်ဆတိုးပေးလိုက်တယ်။

ပုဏ္ဏားကလှူလိုက် မင်းကြီးကအ၀တ်အထည်တွေပေးလိုက်တာ သုံးဆယ့်နှစ်စုံအထိ ရောက်လာတယ်။

ဒီအခါမှာ ပုဏ္ဏားစိတ်ထဲမှာ ဒီပုဏ္ဏားဟာရတိုင်း လှူနေတာပဲ ကိုယ့်အတွက်တောင်မချန်ဘူးလို့ ကဲ့ရဲ့လွတ်အောင် တစ်ကြိမ်မှာတော့ သူနှင့် ပုဏ္ဏေးမအတွက်နှစ်ထည်ကိုချန်ပြီး ကျန်အထည်တွေကို လှူပါတယ်။

မင်းကြီးကလည်း ခုနှစ်ကြိမ်အထိပေးတယ်။ ပုဏ္ဏားကလည်း ခုနှစ်ကြိမ်အထိ လှူပစ်လိုက်တယ်။ နောက်ဆုံးမှာတော့ ကောသလမင်းကြီးဟာ နန်းတော်ထဲက ၀တ်လဲတော် သိန်းထိုက်ကမ္ဗလာကို မင်းချင်းတို့ကို ယူစေပြီး ပုဏ္ဏားကို ပေးစေပြန်တယ်။

မင်းကြီးလုပ်နေပုံက ဒီပုဏ္ဏားတန်ဖိုးရှိတဲ့ အထည်ရရင်ဖြင့် လှူပါတော့မလားလို့ စိတ်စမ်းသလိုပါပဲ။ ပုဏ္ဏားရဲ့စိတ်ထဲမှာတော့
အဖိုးတန်သော ဘာသော နားလည်မှုမရှိတော့ပါ။ သိန်းထိုက်ကမ္ဗလာကိုရတော့ ဒီလောက်ကောင်းတဲ့အထည်ကို ငါ့ကိုယ်
ပေါ်မှာတင်ဖို့ မထိုက်ပါဘူး။ ဒါမြတ်စွာဘုရားနှင့်သာ ထိုက်ပါတယ်ဆိုပြီး မြတ်စွာဘုရားကိန်းဝပ်တော်မူတဲ့ ဂန္ဓကုဋိတိုက်ခန်းမှာ အိပ်ယာအထက်က ဗိမတန်ကျက်လိုက်ပါတယ်။ တစ်ထည်ကိုတော့ သူ့အိမ်ကရဟန်းသံဃာများ ဆွမ်းလုပ်ကျွေးရာ အပေါ်က ဗိတန်ကြပ်ပါတယ်။

ညကျတော့ ကောသလမင်းကြီးဟာ မြတ်စွာဘုရားထံ ပူဇော်ဖို့ကြွလာတော့ ဂန္ဓကုဋိတိုက် အိပ်ယာမျက်နှာကြပ်မှာ ဗိတန်ကြပ်ထားတဲ့ အ၀တ်ကိုမြင်ပါတယ်။ ဒီတော့ ပုဏားဟာ ငါကြည်ညိုရာအရပ်မှာ ကြည်ညိုခြင်းရှိတယ်လို့ အောက်မေ့ပြီးအလွန်
နှစ်သက်ပြန်ပါတယ်။

မင်းကြီးလည်း သဒ္ဓါပီတိအရှိန်ကြောင့် သဗ္ဗစတုက္ကလို့ခေါ်တဲ့ အလှူကြီးကိုပုဏားကို ပေးပါတယ်။ သဗ္ဗစတုက္ကဆိုတာက
တော့ ပစ္စည်းတစ်မျိုးကို လေးခုစီခုနှစ်မျိုးတိတိ လှူတာကို ဆိုတာပါပဲ။

ပုဏ္ဏားရဲ့ဒီအလှူဟာ ဒိဋ္ဌဓမ္မအကျိုးပေးတဲ့ အလှူပါ။

ဒီအလှူနဲ့ပတ်သတ်ပြီးတော့ မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ သြ၀ါဒတစ်ခုကလည်း အလွန်ပဲမှတ်သားဖို့ကောင်းပါတယ်။
ဘုရားကဘယ်လိုဟောသလဲဆိုတော့ ရဟန်းတို့ပုဏ္ဏားဟာ ညဥ့်ဦးယံမှာသာ ဒီလိုလှူခြင်းကို တတ်နိုင်ခဲ့ရင် အလုံးစုံ
တစ်ဆယ့်ခြောက်ခုစီဖြစ်တဲ့ သောဠဿက ၀တ္ထုပစ္စည်းတို့ကို ဒိဋ္ဌရမှာပဲ။ မဇ္ဈိမညလယ်ယံမှာလှူဖြစ်ခဲ့ရင် ရှစ်ခုခုနှစ်လီပါတဲ့ပစ္စည်းတို့ကို ရပေလိမ့်မယ်။ လင်အားကြီးမိုးသောက်ယံမှ သူ့အ၀တ်ကို လှူခဲ့လို့သာ ယခုလိုလေးခုစီပါတဲ့ ပစ္စည်းအလှူကိုရတာလို့ဆိုပြီး ဆက်ပြောပါတယ်။

ကောင်းမှုကံကိုပြုလုပ်တဲ့အခါ ပြုသူဟာသူ့မှာ ပထမဦးဆုံးဖြစ်တဲ့စိတ်ကို မယုတ်မလျော့စေဘဲ အဲဒီစိတ်ပေါ်လာတာနှင့် ချက်ချင်းပြုဖြစ်အောင် ပြုရမယ်။ ပြုအပ်တယ် လို့မိန့်ကြားတော်မူုပါတယ်။

လူဟာကုသိုလ်စိတ်ကလေး တစ်ချက်ဖြစ်လိုက်တဲ့ အခိုက်အတန့်မှာ စိတ်ဟာသမာဓိခေါ်တဲ့ တည်ငြိမ်မှု ငြိမ်သက်မှုကိုရတယ်။ အဲဒီလို
ရတာနဲ့ချက်ချင်း သူ့စိတ်ထဲမှာ ချမ်းသာသွားတယ်။ ဒါကိုသုခလို့ခေါ်ပါတယ်။ ဒီသုခစိတ်ကလေး ငြိမ်သက်ပြီးဖြစ်ပေါ်နေရင်တော့ လူမှာဝမ်းမြောက်ခြင်းဆိုတဲ့ ပီတိဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ကုသိုလ်စိတ်ကြောင့် ချမ်းသာမှုကလေး ရတုန်းရခိုက်မှာ ကုသိုလ်ကံကို ချက်ချင်းမပြုလိုက်မိရင် ပီတိကိုမရတော့ဘူး။ စိတ်ကပြန်ပြီး ယောက်ယက် ခတ်သွားတတ်ပါတယ်။ ဒီလိုစိတ်လှုပ်ရှားပြီး ချီတုံချတုံဖြစ်နေတာကို ကျမ်းဂန်မှာ ၀ိတက် ၀ိစာရလို့ခေါ်ပါတယ်။ ကြံစည်မှုတွေ စိတ်ကူးမှုတွေဖြစ်ပေါ်ပြီး စိတ်ဟာ လှုပ်ရှားသွားတာပါပဲ။

ဒါကြောင့်မြတ်စွာဘုရားက ကောင်းမှုပြုသူဟာ မိမိစိတ်မှာ ပထမဆုံးဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ်ကလေးကိုမယုတ်လျော့စေဘဲ ထိုခဏ၌ပင် ပြုဖြစ်အောင်ပြုရမယ်လို့ ဆုံးမထားခြင်းဖြစ်ပါတယ်။

ဆန်းလွင်
ရွှေတောင်တက်ဒဿန

ဘုရားရှင်တို့၏ တူညီသော အချက် ၃၀


ဘုရားရှင်တို့၏ တူညီသော အချက် ၃၀ ဘုရားရှင်တို့တွင် တူသော အချက်များ (၃၀) ရှိပါသည် ။


(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။
( ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ်အထုံ လူ့ပြည်ကို ပါလာမယ် ။ အဲလိုဆိုရင်အိမ်ထောင်ပြုမှာမဟုတ်ပါဘူး ။ အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါတယ် ။)

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ့သို့မျက်နှာမူပြီးနေပါသည် ။
( အလောင်းတော်တွေဟာ သာမန်လူတွေရဲ့ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။ အတည့်ပဲနေပါတယ် ။ မယ်တော်ရဲ့ ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်ကိုယ့်သန္ဓေသားကို ကိုယ် ဗိုက်ကနေ ကောင်းကောင်းမြင်နေနိုင်ပါတယ် ။ ချဉ်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။ )

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားပါသည် ။
( ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါတယ် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါတယ် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့် အတိုင်း မွေးပြီးပြီးချင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါတယ် ။

(၄) တောအရပ်၌သာ ဖွားတော်မူပါသည်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို. ခြေ (၇) လှမ်းကြွကာ…… “ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ “……ဟု ကြုံးဝါးတော်မူပါသည်။
(ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟု ဆို၏ ။ ဂေါတမ ဘုရားလောင်းသည် ဘ၀ပေါင်း (၃) ခု၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓါ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ – (သုခမှတ်စု))

(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်ပြီး ၊ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။
( ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက်တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်ပါတယ် ။ )

(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယ ကျင့်သည်။

(၈) ဘုရားဖြစ်မည့်နေ့တွင် နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။
( ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရ ဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလည်း မမြန် ၊ မြန်မြန်လည်း မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများအတွက် ကောင်းစွာ ထောက်ပံ့တယ်။ )

(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။

(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည် ။
( ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကို လွန်စွာ ချီးမွမ်းတော်မူသည်။ ပါဠိတော်တွင်လည်း -
၁/ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )
၂/ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )
၃/တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )
၎/ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )
၅/ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )
၆/ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည် ။

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။

(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။

(၁၃) ဗောဓိပင်ရဲ့ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယကျင့်တော်မူကြပါတယ်။ (၇) ဌာနကို ပို့စ်သက်သက် တင်ထားပါတယ်…. ဒီမှာ တင်လိုက်ရင် အရမ်းရှည်နေမှာ စိုးလို့ပါ ။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။
( ၇ -သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟု ဆင်ခြင် ကြည့်တော်မူပါတယ် ။ မဟာစည်ဆရာတော်ဘုရားကတော့ ဒီနေရာမှာ မြန်မြန်တရားထူးရမယ့် သူကို ရှေးဦးစွာ ဟောဖို့ ရည်ရွယ်ချက် ဖြစ်တယ် ။ ဆင်ခြင်တဲ့ နေရာမှာ ဘုရားရှင်တွေဟာ ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောပါတယ် ။
ဘာကြောင့် ဗုဒ္ဓစက္ခု ( ဣန္ဒြိယပရောပရိယတ္တ ၊ အာသယာနုသယ ဥာဏ် (၂)ပါး ) ကို မသုံးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမျက်စိနဲ့ပဲ ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုပါတယ် ။ ဒီအခါ ဘုရားရှင်ဟာ မချိတင်ကဲနဲ့ တစ်လောကလုံး အန္ဓတွေကြီးပါလား လို့ ညည်းတွားတော်မူပါတယ်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟောတော့ဘူး၊ တစ်ကိုယ်တည်း ဖိုလ်ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်ပါတယ် ။ ဒီအခါမှာ ဗြဟ္မာမင်းက တရားဦးဟောရန် လျှောက်ရပါတယ်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်တယ် လို့ဆိုပါတယ်။ ဒီဃနိကယ် မှာတော့ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့တယ်လို့ အတိအလင်းရေးထားပါတယ်။ )

(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြပါတယ်။

(၁၆) တပို့တွဲ လပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြပါတယ် ။

(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းများကြသည်။

(၁၈) သာဝတ္ထိမြို့၌ သာ ယမိုက်ပြာဋိဟာပြတော်မူပါသည် ။
( ယမိုက် + ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )

(၁၉) တာဝတိံသာ၌သာ အဘိဓမ္မာတရားဟောပါတယ် ။
မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့် နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။

အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။

နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာဟာလည်း အကြောင်းတစ်ခုလို့ ဆိုပါတယ်။
ကျွန်တော် တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်

ယမိုက်ကျမ်း-အရ
လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ
လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ်
နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ ကျွန်တော်တို့နဲ့ ရေတွက်ပုံ တူရင်ပေါ့လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။ ကျွန်တော်လည်း လူ့ပြည်ရောက်တာကြာပြီဆိုတော့ မေ့ကုန်ပြီ ။( ဟီး )

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါတယ် ။

(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါတယ် ။

(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။
( နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါတယ် )

(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို့ကို ပညတ်တော်မူပါသည်။

(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောပါသည်။

(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င်ကိုသာ ဟောတော်မူကြသည်။

(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။

(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။

(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူသည်။
( ဗုဒ္ဓကိစ္စငါးပါး ။ ။
၁/ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား အခွင့်အားလျော်စွာ မနုမောဒနာပြုခြင်း ကိစ္စ။
၂/ ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါ နဲ့ ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။
၃/ ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသော ကိစ္စ။
၎/ မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။
၅/ ပစ္ဆိမယာမ ကိစ္စ = မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် – ပထမတစ်ပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတစ်ပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာကရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ၀င်စားတော်မူ၍ ထိုကရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တ၀ါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။
သုတ်သီလက္ခန် အဌကထာ – မှ )

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။

(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။

ဗုဒ္ဓကမ္ဘာဆိုဒ်မှ ကူးယူထားသည်။

ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲ


လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်သွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။

ရေချိုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင်အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။

ညပိုင်းမှာ ရေချိုးမှုနဲ့ပက်သက်လို့ အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ တချို့လူတွေက ဒီလိုရေချိုးခြင်းဖြင့် ကိုယ်ခန္ဓာကို ထိခိုက်စေမယ်။ ဖျားနာမှုနဲ့ ရောဂါတွေ ရရှိနိုင်မယ်လို့ ထင်ကြပါတယ်။ ပညာရှင်များကတော့ ထိခိုက်မှု ရှိနိုင်သလားဆိုရဲ့ အဖြေကတော့ “နိုး(NO)” တစ်လုံးထဲပါတဲ့။ ညဖက်မှာရေချိုးလိုက်လို့ ထိခိုက်မှုဖြစ်စေတယ်ဆိုတဲ့ သိပံ္ပနည်းကျ အထောက်အထားများ မတွေ့ရှိရဖူးလို့ ပြောပါတယ်။

ဒါဆိုရင် ဘယ်လိုအကျိုးရှိသလဲ?

ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ သန့်ရှင်းစင်ကြယ်စေပါတယ်။ မအိပ်ခင်မှာ လန်းဆန်းပြီး သန့်ရှင်းနူးညံ့တဲ့ ခံစားမှုကို ရရှိစေပါတယ်။
စိတ်ဖိစည်းမှု သက်သာစေပြီး သွေးပေါင်ချိန် လျှော့ချစေပါတယ်။ တနေ့ကုန် ပင်ပန်းလို့ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်ပေးပါတယ်။
တနေကုန်ပင်ပန်းလာပြီး လေ့ကျင့်ခန်းလုပ်ရင်တောင် တောင့်တင်းနေတဲ့ ကြွက်သားတွေဟာ ရေချိုးခြင်းဖြင့် ဖြေလျှော့ ပေးနိုင်ပါတယ်။
ရေနွေးနဲ့ ချိုးလိုက်ရင် အရေပြားကို ချေမွတ်ပြီး ပျော့ပြောင်းစေကာ ရေချိုးပြီးသည်နှင့် တပြိုင်နက် နုပျိုလန်းဆန်းခြင်းကို ခံစားရရှိစေသည်။
ရေချိုးနေစဉ် အချိန်လေးအတွင်းမှာပင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်ကာ စိတ်ပြေလက်ပျောက်ဖြစ်စေသည်။
အံ့ဖွယ်အချက်တခုကတော့ ညဖက်ရေချိုးခြင်းက ကောင်းသော ကိုယ်သင်းရနံ့ကို ပေးသည်။
အသားအရေ နူးညံ့သည့် ခံစားမှု သန့်ရှင်း တက်ကြွခြင်းနှင့် ကောင်းမွန်သော ကိုယ်သင်းရနံ့တို့က အိပ်ယာဝင် ချမ်းသာသုခ ကိုအထောက်အကူပေးသည်။ ထို့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျှော်စေသည်။
အိပ်မပျှော်ခြင်း၊ မျက်စိကြောင်ခြင်းများ မဖြစ်နိုင်ပါ။
အလုပ်မှာ ပင်ပန်းတယ်ဆိုပြီး ချွေသံတရဲရဲနှင့် တန်းမအိပ်ပါနှင့်။ ရေချိုးခြင်းက စိတ်ရောကိုယ်ပါ အပန်းပြေစေတဲ့အတွက် ခွန်အားသစ် ပြန်လည်ရရှိအောင် ရေချိုးပါ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းချင်း ပြောင်းလဲလာတာကို ခံစားရပါလိမ့်မယ်။

ညဖက်မှာ ရေချိုးရင် ဒါလေးတွေတော့ သတိထားပါ။

ခေါင်းလျှော်ရင် မအိပ်ခင်မှာ ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ်အပူချိန်ဟာ နေ့ခင်းဖက်မှာထက် လျှော့ကျနေတာကို သတိပြုပါ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်ချင်လို့ ရေချိုးတာဆိုရင် မအိပ်ခင်ကလေးမှာ ရေချိုးပါ။
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပြီးစမှာ ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက် ချက်ခြင်းရေတန်းမချိုးပါနဲ့။ မိနစ် ၃၀ခန့် ဆောင့်ပြီး ကိုယ်အပူချိန်လျှော့ကျသွားကာ ချွေးပေါက်တွေပြန်ကျဉ်းသွားတဲ့အတွက် အဲဒီအချိန်မှာ ရေချိုးပါ။
ညဖက် အတော်နောက်ကျမှ ချိုးရင် ရေနွေးနဲ့ချိုးပါ။
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို လက်နဲ့ထိတွေ့ ခံစားကြည့်ပါ။ ပုံမှန်အားဖြင့် လူ့ကိုယ်ခန္ဓာကိုယ်အပူချိန်ထက် ၅ ဒီကရီပို၍ လက်ခံနိုင်သည်။ လူတယောက်၏ သာမန်အပူချိန်ကတောပ ၉၇ံ ဖါရင်ဟိုက်၊ ၃၆ံဆာဆီယပ် ဖြစ်တဲ့အတွက် ကိုယ်လက်ခံနိုင်တဲ့ မပူလွန်း မအေးလွန်း အနေအထားကို ရယူပါ။

ရေချိုးခြင်းဟာ ကိုယ်နဲ့စိတ်ကို သဘာဝအတိုင်း ပြန်လည် လန်းဆန်းတက်ကြွအောင် လုပ်ခြင်းဖြစ်ပါတယ်။ သာမန်အိပ်ပျှော်ရုံ မဟုတ်ပဲ အိပ်မောကျ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်အောင် အထောက်အကူပေးပါသည်ဟု တင်ပြလိုက်ပါသည်။

ဝင်းလှိုင်ဦး
https://www.facebook.com/winn.h.oo
www.winnhlaingoo.wordpress.com
ဖေ့ဘွတ်ပေါ်လစီအရ ပေ့ခ်ျများကို လိုက်ခ်လုပ်ထားသော်လဲ ၆% မှ၁၀% အထိသာမြင်ခွင့်ပေးပါသည်။ အခြားသူများလဲ ဖတ်ရှုနိုင်ရန်အတွက် ဒီပေ့ခ်ျကို လိုက်ခ်လုပ်ရန် မိမိ၏သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်းသော်လည်းကောင်း၊ ပြန်လည်၍ share လုပ်ခြင်းဖြင့် လည်းကောင်း ပရဟိတ လုပ်ငန်းတွင် ကျေးဇူးပြု၍ တဖက်တလမ်းမှ ပါဝင်ကူညီပါ။

Shared from ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ (FB)

Sunday, December 7, 2014

ဒီလိုလေးဆိုရင်ရော


ကိုယ့်မှာ ပိုက်ဆံချမ်းသာပေမယ့်၊ စိတ်မချမ်းသာဘူးလား။

ဆင်းရဲတဲ့သူတွေကို ကြည့်လိုက်၊ ထမင်းတစ်နပ် မနဲ ရှာစားနေရတယ်။

ဒီလို ရှာဖွေစားမနေရတာ တစ်ပန်းသာတယ်။

ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ ကုသိုလ်ရအောင် ဘာတွေလုပ်မလဲ။

လုပ်စရာတွေအများကြီး။

ကိုယ့်ကို လိုအပ်နေသူတွေ အများကြီး။

ဒီကုသိုလ်တွေနဲ့ ပျော်အောင်နေတတ်လာရင် ဘဝဟာ အဓိပ္ပာယ်ရှိလာမယ်။

ကုသိုလ်ဆိုတာ လုပ်တုန်းမှာလဲ ပျော်ရတယ်။

ပြန်စဉ်းစားရင်လည်း ပီတိဖြစ်ရတယ်။

သံသရာမှာလည်း အထောက်အပံ့ဖြစ်တယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@

ပိုက်ဆံမရှိလို့ ဆင်းရဲနေလို့ စိတ်ညစ်နေတာလား။

ကျန်းမာရေးကောင်းနေတယ်လေ။

သူများတွေ ပိုက်ဆံအများကြီး အကုန်ခံပြီး ကျန်းမာအောင် ဆေးတွေသောက်ရတယ်။

ဆေးတွေကုနေရတယ်။

ကိုယ်က အလကားရနေတာ။

ဒီ ခွန်အားနဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုခုကို ရအောင်သင်မယ်။

ဒီခွန်အားနဲ့ စေတနာပေါင်းပြီး သူများတွေကို တတ်နိုင်သလောက် ကူညီမယ်။

ဒါဆိုရင် တစ်နေ့မှာ ချမ်းသာလာနိုင်သလို မသေခင် ရှင်သန်ချိန်တိုင်းဟာ အဓိပ္ပာယ်ရှိ တန်ဖိုးရှိလာ

မယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@

မကျန်းမာလို့ စိတ်ညစ်နေတာလား။

ခန္ဓာရှိလို့ ဝေဒနာတွေရတာ။

ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။

ခန္ဓာရတဲ့လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံရမှာ။

ကိုယ်က အခုကြုံနေရတော့ ဘုရားရှင်ဟောတဲ့ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ကို အခုပဲ

အားထုတ်လို့ရတယ်။

ဝေဒနာဟာ ငါမဟုတ်ဘူး။

ရောဂါဟာ ငါမဟုတ်ဘူး။

နာတာလေးပေါ်တော့ နာတာဟာ ငါမဟုတ် ဝေဒနာသဘော ဆိုတော့ နာတာလေးနောက်မှာ

နှလုံးသွင်းလေးက မှန်နေတယ်။

ဒီတော့ ငါ့ကျမှ နာတယ်ဆိုတဲ့ ငါရော ဝေဒနာရော ပျောက်သွားတယ်။

ဒီတော့ ကိုယ်သာနာတယ်။ စိတ်မနာတော့ဘူးပေါ့။

ရောဂါသည်ပေမယ့် ခံသာနေတယ်။

စိတ်မဆင်းရဲတော့ဘူး။

သတိပဋ္ဌာန်ကုသိုလ်တွေရနေတယ်။

အဓိပ္ပာယ်ရှိသမှ အဖိုးအတန်ဆုံး လူကို ဖြစ်နေတာ။

@@@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ်ချစ်တဲ့သူ က ပြန်မချစ်ဘူးလား။

ဘာဖြစ်လဲ။ လောကမှာ ကိုယ့်ကို ချစ်မယ့်သူ သူတစ်ယောက်တည်းရှိတာမဟုတ်ဘူး။

အဖေရှိတယ် အမေရှိတယ်။

ညီအကို မောင်နှမတွေရှိတယ်။

သူငယ်ချင်းတွေရှိတယ်။

သူတစ်ယောက်တည်းအတွက်နဲ့ အကုန်လုံးကို လျစ်လျူရှုတော့မလို့လား။

သူ့အကြောင်းတွေးရင် သူ့ကို လွမ်းနေရဦးမယ်။

ဒါ ကိလေသာစိတ်ပဲ။

လူကို နှိပ်စက်တာ အဆန်းမဟုတ်ဘူး။

ဘုရားစင်ရှင်းမယ်။ ဘုရားရှိခိုးမယ်။ ကုသိုလ်ရေးတွေလုပ်မယ်။

ဒီကုသိုလ်တွေကို အာရုံပြုနေတော့ စိတ်က စင်ကြယ်နေတယ်။

မလွမ်းချင်ရင် Drama မကြည့်နဲ့ပေါ့။

ဒီသဘောပဲ။

ကုသိုလ်ရေးမှာ စိတ်ကို နှစ်ထားတော့ ဒီကုသိုလ်တွေက ကိုယ့်စိတ်နှလုံးကို ဖြူစင်စေတယ်။

သဘောထားမှန်စေတယ်။ အဆင့်အတန်းမြင့်မားစေတယ်။ သံသရာကို အထောက်အပံ့ ဖြစ်စေတယ်။

သူ့ကို လွမ်းတဲ့စိတ်နဲ့ အဆင့်အတန်းချင်း တခြားစီ။

အဲဒီ လွမ်းစိတ်နဲ့သာ သေကြည့်။

ရုပ်ဆိုးဆိုး ပြိတ္တာကြီး ဖြစ်မှာ၊ အပါယ်ကျမှာ။

ဒီလိုလေး ကိုယ့်ကိုယ်ကို ချမ်းသာအောင် ထားတတ်ရင် ဘယ်သူမှ ကိုယ့်ကို နှိပ်စက်လို့ မရတော့ဘူး။

အနာကင်းတဲ့ လက်ကလေး အဆိပ်မဝင်နိုင်သလိုပေါ့။

@@@@@@@@@@@@@@@@@@@@@@@@@@@

ရှိတာလေးကို တန်ဖိုးထား

အကျိုးများလို့. ပူဆွေးခြင်းများ ကင်းဝေးပါစေ

မိတ်များဆွေ။

Shared from သုညတ (FB)

စိတ်ရဲ့ ဘရိတ်


* လူတွေမှာ မကြာခဏဆိုသလို ဝမ်းသာစရာတွေ တွေ့ရတတ်ပါတယ်၊ လူဆိုတာ ဝမ်းသာစရာတွေ့ရင် ပျော်တာပဲပေါ့၊ ဒါဟာ လူသားဆန်တဲ့ သဘောပါပဲ၊ ဒါပေမယ့် သတိလေးနဲ့ ပျော်ဖို့တော့ လိုပါတယ်၊


* ဘာလို့လည်းဆိုတော့... ပျော်ရွှင်နေဆဲမှာ... အဲဒီဝမ်းသာစရာလေး ရုတ်တရက် ပျောက်သွားရင် သတိမရှိသူက သိပ်ဝမ်းနည်းရတတ်တယ်။

* အဲဒီတော့ အစကတည်းက “ ဝမ်းသာစရာလည်း ခဏပါပဲ” ဆိုတဲ့ စိတ်ကလေးရှိနေရင်... ဝမ်းသာချိန်မှာလည်း အလွန်အကျွံ မဖြစ်ဘူး၊ အဲဒီဝမ်းသာစရာလေး ပျောက်ပျက်သွားတဲ့ အခါမှာလည်း ပြင်ဆင်ပြီးသားမို့ သိပ်ပြီး ဝမ်းမနည်းရတော့ဘူးပေါ့။

* ဒီလိုပါပဲ... လူတွေရဲ့ ဘဝမှာ ဝမ်းနည်းစရာတွေလည်း မကြာမကြာ ကြုံရတတ်တာပါပဲ၊ သတိမရှိဘူးဆိုရင်... သိပ်ပြီး ဝမ်းနည်းရတတ်တယ်၊

* “ ဒီဝမ်းနည်းစရာတွေဆိုတာကလည်း ဖြစ်ပြီးရင် ပျက်တာပါပဲ” ဆိုတဲ့ သတိလေးရင်ထဲမှာ အမြဲထည့်ထားရင်...

“ဝမ်းနည်းရတောင် ဆောက်တည်ရာမဲ့” ဆိုသလို မဖြစ်တော့ဘူးပေါ့။

* အရိုးအရှင်းဆုံး-အမှန်အကန်ဆုံးနဲ့ လူသားတိုင်း မေ့လို့ မရပဲ အမြဲဆောင်ထားရမယ့်... သဘောတရားတစ်ခုကတော့... “အရာရာ အမြဲဘူး” ဆိုတဲ့ သတိလေးပါပဲ။

* ခက်တာက လူတွေဟာ သိပ်ရိုးလွန်းရင် သတိမထားမိတတ်ကြဘူး...*
“ သတိကို သတိမထားဘူး” ဆိုရင်တော့ ... စိတ်မှာ ဘရိတ်က ခဏခဏ လွတ်လွတ်နေမှာပဲ ”

ရွှေဘုန်း 2. 12. 2014

Shared from အရှင်တေဇာနန္ဒ 'စေတနာပန်းခင်း ဆရာတော်' (FB)