Sunday, August 9, 2015

ဒီနေ့ (Aug 8, 2015) မှာ သိခဲ့ရတဲ့ အကြောင်းအရာတစ်ချို့...


ဗြဟ္မာပြည်က ဗြဟ္မာတွေအားလုံးက လူ့ဘ၀ စုတိစိတ်ကျတုန်းက (သေတုန်းက) ဈာန်စိတ်နဲ့သေခဲ့ကြလို့ အကျိုးဝိပါက်အနေနဲ့ ဈာန်ကြောင့်ရောက်တဲ့ ဘုံဘ၀မှာ ရောက်နေကြပေမယ့်လို့ ဈာန်ရပုဂ္ဂိုလ်တွေတော့ အော်တိုမက်တစ် ဖြစ်မသွားပါဘူး...တဲ့။ ဗြဟ္မာပြည်မှာ ဈာန်တရားတွေကို ဆက်ပွားများမှသာ ဈာန်တွေရပြီး ဈာန်စိတ်နဲ့ သေတော့မှ နောက်ဘ၀မှာလည်း ဗြဟ္မာဘုံ ထပ်ရပါတယ်။ ဗြဟ္မာပြည်ရောက်ပေမယ့် ဈာန်တရားတွေအတွက် ဆက်မကျင့်ကြံဘူးဆိုရင် နောက်ဘ၀မှာ လူ့ပြည်ကို ပြန်ရောက်တတ်ပါတယ် တဲ့။

==========================

သမာပတ် သုံးမျိုး ရှိပါတယ်...

၁) ဈာန သမာပတ်

၂) ဖလ သမာပတ်

၃) နိရောဓ သမာပတ်

၁) ဈာန သမာပတ်ကို ပုထုဇဉ်တွေလည်း ဈာန်ရတယ်ဆိုရင် ၀င်စားနိုင်ပါတယ်။

၂) ဖလ သမာပတ်ကိုတော့ အနည်းဆုံး သောတာပန် ဖြစ်ပြီးမှသာလျှင် ၀င်စားနိုင်ပါတယ်။ သောတာပန်တိုင်း ၀င်စားနိုင်ပါတယ်... (ဈာန် ရရ မရရ)

၃) နိရောဓ သမာပတ်ကိုတော့ အနည်းဆုံး အနာဂမ်အဆင့် ရောက်မှသာ ၀င်စားနိုင်ပါတယ်။ လိုအပ်ချက်တွေကတော့ အနည်းဆုံး အနာဂမ် ဖြစ်ရမယ်။ နေ၀သညာ နာသညာ အမြင့်ဆုံး အရူပဈာန်အဆင့်အထိ ရထားပြီးမှသာလျှင် နိရောဓ သမာပတ်ကို ၀င်စားနိုင်ပါတယ်။ သမာပတ်တွေထဲမှာ အဆင့်အမြင့်ဆုံး သမာပတ် ဖြစ်ပါတယ်။

နိရောဓ သမာပတ် ၀င်စားတဲ့အချိန်မှာ စိတ်တွေ၊ စိတ်တသိက်တွေ လုံးဝရပ်တန့်နေပါတယ်။ ဒါကြောင့်မို့လို့ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေပါ ဖြစ်မနေဘဲ ရပ်တန့်နေပါတယ်။ ၀င်လေ၊ ထွက်လေ အသက်ရှူနေတာဟာ စိတ္တဇရုပ် ဖြစ်တဲ့အတွက် နိရောဓ သမာပတ် ၀င်စားနေတဲ့ အချိန်မှာ အသက်မရှူပါဘူး။ ၇ ရက် အဓိဌာန်ထားရင် ၇ ရက်နေမှ သမာပတ်က ထပါတယ်။ ၁၀ ရက် အဓိဌာန်ထားရင် ၁၀ ရက်နေမှ သမာပတ်က ထပါတယ်။

နိရောဓ သမာပတ် ၀င်စားနေတဲ့အချိန်မှာ ဘယ်သူကပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ သတ်သတ် မသေပါဘူး။ ရန်သူမျိုး ငါးပါး အန္တရာယ်မှလည်း လုံးဝကင်းဝေးနေပါတယ်။ အာဟာရ မသုံးဆောင်ရလို့လည်း မသေပါဘူး။

=============================

မြေလျှိုး၊ မိုးပျံ၊ ကိုယ်ခွဲ စတဲ့ အဘိဥာဉ်တန်ခိုးတွေကို ဖန်ဆင်းတော့မယ်ဆိုရင် အနည်းဆုံး ရူပါဝစရ ပဉ္စမဈာန် ရထားမှ ဖန်ဆင်းနိုင်ပါတယ်။ ဥာဏ်နိမ့်တဲ့ သူဆိုရင် အရူပဈာန်တွေပါ ရထားမှ ဖန်ဆင်းနိုင်ပါတယ်။ ဒါပေမယ့် ဘယ်ဈာန်တွေပဲရရ တကယ် တန်ခိုး ဖန်ဆင်းတဲ့အချိန်မှာတော့ ပဉ္စမဈာန်ကို အသုံးပြုပြီးမှသာလျှင် အဘိဥာဉ်တန်ခိုးတွေ ဖန်ဆင်းနိုင်တာပါ။

တန်ခိုးဖန်ဆင်းတော့မယ်ဆိုရင် ချက်ချင်းကြီး လုပ်လို့ မရပါဘူး။ အရင်ဆုံး ဈာန်ဝင်စားရပါတယ်။ ကိုယ်ဖန်ဆင်းချင်တဲ့ဟာကို စဉ်းစားရပါတယ်။ ဈာန်ပြန်ဝင်စားရပါတယ်။ နောက်ဆုံးမှ အဘိဥာဉ်စိတ်က တစ်ချက်တည်း ဖြစ်သွားတာပါ။ ဥပမာ... ကိုယ်ပွား အယောက် ၁၀၀၀ ကို ၂ နာရီအတွင်း ဖန်ဆင်းထားချင်တယ်ဆိုရင် အဲဒီ ၂ နာရီလုံးလုံး အဘိဥာဉ်စိတ်တွေ ဖြစ်မနေပါဘူး။ ဖန်ဆင်းတဲ့ အဘိဥာဉ်စိတ်က တစ်ခါတည်းနဲ့ ကိုယ်အဓိဌာန်ထားသလို ကိစ္စပြီးမြောက်အောင် ၂ နာရီလုံးလုံး ဆောင်ရွက်ပေးသွားပါလိမ့်မယ်။ အဲဒီတော့ ဒီ ၂ နာရီအတွင်း ကိုယ်ပွားတွေ ဆက်ရှိနေပေမယ့် ကိုယ့်စိတ်ကတော့ အဘိဥာဉ်စိတ် ဆက်တိုက်ဖြစ်နေစရာမလိုဘဲ တခြားစိတ်တွေမျိုးစုံ ပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမယ့် တခြားသော တန်ခိုးအမျိုးအစားတွေ ပြောင်းလဲချင်ရင်တော့ အဘိဥာဉ်စိတ်နဲ့ ကိုယ်ပြောင်းလဲချင်သလို ထပ်ထပ်လုပ်နေရပါတယ်။

ဗုဒ္ဓဘာသာဖြစ်မှ အဘိဥာဉ် ရနိုင်တာ မဟုတ်ပါဘူး။ တခြားဘာသာဝင်၊ တခြားလူမျိုးတွေလဲ လုပ်နည်းမှန်ရင် အဘိဥာဉ် ရနိုင်ပါတယ်။ တန်ခိုးပြနိုင်တိုင်းလည်း ဈာန်တွေ အဆင့်ဆင့်တက်ပြီး အဘိဥာဉ် ရနေတာ မဟုတ်ပါဘူး။ တခြားနည်းလမ်းတွေလည်း ပေါင်းစုံရှိနိုင်ကြပြီး လုပ်နိုင်စွမ်းတွေလည်း သူ့နည်းသူ့ဟန်နဲ့ မျိုးစုံရှိကြပါတယ်။ 


အရိယာအနိမ့်ဆုံးအနေနဲ့ သောတာပတ္တိမဂ်မှ မရထားသေးဘဲနဲ့ အရူပဈာန်မှာ အမြင့်ဆုံး (ဈာန်တွေအားလုံး ၉ ဆင့်ထဲမှာ အမြင့်ဆုံး) ဖြစ်တဲ့ နေ၀သညာ နာသညာဈာန်ကိုသာ ရခဲ့မယ်ဆိုရင်... သေတဲ့အခါမှာလည်း အဲဒီဈာန်စိတ်နဲ့ သေခဲ့မယ်ဆိုရင် ဘ၀ဂ်မှာ အရူပဗြဟ္မာသွားဖြစ်ပါမယ်။ ဘ၀ဂ်ဆိုတာ ရုပ်ချည်းပဲရှိတဲ့ သို့မဟုတ် နာမ်ချည်းပဲရှိတဲ့... မြတ်စွာဘုရားတွေ ပွင့်တဲ့အခါ တရားနာနိုင်စွမ်းလည်းမရှိတဲ့ ရပ်ပြစ် ၈ ပါး (မရောက်သင့်တဲ့ အရပ်ဒေသ ၈ ပါး) ထဲကို ရောက်သွားမှာပါ။ ပြီးရင်တော့ သံသရာရှည်ကြီး တပတ်လည်သွားဦးမှာပါ။ သံသရာမှာ မြတ်စွာဘုရားအဆူဆူနဲ့ လွဲပြီး အချိန်ဖြုန်းလိုက်သလို ဖြစ်သွားတာပါ။

ဈာန်တွေအားလုံးကတော့ သာသနာပမှာလည်း ရနိုင်ကြတဲ့ တရားတွေပါ။ ၀ိပဿနာ တရားမှသာလျှင် မြတ်စွာဘုရားရဲ့ သာသနာတွင်းမှာမှ ရနိုင်ကြတဲ့ တရားထူး၊ တရားမြတ်၊ ရတနာအစစ်ကြီးပါ။

စာရေးသူ ငယ်ငယ်တုန်းကတော့ တန်ခိုးတွေ၊ အစွမ်းတွေကို အရမ်းအထင်ကြီးခဲ့ပေမယ့် အခုချိန်မှာတော့ တန်ခိုးတွေရဲ့ ကန့်သတ်ချက်တွေ၊ နောက်ဆုံး အချည်းနှီးဖြစ်ရပုံတွေကို လေ့လာရတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ရင် အရင်ကလောက်တော့ စိတ်မလှုပ်ရှားတော့ပါ။

သံသရာမှာ ၃၁ ဘုံမှာ ကိုယ်မဖြစ်ဖူးတဲ့ ဘ၀ဆိုလို့ အရိယာတွေသာရောက်တဲ့ သုဒ္ဓါဝါတ ငါးဘုံပဲ ကျန်ပါတော့တယ်။ ကိုယ်မရဖူးတဲ့ တန်ခိုးအဘိဥာဉ်တွေဆိုတာလည်း မရှိတော့ပါဘူး။ စကြာဝတေးမင်းလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးကြသလို ငရဲကိုလည်း ရှည်ကြာလှတဲ့ ကာလပတ်လုံး ခံစားခဲ့ဖူးကြပါပြီ။ အရှင်ဆေကိန္ဒ ဟောပြောဆုံးမသလို 
ဘယ်အရာကိုမှ တထူးတဆန်းကြီးတွေ ဖြစ်မနေကြပါနဲ့တော့လို့... တစ်ခါမှ မခံစားဖူးသေးတဲ့ နိဗ္ဗာန်ချမ်းသာကိုသာ ရအောင်ရောက်အောင် ကြိုးစားသင့်ကြပါတော့တယ်။

ဤစာကို ဖတ်မိကြသူအားလုံး ဒီဘ၀၊ ဒီခန္ဓာ မစွန့်ခွာမှီ အပါယ်တံခါးပိတ်တဲ့ တရားထူး၊ တရားမြတ်တွေကို ကျင့်ကြံပွားများ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ရေးသားထားချက်များထဲမှ အမှားများပါရှိလျှင်လည်း ထောက်ပြပြုပြင်ပေးဖို့ နဲ့ လာရောက်စာဖတ်ကြသူများအားလုံး ဗဟုသုတအလို့ငှာ ဆွေးနွေးပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ 


အဘိဓမ္မာသင်တန်း ၀ီထိပိုင်း ပို့ချချက်များမှ.. မှတ်သားမိသမျှ.. တရားဗဟုသုတအလို့ငှာ.. ဓမ္မမိတ်ဆွေများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ 

မေတ္တာဖြင့်
Favorite Collections
Aug 8, 2015 (Sat)

No comments:

Post a Comment