Saturday, August 29, 2015

ပုဂ္ဂိုလ်စွဲကြည်ညိုလာရင် နှစ်ဦးနှစ်ဖက် မလွတ်လပ်တော့ဘူး


ငါဘုရားဟောတဲ့တရားတွေကို စမ်းသပ်စစ်ဆေးပြီးမှ လက်ခံရမယ်။
ငါ့ကိုကြည်ညိုလို့လက်ခံတာမျိုးမဖြစ်စေရဘူး။ လို့ပြောနိုင်တာဟာ
ဘာကြောင့်လဲ။ တရားတော်ရဲ့မှန်ကန်မှုကို ကိုယ်တိုင်သိတာတစ်
ကြောင်း ပုဂ္ဂိုလ်စွဲကြည်ညိုမှုကိုမလိုလားတာက တကြောင်း။

ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို လိုချင်နေတယ်ဆိုရင် မလွတ်လပ်သေးလို့ပဲ။
တကယ်လွတ်လပ်တဲ့သူဟာ ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို မလိုချင်တော့ဘူး။

မလွတ်လပ်တဲ့သူသာ ပုဂ္ဂိုလ်စွဲရှိတယ်။ လွတ်လပ်တဲ့သူမှာ ပုဂ္ဂိုလ်စွဲ
မရှိဘူး။ ပုဂ္ဂိုလ်စွဲဟာနှစ်ဦးနှစ်ဖက်လုံးကို မလွတ်လပ်အောင် လုပ်တယ်။ ပုဂ္ဂိုလ်စွဲကြည်ညိုမှုဟာ မလွတ်လပ်သူတို့ရဲ့လုပ်နည်း။ ကိုးကွယ်နည်း။ လွတ်လပ်နေတဲ့သူဟာ ပုဂ္ဂိုလ်စွဲမရှိတော့ဘူး။

တရားကိုကိုယ်တိုင်သိတဲ့သူဟာ သူ့ကိုအများက ပုဂ္ဂိုလ်စွဲကြည်ညိုတာကို လိုချင်တယ်။ အသိဉာဏ်နည်းပြီး အားငယ်စိတ်ကြီးတဲ့သူဟာလည်း ပုဂ္ဂိုလ်စွဲအားကိုးချင်တယ်။ သူတို့နှစ်ဦးတွေ့သွားရင် တွဲမိသွားပြီ ခွဲလို့မလွယ်တော့ဘူး။ တစ်ဦးကိုတစ်ဦး မှီခိုပြီးနေသွားတော့တယ်။

ပုဂ္ဂိုလ်ထူးဆိုပြီး သူ့ကိုပုဂ္ဂိုလ်စွဲကြည်ညိုတာကို လိုချင်တဲ့သူဟာ
သူ့ကို ကြည်ညိုတဲ့သူတွေအပေါ်မှာ မှီခိုနေတယ်။ သူဟာမလွတ်လပ်
တဲ့သူပဲ။ လွတ်လပ်တဲ့သူဟာ သူ့ကိုအများက ပုဂ္ဂိုလ်စွဲကြည်ညိုတာ
ကို မလိုချင်ဘူး။ ပုဂ္ဂိုလ်စွဲကြည်ညိုလာရင်နှစ်ဦးနှစ်ဖက်မလွတ်လပ်
တော့ဘူးဆိုတာကို သူရှင်းရှင်းလင်းလင်းမြင်တယ်။ ဒါကြောင့်
အဲ့ဒါကို အားမပေးဘူး။

dependent ဖြစ်တဲ့ဆက်ဆံရေးဟာ freedom ကို ဆုံးရှုံးသွားစေတယ်။ သူက ကိုယ့်အပေါ်မှီခို ကိုယ်က သူ့အပေါ်မှီခို အဲသလိုဖြစ်နေတဲ့ ဆက်ဆံရေးမျိုးကို အားငယ်တတ်တဲ့သူတွေ ကြိုက်ကြတယ်။ အဲဒီလို ဆက်ဆံရေးမျိုးကို co-dependent relationship လို့ခေါ်တယ်။ နှစ်ဖက်လုံးမှာ လွတ်လပ်မှု မရှိတော့ဘူး။ အဲဒီလို ဆက်ဆံရေးမှာ ငါအဆင်မပြေရင် အဆင်ပြေအောင် နင်လုပ်ပေးရမယ်လို့ မျှော်လင့်ထားတယ်။

ဆရာတပည့်ဖြစ်နေရင်လည်း တပည့်တွေ အဆင်မပြေရင်ဆရာက
လုပ်ပေးရမယ်။ ဆရာအဆင်မပြေရင် တပည့်တွေက လုပ်ပေးရမယ်။ ကိုယ့်ဆရာဂုဏ်တက်အောင် တပည့်တွေက လုပ်ပေးရမယ်။
ကိုယ့်ဆရာဂုဏ်တက်အောင် လုပ်နေကြတာ အများကြီးတွေ့ရတယ်။
ကိုယ့်ဆရာကို လူအများက ကြည်ညိုအောင် လှူချင်အောင်တပည့်
တွေက ဘေးမှာ ပြောပေးရတယ်။

မြတ်စွာဘုရားဟာ လွတ်လပ်နေတယ်။ ဒါ့ကြောင့် co-dependent
relationship မျိုးကို မြတ်စွာဘုရား မလိုချင်ဘူး။ မြတ်စွာဘုရား
ဂုဏ်တက်အောင် ဘယ်သူမှလုပ်ပေးဖို့မလိုဘူး။

မြန်မာပြည်မှာ ပုဂ္ဂိုလ်စွဲတွေများလှပါတယ်။ အဲဒါဟာ မလွတ်လပ်သူ
အားငယ်သူတွေရဲ့လုပ်နည်း။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ထူးဆိုပြီး မကြာ
မကြာပေါ်တယ်။ မကြာခင်မှာပဲ အဲဒီပုဂ္ဂိုလ်ထူးဆိုတဲ့သူဟာလှည့်စား
တော့တာပဲ။

ပုဂ္ဂိုလ်စွဲကြည်ညိုမှုဟာ မျက်ကန်းယုံကြည်မှုကိုဖြစ်စေတယ်။
ပုဂ္ဂိုလ်ကို သိပ်စွဲသွားရင် သူပြောသမျှယုံတော့တာပဲ။ သူခိုင်းသမျှ
လုပ်တော့တာပဲ။ မစဉ်းစားတော့ဘူး။ ဂျပန်ပြည်မှာ ရှိုကိုအိုစာဟာရာ
ဆိုတဲ့ ပုဂ္ဂိုလ်ထူးလူလိမ်ကိုယုံပြီး ပြောသမျှယုံ၊ ခိုင်းသမျှလုပ်လိုက်တာ လူပေါင်းများစွာကို သတ်တဲ့အထိဖြစ်သွားတယ်။ ကြားလိုက်မှာပေါ့။

ဦးဇောတိက(မဟာမြိုင်တောရ)
လွတ်လပ်သောစိတ် တရားတော်မှ

No comments:

Post a Comment