Thursday, August 20, 2015

ဝိပဿနာဆိုတာ ဘာလဲ


ဗုဒ္ဓသာသနာတော်မှာ ဒါန ကုသိုလ်လုပ်ငန်း၊ သီလကုသိုလ်လုပ်ငန်း၊ သမထဘာဝနာ ကုသိုလ်လုပ်ငန်း၊ ၀ိပဿနာဘာဝနာ ကုသိုလ်လုပ်ငန်းရယ်လို့ လုပ်ငန်းကြီး လေးခု ရှိပါတယ်။

အဲဒီ လေးခုမှာ ဒါန ကုသိုလ်လုပ်ငန်း ဆိုတာ ဗုဒ္ဓဘာသာဝင် အများစုနဲ့ အကျွမ်းဝင်နေကြပါတယ်။ လုပ်နေကြပါတယ်။ အဲဒီ ဒါန ကုသိုလ်လုပ်ငန်းက တစ်ဆင့်တက်လိုက်လျှင် သီလ ကုသိုလ်လုပ်ငန်းပါ။ အဲဒီ သီလကုသိုလ်လုပ်ငန်းမှာ ဦးရေနည်းသွားပါတယ်။

သမထကုသိုလ်လုပ်ငန်းမှာ သီလကုသိုလ်လုပ်ငန်းထက် ပိုပြီး ဦးရေ နည်းသွားပါတယ်။ ၀ိပဿနာကုသိုလ်လုပ်ငန်းမှာတော့ လုံးဝလုပ်ကို မလုပ်ဖူးသေးတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေပါတယ်။ လူတစ်ရာမှာ တစ်ယောက်နှုန်းလောက်တောင် ၀ိပဿနာ မပွားဖူးသေးသူတွေ ရှိနေပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး တကယ့် အချုပ်အခြာအနေနဲ့ ဟောချင်တဲ့ တရားတော်က ၀ိပဿနာတရားပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး သက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်ကို ရောက်ပြီး၊ ၀ါဆိုလပြည့်နေ့မှာ ဟောတဲ့ တရားဦး ဓမ္မစကြာကို ကြည့်ပါ။ ၀ိပဿနာတရားပါပဲ။

အဲဒီ နောက်ပိုင်းလည်း ၀ိပဿနာတရားတော်ကိုချည်း အများဆုံး ဟောတော်မူပြီးတော့ နိဗ္ဗာန်ဝင်ခါနီးမှာလည်း သုဘဒ္ဒ ပရိဗိုဇ်ကို ၀ိပဿနာတရားပဲ ဟောပြီး မမေ့ဖို့ အပ္ပမာဒတရားနဲ့ နိဂုံးချုပ် နိဗ္ဗာန်စံဝင်သွားပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုက ဘုရားရှင် အများဆုံးဟောခဲ့တဲ့ ၀ိပဿနာတရားကို ကြောက်နေကြပါတယ်။ တော်တော် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းကြီး အားထုတ်ရတဲ့ တရားလို့ထင်ပြီး ကြောက်နေကြပါတယ်။ ကြောက်တဲ့အတွက် အားမထုတ်တာတွေ အများကြီး ရှိပါတယ်။

အဲဒီ ၀ိပဿနာကို ကြောက်တာဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတဲ့ ဗုဒ္ဓနည်းကျ ၀ိပဿနာ ကို မတွေ့ဖူးသေးလို့ပါ။

ဒီနေ့ ဗုဒ္ဓနည်းကျ ၀ိပဿနာဆိုတာ ဘာလဲ ဆိုတာ ပြောပါမယ်။

ဝိပဿနာဆိုတာ တခြား ခက်ခက်ခဲခဲကြီး မဟုတ်ပါ။ မိမိတို့ ရုပ်နာမ်ခန္ဓာမှာ ပညာရှေ့သွားပြီး ပညာနဲ့ ရှုကြည့်ရမှာပါ။ ၀ိပဿနာရှုတဲ့အခါမှာ သမထနဲ့ ၀ိပဿနာ ကွဲဖို့လိုပါတယ်။ သမထ အားထုတ်တဲ့အခါမှာ သမာဓိအား ကောင်းရပါမယ်။ သမာဓိ အားကောင်းမှ သမထကိစ္စပြီးပါမယ်။ ၀ိပဿနာမှာ ပညာရှေ့သွား ရှုရပါမယ်။ ပညာအားကောင်းမှ ၀ိပဿနာကိစ္စ ပြီးပါတယ်။

ဝိပဿနာဆိုတာ ခြုံပြောရရင် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ နှစ်ပါး တစ်ပါးပါးမှာ ရှုရမှာပါ။ ရုပ်နာမ် ပရမတ် အာရုံမှာ ရှုရမှာပါ။ သမထဆိုတာ ပညတ်အာရုံမှာ ရှုရမှာပါ။ အရှုခံ အာရုံချင်းမတူပါ။

သမထရှုတဲ့အခါ သမာဓိ ရှေ့သွားရှိပြီး သမာဓိ အားကောင်းရပါတယ်။ ၀ိပဿနာမှာ ပညာရှေ့သွားရှိပြီး ပညာ အားကောင်းရပါမယ်။ ဒါကြောင့် သမထနဲ့ ၀ိပဿနာဟာ ရှုပုံ အခြေခံ အကြောင်းကစပြီး မတူပါဘူး။

ဝိပဿနာဆိုတာ ခန္ဓာမှာ၊ ပညာရှေ့သွား ရှုရမည် ဆိုတဲ့အတိုင်း ၀ိပဿနာရှုသူဟာ ကိုယ်မှာ မရှုရပါ။ ခန္ဓာမှာ ရှုရပါမယ်။

ကိုယ်နှင့်ခန္ဓာ၊ ခွဲခြားကာ၊ သိတာ ဉာတပရိညာ ဆိုတဲ့အတိုင်း ၀ိပဿနာရှုလိုသူဟာ ဦးစွာပထမ ကိုယ်နှင့်ခန္ဓာကို ခွဲခြားပြီး သိထားရပါမယ်။ ကိုယ်ဆိုတာ ထိုင်ပြီးတော့ တရားဟော၊ တရားနာတဲ့ တစ်ကောင်းလုံးကြီးကို ကိုယ်လို့ခေါ်ပါတယ်။ ကိုယ်ဟာ ပညတ်ပါ။ ကိုယ်ကိုတွေ့ရင် မေတ္တာထားပါ၊ သို့မဟုတ် အသုဘပွားပါ။ သို့မဟုတ် မရဏဿတိပွားပါ။ အဲဒီ မေတ္တာ၊ အသုဘ နှင့် မရဏဿတိတို့ဟာ သမထတရားတွေပါ။
ဝိပဿနာရှုရမှာက ရုပ်နာမ်ခန္ဓာမှာ ရှုရမှာပါ။ ခန္ဓာ တွေ့ရင် ၀ိပဿနာပွားပါ။ ကိုယ်နှင့်ခန္ဓာ၊ ခွဲခြားကာ၊ သိတာ ဉာတပရိညာ ဆိုတဲ့အတိုင်း ယခု ကိုယ်ကို သိသွားပြီ၊ ခန္ဓာအကြောင်း ပြောရအောင် -

ဖောက်ပြန် ခံစား မှတ်သား ပြုပြင် သိဝိညာဉ်၊ ငါးအင် ခန္ဓာ မှတ်။

ဆိုတဲ့အတိုင်း ခန္ဓာငါးပါးကို မြန်မာလို ပြောရရင် ဖောက်ပြန်တဲ့ခန္ဓာက တစ်ပါး၊ ပါဠိလို ရူပက္ခန္ဓာ သို့မဟုတ် ရုပ်ခန္ဓာပါ။ ဖောက်ပြန်တာက ရုပ်၊ ရုပ်ခန္ဓာ၏ အလုပ်သည် ဖောက်ပြန်တဲ့အလုပ်ပဲ၊ ဖောက်ပြန်တဲ့ အလုပ်ကို ရုပ်ခန္ဓာက လုပ်တယ်။ ခံစားတဲ့ အလုပ်က ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာသည် ခံစားတဲ့ အလုပ်ကို လုပ်တယ်။

မှတ်သားတဲ့အလုပ်ကို သညာက္ခန္ဓာက လုပ်တယ်။ သညာက္ခန္ဓာသည် မှတ်သားတဲ့ အလုပ်ကို လုပ်သည်။ နှိုးဆော်တိုက်တွန်း ပြုပြင်တဲ့ အလုပ်ကို သင်္ခါရက္ခန္ဓာသည် တိုက်တွန်းပြုပြင်တဲ့ အလုပ်ကို လုပ်တယ်။ သိတဲ့ အလုပ်ကို ၀ိညာဏက္ခန္ဓာက လုပ်တယ်။ ၀ိညာဏက္ခန္ဓာသည် သိတဲ့ အလုပ်ကို လုပ်တယ်။

ကိုယ်မှာ ခန္ဓာငါးပါး ရှိပါတယ်။ ၀ိပဿနာ ရှုမယ်ဆိုရင် ကိုယ်မှာမရှု၊ ခန္ဓာမှာ ရှုရပါမယ်။ ရုပ်ခန္ဓာသည် ဖောက်ပြန်တဲ့ အလုပ်ကို လုပ်ပါတယ်။ ဝေဒနာက ခံစားတဲ့ အလုပ်ကို လုပ်ပါတယ်။ စသည်ဖြင့် ခန္ဓာ တစ်ပါးနှင့်တစ်ပါး အလုပ်ချင်း မတူပါ။ ခန္ဓာချင်းမတူတော့ အလုပ်ချင်းလည်း မတူပါ။

ဖောက်ပြန်တဲ့ ရုပ်ခန္ဓာနဲ့ ခံစားတဲ့ နာမ်ခန္ဓာ မကွဲရင် တရားအားထုတ်ရတာ ပင်ပန်းပါတယ်။ ကွဲရင် မပင်ပန်းပါ။ ဖောက်ပြန်တဲ့ ရုပ်သဘောကို ဘုရားရှင်က ရဟန်းတော်များ အိုချစ်သားတို့၊ ဖောက်ပြတ်တတ်သောကြောင့် ရုပ်လို့ခေါ်တယ် လို့ ဟောတော်မူပါတယ်။ အဘယ် အနက်သဘောကြောင့် ဖောက်ပြန်သလဲ။ အအေးကြောင့်လည်း ဖောက်ပြန်တယ်။ အပူကြောင့်လည်း ဖောက်ပြန်တယ်။ အေးတယ်ဆိုတာ ရုပ်ပါ၊ ယခု ပူအိုက်နေလို့ ခန္ဓာက ဖောက်ပြန်နေတယ်။ ရုပ်ဟာ ဖောက်ပြန်တဲ့ အလုပ်ကို လုပ်ပါတယ်။ ပူလိုက် အေးလိုက်ပေါ့။ ရပ်မနေပါဘူး။ မှက်ကိုက်လို့ ဖောက်ပြန်တယ်။ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်း အတွေ့အထိကြောင့် ဖောက်ပြန်တယ်။
မှက်ကိုက်လို့ရှိရင် နာသွားတယ်။ အဲဒီ နာသွားတာဟာ ရုပ်ဖောက်ပြန်တာပဲ၊ အချို့က နာတာကို ဝေဒနာလုပ်ပြီး နာတာကုန်အောင် ရှုတတ်တယ်။ နာတာဟာ ဝေဒနာမဟုတ်ပါ။ ရုပ်ဖောက်ပြန်တာပါ။ ဝေဒနာက နာတာမဟုတ်ပါ။ ခံစားတာပါ။

နာတာ၊ ကျင်တာ၊ ထုံတာ၊ ညောင်းတာ၊ တောင့်တင်းတာ စသည်တို့ဟာ ဝေဒနာ မဟုတ်ပါ။ ရုပ်ဖောက်ပြန်တာပါ။ ရှင်းရှင်းပြောရရင် ကိုယ်ထဲဖြစ်သမျှ နာမည်တပ်ချင်သလိုတပ်၊ ရုပ်ဖောက်ပြန်နေတာပါ။

ဒါကြောင့် တရားအားထုတ်ချင်ရင် အနည်းဆုံး ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်လို့ဆိုတဲ့ ခန္ဓာငါးပါးလောက်တော့ သိထားဖို့လိုပါတယ်။ လောကဥပမာနဲ့ ပြောရရင် လယ်သမားတွေ လယ်ထွန်တဲ့အခါ သမန်းကျေမှ လယ်ကောင်းသလို ၀ိပဿနာဘာဝနာ ပွားမယ်ဆိုရင်လည်း နာမ်၊ ရုပ် ကျေမှ ကောင်းပါတယ်။ နာမ်၊ ရုပ် မကျေရင် သမထပဲ ဖြစ်မှာပါ။ ၀ိပဿနာ မဖြစ်နိုင်ပါ။ ဒါကြောင့် ဖောက်ပြန်တာက ရုပ်၊ ခံစားတာက ဝေဒနာလို့ စွဲစွဲမြဲမြဲ မှတ်ထားပါ။ အဲဒီ ဖောက်ပြန်မှုရုပ်နှင့် ခံစားမှုဝေဒနာကလည်း ဘယ်တော့ကုန်မှာလဲလို့ မေးရင် - ကိုယ်ရှိရင် နာကျင်ကိုက်ခဲမှုရှိနေမှာပါ။ မကုန်နိုင်ပါ။

စိတ်ရှိနေရင်လည်း ခံစားမှု ဝေဒနာရှိနေပါမယ်၊ မကုန်နိုင်ပါ။ စိတ်နဲ့ ဝေဒနာက ဖြစ်တူ ပျက်တူ အာရုံတူ မှီရာတူပါ။ စိတ်ဖြစ် ဝေဒနာဖြစ်၊ စိတ်ပျက် ဝေဒနာပျက်ပါ။

ဝေဒနာ ဘယ်တော့ကုန်မှာလဲမေးရင် စိတ်ကုန်မှ ကုန်မှာပါ။ စိတ်မကုန်သရွေ့ ဝေဒနာမကုန်နိုင်ပါ။ စိတ်က ဘယ်တော့ကုန်မှာတဲ့လဲ၊ သေမှကုန်မှာပဲ။ စိတ်ဖြစ်တိုင်း ဝေဒနာပါပါတယ်။ ဝေဒနာကို စာလို ပြောရင် စေတသိက်ပါ။ အဲဒီ စေတသိက်ကလည်း စိတ်တိုင်းယှဉ် စေတသိက်ပါ။ ဘယ်စိတ်ဖြစ်ဖြစ်၊ ဖြစ်ချင်တဲ့စိတ်ဖြစ်၊ ဝေဒနာပါပါတယ်။

စိတ်ဖြစ် ဝေဒနာဖြစ်၊ စိတ်ပျက် ဝေဒနာပျက်၊ ဒါကြောင့် ဝေဒနာကို ကြာကြာထိုင်သောအားဖြင့်လည်း ဖြစ်အောင် မလုပ်ရပါ။ မလုပ်ကောင်းပါ။ ပျက်အောင် ကုန်အောင်လည်း မလုပ်ရပါ။ မလုပ်ကောင်းပါ။ လုပ်စရာမလိုပါ။ တရားရှုပွားအားထုတ်တာက ရုပ် နာမ် အရှိကို အရှိအတိုင်း သိအောင် မြင်အောင် အသာလေး အလိုက်သင့်လေး စောင့်ကြည့်၊ လျောင်းကြည့်၊ ထိုင်ကြည့်၊ သွားရင်းနဲ့ကြည့်၊ နေသာသလိုနေပြီး ရှုကြည့်ရမှာပါ။ ကိုယ်လုံ့လ ၀ီရိယ မစိုက်ရပါ၊ စိတ်ဝီရိယနဲ့ ရှုရမှာပါ။

ဒါကြောင့် ၀ိပဿနာဆိုတာ၊ ခန္ဓာမှာ၊ ပညာရှေ့သွား ရှုရမှာပါ၊ သမာဓိ ရှေ့သွား ရှုရမှာ မဟုတ်ပါ။ ၀ိပဿနာမှာ ပညာရှေ့သွား၊ သမာဓိက နောက်လိုက်ပါ။ သမထမှာ သမာဓိရှေ့သွား၊ ပညာနောက်လိုက်ပါ။ အဲဒီသဘော နှစ်ခုကွဲရင် ၀ိပဿနာ ရှုပွားရတာ မခက်ပါ။ မပင်ပန်းပါ။

တရားအားထုတ်တဲ့ ယောဂီတွေ ပထမဆုံး ရုပ်နာမ်ကို တွေ့ရမှာပါ။ အခေါ်အားဖြင့် ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက် စသည်ဖြင့် ခေါ်နေသော်လည်း အခေါ်ပဲရှိပါတယ်၊ ပညတ်ရှိပဲရှိပါတယ်။ အခေါ်အနေနဲ့သာ ခေါ်ရပါတယ်။ ခေါ်ဖြစ်ရုံ မှည့်ထားတာပါ။ ပညတ်အနေနဲ့ မှန်ပါတယ်၊ နိဗ္ဗာန်ရောက်ဖို့ရာ ၀ိပဿနာရှုမယ်ဆိုရင် ပညတ်ကို ခွာပြီး ပရမတ် ရုပ်နာမ်ကို မြင်အောင် ရှုရမှာပါ။

ရုပ် နာမ်၊ ပရမတ်ကို မြင်အောင် ရှုပွားအားထုတ်ပြီး နိဗ္ဗာန်သွားတဲ့ ၀ိပဿနာ အလုပ်ကို အားထုတ်ရမှာပါ။ ယခု ယောဂီတို့ အသက်ရှုရင်းနဲ့ တရားနာနေကြပါတယ်။ ဘုန်းကြီးလည်း အသက်ရှုရင်းနဲ့ တရားဟောနေပါတယ်။

ဘုန်းကြီးရော၊ ယောဂီတို့ပါ အသက်ရှုသွင်း ရှုထုတ်ရင် တရားနာ တရားဟောနေကြပေမယ့်လို့ အသက်ရှုသွင်းတော့ နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ ဘယ်လိုနေလဲ မသိပါ။ ဘာဖြစ်လို့ မသိလဲမေးရင် သတိမထားလို့ပါ။

ဘုန်းကြီးက တရာဟောနေတယ်၊ ယောဂီတို့က တရားနာနေတယ်ဆိုတော့ ဟောတာ၊ နာတာကိုပဲ သတိထားနေလို့ အသက်ရှုသွင်း ရှုထုတ်တာကို သတိမထားလို့ မသိတာပါ။

ဝိပဿနာတရား ရှုပွားအားထုတ်တယ်ဆိုတာ အမြဲလည်းရှိ၊ ထင်ရှားလည်းရှိတဲ့ ရုပ်တရားကို စရှုရပါတယ်။ အသက်ရှုသွင်း ရှုထုတ်တာက အမြဲရှိနေပါတယ်။ အိပ်ပျော်နေတာတောင် အသက်ရှုနေပါတယ်။ အဲဒီအသက် ရှုတာက ထင်ရှားနေလို့ ရှုစရာမလိုပါဘူး။ အသက်ရှုတာဟာ အမေမွေးကတည်းက အသက်ရှုတတ်လာပါတယ်။ ဘယ်သူမှ သင်ပေးစရာမလိုပါဘူး။ တရားအားထုတ်တဲ့ အချိန်မှာ အသက်ကို တစ်မျိုးတစ်မည် ပြောင်းမရှုရပါ။ မူလ ရှုနေကျအတိုင်း ရှုရပါတယ်။

အမှန်တကယ် ရှုတာက အသက်ရှုတာမဟုတ်ပါ။ လေကို ရှုတာပါ။ လေကိုရှုတာကို ဘာဖြစ်လို့ အသက်ရှုတာလို့ သုံးသလဲမေးရင် အဲဒီလေသာမရှုရင် သတ္တ၀ါတွေ သေကုန်ပြီ။ အေး၊ လေရှုတာဟာ သတ္တ၀ါအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ အဲဒီ လေရှုမှုကို ပညတ်အခေါ်အားဖြင့် အသက်ရှုတယ်လို့ ခေါ်ပါတယ်။

အဲဒီလေကို ရုပ်၊ နာမ်ခွဲရင် လေသည် ရုပ်တရားပါ။ လေကိုရှုသွင်းတဲ့အခါ လေထဲမှာ အအေးဓာတ်ပါတော့ နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ အေးသွားပါတယ်။ အဲဒီသဘောက ရုပ်တရားဖြစ်လို့ အေးတဲ့ အခိုက် အလိုက်သင့်ကလေး ရုပ် လို့ရှုပါ။ လေရှုထုတ်တဲ့အခါ လေထဲမှာ ပူသဘော၊ နွေးသဘောပါတော့ နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ ပူသွားပါတယ်၊ နွေးသွားပါတယ်။ အဲဒီ ပူသဘော၊ နွေးသဘောဟာ ရုပ်တရားဖြစ်လို့ ပူတဲ့၊ နွေးတဲ့အခိုက် အလိုက်သင့်ကလေး ရုပ် လို့ရှုပါ။ အလိုက်သင့် သတိထား ၀ီရိယစိုက်ပြီး ဉာဏ်နဲ့ရှုပါ။

ရှုပဲသွင်းသွင်း ရှုပဲထုတ်ထုတ် သူ့အလုပ် သူလုပ်နေတဲ့ အခိုက် ယောဂီက အလိုက်သင့်ကလေး သတိကို နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ ကပ်ထားပြီး စိတ် ၀ီရိယာစိုက်ကာ ဉာဏ်ပညာမျက်စိနဲ့ အေးတိုင်း၊ နွေးတိုင်း တစ်ချက်မှ မလွတ်အောင် ရှုပါ။ ပါးစပ်ကလည်း မရွတ်ရပါ၊ စိတ်ထဲကလည်း မဆိုရပါ။ အေးတာ၊ နွေးတာ ရုပ်မှန်း သိနေရင် ရှုပြီးသား ဖြစ်သွားပါပြီ။

ဘုန်းကြီးတို့ပြောချင်တာက သတိပဋ္ဌာန်လေးပါးမှာ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပြောချင်တာပါ။ အဲဒီ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပုဒ်ခွဲလိုက်ရင် ဓမ္မ + အနု + ပဿနာ + သတိ + ပဋ္ဌာန လို့ ဖြစ်သွားပါတယ်။ အဲဒီမှာ ဓမ္မ ဆိုတာ ရုပ် နာမ်ကို ခေါ်ပါတယ်။ အနု ဆိုတာ ထပ်ခါထပ်ခါ လို့ အဓိပ္ပါယ်ရပါတယ်။ ပဿနာ ဆိုတာ ကြည့်ခြင်း ရှုခြင်း ပါ။ သတိ ဆိုတာ အောက်မေ့ခြင်း၊ အမှတ်ရခြင်း ပါ။ ပဋ္ဌာန ဆိုတာ တင်ထားခြင်း ပါ။ ပေါင်းလိုက်တော့ ရုပ် နာမ်အပေါ်မှာ သတိကို တင်ထားပြီး ထပ်ခါထပ်ခါ ကြည့်ခြင်း ရှုခြင်း ကို ဓမ္မနုပဿနာ သတိပဋ္ဌာန် ခေါ်ပါတယ်။ ရှုတဲ့အခါ ရုပ်၊ နာမ်နှစ်ခုပေါင်း မရှုဘဲ ထင်ရှားတဲ့ ရုပ်ပေါ်မှာ သတိကို တင်ထားပြီး အဲဒီ ထင်ရှားတဲ့ ရုပ်ကို ရုပ်-ရုပ် လို့ ထပ်ခါထပ်ခါ ရှုနေရင် ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပါတယ်။

အဲဒီလို ရှုပွားတဲ့အခိုက် ကိုယ်လုံ့လ၊ ကိုယ်ဝီရိယ စိုက်စရာမလိုပါ။ ၀ိပဿနာဆိုတာ ကိုယ်ကို အနားပေး၊ နှုတ်ကို အနားပေးပြီး စိတ်ကို ၀ီရိယ ပညာနဲ့ တန်ဆာဆင်ပြီး စိတ်ကို အလုပ်လုပ်ခိုင်းနေတာပါ။

အလုပ်ကို အကြမ်းအားဖြင့် ပြောရရင် ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်လို့ သုံးမျိုး ရှိပါတယ်။ အလုပ်သမားအနေနဲ့ ပြောရရင် ကာယအလုပ်သမား၊ ဉာဏအလုပ်သမားလို့ နှစ်မျိုး ရှိပါတယ်။ လက်သမား၊ လယ်သမား စသည်တို့ဟာ ကာယအလုပ်သမား၊ ကိုယ်အလုပ်သမားတွေပါ။ တရားဟောတဲ့ ဘုန်းကြီးတို့၊ ဆရာ၊ ဆရာမတို့၊ ကျောင်းသူ ကျောင်းသားတို့ဟာ နှုတ်အလုပ်သမားတွေပါ။ ကိုယ်အလုပ်မှာ ကိုယ်အားလိုပါတယ်။ ကိုယ်အပင်ပန်းခံရပါတယ်။ နှုတ်အလုပ်မှာ နှုတ်အားလိုအပ်ပါတယ်။ နှုတ်အပင်ပန်းခံရပါတယ်။

ဝိပဿနာ အလုပ်ဟာ ကိုယ်အလုပ်လည်း မဟုတ်ပါ။ နှုတ်အလုပ်လည်း မဟုတ်ပါ။ စိတ်အလုပ်ဖြစ်ခြင်းကြောင့် ကိုယ်အပင်ပန်း၊ နှုတ်အပင်ပန်းမခံရပါ။ ကိုယ်ကို ချမ်းချမ်းသာသာ မျှမျှတတ ထားပြီးတော့ ရှုပွားအားထုတ်ရပါမယ်။

ဣရိယာပုထ် လေးပါးမှာ ကြိုက်တဲ့ ဣရိယာပုတ်နဲ့ ကြိုက်သလို ချမ်းချမ်းသာသာထားပြီး ရှုပွားပါ။ ကိုယ့်နေရာမှာကိုယ် လွတ်လွတ်လပ်လပ်ဆိုရင် ကိုယ်ကြိုက်သလို ချမ်းသာသလို၊ ဒူးထောင်ပေါင်ကား ထိုင်ချင်သလိုထိုင်ပြီး ချမ်းသာစွာ ရှုပွားနိုင်ပါတယ်။ အရေးကြီးတာက နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ အေးခိုက်၊ နွေးခိုက် ရုပ်-ရုပ် လို့ မလွတ်တမ်း ရှုဖို့ပါ။

သို့မဟုတ် မတ်တပ်ရပ်မှ ချမ်းသာမယ်ဆိုရင် မတ်တပ်ရပ်ပြီး ရှုပါ။ လမ်းလျှောက်ပြီး ရှုမှ ချမ်းသာမယ်ဆိုရင် လျှောက်ရှုပါ။ လျောင်းပြီးရှုမှ ချမ်းသာမယ်ဆိုရင် လဲလျောင်းပြီး ရှုပါ။ အဲဒီ ဣရိယာပုတ်လေးပါးမှ လွတ်ပြီး တစ်မျိုးတစ်မည်နှင့်နေမှ ချမ်းသာမည်ဆိုရင် ချမ်းသာသလိုနေပြီး ရှုပွားနိုင်ပါတယ်။

ဝိပဿနာအလုပ်ဆိုတာ ကိုယ်အလုပ်၊ နှုတ်အလုပ် မဟုတ်ခြင်းကြောင့် ကိုယ်အပင်ပန်းမခံရ၊ နှုတ်အပင်ပန်းမခံရပါ။ ချမ်းချမ်းသာသာ လျောင်း၊ ထိုင်၊ ရပ်၊ သွား ရှုပါ။ အခု တရားနာတဲ့အခါမှာလည်း ချမ်းချမ်းသာသာ ထိုင်နာလို့ ရပါတယ်။
တင်ပျဉ်ခွေထိုင်မှ ချမ်းသာသူက တင်ပျဉ်ခွေထိုင်နာပါ။ တင်ပျဉ်ခွေထိုင်ပြီး တရားနာတာကို အချို့က မယဉ်ကျေးဘူးထင်တတ်ပါတယ်။

မြတ်စွာဘုရား လက်ထက်က မြတ်စွာဘုရားရှေ့မှာ တင်ပျဉ်ခွေပြီး ထိုင်ကြပါတယ်။ ဒါကြောင့် ယခုလည်း ချမ်းသာတဲ့ ဣရိယာပုတ်နဲ့ ချမ်းချမ်းသာသာထိုင်ပါ။ ဣရိယာပုတ် မချမ်းသာရင် တရားနာလို့ မဖြောင့်တော့ပါ။ တရားကိုလည်း မမှတ်မိတော့ပါ။ တရားနာရကျိုးလည်း မနပ်တော့ပါ။

တင်ပျဉ်ခွေ ထိုင်မှ ချမ်းသာရင် တင်ပျဉ်ခွေထိုင်ပါ။ ကြုံ့ကြုံ့ထိုင်မှ ချမ်းသာရင် ကြုံ့ကြုံ့ထိုင်ပါ။ ၀ိပဿနာ ရှုတဲ့အခါ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် ချမ်းသာသလို ထိုင်ပါ။ ထိုင်တဲ့အချိန်အခါမှာ ဒီဣရိယာပုတ်နဲ့ ထိုင်လို့ ဒုက္ခဝေဒနာမဖြစ်ဘူးဆိုရင် အဲဒီ ဣရိယာပုတ်နဲ့ ထိုင်ပြီးမှ လက်နှစ်ဖက်ကို ပက်လက်လှန်၊ ဘယ်ဘယ်လက်ကို အောက်ကထား၊ ညာဘက်လက်ကို အပေါ်ကတင်ပြီး လက်မထိပ်ချင်း ထိရုံမျှလေးထားရပါတယ်။ လက်နှစ်ဘက်ကို လူတစ်ယောက်က လာမလို့ရှိရင် အလိုက်သင့်မြောက်သွားစေရမယ်၊ တင်းတင်းတောင့်တောင့် မထားရပါ။

အဲဒီလို လက်ကို အချိုးတကျထားပြီးလို့ရှိရင် ခါးကိုဖြောင့်ဖြောင့်ကလေးထားပါ။ အဲဒီလို ဖြောင့်ဖြောင့်ထားတာကိုက ဒုက္ခဝေဒနာ တော်တော်နဲ့ မဖြစ်အောင် ထားရတာပါ။ ခေါင်းကိုလည်း လည်ပင်းရိုးနဲ့ ကျောရိုးနဲ့ တည့်အောင် ဖြောင့်ဖြောင့်ကလေးထားပါ။ ယခုဆိုရင် ကိုယ်ဖြောင့်နေပြီ၊ ခါးဖြောင့်နေပြီ၊ ခေါင်းလည်းဖြောင့်နေပြီ၊ မျက်စိကို အိပ်ခါနီးအချိန်မှာ မှိတ်သလိုလေး မှိတ်ထားပါ။ အိပ်ခါနီးအချိန်မှာ မှိတ်သလိုဆိုတော့ တအားမှိတ်ထားတာ မဟုတ်ပါ။ မှိတ်တုတ်မှိတ်တုတ်လည်း မဟုတ်ပါ။ အသာကလေး မျက်လွှာချ မှိတ်လိုက်တဲ့သဘောပဲ။

အဲဒီ ဣရိယာပုတ်ကို စနစ်တကျ ပြင်ထားပြီးပြီးဆိုရင် အသက်ရှုတာမှန်သလား၊ မမှန်ဘူးလားလို့ ပြန်သတိထားပါ။ အသက်ရှုတာပြင်းလည်း မပြင်းရပါဘူး။ လျော့လည်း မလျော့ရပါဘူး။ မြန်လည်း မမြန်ရပါဘူး။ နှေးလည်း မနှေးရပါ။ အသက်ရှုမှုကို အောင့်လည်းမထားရပါ။ ချုပ်လည်း မထားရပါ။ မူလ မိမွေးတိုင်း ဖမွေးတိုင်း ရှုထုတ်တဲ့သဘောအတိုင်းပဲ ရှုသွင်း ရှုထုတ်မှု မှန်ရပါတယ်။ အသက်ရှုမမှန်သေးရင် မှန်အောင်ရှုပါဦး။

အသက်ရှုမှန်ပြီဆိုရင် အသက်ရှုသွင်းခြင်းကြောင့် နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ ဘယ်လိုနေလဲ၊ အသက်ရှုထုတ်ခြင်းကြောင့် နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ ဘယ်လိုနေလဲလို့ သတိ၊ အသိ၊ နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ ကပ်ထားလိုက်ပါ။ အများအားဖြင့် ရှုသွင်းတဲ့အခိုက် အေးတတ်ပါတယ်။ အဲဒီ အေးသဘောကို အေးခိုက် ရုပ်လို့ ရှုပါ။ ရှုထုတ်လိုက်တဲ့အခိုက် နွေးသွားရင် အဲဒီနွေးသဘောကို နွေးခိုက် ရုပ် လို့ရှုပါ။

ရှု ဆိုတာ အေးမှန်း၊ နွေးမှန်းသိရင် အေးသဘော၊ နွေးသဘောကို ရုပ်မှန်း၊ နာမ်မှန်းသိနေရင် ရှုတယ်လို့ ခေါ်ပါတယ်။ ရှုတာနဲ့ ကြည့်တာ အတူတူပါ။ ဉာဏ်နဲ့ ရှုကြည့်တဲ့အခါမှာ အေးမှန်း၊ နွေးမှန်း သိသွားရင် ရှုတယ်လို့ ခေါ်ပါတယ်။

သို့မဟုတ် ရှုပဲသွင်းသွင်း၊ ရှုပဲထုတ်ထုတ် နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ လေဟာ တိုက်သွားပါတယ်။ လေကို အရပ်သုံးပြောရရင် တိုက်တယ်လို့ သုံးပါတယ်။ လေဟာ နှာခေါင်းထဲဝင်တော့ တိုက်ဝင်သွားပါတယ်။ ထွက်တော့ တိုက်ထွက်သွားပါတယ်။ အဲဒီ တိုက်တဲ့ သဘောတရားဟာ ရုပ်တရားပါ။ အ၀င်တိုက်၊ အထွက်တိုက် တိုက်ခိုက်မှ ရုပ်လို့ရှုပါ။ အ၀င်အထွက်ကို မရှုပါနဲ့။

သို့မဟုတ် လေဟာ ထိဝင် ထိထွက်တတ်ပါတယ်။ အဲဒီ ထိသဘောဟာ ရုပ်တရားပါ။ အ၀င်ထိထိ၊ အထွက်ထိထိ ထိခိုက်မှာ အလိုက်သင့်ကလေး ရုပ် လို့ ရှုပါ။

သို့မဟုတ် လေ၀င်ခိုက် ထွက်ခိုက်၊ တိုးသဘော၊ တွန်းသဘော၊ ကန်သဘော၊ လှုပ်သဘော စသည်ကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီ တိုးသဘော၊ တွန်းသဘော၊ ကန်သဘော စသည်တို့ဟာလည်း ရုပ်တရားပါပဲ။ ဒါကြောင့် တိုက်ခိုက် ရုပ် လို့ ရှုပါ။ ကန်ခိုက် ရုပ် လို့ ရှုပါ။ လှုပ်ခိုက် ရုပ် လို့ ရှုပါ။

ရှုတဲ့အခါ ပါးစပ်ကလည်း ရုပ်-ရုပ် လို့ မဆိုရပါ။ စိတ်ထဲကလည်း ရုပ်-ရုပ် လို့ မဆိုရပါ။ အလိုက်သင့်ကလေး စောင့်ကြည့်နေရမှာပါ။ ရုပ်တရားကို ရုပ်-ရုပ် လို့ ရှုနေတဲ့ အသိဉာဏ်သည် နာမ်တရားပါ။ ရှုနေတာက နာမ်တရား၊ အရှုခံ အေးသဘော၊ နွေးသဘော စသည်တို့က ရုပ်တရားပါ။ ပုဂ္ဂိုလ် သတ္တ၀ါ အလုပ်လုပ်နေတာ မဟုတ်ပါ။ ရုပ်နာမ်တွေ အလုပ်လုပ်နေတာပါ။

ပုဂ္ဂိုလ်သတ္တ၀ါလို့ခေါ်တဲ့ ပညတ်ကိုယ်ကောင်ကြီးကို ချမ်းချမ်းသာသာထားပါ။ ရုပ်ကလည်း ရုပ်အလုပ်လုပ်၊ နာမ်ကလည်း နာမ်အလုပ်လုပ်၊ ရုပ်အလုပ်လုပ်တာကိ နာမ်က ထိုင်ကြည့်၊ ရပ်ကြည့်၊ လျောင်းကြည့်၊ သွားရင်းနဲ့ကြည့်၊ လျော်သလို ရှုကြည့်ရတာပါ။

ပင်ပင်ပန်းပန်းကြီး မဟုတ်ပါ။ ဥပမာ လူတစ်ယောက်က သူ့အလုပ် သူလုပ်နေတာကို လူတစ်ယောက်က သူဘာများ လုပ်နေသလဲလို့ ဆိုပြီးတော့ အနားသွားပြီး ထိုင်ကြည့်တဲ့သဘောပဲ။ အဲဒီလို ထိုင်ကြည့်တဲ့အခါ မပင်ပန်းပါ။

အသက်လည်း တစ်မျိုးတစ်မည် ပြောင်းမရှုရပါ။ ဒီလူဘာများလုပ်နေသလဲလို့ ထိုင်ကြည့်နေသလိုလေး ရှုကြည့်ရမှာပါ။ အဲဒီလို ရှုကြည့်တော့ ရုပ်ရဲ့အလုပ်က အေးတဲ့အလုပ်၊ ပူတဲ့အလုပ်၊ တိုးတဲ့အလုပ်၊ တိုက်တဲ့အလုပ်၊ တွန်းတဲ့အလုပ်၊ ကန်တဲ့အလုပ်၊ လှုပ်တဲ့အလုပ် စသည်တွေပါ။ အဲဒီ ရုပ်အလုပ်တွေကို သတိ၊ ၀ီရိယ၊ ပညာနဲ့ စောင့်ကြည့်တဲ့အခါ ပူတဲ့အခိုက် ရုပ်တရားပါလား၊ အေးတဲ့အခိုက် ရုပ်တရားပါလားလို့ အမြဲသိနေတာကို ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

ဓမ္မဒူတ အရှင်ပညာဇောတ

ဆက်လက်ဖော်ပြပါမည်။

မေတ္တာဖြင့်
tno

Shared from Ko Thein Naing Ohn (FB)

No comments:

Post a Comment