Sunday, July 26, 2015

ငြိမ်းချမ်းမှု


မနက်မိုးစင်စင်လင်းလာတာနဲ့ သိနေရတဲ့ဝင်သက်ထွက်သက်မှာ ငြိမ်းအေးမှုပါတယ်။ ချစ်ခင်သူတွေရဲ့ အပြုံးရနံ့လည်းပါတယ်။ မနက်ခင်းကို ငြိမ်းချမ်းမှုနဲ့စမယ်။ တစ်နေ့တာ အဆင်မပြေမှု၊ အဆင်ပြေမှုတွေကို တတ်နိုင်သမျှ အေးအေးချမ်းချမ်း ရင်ဆိုင်မယ်။

မနက်စာကို သွက်သွက်လက်လက်စားရင်း ဘ၀ကြီးဟာ ဘာလို့ အလောသုံးဆယ်ဖြစ်နေရတာလဲလို့ ဇနီးသည်ကိုမေးမိတယ်။ သူက အိပ်ရာထနောက်ကျလို့ ဖြစ်မှာပေါ့လို့ မျက်စောင်းတစ်ချက်ထိုးရင်းဖြေတယ်။ ရယ်ပဲရယ်နေမိတယ်။ အေးချမ်းတဲ့နေ့လေးတစ်နေ့အတွက် သဘာဝတရားကို ကျေးဇူးတင်တယ်။ အသက်ရှင်သန်နေသေးတဲ့အတွက်လည်းပျော်တယ်။

အိမ်လွမ်းတဲ့စိတ်ကလေးကိုယ်စီနဲ့ မနက်ခင်းရဲ့ရထားလေးဟာ လူငယ်များစွာကို သယ်ဆောင်လို့ပေါ့။ ရင်ဘတ်ထဲမှာ ထိုးထွင်းထားတဲ့ အက္ခရာဟာ Homesick၊ မမြင်ရတဲ့ကြာပွတ်တွေ။ လူတွေဟာ ငွေနောက်ကိုလိုက်ရင်း ငွေနောက်မှာ ကျန်ခဲ့တာ။ ဝေးသထက်ဝေးလံလာတဲ့ မိသားစုတွေ၊ ဂ ငယ်ကွေ့မပါတဲ့လမ်းမှာ မရှိနိုင်တဲ့ ရောင့်ရဲမှုကို မတွေ့နိုင်တဲ့ လောကမှာရှာဖွေလို့။ ဘယ်လောက်ရရင်တော်ပြီလဲ လို့ မေးနေတဲ့ ဆရာတော်တပါးရဲ့တရားသံဟာ စိတ်ထဲမှာခြောက်နေတဲ့ ပဲ့တင်သံတစ်ခုပေါ့။

တွေ့သမျှလူတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ဆက်ဆံမယ်။ သူတို့လမ်းလိုရင် လမ်းဖယ်ပေးမယ်။ ကိုယ့်ခြေထောက်ကိုနင်းမိရင်စိတ်မဆိုးဘူး။ ရထားပေါ်မတက်ခင်ကတည်းက စိတ်ကို ပြင်ဆင်ထားလိုက်တယ်။ ဒီနေ့ဟာ ပျော်ရွှင်ရေးနေ့ .....။ စိတ်ချမ်းသာအောင်နေမယ်။

အနီးဆုံးကလူတွေကို စိတ်ချမ်းသာအောင်ထားမယ်။ လူ့ဘ၀ဟာ အသိုင်းအ၀ိုင်းမှာတည်ဆောက်ထားတယ်။ ဘေးပတ်ဝန်းကျင်ကလူတွေမပျော်ရင် သူတို့အပူ ကိုယ့်ဆီလာလိမ့်မယ်။ ကိုယ်စိတ်ချမ်းသာချင်သလို သူတို့ကိုလည်းစိတ်ချမ်းသာအောင်ထားမယ်။ ပေါ့ပေါ့ဆဆအပျော်မျိုးထက် ငြိမ်းချမ်းတဲ့ စိတ်ချမ်းသာမှုရရင် လူတွေဟာ ပိုပြီးကျန်းမာတယ်။ ကမ္ဘာကြီးနဲ့ သူ့ရဲ့ဝေနေယျတွေ ငြိမ်းချမ်းပါစေ။ မနက်ခင်းမှာ စိတ်ထဲက ရေရွတ်မှုဟာ မေတ္တာပို့အမျှဝေသံတစ်ခုအဖြစ် ပျံ့လွင့်သွား။ ညှိုးနွမ်းသောစိတ်များသည် အေးချမ်းမှုဖြန်းပက်ခြင်းကို ရရှိပါစေ။ ဆာလောင်သူများ၊ မွတ်သိပ်မှုမှဝေးပါစေ။

ဘ၀ဟာတိုတိုလေး စိတ်ဆင်းရဲဖို့အချိန်မရှိဘူး လို့စိတ်ထဲမှာတွေးမယ်။

ကောင်းတာတွေလုပ်နေရင်းဆိုးတာတွေကြုံလာရင်လည်း ကောင်းတာတွေပဲဆက်လုပ်မယ်။ ကောင်းတာတွေက ဆိုးတဲ့အကျိုးကိုမပေးနိုင်ဘူးလို့ ခိုင်ခိုင်မာမာလက်ခံတယ်။ အသက်ရှင်သန်မှုဟာ အဖိုးတန်တဲ့ ရှင်သန်မှုဖြစ်အောင်နေမယ်။ ကိုယ့်မှာရှိတဲ့အကောင်းတွေကို ပိုကောင်းလာအောင် ပြုစုပျိုးထောင်မယ်။ ကိုယ့်မှာရှိတဲ့အဆိုးတွေကို လူများကိုမထိခိုက်အောင် တတ်နိုင်သလောက်ပြုပြင်မယ်။

ကိုယ့်ဘ၀မှာ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့ တာဝန်ရှိတယ်။ မိသားစုအတွက်လည်းတာဝန်ရှိတယ်။ လူ့အသိုင်းအ၀ိုင်းအတွက်လည်းတာဝန်ရှိတယ်။ တာဝန်မကျေတဲ့သူမဖြစ်ချင်ဘူး။ ကိုယ့်ကိုယ်ကို self-respect ကျမယ့်ကိစ္စဘာဆိုဘာမှမလုပ်နိုင်ဘူး။

တစ်နေ့တစ်နေ့အလုပ်ထဲမှာကုန်သွားတဲ့အချိန်တွေကို ပြန်မရနိုင်တော့လို့ အလုပ်ထဲမှာလည်း စိတ်ချမ်းသာနေအောင်ကြိုးစားမယ်။ တွေ့နေမြင်နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ခင်ခင်မင်မင်ဆက်ဆံမယ်။ တရုတ်ကလေးတစ်ယောက်ကိုမေးကြည့်တော့ သူက နောက်ဆယ်နှစ်ဆို ပြန်မှာလို့ပြောတယ်။ ကျွန်တော်တို့မှာတူညီတဲ့ အိမ်လွမ်းနာတွေနဲ့။ ဘ၀တွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေတယ်။ လောကဓံဟာ ဘာသာစကားမလိုတဲ့ ဘာသာစကား။ ကျွန်တော်တို့အားလုံးနားလည်တယ်။

ကွမ်ကျိုးမှာနေတဲ့တစ်ယောက်က ရှေ့လဆို ခဏပြန်မယ်ဆိုတာပြောတယ်။ သူ့ဇနီးလောင်းနဲ့အတူပြန်မယ်။ လူတိုင်းဟာ တူညီတဲ့ခရီးတွေကိုဖြတ်သန်းလို့ပါပဲ။ သူတို့ပိုက်ဆံစုနေတယ်၊ မင်္ဂလာဆောင်ဖို့အတွက် စုရတယ်ပြောရင်း Savings အကောင့်ထ်မှာ အတူစုကြတာမဟုတ်လားဆိုတော့ ဟုတ်တယ် လို့ပြန်ပြောတယ်။ ကျွန်တော်တို့ဟာ တူညီတဲ့ လောကဓံ အသေးစားလေးတွေနဲ့ တူညီတဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့၊ တူညီတဲ့ သောကတွေနဲ့ကမ္ဘာသားတွေဟာ ကမ္ဘာပေါ်မှာ ကွဲပြားမှုတွေလိုလိုနဲ့ တူညီနေကြတယ်။

ချစ်ခင်သူတွေကိုစိတ်ချမ်းသာစေဖို့ အမှတ်တရ ကဒ်ကလေးတွေပို့မယ်။ ပျော်ရွှင်ဖွယ် sms ပို့မယ်။ ကျွန်တော်တို့ဟာ တစ်ယောက်တည်းမဟုတ်ဘူး။ သူငယ်ချင်းတွေကိုလည်း တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိစေချင်တယ်။ အထီးကျန်နေတဲ့သူတစ်ယောက်ယောက်ဆီကိုလည်း ဒီစာလေးဟာ ပုလင်းထဲထည့်မျောလိုက်တဲ့ အကြောင်းကြားစာတစ်ခုလို မျောပါသွားပါစေ။

ခေတ်ကြီးရဲ့မွန်းကြပ်မှုကို ကျွန်တော်တို့မရှောင်လွှဲနိုင်ဘူး။
ခေတ်ကြီးရဲ့ တောင်းဆိုမှုတွေကို ကျွန်တော်တို့ဘ၀တွေ ထွက်မပြေးနိုင်ဘူး။
သားသတ်ရုံရှေ့မှာငိုနေတဲ့ နွားတွေရဲ့မျက်ရည်စက်တွေလို homesick ဟာ ပူနွေးနာကျင်နေတယ်။ ခင်ဗျားရင်ဘတ်ထဲက လွမ်းဆွတ်မှုဟာ အိမ်ရဲ့အဝေးက တခြားတစ်ယောက်ရင်ဘတ်ထဲက လွမ်းဆွတ်မှုနဲ့ ဖြစ်စဉ်အတူတူပဲ။ အထူးသဖြင့် ချစ်ခြင်းမေတ္တာဆင်းရဲတဲ့ spiritual ယဉ်ကျေးမှု ချို့တဲ့ so-called မြို့ပြ တွေမှာ ကျွန်တော်တို့အားလုံးဟာ သုံ့ပန်းတွေလိုပါပဲ။

မေတ္တာတရားခေါင်းပါးတဲ့အရပ်မှာ ကျွန်တော်တို့အချင်းချင်း ဆက်လက်ချစ်ခင်ကြမယ်။ စိတ်ကောင်း စေတနာကောင်းနဲ့ လုပ်ရပ်ကောင်းတွေ အတူပြုကြမယ်။ တစ်ယောက် စေတနာကို တစ်ယောက်က လှိုက်လှိုက်လှဲလှဲအသိအမှတ်ပြုပြီး တစ်ယောက်ရဲ့ တန်ဖိုးကို တစ်ယောက်က ၀မ်းမြောက်ဝမ်းသာနားလည်ကြမယ်။ ကျွန်တော်တို့ဟာ ကမ္ဘာသားတွေ၊ မွေးရပ်မြေပြင်ပမှာ အသားကျချင်ယောင်ဆောင်ထားတဲ့ အိမ်လွမ်းသူတွေ။

ဒီဒဏ်ရာတွေကို ကျွန်တော်တို့လက်ခံကြမယ်။
တစ်ယောက်ရဲ့မျက်ရည်ကို တစ်ယောက်က နားလည်ကြမယ်။
တစ်ယောက်ရဲ့ အပြုံးကို တစ်ယောက်က နားလည်ကြမယ်။
ခေတ်ကြီးကို ကျွန်တော်တို့မပြောင်းနိုင်ပါဘူး။
ကြုံရမယ့်လောကဓံကိုကျွန်တော်တို့မပြောင်းနိုင်ပါဘူး။
ပြောင်းနိုင်တဲ့ ကျွန်တော်တို့စိတ်ကို ယောနိသောမနသီကာရလေးထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြမယ်။

ကျွန်တော်တို့အားလုံးဟာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး တောင်တက်ခရီးကိုတက်နေတဲ့သူတွေလိုပဲ၊ တစ်ယောက်နဲ့တစ်ယောက်ဟာ ဆက်စပ်နေတယ်။ ကိုယ့်ကို ဆွဲတင်နေတဲ့သူရဲ့ကျေးဇူးရှိသလို၊ ကိုယ်က ဆွဲတင်ရမယ့်သူလည်းရှိတယ်။ မြဲမြံသောလက်တွေနဲ့ ငြိမ်းချမ်းမှုဆီ တရွေ့ရွေ့တက်လှမ်းကြမယ်။

စိတ်မဆင်းရဲအောင်နေဖို့သတိထားကြမယ်။ စိတ်ဆင်းရဲမိသွားရင် စိတ်ချမ်းသာဖို့ချက်ချင်းပြန်ကြိုးစားကြမယ်။ စိတ်ချမ်းသာတဲ့သူကသာ တပါးသူကိုလည်း စိတ်ချမ်းသာစေချင်မယ်။ စိတ်ဆင်းရဲသူတွေဟာ vicious cycle ဖြစ်ပြီး မဆုံးနိုင်တဲ့အဆိုးသံသရာထဲလည်ကြရတယ်။ စိတ်ချမ်းသာဖို့ဟာ ကိုယ့်ရဲ့တာဝန်ပဲ။ ကျွန်တော်တို့ စတင်လျှောက်လှမ်းတဲ့တစ်နေ့တစ်လံ ............. ငြိမ်းချမ်းမှုဟာ ဘယ်မရွေ့ပါဘူး။ ။

With Peace,
The Gardener
http://www.z-thegardener.com/2011/06/blog-post_30.html?m=1

ဥပုသ်သည် နဲ့ နတ်ပြည်က သိကြားမင်းနှင့် နတ်သမီး


(ဥပုသ်စောင့်ရာတွင် သတိပြုရမည့်အချက်များ)
************************************

တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။

အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို
အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။

သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။

လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို
စုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။
အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို

" ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက

"အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်"

လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး

" ကြည့်စမ်းပါဦးတော် ရုပ်ကလေး
သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။
ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့"

လို့ တစ်ယောက်တစ်ပေါက် အတင်း
ပြောကြသတဲ့။

အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက

" ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား "

လို့ မကြားတကြား သရော်ကြသတဲ့။

အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာ
ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက
အဖွားအိုနားကိုသွားပြီး

" အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်"

လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက

" ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ "

လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်
ကြည့်လိုက်ပြီး

" သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့
သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ် "

လို့ ဆုံးမစကားပြောပါတယ်။

အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။

နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက " ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။

ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။

ဒီပုံပြင်ကလေးက ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။

ဒီပုံပြင်ကလေးကိုဖတ်ပြီး ဒါအများစုဖြစ်နေကျ ထုံးစံပါပဲလို့ ပေါ့ပေါ့လေးတွေးလို့ ရနိုင်ပေမယ့် မိမိတို့ရဲ့တရားဓမ္မ ကျင့်စဉ်သိက္ခာတွေကို အလေးဂရုမပြု။ ပေါ့တီးပေါ့ဆ မရိုမသေပြုမှုခြင်းဟာ ဘာသာ သာသနာ ကွယ်ပျောက်ကြောင်းဖြစ်လို့ အထူးသတိပြုကြရမှာပါ။

ပိဋကတ်စာပေမှာတော့ အပေါ်ယံ အသွင်သဏ္ဍာန်မျှသာဖြစ်ပြီး အနှစ်သာရမပါတဲ့ ဥပုသ်မျိုးကို ဂေါပါလဥပုသ် (နွားကျောင်းသား ဥပုသ်)

အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝသော ဥပုသ်မျိုးကို အရိယ
ဥပုသ်(မြင့်မြတ်သော ဥပုသ်)လို့ ခေါ်ဆိုသတ်မှတ်ပါတယ်။

အနှစ်သာရပြည့်ဝတဲ့ အရိယဥပုသ်တစ်ရက်စောင့်ရတဲ့ အကျိုးဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်စိုးရတဲ့ မင်း မိဖုရားအဖြစ်မျိုးထက် ကြီးကျယ်ခန်းနားကြောင်း ဘုရားရှင်ကိုယ်တော်တိုင် ဟောမိန့်တော်မူထားပါတယ်။

တကယ်တမ်းပြောရရင် ဥပုသ်စောင့်တယ်ဆိုတာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တွေရဲ့ မြင့်မြတ်လှတဲ့ဘ၀ကို အတုယူအားကျပြီး တဒင်္ဂခဏ၊ တစ်စိတ်တစ်ဒေသ ၀င်စားကြည့်တာပါ။

အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသက်ရှင်နေထိုင်ပုံမျိုးကို တစ်ရက်တာမျှ အတုခိုးကျင့်ကြံတာမျိုးပါ။ ဒီအချက်တွေကို ထောက်ဆကြည့်ရင့် ဥပုသ်စောင့်တယ်ဆိုတာ ဘယ်လောက် အထက်တန်းကျ မြင့်မြတ်လှတယ်ဆိုတာ ဆင်ခြင်ဥာဏ်ရှိသူတိုင်း သိကြမှာပါ။

ဒါကြောင့် လောက ဓမ္မနှစ်ဖက်လှပြီး အစဉ်အလာကောင်းတဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အလွယ်တကူ မတိမ်ကော မကွယ်ပျောက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဟာ လူမျိုးဘာသာ သာသနာတော် အဆင့်အတန်းမြင့်မားရေးကို
လိုလားကြတဲ့ ဥပုသ်သည်တိုင်းရဲ့သမိုင်းပေး တာဝန်ဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း၊
၂၀၀၂ခုနှစ်၊ သြဂုတ်လ

credit to ကိုယ့်စိတ်ကိုယ်စစ် ဝိပဿ နာရိပ်သာ

မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ

(ဗဟုသုတတိုးပွားပြီးကုသိုလ်တရားပွားများနိုင်ကြ
ပါစေခင်ဗျာ)

(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)

Tuesday, July 21, 2015

တကယ့်ကို အံ့သြစရာ


တိဗက်ဘုန်းတ်ာကြီး ဒလိုင်းလားမားကို
လူတစ်ဦးက မေးမြန်းခဲ့ပါတယ်...

"အရှင်ဘုရားကို အင်မတန်မှ
အံ့အားသင့်စေတဲ့အရာကို ပြောပြပါဘုရား"

အဲဒီအခါမှာ ဘုန်းတော်ကြီးဟာ
အခုလို ပြန်ဖြေတော်မူခဲ့ပါသတဲ့.....

"လူ .... သူဟာ ကျန်းမာရေးကို
အဆုံးရှုံးခံပြီးတော့ ငွေရရှိဖို့ ကြိုးစားရှာတယ်။

အဲဒီနောက်တော့ ပြန်ပြီးတော့
ကျန်းမာလာစေဖို့အတွက်
ငွေတွေကို အဆုံးရှုံး ခံရပြန်တယ်။

အဲဒီနောက်တော့ သူဟာ အနာဂတ်အတွက်
အင်မတန် ရတက်မအေး စိုးရိမ်နေရတဲ့အတွက်
မျက်မှောက် ပစ္စုပ္ပန်မှာ မပျော်ရွှင်နိုင် ရှာဘူး။

ရလဒ်ကတော့ သူဟာ ပစ္စုပ္ပန်မှာကော၊
အနာဂတ်မှာပါ ရှင်သန်မှု ရှိမနေတာပါပဲ။

ဘယ်တော့မှ မသေမဲ့
သူတစ်ဦးလို နေထိုင်ပြန်တယ်။

အဲဒီနောက်တော့ ဘယ်တုန်းကမှ
ရှင်သန်နေထိုင်ခဲ့သူ မဟုတ်တဲ့
ဘ၀နဲ့ပဲ သေဆုံးရတယ်။ "

Credit - Maukkha Education Magazine

Saturday, July 18, 2015

**တန်ခိုးရှင်ကို အားမကိုးနဲ့**


အသိဉာဏ်နည်းပါး တရားကိုနားမလည်သေးသူ အချို့သည် ကောင်းကျိုးချမ်းသာကို လိုလားကြသဖြင့် ဖန်ဆင်းရှင်ထံသွား၍ တောင့်တကြသည်။

ဗြဟ္မာ သိကြား နတ်များကို တောင့်တနေကြသည်။
အဆောင်ကောင်း လက်ဖွဲ့ကောင်းများကို အားကိုးကြသည်။
နာမည်ကြီးသူများထံသွားရောက်၍ သိဒ္ဓိတင်ကြသည်။
(သူတို့၏ အကြောင်းတရားများကား လောဘတဏှာ အရင်းခံပြီး အချောင်ရလိုခြင်းစသည်တို့ ဖြင့်ဦးဆောင်နေရကား မြတ်သောအကျိုးတရားများကို ရရှိလိမ့်မည် မဟုတ်ချေ။)

သိဒ္ဓိ ဆိုသည်မှာ ပါဋ္ဌိစကားဖြစ်ပြီး မြန်မာလို*ပြီးပြည့်စုံခြင်း*ဟု အဓိပ္ပါယ်ရပေသည်။
ကောင်းကျိုးချမ်းသာများပြည့်စုံ ရရှိလိုပါလျှင် မိမိသည် စင်ကြယ်ကောင်းမြတ်သော အကြောင်းတရားများကို မိမိကိုယ်တိုင်ဖန်တီး ရမည်ဖြစ်ပေသည်။

မကောင်းမှု့ (မိစ္ဆာဇီဝဖြင့် )အသက်မွေးဝမ်းကြောင်းပြုလျှင် စီးပွားရေး အဆင်ပြေကောင်းပြေမည်ဖြစ်သော်လည်း ကိုယ်စိတ်ပူပန်ဆင်းရဲရ၏။
(အချိုမျိုးစိုက်လျှင် အချိုသီး သီး၏။ အခါးမျိုးစိုက်လျှင် အခါးသီးသီး၏)

(ဆရာတော် ၀န၀ါသီ အရှင်ဝါသေဋ္ဌာ ဘိဝံသ)

Credit to: Tthaw Thaw (FB)

အသဲကွဲ ရဟန်း


(၁)

“ ဦးတိဿ.. ဘာတွေတွေးနေတာလဲ”

ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် သူ ပတ်ဝန်းကျင်ကို ဂရုစိုက်မိသွားတယ်။

“ ဦးကုသလ ပါလား၊ ဘာပြောစရာများရှိလို့လည်းဘုရား ’’

“ ဘာမှပြောစရာမရှိပါဘူး၊ အရှင်ဘုရားအနားကို ရောက်နေတာကြာပြီ၊ တပည့်တော်လာတာတောင် မသိနိုင်လောက်အောင် ဘာတွေများတွေးနေတာလဲလို့ မေးတာပါ ”

“ ဘာမှမတွေးပါဘုရား ”

ဒီအဖြေစကားဟာ သူ့နှုတ်က ထွက်ကျလာတဲ့ အဖြူရောင်မုသား တစ်စလည်းဖြစ်တယ်။

တကယ်ဆိုရင် သူတွေးလက်စ အတွေးကို မပြောမိရင်တောင်မှ ဘာရယ်မဟုတ်ပါဘူး ဆိုတဲ့ တခြားအပြစ်မသင့်တဲ့ ၀ါကျတစ်ခုကို ပြောင်းသုံးသင့်တယ် လို့လည်း ဦဏှောက်က အချက်ပေးလိုက်တယ်။

“ ညနေ ဘုရားဝတ်တက်ပြီးရင် ဆွေးနွေးပွဲရှိတယ်နော် ဘုရား ”

“ မှန်ပါဘုရား ”

“ညနေကျရင် ဒကာမလေး မြ၀တ်ရည်တို့ သားအမိ ဘုရားပန်းလာလှူရင်း အဖျော်ရည်လာကပ်မယ် လို့ မနက်က လျှောက်သွားတယ် ကိုယ်တော်”

“ … "

‘တင်ပါ့ဘုရား’ ဆိုတဲ့ စကားလုံးကို မဖြစ်မနေ သုံးသင့်ပေမယ့်‘ မြ၀တ်ရည်’ဆိုတဲ့ အသံကြားတာနဲ့ နှုတ်က ဆွံ့အ သွားတယ်။ သူ့ဘယ်ဘက် ရင်ခုန်သံကလည်း ပိုမြန်လာသလို ထင်လိုက်မိတယ်။

“ ငါဘာတွေဖြစ်နေတာလဲ” ဆိုတဲ့ အတွေးနဲ့ ထိုင်ရာကထပြီ…

“ ကျောင်းဝန်းထဲ တံမျက်လှည်းလိုက်ပါဦးမယ်”

(၂)

“ ပင်လယ်ဆိုတာကတော့ ကျယ်တာပေါ့၊ သွားခါစကဆို အဆုံးအစ မရှိတော့ဘူးလို့တောင် ထင်ထားတာ”

သူက ပင်လယ်ဖြတ်နေ့စွဲတွေ အကြောင်းကို ပြောပြနေမိတယ်။

“ လှိုင်း မမူးဘူးလား ဦးဇင်း၊ သမီးဆို မူးမှာ ကျိန်းသေတယ်”

“ ဟဲ့…မြ၀တ်ရည် ဦးဇင်း ကို သမီးလို့မပြောပါနဲ့ဆို၊ တပည့်တော်လို့ပြော”

ဘုရားပန်းတွေလဲပြီးတော့ မြ၀တ်ရည်တို့ သားအမိက မပြန်သေးတော့ ဦးတိဿ ဧည့်ခံစကားပြောနေမိတယ်။

“ ရပါတယ် ဒကာမကြီး၊ ပြောတတ်သလိုပြောပါစေ”

“ ရင်းနှီးနေတာပဲ အမေကလည်း”

ဆရာ ဒကါ ဆက်ဆံရေးမှာ လမ်းမှားကိုတည့်မတ်ပေးရမယ့် တာဝန်ကို လျစ်လျူရှုပြီး အလိုက်သင့်ဆက်ဆံတာဟာ ရဟန်းတစ်ပါးရဲ့ အလုပ် မဟုတ်ဘူးဆိုတာ သိပေမယ့် သူ့နှုတ်က တာဝန်မဲ့ စကားတွေ ထွက်ကျ လာတာကို မတားဆီးမိဘူး။

“ သီဟိုဠ်သူတွေ ချောလားဦးဇင်း”

“ ဟဲ့ ကောင်မလေး ဘာတွေ မေးနေပြန်ပြီလဲ”

“ သတိမထားမိပါဘူး”

ဒီစကားကို အမှန်ပြောတာပါ။

“ သမီးကတော့ မယုံပါဘူး”

မြ၀တ်ရည် က မယုံဘူးလို့ သာမန်ဆိုလိုက်တာကိုပင် သူ့နှလုံးသားမှာ အလိုမကျဖြစ်သွားခဲ့တယ်။

“ စကားကောင်းလိုက်တာ၊ ဦးဇင်း ပြန်ဦးမယ်နော်၊ မနက်ကျရင် ဆွမ်းအုပ်ကို သမီးလာပို့ခိုင်းလိုက်မယ်”


(၃)

“တပည့်တော်တို့ သီဟိုဠ်နိုင်ငံကို သွားကြတယ်ဆိုတာ မြန်မာပြည်က သာသနာမှာ သိမ်တွေ မသန့်ရှင်းဘူး ဆိုတဲ့ သံသယနဲ့သွားပြီး သိမ်တက် ပြန်လာကြတာ၊ အခု တပည့်တော်တို့ ဟံသာဝတီမရောက်ခင် ဒီပုသိမ်မှာ စပြီး သိမ်သမုတ်ကြမယ်ဘုရား”

ဘုရားဝတ်တက်ပြီး ဆွေးနွေးပွဲမှာ အကြီးဆုံးမထေရ်ရဲ့ ဓမ္မသံစဉ်က ဖြည်းဖြည်းချင်း လွင့်လာတယ်။

“ တပည့်တော်တို့ နိုင်ငံက မင်းပြောင်း မင်းလွှဲတွေက များတော့.. သာသနာတော်ကို ချီးမြှောက်တဲ့ မင်းတက်ရင် သာသနာသန့်ရှင်ပြန့်ပွားပြီး၊ သာသနာတော်ကို နှိပ်ကွပ်တဲ့ မင်းတက်တဲ့အခါ အလဇ္ဇီရဟန်းတွေက အားကောင်းခဲ့တော့ တပည့်တော်တို့နိုင်ငံက သိမ်တွေဟာ တကယ် စစ် မစစ် ဆိုတာ မယုံကြည်ဖွယ်ရာ အနေအထားတွေချည်းပဲလို့ ထင်ကြတာကိုး”

မြန်မာနိုင်ငံက သိမ်တွေ မစစ်ဘူးဆိုပါက မြန်မာနိုင်ငံက ဘုရားသား တော် ရဟန်းများဟာလည်း ရဟန်း ဖြစ် မဖြစ်၊ ရဟန်း စစ် မစစ်ဆိုတာ ဧကန် မုချယုံကြည်ဖို့ ခက်နေတဲ့ကာလ။

သံဃာရတနာ မစစ်ဟုထင်မှတ်ပါက မြန်မာနိုင်ငံသာသနာအတွက် လုံးဝမကောင်း။

ဒီအနေအထားကနေရုန်းထွက်ဖို့ သာသနာအရောင်ထွန်းပြောင်နေတဲ့ သီဟိုဠ်(ယနေ့ သီရိလင်္ကာနိုင်ငံ)ကို မြန်မာရဟန်းတော်တွေဟာ ပင်လယ်ပြင်ကိုဖြတ်ကာ ကြွရောက်ပြီး သိမ်ပြန်တက်၊ မြန်မာနိုင်ငံကို ပြန်ကြွကာ သိမ်တွေ ပြန်လည်သမုတ်ကြတယ်။

“ အခု တပည့်တော်တို့က စပြီး သာသနာမှာ ယုံမှားသံသယတွေ ကင်းပျောက်အောင် သိမ်သမုတ်ကြမှာမို့ နေ့တိုင်း အာပတ်ဖြေဖို့ မမေ့ပါနဲ့ ဘုရား”

မထေရ်ကြီးရဲ့စကားလုံးတွေက ဦးတိဿရဲ့နားကို ၀င်တစ်ချက်၊ မ၀င် တစ်ချက်ဖြစ်နေတယ်၊ သူ့အတွေးတွေကလည်း ဆွေးနွေးပွဲမှာ ရှိမနေခဲ့ဘူး။

“နောက်ဆုံးပြောချင်တာကတော့ ဘုရား၊ အများအကျိုး၊သာသနာတော် အကျိုးကို ရှေ့ဆောင် လမ်းပြဆောင်ရွက်ကြမယ့် တပည့်တော်တို့ အနေဖြင့် အများအပြစ်ပြောစရာ မရှိအောင် ဘုရားစည်းကမ်းအတိုင်း နေဖို့ပါပဲဘုရား”

(၄)

“ ဘုရားစည်းကမ်းအတိုင်းနေဖို့ပါပဲဘုရား”

ဆိုတဲ့ မထေရ်ကြီးရဲ့ ပဲ့တင်သံစကားလုံးများက သူ့ရဲ့သန်းခေါင်ယံ ညတွေကို ဖျက်ဆီးခဲ့သလို မြ၀တ်ရည်ရဲ့…

“ဘုန်းကြီးဘ၀မှာ မပျော်ရင် လူထွက်ပေါ့” ဆိုတဲ့ အသံကလည်း ရေလာအောင် ဖော်ပေးတဲ့ မြောင်းလားလို့ ထင်မိတယ်။

သာသနာတော်မှာ နေခဲ့တဲ့သက်တမ်းတစ်လျှောက်မှာလည်း သူဟာဘုရားစည်းကမ်းအတိုင်း နေခဲ့တယ်။

အခုတော့…

မြ၀တ်ရည် ဆိုတဲ့ အစိတ်အပိုင်းက သူ့ဘ၀ကို အပြောင်းအလဲဖြစ်စေဖို့ အကြောင်းတရားတွေ ဖြစ်စေခဲ့ပြီ။

“ သတိရလိုက်တာ မြ၀တ်ရည် ရယ်”

သူ့နှုတ်က တိုးတိုးလေးပြောနေမိတယ်။

နှစ်ပေါင်းများစွာ နှလုံးသားထဲမှာကော၊ ဦဏှောက်ထဲမှာ မြတ်ဗုဒ္ဓရဲ့ ဓမ္မ တွေကို သိုလှောင်ကာ မြတ်ဗုဒ္ဓအလိုတော်ကျ နေခဲ့တဲ့ရဟန်းတစ်ပါး။

အချစ်ဆိုတာကို စကားလုံးပင် ကောင်းကောင်းမရေးဖြစ်ခဲ့ဖူးတဲ့ ပုထုဇဉ် ရဟန်းတစ်ပါးရဲ့ နှလုံးသားအပူမီးတွေက ဖွဲမီးလို တမြေ့မြေ့တောက်လောင်နေပြီ။

“ ငါဘာလုပ်ရမလဲ”

ဒီမေးခွန်းရဲ့ အဖြေကိုရဖို့ သူ့ကိုယ်သူအကြိမ်ပေါင်းများစွာ မေးမိပေမယ့် တိကျတဲ့အဖြေကို မရခဲ့ပေ။

သာသနာမှာမပျော်ဘဲနေရင် အကုသိုလ်များပါတယ်၊ လူထွက်တာပဲ ကောင်းတယ်၊ မနက်ဖြန်ည ကျရင် လူထွက်ဖို့ကိစ္စ ဆရာတော်များကို လျှောက်မယ်၊ လူ့ဘ၀ရောက်မှ မြ၀တ်ရည်နဲ့ငါ နှစ်ယောက်တစ်ဘ၀တည် ဆောက်ကြမယ်။

သူ့အတွေးတွေက လက် လက်ကို ထလို့။

(၅)

“ ဦးတိဿ ဝေယျာဝစ္စတွေ လုပ်လှပါလား”

“ မှန်ပါ့.. လူထွက်တော့မှာဆိုတော့ သံဃာ့ဝေယျာဝစ္စတွေ အကုန်လုပ်ပေးချင်တယ်ဘုရား”

တချို့ကိုယ်တော်တွေကို သူက ဖွင့်ပြောလိုက်တယ်၊ မထူးလည်း သိမှာ ပဲပေါ့၊ တစ်နေကုန် ဝေယျာဝစ္စတွေ လုပ်ပြီးတော့ မိုးချုပ်မှ မထေရ်မြတ်တွေ ကိုလျှောက်ဖို့ အားလုံးစီရင်ပြီး ကျောင်းကြီးပေါ် တက်လာခဲ့တယ်။

တစ်လှမ်း။

နှစ်လမ်း။

သတိမပါတဲ့ ခြေလှမ်းတွေက ခုန်နေသလိုပဲ..။

(၆)

“ဦးတိဿ အကြောင်းလည်း အရှင်ဘုရားတို့ ကြားပြီးရောပေါ့”

ကျောင်းပေါ်သို့ အတက် သူ့နာမည်အသံကြားတော့ သူ့ခြေလှမ်းတွေ ရပ်သွားတယ်။ အလင်းဖျော့နေတဲ့ မီးရောင်အောက်မှာ စုဖွဲ့နေတဲ့ မထေရ်များ က သူနဲ့ အတူတူ သီဟိုဠ်သွားခဲ့တဲ့ မထေရ်များ၊ သူတို့မျက်နှာက ည အရောင်ကြောင့် ထင်ပါရဲ့၊ မလင်းလက်။

“ ဘုန်းကြီးတစ်ပါး လူထွက် မိန်းမ ယူတာမဆန်းသလို၊ အပြစ်ရှိတယ် လို့လည်း ဘုရားက ဟောမထားပါဘူး၊ ဒါပေမယ့်…”

မထေရ်များက သူ့ကို မတွေ့တော့ သူအမှောင်ထဲမှာ ရပ်နေမိတယ်။

“တပည့်တော်တို့က နိုင်ငံခြားအထိသွားပြီး သိမ်ဝင်၊ပြန်လာပြီး သိမ်တွေ သန့်ရှင်းအောင်လုပ်မယ် ဆိုတဲ့ အလွန်မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ပြန်လာတဲ့ ပထမဆုံးအဖွဲ့ ဖြစ်တယ်ဘုရား၊ ဒီအထဲမှာ ဦးတိဿ က အငယ်ဆုံး၊ ပထမဆုံးအဖွဲ့က စပြီး လူထွက် မိန်းမယူ ဆိုတော့ သီဟိုဠ်က ပြန်လာမယ့် နောက်ထပ်အရှင်မြတ်တွေ၊ ပြီးတော့ ပြည်တွင်း ရဟန်းတွေရဲ့ အထင်သေးခြင်း၊ အင်း….”

စကားသံက တိုးလျသွားတယ်၊ အကြောင်းအရာက ရင်မောစရာဆို တော့လည်း ရင်နာနာနဲ့ ပြောရလို့ထင်ပါ့၊လေသံက ညင်သာလွန်းနေတယ်။

“ ဒါပေမယ့် ဦးတိဿ ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုလည်း တားဆီးဖို့က မဖြစ်”

ညက အမှောင်ကြောင့် ပိုနက်သွားတယ်။

(၇)

သင်္ဘောဆိပ်ကို သူထွက်လာခဲ့တယ်၊ ဘယ်နေရာကြည့်ကြည့် ရေပြင်ဆိုပေမယ့် သူ့အတွေးတွေက ပင်လယ်ပြင်မဟုတ်၊ ပုသိမ်မှာ ကျန်ခဲ့တဲ့ အရှင်မြတ်များထံ…။

“တပည့်တော် သီဟိုဠ်ပြန်တော့မယ်ဘုရား”

“ ဘာဖြစ်လို့လည်း ဦးတိဿရဲ့”

“တပည့်တော် မြန်မာနိုင်ငံကို ပြန်မလာတော့ဘူးဘုရား”

သာသနာတော်အတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ပြီး၊ မြ၀တ်ရည်ကိုပင် နှုတ်မဆက်ပဲ သူ သီဟိုဠ်ကို ပြန်လာခဲ့တယ်၊ အလွမ်းက မွန်ကျပ်လှတယ်၊

ရုတ်တရက် လှိုင်းအပုတ်မှာ ပင်လယ်ရေက သူ့နှုတ်ဖျားဆီ ၀င်သွားတယ်။

“ငန်လိုက်တာ”

(ဟံသာဝတီခေတ်မှ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံ၍ ရေးဖွဲ့ပါသည်)

Credit to: ခြူးပန်းအိမ် (FB)

Sunday, July 12, 2015

ပုဂ္ဂိုလ်စောင့်၊ သိုက်စောင့်ဟူသည်


ဓမ္မမိတ်ဆွေတစ်ဦးမေးလာသည့် မေးခွန်းတစ်ခုမှာ အချို့သောသူသည် သိုက်ဆက်နီး လွန်း အားကြီးသဖြင့် အိမ်ထောင်ပြု၍ မရသော အဖြစ်များကြုံဖူးကြားဖူးသည်ဟု ဆိုသည်။ မှန် မမှန်နှင့် ဘုရားဟော မည်သို့ရှိသည် နှင့် ဖြေရှင်းပေးရမည့် မေးခွန်းဖြစ်ချေသည်။

သိုက် ဟူသည် အဖိုးတန်ပစ္စည်းများ ထာပနာသိမ်းဆည်းများ ထားသိုရာနေရာတစ်ခုဟု စာရေးသူသိထားပါ သည်။ သို့သော် သိုက်ဟုဆိုလိုက်လျှင် အဖိုးတန်ပစ္စည်းများသာမက လျှို့ဝှက် ဆန်း ကျယ်သော မှော် ဆန်ဆန် ဒြပ်ဝတ္ထုနှင့် သတ္တဝါများ စုဖွဲ့တည်ရှိရာ ဟုလည်း အများအသိဖြင့် သိရှိထားပါသေးသည်။

သိုက်စောင့်သော နတ်၊ သိုက်စောင့်သော မြွေ၊ နဂါး၊ ခြင်္သေ၊ ကျား၊ ဘီလူး၊ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိကုန်သည်။ မည်ကဲ့သို့ပင် ထူးထွေများပြားစေကာမှု အားလုံးမှာ ၃၁ ဘုံသား ချည်းဖြစ်ချေသည်။
အချို့က သိုက်ဖွားဟုဆိုပြီး လျှို့ဝှက်ဆန်းကျယ်မှုနှင့်ကြုံသည်။ ကူညီစောင့်ရှောက်သူများ နှင့် ကြုံသည်ဟု ဆိုသည်။ ယင်းတွင် မည်သူက ကူညီစောင့်ရှောက်သနည်း။ ကြားဖူး သည့် ဖြစ် ရပ်တစ်ခုအရ သိုက်အတူတူ စောင့်ခဲ့သူ တစ်ဦးသေပြီး လူဖြစ်သော် ထိုဘဝထိ လိုက်လံစောင့်ရှောက် သည်ဟု ဆိုသည်။ ဖြစ်နိုင်ပါသည်။

ဤတွင် ၃၁ ဘုံကို အကျဉ်း ရှင်းပြန်ရန်လိုအပ်ပေသည်။ ငရဲကြီး ၈ ထပ်၊ တိရစ္ဆာန် ဘုံ၊ ပြိတ္တာ ဘုံ၊ အသူရကယ်ဘုံ၊ လူ့ပြည် ၁ထပ်၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာ အထပ် ၂၀ စုစုပေါင်း ၃၁ ဘုံရှိသည်။

သိုက်၊နန်းဟူသည် ဗြဟ္မာတို့နှင့် ဆက်စပ်မှုမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မာတို့က ရုပ်သာရှိ (သို့) နာမ်သာရှိ (သို့) ရုပ်နှင့် နာမ် ရှိကြကုန်သောကြောင့်ဖြစ်ပြီး သူ့ဘုံတွင် အမြဲတည်ရှိသည်။

သို့သော် နတ်ပြည် ခြောက်ထပ်ဖြစ်သည့် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသ ဝတ္တိ ဟူ ၍ အောက်မှ အထပ်အထိ ရှိသည်။

စတုမဟာရာဇ်နတ်ဘုံသည် နတ်များတွင် အနိမ့်ဆုံးဘုံဖြစ်ပြီး နတ်သေးနတ်မွားများ ကျရောက်သောဘုံဖြစ်သည်။ လူ့ဘုံတွင် ရှိသော ရုပ်က္ခဆိုးနတ်၊ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ ညောင်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်များမှာ စတုမဟာရာဇ် ဘုံသားများ ဖြစ်ကြချေသည်။ သူတို့သည် တာဝတိံသာ နတ်ပြည်မှ နတ်သားများကဲ့သို့ အရောင်အသွေးမစုံ၊ ဘုန်းကံမမြင့်ချေ။

ထိုနည်းတူစွာ ငရဲကြီးရှစ်ထပ်၌ ငရဲသားများအဖြစ်နေကာ ငရဲဘုံကျသူများကို နှိပ်စက် ရာတွင်လည်း ထို စတုမဟာရာဇ်နတ်ဘုံမှ အာလာဝက နတ်ဘီလူးများက အလည့်ကျ သွားရောက်ခြင်း ဖြစ်သည်ဟု ဘုရားဟော အဘိဓမ္မာတွင် ဖွင့်ဆိုရှင်းလင်းထားသည်။ နတ်မင်းကြီး လေးပါးတို့ကို ဆည်းကပ်ခစားရသော လက်အောက်ခံ နတ်တို့၏ နေရာ ဘုံဌာနဖြစ်သဖြင့် စတုမဟာရာဇ်နတ်ဘုံဟု ခေါ်ပြီး နတ်နှစ် ၅၀၀ ဖြစ်ချေ သည်။

(ဤတွင်စာဖတ်သူတို့၏ အတွင်းစိတ်၌ “ဟာကွာများလိုက်တဲ့ ဘုံနဲ့နတ်တွေ” ဟု တစ်လွဲ ထင်နေကောင်း ထင်တတ် ပါသည်။ စာရေးသူတင်ပြသော ၃၁ ဘုံမှာ အမှန်တကယ် တည် ရှိသော ဌာနများဖြစ်သည် ဟု မြတ်စွာဘုရား မှ ဟောကြားခဲ့ချေသည်။ ထိုဘုံ အလိုက် တွင်လည်း ပွင့်ဖူးခဲ့သော ဘုရားအဆူဆူတို့မှ ကျင်လည်ကာ တရားများ ဟောပြဆုံးမခဲ့သည် ဟုလည်း သိရသည်။

အနီးစပ်ဆုံ သာဓက အဖြစ် ဂေါတမ မြတ်စွာဘုရားသည် မယ်တော် အဖြစ် တော်စပ်ခဲ့သူ သန္တုဿီတနတ်သားကို အမှူးပြုကာ တာဝတိံတာ နတ်ပြည် တွင် ကျေးဇူးဆပ်ခဲ့သည်။ ကျေးဇူး ဆပ်ပုံမှာ အဘိဓမ္မာ တရားအကျယ်ဟော ကြားခဲ့ခြင်းဖြစ်သည်။

ယင်းအဘိဓမ္မတရားကို အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောပြောတော်မူခဲ့သည်။ ထိုမှတစ်ဆင့် တပည့်ရဟန်း ငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်နည်းဖြင့် ပြန် လည်ဟောတော်မှုခဲ့ရာ ယနေ့တိုင် တည်ရှိရာ အခြေပြုလာခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချက်ဖြင့် ၃၁ ဘုံအမှန်တကယ် ရှိသည်ဟု လည်း ထောက်ပြနိုင်သည်။)

သိုက်အကြောင်းကိစ္စပြန်ဆက်မည်။ စာဖတ်သူတို့ စတုမဟာရာဇ်ဘုံ သဘောကို သိရှိပြီဆိုလျှင် သိုက်တွင်စောင့်ကြပ်သော နတ်များကို သိရှိပြီဟု စာရေးသူယုံကြည်သည်။ သိုက်စောင့်နတ် အမျိုးမျိုး အထွေထွေ အားလုံး သည် ဘုရား ထာပနာဖြစ်ပါကလည်း တာဝန်ရှိသဖြင့် လာရောက် စောင့်ကြပ်ပေးရခြင်း ရှိ၏။ နတ်တို့နှင့် မပြီးသေးချေ။ ဘုရားထာပနာစောင့်ကြပ် ရသော မြွေ၊ နဂါးစသည်ဖြင့် အမျိုးမျိုးရှိချေသေး သည်။
တိရစ္ဆာန်၊ ဗြိတ္တာ နှင့် အသူရကာယ်တို့လည်း ပါဝင်ချေသေးသည်။ ထို ဘုံသားတို့သည် လူဖြစ်စဉ်က (သေခါနီးအချိန်) လောဘဇောတက်ကာ ပိုင်ဆိုင်သော (ဝါ) ပိုင်ဆိုင်လိုသော ပစ္စည်းဥစ္စာကို အစွဲပြုပြီး သေမည်ဆိုလျှင် ထိုပစ္စည်းဥစ္စာ တည်နေရာ နှင့် ဒြပ်ဝတ္ထုတို့တွင် မကြွတ်မလွတ်နိုင်ပဲ တိရစ္ဆာန်သော် လည်းကောင်း၊ ဗြိတ္တာသော်လည်းကောင်း၊ အသူရကာယ်သော် လည်းကောင်း ဖြစ်ကြရ သည်။ ဥစ္စာတို့ကို စောင့်ကြပ်ရသည်။

လှပသော မိန်းကလေး တို့ကို တောထဲတွင် တွေ့လျှင် ဥစ္စာစောင့်ဟုဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ထို ပစ္စည်းဥစ္စာကိုအစွဲပြုပြီး သေလွန်ကြသဖြင့် မကျွတ် မလွတ်နိုင်သော ဗြိတ္တာနှင့် အသူရကယ် (သို့) စတုမဟာရာဇ် ဘုံသားများ ဖြစ်ရချေသည်။ သူတို့စောင့်ကြပ်သော ပစ္စည်း ဥစ္စာ အပေါ် နှောက်ယှက် လိုသူတို့ နှင့် ကြုံတွေ့ရသော် နည်းလမ်း အမျိုးမျိုးဖြင့် ခြောက် လှန့်မောင်း ထုတ်ရချေသည်။

အထက်ပါ ရှင်းလင်းချက်သည် ဒြပ်ဝတ္ထုသာရှိသေးသည်။ သက်ရှိ သတ္တဝါတို့အား စွဲလမ်းမှု ၊စောင့်ကြပ်မှု ရှိသေးချေသည်။ သာဓကတစ်ခုအရ အမျိုးသားတစ်ဦးသည် သူချစ်သော အမျိုးသမီးကိုစွဲလမ်းစိတ်ဖြင့် သေလွန်သည်ရှိသော် ကောင်းရာဘုံဘဝသို့မရောက်နိုင်ပဲ လောဘ
စိတ်အခြေခံ ပဋိသန္ဓေကြောင့် အသူရကာယ်၊ ဗြိတ္တာကဲ့သို့သော ဘုံဘဝသို့ရောက်ရသည်။

ထိုကဲ့သို့သော အခြေအနေတွင် သူချစ်ရသော မိန်းကလေးကို အများသူကာ အန္တာရယ်မှ လွတ်ကင်းအောင်ကူညီခြင်း၊ သို့တည်းမဟုတ် အခြားသူတစ်ဦးနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်သဖြင့် လိုက်လံနှောင့် ယှက်ခြင်း များ ပြုတတ်ချေ သည်။

ဤတွင် အကြောင်းမဲ့ခံရသည် မဆိုလို။ ထိုကဲ့သို့ နှောက်ယှက်မှုကို ခံရရန် ကံပါမှလည်း လိုက်လိုက်နှောင့်ယှက် (သို့မဟုတ်) ကူညီဖေးမမှုကိုခံရသည်။

(ဥပမာနောက်တစ်ခုအရ။ ။ သေသောကလေး (ကလေးခြောက်)က ဘုံဘဝစွဲလမ်းသဖြင့် အမေ့ကို အိပ်မက်ပေးခြင်း၊ အတိတ်စိမ်းပေးပြီး ကူညီခြင်းမျိုး)

ထိုအချက်နှင့် လည်း မလုံလောက်သေးချေ။ တစ်ခါတစ်ရံ ဝဋ်ကျွေးကြောင့် လည်း မိမိလုပ်ဆောင်ချက်များကို တားဆီးပိတ်ပင်မှုခံရသည်။
ဥပမာတစ်ခုအရ ဘုရားဟောဇာတ်တော် တစ်ခုတွင် အမျိုးသမီးတစ်ဦးသည် အရိယာတစ်ဦး ကို နှုတ်ရေးဖြင့် ဆဲရေးတိုင်းထွာပြုမိသောကြောင့်သူဆဲခဲ့ဖူးသည် ပြည့်တန်ဆာ မ ဟူသော စကားလုံးအတိုင်း ဘဝပေါင်းများစွာ ပြည့်တန်ဆာ အမျိုးသမီး၊ ယုတ်ညံ့သော တိရစ္ဆာန် ဖြစ်ရသည်။

ဘုရင်သမီးတော် ဖြစ်သည့် ဘဝတွင်ပင် ရုပ်ရည်ချောမောသဖြင့် နိုင်ငံပေါင်း များစွာက လိုလားကာ စစ်မက်ဖြစ်မည်ကို ဘုရင်က ကြောက်လန့်သဖြင့် မည်သူကိုမှ မပေးစားနိုင်ပဲ ထိုနိုင်ငံဘုရင်၊ အိမ်ရှေ့မင်းသား များအတွက် ပြည့်တန်ဆာ သဘောမျိုး သာ ပျော်တော် ဆက်ဖြစ်စေ ခဲ့သည်။ (နောက်ဆုံး ဘဝတစ်ခုတွင် ထိုအမျိုးသမီးလည်း မဂ်ဖိုလ်နိဗ္ဗာန်ရောက် ရချေသည်။) (ဘုရားဟောဇာတ်တော်ဖြစ် သည်။ အတိအကျ သိလိုသော် မေးနိုင်ပါသည်။)

ဆိုလိုသည်မှာ ဘဝတစ်ခုတွင် ပြုခဲ့မိသော အကုသိုလ်ထူးတစ်ခုကြောင့် ဘဝဆက်တိုင်းတွင် မပြတ်နိုင်ပဲ တူညီစွာပင် ဝဋ်ကျွေးဆပ်ရခြင်းမျိုးဖြစ်သည်။ ကုသိုလ်ထူးကြောင့်လည်း ဘဝဆက်တိုင်း အကျိုး ပေးကောင်း ရခြင်း မျိုးလည်းရှိသည်။

အိမ်ထောင်ရေးအမြဲ အဆင်မပြေ ဖျက်လိုဖျက်ဆီး ခံရသည်ဆိုခြင်းမှာ သိုက်စောင့်ကြောင့်သော် လည်းကောင်း၊ မိမိရှေးဘဝက ကြီးမားသော အိမ်ထောင်ရေးရာ နှောင့်ယှက်ကျူးလွန် သည့် အကုသိုလ်ကံတစ်ခုခုကြောင့် ဖြစ်ကြောင်း သိနိုင်သည်။

(ဥပမာ- သူတော်ကောင်းတို့ မဂ်လာကိစ္စခမ်းနားကို ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်းမျိုး)

အိမ်ထောင်ရေးတစ်ခုတွင်သာမဟုတ် သက်ဆိုင်ရာသက်ဆိုင်ရာ အကြောင်းအရာ ကိစ္စရပ်တိုင်း တွင် ရှေးဘဝအကြောင်းကိစ္စ (ကံ) ကြောင့် ဝဋ်တစ်ခုသဖွယ် ဆက်တိုက်ခံရခြင်းဖြစ်သည်။

ဥပမာ- ချမ်းသာရန် အခွင့်အမြဲကြုံသော်လည်း အမြဲလိုလို ဆင်းရဲရခြင်း၊ ဆင်းရဲရန် အကြောင်း အမြဲကြုံသော်လည်း ကူညီဖေးမမှု (ဝါ) ကံထောက်ပံ့မှုကြောင့် အမြဲချမ်းသာရခြင်း စသည်ခြင်းမျိုးဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မည်ကဲ့သို့သော ပုဂ္ဂိုလ်သိုက် စောင့်စောင့်၊ ကံဝဋ်ကျွေးမည်မျှပင် ကျန်ကျန် မိမိလုပ်ဆောင်ရမည်ဖြစ်သော ကုသိုလ်ကောင်းမှုနှင့် ကျင့်ကြံအားထုတ်ရမည်ဖြစ်သော မဂ်ဖိုလ်တရားများကို အစဉ်တစ်စိုက် ပွားများကျင့်ကြံအားထုတ်ရချေမည်။

ဘဝများရှည်လျားလှသည်။ ဝဋ်ကြွေးများ ပေါလှချေသည်။ ကောင်းမှုရှိသလို၊ မကောင်းမှုရှိ သဖြင့် ဘုံအထွေထွေတွင် ကျင်လည်ပြီး ဝဋ်ခံကြရသည်။ ထို ဘုံ၊ ဝဋ် များမှ ကျွတ်လွတ်အောင် ၊ အကုသိုလ်ကံ အကျိုးများ အဟော သိကံဖြစ်အောင် နိဗ္ဗာန်ဝင်နိုင်ရန် ပွားများကြင့်ကြံရချေ မည် ဖြစ်သည်။ ဝဋ်ကြွေးသည် နိဗ္ဗာန် ဝင်ခါနီးအထိတွင်ပင် ဆပ်ရမည်ဖြစ်ကြောင်း ကို ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပင် သာဓကအဖြစ် ပရိနိဗ္ဗာန်စံသဖြင့် သိမြင်ရသည်။
သို့သော် နိဗ္ဗာန်သို့ရောက်လျှင် ထိုကြောင်းကျိုးများ လွတ်ကင်းရချေသည်။ သင်ကြားလေ့ လာ ခဲ့သော အဘိဓမ္မာကျမ်းမှ ကိုးကား၍ ကုသိုလ်ဖြစ် ဆောင်းပါးရေးသား ကုသိုလ်ပြုအပ်ပါသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေတို့ ကြောင်းကျိုးလွတ်ကင်း၊ ဆင်းရဲဝဋ် ကင်းမဲ့သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

October 7, 2013
အောင်ခမ်း (ရိုးရာလေး)
Credit :Yoyarla

Saturday, July 11, 2015

အိပ်မက်တစ်ခုရဲ့ ရာဇ၀င်


မမေ့တတ်သူအဖို့ မမေ့ခြင်းတရားတွေက ဆီးကြိုနေသလို၊ မေ့တတ်သူကိုလည်း မေ့ခြင်းအကျိုးတရားတွေက စောင့်ကြိုနေပါတယ်။

( ကြယ်ခြွေဒဿန)
%%%%%%%%%%%%%%

“ အရှင်ဘုရား၊အရှင်ဘုရား”

တိတ်ဆိတ်ခြင်းကို အာရုံယူနေသော မိမိအဖို့ ပျာယာသော အသံက နှလုံးသားကို လာဆောင့်သလို တည်ငြိမ်စပြုနေသော သမာဓိတို့က အဝေးကို လွင့်စဉ်သွားတယ်။

ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာကို ‘ဒုက္ခ’ လို့ခံယူထားတဲ့သူအဖို့ ဒီတောလေးကို နှစ်သက်မိပေမယ့် တစ်ခါ တစ်ခါ ရွာထဲကကိစ္စတွေကိုတော့ လိုက်လျောရတယ်။

ဒါကလည်း ရဟန်းတို့ရဲ့ကိစ္စဖြစ်နေတော့ ဘာမှမပြောသာပေ။ သို့သော် ကြီးကျယ်သော သာရေး နာရေးတွေမှာ မိမိကို မပင့်ဖို့ ရွာသားတွေကို တောင်းဆိုထားရတယ်။ ရွာနဲ့ မကင်းနိုင်ပေမယ့် ရွာနားက တခြားကျောင်း တွေကိုသာ သွားပင့်ဖို့ မှာထားရတယ်။

အခုလည်း ဘာကိစ္စရှိလာပြီလည်း မသိ။ ကျောင်းအပြင်မှာ ရွာထဲက လူကြီးတချို့နဲ့(၁၀)နှစ်သားအရွယ် ကောင်လေးတစ်ဦးကို တွေ့လိုက်တယ်။ ရွာသူကြီးက…

“ ဒီကလေးက ရွာတောင်ဖျားက ဘုရား၊ သူ့မိဘနှစ်ပါးစလုံး မရှိတော့ ဘူး။ ရောဂါတစ်ခုနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးသွားကြတာ၊ အဲဒါ ခိုကိုး ရာမဲ့နေလို့ အရှင်ဘုရားကျောင်းမှာကလည်း ကိုရင်က မရှိဆိုတော့”

အပေါင်းအဖော်တွေနဲ့ နေရခြင်းဒုက္ခကို ထပ်ပြီး မခံစားချင်တော့သော မိမိအဖို့ အဖော်လည်း မလိုအပ်သလို၊ တပည့်လည်း အလိုမရှိပေ။

ဒါပေမယ့်…

ရွာသူကြီးပြောစကားတစ်ခွန်းက ငြင်းဆန်ရခက်နေပြန်တယ်။

“ရွာထဲမှာဆိုရင် သူများခိုင်းဖတ်ဖြစ်ပြီးတော့ လူဆိုးလူမိုက်ဖြစ်မှာ စိုးတာနဲ့ အရှင်ဘုရားကို လာလှူတာပါဘုရား”

ငြင်းဆန်လိုက်ရင်လည်း မကောင်းတာနဲ့ သူတစ်ပါးအသက်တစ်ချောင်း ကယ်ကောင်းပါတယ်လေ ဟူသော အသိဖြင့် ကယ်တင်လိုက်ဖို့ဆုံးဖြတ် လိုက်ပါတယ်။

တောကျောင်းနေ မိမိအဖို့ သပိတ်၊သင်္ကန်းက အပိုမရှိပေ။

“ဒီကလေး သာသနာတော်မှာနေဖို့ လိုအပ်တာ တပည့်တော် လှူပါမယ် ဘုရား”

လာလျှောက်သောဒကါကြီးက တာဝန်ယူတယ်။ ဒီလိုနဲ့ မိမိရဲ့တောရ ကျောင်းလေးမှာ ‘သုခ’ ဆိုသော သာမဏေလေးတစ်ပါး တိုးလာခဲ့တယ်။

အပြောအဆို၊အနေအထိုင်၊တည်ငြိမ်သလို မိမိစကားကိုလည်း လိုက်နာ သဖြင့် ကိုရင်သုခနှင့် အဆင်ပြေလှ၏။ ပရိယတ္တိစာပေ အခြေခံရအောင် ပရိတ်ကြီး၊ သဒ္ဒါ၊
သဂြိ င်္ုလ်စတဲ့ စာပေတွေကို အချိန်လေးသတ်မှတ်ပြီး သင်ပေး ဖြစ်တယ်။

အပြင်အာရုံထိတွေ့မှုက နည်းသဖြင့် ကိုရင်သုခ စာလည်းအတော်သွား သလို အရာရာကိုလည်း အလိုက်သိတယ်။

“ ဆရာတော်ဘုရား.. ရွာတွင်းကို ဆွမ်းခံမကြွပါနဲ့ဘုရား၊ မိုးတွင်းဘက် ဆိုတော့ လမ်းတွေက မကောင်းတော့ လမ်းသွားရင်း ချော်နေပါ့မယ်၊ တပည့် တစ်ပါးတည်း ဆွမ်းခံကြွပြီးဆွမ်းခံကျွေးပါရစေ”

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဘ၀ငြိမ်းချမ်းမှု၊ပူလောင်မှုသည် သူနေ ထိုင်သော ပတ်ဝန်းကျင် ဓလေ့စရိုက်နဲ့လည်း ဆိုင်တယ်လို့ အဘိဓမ္မာရဲ့ သဘောမှာဆိုထားတယ်။

အခုလည်း ကိုရင်သုခ အဖို့ ဆန့်ကျင်ဘက်နှစ်ခုဖြစ်သော ပတ်ဝန်းကျင် ကို မြင်နေရပြီ။ ဆရာအရှင်ရဲ့ တောရကျောင်းရိပ်သည် အေးမြမှုရှိသ လောက် ရွာတွင်းသို့ကြွသွားသောအခါ အပူငွေ့တချို့က သူ့ရင်ကို လာ လာရိုက်ခတ်တယ်။

“ကိုရင်… ညနေကျရင် အိမ်ကိုကြွပါဦး၊ အအေးကပ်ချင်လို့”

“ ဆွမ်းဟင်း မကျက်သေးလို့ ခဏစောင့်ပါဦးဘုရား၊ အမေက ကိုရင့်ကို ဆွမ်းဟင်းလောင်းဖြစ်အောင် လောင်းဖို့ သမီးကို အဲ…တပည့်တော်မကို မှာထားတယ်”

ဒီအခင်းအကျင်းလေးတွေကြားမှာ ကိုရင်သုခရဲ့ စိတ်တွေက ယောက်ယက်ခတ်လာတယ်။ အနာသိရင် ဆေးရှိတယ် ဆိုပေမယ့် အနာဆိုတဲ့ အရာကြီးကို အနာလို့မမြင်တတ်တော့ ဆေးဆိုတာလည်း မသိခဲ့ပေ။

“ကိုရင်သုခ က ချစ်စရာလေး၊ အသားလေးကလေးဖြူ၊ မျက်ခုံးလေး ကလည်းစင်းနေတော့”

ဒီလို ၀ါကျလေးတွေဆိုရင် သုခရဲ့အာရုံတွေကို အလုပ်ရှုပ်စေခဲ့တယ်။ တစ်ခါတလေ ဆရာတော်ကို ပြုလုပ်ပေးနေကျ ၀တ်ကြီးဝတ်ငယ်ကိစ္စတွေ ပေါ့လျော့လာတယ်။ နှစ်ပေါင်းများစွာ ဗုဒ္ဓရဲ့ဓမ္မတွေ နှလုံးသားထဲမှာ ဦးနှောက်ဆီမှာ သိမ်းဆည်းလာခဲ့ပေမယ့် တကယ်တမ်းကျတော့ သံယောဇဉ် ဆိုတဲ့ မီးကိုငြိမ်းဖို့ရာ ကိုရင်သုခ နှလုံးသားက ကာဆီးထားတယ်။

“သာသနာ့ဘောင်မှာ နေတာ အကုသိုလ်တွေများပြီလား”

ဒီအတွေးတွေက ညဥ့်နက်အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်တယ်။ နဂို ကတည်းက ဓမ္မဖြင့်နေသားကျဖို့ ခက်ခဲတဲ့ နှလုံးသားကို ပတ်ဝန်းကျင်ရဲ့ အာရုံတွေက လာနှောင့်ယှက်တော့ ယိမ်းယိုင်စပြုလာတယ်။

“ကိုရင် ရွာထဲက ပြန်လာတာ နောက်ကျပါလား”

“အရှေ့ကျောင်းကို ခဏသွားတာပါဘုရား”

ဆရာတော်ကိုပင် အဖြူရောင်မုသားတွေကျဲပတ်မိတယ်။

“သီလ၊သမာဓိ ရှိတဲ့ ပုဂ္ဂိုလ်အနားမှာ ငါ နေလို့သင့်တော်ပါ့မလား”

ကိုရင်သုခအတွေးတွေက တိမ်များလို့ လွင့်မျောလို့။ ဆရာသခင်က တော့ဘုရားရှေ့မှာ ကမ္မဋ္ဌာန်းထိုင်နေတယ်။ ဆရာတော်ဘ၀နဲ့ မိမိဘ၀က ဆန့်ကျင်ဘက်။ ကိုရင်သုခ တစ်ခုခုကို ဆုံးဖြတ်လိုက်တယ်။ ဆရာတော် တရားဖြုတ်တာနဲ့…

“ဆရာတော်ဘုရာ…တပည့်တော် သာသနာ့ဘောင်မှာ မပျော်တော့ ဘူးဘုရား”

ရှင်လိင်ပြန်၊ထောင်ကထွက် မိန်းမရသော ရက်တွေဟာ ယောင်္ကျား သားတို့အဖို့ အပျော်ဆုံးရက်များအဖြစ် သတ်မှတ်ကြရတယ်။ ယခု သုခ အဖို့ တော့ရှင်လိင်ပြန်လို့ ပျော်ရသလို၊ မိန်းမရလို့လည်း ပျော်ရွှင်ရပြီး အချိန်ကာ လပေါင်းများစွာ ချုပ်တည်းစွာ နေခဲ့ရာမှ လွတ်လပ်ခြင်းတို့နှင့် ထိတွေ့ရတော့ ကြည်နူးမိတယ်။

ဣနြေ္ဒသိက္ခာကို ချုပ်တည်းရခြင်း၊ အမြင်အာရုံတွေကို ခြိုးခြံရမှုတို့ကို အတားအဆီးမဲ့ သွန်ပစ်လိုက်တယ်။ ဘ၀နှင့်ရင်း၍ ရခဲ့သော ကိုယ်ကျင့် သီလတွေကို ဈေးပေါပေါဖြင့် ချိုးဖောက်လိုက်တယ်။ အဲဒါကိုပင် အရသာ လို့ ထင်မိတယ်။

ပြည်တန်သော ပတ္တမြားကို ဓားသွေးကျောက်အဖြစ် လဲလှယ်လိုက်ရ သလို စင်ကြယ်လှသော ကိုယ်ကျင့်တရာတွေကို ကာမဂုဏ်ဖြင့် အပေးအယူ လုပ်လိုက်တယ်။ အဲဒါကိုပင် ဘ၀ရဲ့ချမ်းသာမှု ဟု သုခ ကထင်တယ်။

သူ့ဘ၀တွင် တောရကျောင်းလေးအစား ဆူညံသောအိမ်တွေက အစားဝင်လာတယ်။ ဖြူစင်သော သီလ အစားမည်းညစ်သော ဒုစရိုက်တရား တို့က နေရာယူလာတယ်။ အလင်းရောင်ရှိရာ အရပ်မှ အမှောင်လမ်းသို့ ဦးတည်လိုက်တယ်။ အဲဒီအမှောင်လမ်းမှာ ကြုံတွေ့တဲ့ ခလုတ်တိုက်တာကိုပဲ သူက အရသာတွေ့နေမိတယ်။

ကာမဂုဏ်ဆိုတာ ဆားငန်ရည်လို့ ဆရာတော်က ပြောခဲ့ဖူးပေမယ့် သူ့အတွက်သောက်ကောင်းခဲ့တယ်။ ဒီလိုနဲ့ ရိုးသားပြီး ကြိုးစားမှုကြောင့် သူတို့လင်မယား အတော်အသင့် အဆင်ပြေလာတယ်။

“မယားအားပေး၊ယောင်္ကျားဓားသွေး” ဆိုသည့် စကားအတိုင်း ချစ်ဇနီး ရဲ့အားပေးမှုကြောင့် သုခကလည်း အလုပ်တွေကို ကြိုးစားပြီး လုပ်ခဲ့တယ်။
မောရ ပန်းရမှန်းတောင် မသိခဲ့ပေ။

နှစ်တွေကြာလာတော့ အတော်အတန် ပြည့်စုံလာတယ်။ စားဖို့ သောက်ဖို့ အဆင်ပြေလာသလို ပိုတာလေးတွေကိုပင် ဇနီးဖြစ်သူက ရွှေလုပ်သင့်တာလုပ်၊ အတိုးပေးသင့်တာပေးတယ်။ စီးပွားဥစ္စာတင် ပြည့်စုံ လာသည်မဟုတ်။ သားသမီးဆိုတဲ့ အစွဲလေးတွေက ၀င်လာတော့ သူတစ်ပါး နှင့်မတည့်ချင်တော့။

အရင်က ရိုးသားခြင်း၊ အားနာခြင်း၊ သနားတတ်ခြင်းဆိုတဲ့နေရာတွေမှာ ကိုယ်ရဖို့ အတ္တတစ်ခုကို ရှေ့တန်းတင်လိုက်တော့ ဦးသုခ ဆိုတဲ့နာမည် ပျောက်ပြီး တချို့က ကွယ်ရာမှာ ဦးဒုက္ခလို့တောင် ခေါ်လာကြပြီ။

မိတ်ဆွေတွေက ရန်သူဖြစ်လာတယ်။ ဘယ်သူ့ကိုမှလည်း သိပ်ပြီးတော့ မယုံကြည်ချင်တော့။ ခြံဝင်းကို အသေအချာလုံအောင် ခတ်တယ်။ သား မယားတွေကို အသွားအလာသတိထားဖို့ ပြောတယ်။

တစ်ခါတစ်ခါ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်မှာ စိုးတာနဲ့ လက်ရင်းတပည့်လေးတွေကို မွေးထားရတယ်။ စီးပွားဥစ္စာကို စောင့်ရှောက် ရင်း အသက်ချမ်းသာအောင် မွေးမြူရတယ်။ ဒုက္ခ က ဆင်းရဲမှန်းတော့ ရိပ်မိ တယ်။ ဒါပေမယ့်…

သူတစ်ပါးခေါင်းပေါ်မှာပဲ နေချင်တော့ အဲဒီဒုက္ခကပဲ ခံတွင်းမြိန်လှ သလိုဖြစ်နေတယ်။ တစ်နေ့ သူ့ကို ကြည့်မရသူက သူတို့မိသားစု အိပ်ပျော် နေချိန်မှာ သူ့အိမ်ကို မီးနဲ့လာရှို့တယ်၊ ရုတ်တရက်ဆိုတော့ သူဘာမှ မတတ် နိုင်လိုက်ပေ။

သားမယားကို လက်ဆွဲပြီး သူအလွတ်ရုန်းရတယ်။ ဘာပစ္စည်းမှ မရလိုက်။ သုခ ကို ဒီလိုလုပ်လို့ဘယ်ရမလဲ။ သူနီးရာ ဓားဆွဲကာ သူ့ရန်သူနောက် လိုက်သွားတယ်။ ဒေါသ တရားတွေက ထိန်းမနိုင်၊သိမ်းမရ။ နောက်ဆုံး လူသတ်ခြင်းတည်းဟူသော ကံက သူ့ကို အကျဉ်းထောင်ထဲ ပို့လိုက်တယ်။

အထီးကျန်ခြင်း၊ ဒုက္ခရောက်ခြင်းဆိုတဲ့ ဘေးနှစ်ခုကြားမှာ သူ့ဇနီးချောကို သတိရနေမိတယ်။ ထောင်ဝင်စာ လာမတွေ့တာကိုပင် သူ စိတ်မနာရက်နိုင်ပေ။

ဒီလိုနှင့် ရာသီတွေအလီလီပြောင်းပြီး အချိန်တွေနှောင်းတော့ သူအပြစ် ကလွတ်လာတယ်။ ရိုးရိုးသားသားနေပြီး ဘ၀ကို အသစ်တစ်ဖန် ပြန်စမည် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူရွာကိုပြန်ခဲ့တယ်။ ရွာရောက်တော့ သူ့ကို ချစ်လှပါတယ်ဆိုသော ဇနီးချောက နောက်တစ်ဦးနဲ့ဖောက်ပြန်ကာ ရွာမှ ထွက်သွားတာကြာပြီ တဲ့။

မုန်တိုင်းကို ရင်ထဲမျိုထားရသလို ဆောက်တည်လို့မရ၊ နဂိုကတည်းက တစ်ကောင်ကြွက်၊ တစ်မျက်နှာဆိုတော့ ဆွေမျိုးတွေမရှိဘူး။ အရင်က သူ့ပေးကမ်းစာနဲ့ ရှင်သန်နေသူတွေ အိမ်သွားတော့ အရင်လိုကြည်ကြည်လင် လင်မဟုတ်ကြတော့။ သရုပ်ဆောင်တစ်ယောက်လို သူ့ကို ဆက်ဆံတယ်။

သူ့ပုံကလည်း နိမိတ်ကြီးလေးပါးတစ်ပါးမှ မလွတ်ခဲ့။ ကျန်းမာရေးတွေ ကညံ့ဖျင်းလာတယ်။ ဒီကြားထဲ မိုးက မိတော့တစ်ကိုယ်လုံးဖျားပြီး ဘယ်အိမ် မှာတည်းရမလဲလို့ စဉ်းစားလိုက်တော့ တစ်အိမ်မှ အဆင်မပြေဘူးဖြစ် နေတယ်။

ရုတ်တရက် သူငယ်စဉ်ကဆရာတော်ကို သတိရလိုက်တယ်။
မိုး ကလည်းအတော်ချုပ်နေပြီ။

“ဟုတ်ပြီ…ငါဆရာတော်ဆီကိုသွားမယ်”

ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ သူ့ဆရာတော်ရဲ့တောရကျောင်းလေးကို လျှောက်လှမ်းခဲ့တယ်။ တောရကျောင်းလေး မရောက်ခင်မှာပဲ သူမေ့ကျသွား တယ်။ သူ့နှုတ်ကလည်း…

“ဆရာတော်ဘုရား…တပည့်တော်ကို ကယ်ပါဦး”

“ဟဲ့…ကိုရင်သုခ ဘာတွေယောင်နေတာလဲ”

ကိုရင်သုခ ထထိုင်လိုက်တယ်။ နောက်ဆရာတော်ကို ရိုသေစွာကန် တော့ပြီး သူ့အိပ်မက်ထဲက အကြောင်းတွေပြောပြလိုက်တယ်။ ကိုရင်သုခ စကားဆုံးတော့ ဆရာတော်က…

“အင်း…သုပိနကူပမာ ကာမာ တဲ့။ ကာမဂုဏ်တရားဆိုတာ အိပ်မက် နဲ့ တူတယ်လို့ မြတ်စွာဘုရားက ဟောထားတယ် သုခ၊ မင်းအိပ်မက်ထဲမှာ သူဌေးဘ၀ ဖြစ်ခဲ့ပြီ။ သားမယားတွေနဲ့လည်း ပျော်ခဲ့ဖူးပြီ၊ ဥစ္စာပစ္စည်းတွေ ရခဲ့ဖူးသလို ပျက်စီးတာလည်း ခံဖူးပြီ၊ လောကီ အပြစ်ဒဏ်တွေလည်း ခံဖူးပြီ”

“တင်ပါ့ဘုရား”

“အိပ်မက်ထဲမှာ ဘ၀မျိုးစုံ မင်းကြုံခဲ့ဖူးပြီ မဟုတ်လား၊ မင်းကြုံခဲ့သမျှ အရာတွေဟာ ခုနေပြန်စဉ်းစားရင် အိပ်မက်တစ်ခုလိုပဲ ဘာမှ မကြာလိုက်ဘူး မဟုတ်လား”

“ဟုတ်ပါတယ်ဘုရား”

“တကယ်လို့သာ အဲဒီအိပ်မက်ထဲကအတိုင်း မင်းရဲ့သား သမီး၊ဇနီးတွေ နဲ့ပြန်ပြီးတော့ နေရဦးမယ်ဆိုရင် အဲဒီ ပစ္စည်း ဥစ္စာတွေကြောင့် ရတဲ့ဒုက္ခ၊ မိသားစုနဲ့ ကွေကွင်းရခြင်း ဒုက္ခတွေ မင်းပြန်ခံစားရဦးမှာပဲ၊ အဲဒီအိပ်မက်တွေ ထပ်ပြီးတော့လည်း မမက်ချင်နဲ့တော့၊ ပြန်ပြီးတော့လည်း အိပ်မနေပါနဲ့တော့ ကွာ၊ ဟိုမှာ ရောင်နီတွေလာနေပြီ၊ အလင်းရောင်လာတော့မယ်၊ အိပ်မနေနဲ့တော့ကွာ”


Shared from ခြူးပန်းအိမ် (FB)

စိတ်ထားတတ်အောင်


အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။ သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဉာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့စိတ်နဲ့၊ အစားအသောက်နဲ့ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။ အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။

🌹🌹🌹
အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက် တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အ၀တ်အစား အထူးအဆန်းတွေ အများကြီးဝတ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအ၀တ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့်ပုဂ္ဂိုလ်နဲ့လည်း ဒီအ၀တ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေးသုံးပြီးတော့ ၀တ်မှာပဲနော်။ အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။ ကိုယ်ဝတ်တဲ့အ၀တ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။

🌹🌹🌹
ပစ္စုပ္ပန်မှာ စိတ်ကိုထားတတ်တဲ့အလေ့အကျင့် များလာရင် အဲဒီလူဟာ အပိုကိစ္စတွေကို လျှော့တတ်လာတယ်။ အပိုစကားပြောတာတွေ၊ အပိုခရီးသွားတာတွေ၊ အကျိုးမရှိဘဲနဲ့ထိုင်တွေးပြီင်္း ပူနေတာတွေလည်း လျှော့သွားတယ်။ စိတ်က ပိုရှင်းလာတဲ့အတွက် တစ်ခုခုကိုလုပ်စရာရှိလို့ စဉ်းစားရမယ်ဆိုရင် သူသိပ်အချိန်ကြာကြာ စဉ်းစားမနေရဘူး။ ချီတုံချတုံဖြစ်ပြီး အချိန်ကုန်မသွားဘူး။ သတိရှိလို့ သမာဓိလည်း ကောင်းလာတဲ့အခါ၊ စိတ်လည်း ကြည်လင်အေးချမ်းလာတဲ့အခါမှာ လုပ်စရာကိစ္စတစ်ခုခုရှိလို့ အေးအေးဆေးဆေး အာရုံပြုလိုက်ရင် ဘယ်ကိစ္စ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် အဖြေထွက်လာတယ်။ အဲဒါကိုက အချိန်ကုန်တော်တော် သက်သာသွားတာ၊၊ အပိုလုပ်လို့ အလုပ်ပိုတာ…။ ခြေတစ်လှမ်း တစ်ချက်လောက်သိတယ်ဆိုရင်ကိုပဲ အင်မတန် အကျိုးများပါတယ်။ ဒါက လုပ်မကြည့်သေးဘဲနဲ့တော့ မသိဘူးနော်၊လုပ်ကြည့်လာတဲ့အခါကျမှ တကယ့်ကိုအကျိုးများတာကို သိလာလိမ့်မယ်။

🌹🌹🌹
သာမန်အခြေအနေမှာ လူတွေဟာ တစ်ခုခု စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ သဘောမကျစရာ၊ စိတ်ပင်ပန်းစရာတွေ တွေးနေတတ်တယ်။ အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ၊ တွေးနေတာပဲ။ သတိနဲ့သိပြီးတော့ နေသွားခြင်းအားဖြင့် အဲဒီအတွေးတွေဟာ နည်းနည်းတော့ လျော့သွားတယ်။ အတွေးနည်းနည်းလျော့သွားရင် စိတ်က နည်းနည်းကြည်လာတယ်။ စိတ်နည်းနည်း အေးချမ်းလာတယ်။ စိတ်မှာ ပင်ပန်းမှု နည်းနည်းလျော့သွားတယ်၊၊ မိုးလင်းကတည်းက၊ အိပ်ရာနိုးကတည်းက ကိုယ့်ရဲ့စိတ်အခြေအနေ Mood ကို ပြုပြင်ထားရမယ်။ နိုးရင် နိုးနိုးချင်း တရားရှုမှတ်လိုက်ရင် သတိ၊ သမာဓိ ကောင်းလာပြီး စိတ်ကြည်လင်အေးချမ်းလာပြီးတော့ တည်ကြည်ခန့်ညားတဲ့၊ အေးချမ်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ Mood မျိုးရလာတယ်။ အဲဒီ Mood လေးကို အပျက်မခံဘဲ ထိန်းသွားရမယ်။ အဲဒီလို တစ်နေ့တာလုံး တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမှုရှိတဲ့၊ တည်ကြည်မှုရှိတဲ့၊ မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရားထိုင်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ သတိ၊ သမာဓိကို ရတယ်၊၊

🌹🌹🌹
ညမှာ တရားအားထုတ်ပြီးမှ အိပ်လို့ရှိရင် မနက်နိုးတဲ့အခါမှာ ပိုပြီး ကြည်လင်လန်းဆန်းတယ်။ တရားအားထုတ်ဖို့လည်းပဲ ပိုပြီးတော့ စိတ်က သတိရတယ်။ လုံ့လ၀ီရိယ၊ သဒ္ဓါတရားလည်းပဲ ပိုပြီင်္းတော့ အားကောင်းလာတယ်။ အိပ်နေရင်းပဲ အသက်ရှုတာလေးကို သိပြီးတော့ နေလိုက်ပါ။ စိတ်ကတော့ ထုံးစံအတိုင်းပဲ ဟိုကိစ္စ၊ ဒီကိစ္စ တွေးဦးမှာပဲ။ တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်ကသိလိုက်ပါ။ သိပြီးရင် “ဘာမှ မထူးပါဘူး” ဆိုပြီးတော့ အသာလေးစိတ်ကို လျော့ချလိုက်ပါ။ ကိုယ့်ကိုယ်ကို စိတ်မဆိုးပါနဲ့။ ပြန်ပြီးတော့ အသက်ရှုတာလေးကို သတိကပ်ပြီးတော့ ထားလိုက်ပါ။ ခန္ဓာကိုယ်ကိုလည်းပဲ ခြေတွေလက်တွေကို အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်အောင် လျှော့ပြီးတော့ ချထားပါ။ နေရာအနေအထားကိုလည်း အသက်သာဆုံး ဖြစ်သွားအောင် ပြင်လိုက်ပါ။ ခေါင်းအုံးကအစ နိမ့်လွန်းရင်လည်း မကောင်းဘူး။ မြင့်လွန်းရင်လည်း မကောင်းဘူး။ အဲသည်လို ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ထားပြီး အိပ်လျက်ကလေးပဲ တရားအားထုတ်ပါ။ ဒီလိုတရားအားထုတ်ရင်း၊ တရားအားထုတ်ရင်းနဲ့ပဲ အိပ်ပျော်သွားပါစေ…။

🌹🌹🌹
စာကျက်ခါနီးမှာ တရားထိုင်တယ်။ တရားထိုင်ပြီးမှ စာကျက်တယ်။ အဲဒီလိုလုပ်တော့ စာတွေကို ပိုပြီးတော့ မှတ်မိတယ်။ ပိုပြီးတော့ သဘောပေါက်တယ်။ တော်တော်နဲ့ မမေ့ဘူး။ အိပ်ခါနီးမှာလည်း အိပ်ရာထဲမှာ တရားမှတ်ရင်းနဲ့ အိပ်တာပဲ။ စိတ်ထဲမှာလည်း ရှင်းသွားတယ်။ ခန္ဓာကိုယ်ထဲမှာလည်း ရှင်းသွားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတယ်၊၊ တရားကတော့အားထုတ်နေမှာပဲ။ ကိုယ်သိနိုင်တဲ့အကျိုးက ရနေတာကိုး။ အသိဥာဏ် ထက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စိတ်ချမ်းသာတယ်။ ဘာမှမတွေးပဲနဲ့ ဒီလိုသိနေတဲ့အခါမှာ စိတ်က အင်မတန် အေးချမ်းနေတယ်။ တခြားနည်းနဲ့ပျော်မယ့်အစား အဲသလို တစ်နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးကလေး နေပြီးတော့ တရားနဲ့ပဲ ပျော်လာတာပဲ။ စိတ်တည်ငြိမ်အေးချမ်းမှုနဲ့ အသိဥာဏ်နက်နဲမှုဟာ အင်မတန် အရသာရှိတယ်။ အင်မတန် ကျေနပ်စရာကောင်းတယ်။✌✌

➖➖➖🔹🍄🍄🔹➖➖➖

💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫ ▫ ၏ ▫ ▫
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

Sunday, July 5, 2015

ဇနီးလေးယောက်ရှိသော ခင်ပွန်းယောင်္ကျား


အမျိုးသား တစ်ဦးမှာ ဇနီးသည် လေးဦး ရှိပါတယ်။ ယင်းထဲက သူက လေးယောက်မြောက် အငယ်ဆုံး မယားကို အချစ်ဆုံး ဖြစ်သတဲ့။ အမြဲတမ်း ဂရုစိုက်တယ်။ ပြုပြင်ချယ်သပေးတယ်။ တတိယမြောက် ဇနီးကို ချစ်တာကျတော့ တစ်မျိုးလေးပါ။ သူ့မိတ်ဆွေသူငယ်ချင်းတွေ နဲ့ တွေ့တဲ့ အခါကျတော့ အမြဲလိုလို ထုတ်ပြ ဂုဏ်ယူချင်ပြီး တတိယ မယားရှိထားခြင်း အတွက်လည်း သူ့ ဂုဏ်ယူသတဲ့။ ဒုတိယမြောက် ဇနီးဖြစ်သူ ကိုကျတော့ သူချစ်တာက နောက်ထပ်တစ်နည်းနဲ့ ဖြစ်ပါတယ်။ သူ ပြဿနာဖြစ်တိုင်း အခက်အခဲတွေ့ ကြုံတွေ့ရတဲ့ အမြဲတမ်း တိုင်ပင်လို့ရတယ်။ အဖြေကောင်းတွေ ပေး တယ်။ ကူညီဖြေရှင်းဖို့အတွက် အမြဲအထောက် အကူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ သူ့ကိုလည်း မခွဲနိုင် ပါဘူး။ သူ့ရဲ့ ပထမ ဇနီး (မယားခေါင်ကြီး) ကိုကျတော့ သူမချစ်ပါဘူး။ ပထမ ဇနီး ကတော့ သူ့ကို ဂရုစိုက်ရှာပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရှိတယ်လို့တောင် အမျိုးသားက သတ်မှတ်ထားသူ မဟုတ်ပါဘူး။

တစ်နေ့တော့ ရောဂါတစ်ခုကြောင့် သေဆုံးခါနီးအချိန်ကို အမျိုးသား ရောက် ရှိလာပါပြီ။ သူ့သေဖို့ အင်မတန် ကြောက်ရွံ့လို့ သူ့ဇနီး လေးဦးထဲမှာ ဘယ်သူတွေ သူနဲ့ လိုက်မလဲလို့ မေးပါတယ်။

အငယ်ဆုံး (လေးယောက်မြောက်) ဇနီးက : မလိုက်နိုင်ပါဘူးရှင် လို့ ဖြေပြီး အခြားဘာမှ မပြောပဲ ထွက်ခွာသွားပါတယ်။

တတိယ ဇနီးက : ရှင်သေရင် ကျမ နောက်တစ်ယောက် ထပ်ယူရုံပဲလို့ ပေါ်တင်ပြောပြီး လှည့်ထွက်သွားပါတယ်။

ဒုတိယ ဇနီးက: ရှင်မသေခင်နဲ့ အုတ်ဂူမသွင်းခင်အထိတော့ ကျမ ပြုစုစောင့်ရှောင့်ပေးနိုင်ပါတယ်။ အတူသေပေးဖို့ ကတော့ ကျမလည်း မတတ်နိုင်လို့ ဝမ်းနည်းပါတယ်။

ပထမ ဇနီးက : ကျမ ရှင်နဲ့ လိုက်ပါမယ်။ ဘယ်တော့မှ မခွဲပါဘူး။

အဲ့တော့ သေလုမြောမြော အမျိုးသားက သူ့ပထမ ဇနီးကို ဂရုမစိုက်ခဲ့ရလေခြင်းဆိုပြီးတော့ နောင်တရပါတော့တယ်။ အကြောင်းက သူ့ပထမ ဇနီးကို သေချာ မပြုစု မကျွေးမွေးခဲ့လို့ ပိန်လို့ ပင်ပန်းနေရှာပါတယ်။ ဒါတောင် လိုက်ဖို့ သေချာဆုံးဖြတ်ထားသူ ဖြစ်နေလေရဲ့

သင်ခန်းစာ -

စတုတ္ထဇနီး ။ ။ အငယ်ဆုံး ဇနီးဆိုတာ မိမိတို့ နေ့စဉ် သယ်ဆောင်နေတဲ့ ကိုယ်ခန္ဓာဖြစ်ပါတယ်။ သေတဲ့တစ်နေ့ကျရင် ယူသွားလို့ မရပဲ ထားခဲ့ရပါမယ်။ မြေကြီးမှုန့်သာ ဖြစ်သွားပါလိမ့်မယ်။

တတိယ ဇနီး။ ။ မိမိတို့ အသက်ရှိရင် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ စည်းစိမ် ဥစ္စာများ ဖြစ်ပါတယ်။ မိမိသေသွားတဲ့အခါ တစ်ပါးသူရဲ့ လက်ထဲကို ရောက်ရှိသွားပါလိမ့်မယ်။ မိမိ မပိုင်တော့ ပါဘူး။

ဒုတိယ ဇနီး။ ။ မိမိရဲ့ မိသားစုပါ။ အသက်ရှိစဉ်၊ အတူနေရစဉ် မိမိအတွက် အကောင်းဆုံး အကြံဥာဏ်များ ပေးအပ်ခြင်း၊ ကူညီပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပေမယ့် အတူတော့ လိုက်သေနိုင်သူများ မဟုတ်ပါဘူး။ ကံရှိလို့သာ ဒီတစ်ဘဝမှာ တွေ့ဆုံ ကြုံတွေ့ ရခြင်း ဖြစ်ပါတယ်။

ပထမ ဇနီး ဆိုတာ

ပထမ ဇနီးဆိုတာ မိမိတို့ ပြုလုပ်တဲ့ ကံ ဖြစ်ပါတယ်။ ကံဆိုတာ မိမိတို့ ပြုလုပ်တဲ့ မကောင်းမှု၊ ကောင်းမှုများ ဖြစ်ပြီး သံသရာမှာ ကြင်လယ်နေရသေးသရွေ့ တစ်လှည့်စီ အကျိုးပေးနေမှာ ဖြစ်ပါတယ်။ မကောင်းမှု များများ ပြုထားသူဟာ မကောင်းတဲ့ ဝဋ္ဋ်ဒုက္ခများကို ကြုံတွေ့ ခံစားရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ အမှုကိစ္စများကို ပြုထားပါက ကောင်းတဲ့ ကံများ၊ ရလဒ်များကို ခံစားရမှာ ဖြစ်ပါ တယ်။ အကယ်၍ ဝိပဿနာ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းဖြစ်တဲ့ တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းတို့ကတော့ မိမိကို သံသရာကနေ လွတ်ကင်းလို့ နိဗ္ဗာန် ရောက်ရှိစေမှာ ဖြစ်ပါတယ်။ ဒါကို လူအများစုဟာ မေ့လျော့ကြပြီး မိမိရဲ့ ဒီပထမ ဇနီး၊ ပထမ ခင်ပွန်းကို ပစ်ပယ်ထားလေ့ ရှိပါတယ်။ မပစ်ပယ်သည့်တိုင် မကောင်းမှုများမှာသာ မွေ့လျော်နေကြတာ များပါတယ်။ မိမိက မခေါ်ရင်တောင် ဘဝဆက်တိုင်းမှာ သူက လိုက်ပါလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယနေ့က စလို့ မိမိတို့ အနေနဲ့ ကောင်းမှု ကုသိုလ် နဲ့ ဝိပဿနာ ကုသိုလ်များကို စတင်ပြုလုပ်နိုင်ကြစေဖို့ အကြံပေး စေတနာဖြင့် ရေးသား တိုက်တွန်း လိုက်ရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

သီလတွေ မပျက်ကြဖို့ ခံတပ်သဖွယ် ကြိုးစားကြပါ


ဖားအာက်တောရဆရာတော်ကြီးက နိုင်ငံခြားကနေ ဖားအောက်တောရမြန်မာဆရာလေးတွေ ငွေကြေးကိုကိုယ်တိုင်ကိုင်တွယ်သုံးစွဲနေကြခြင်း ကပ္ပိယမပါဘဲကိုယ်တိုင်ဈေးဝယ်နေကြခြင်း စတဲ့ သတင်းတွေကြားသိရတဲ့အခါ သြဝါဒကထာတစောင်ရေးသားပေးပို့တော်မူခဲ့ပါတယ်။
သြဝါဒကို ဆရာတော်ကြီး၏ကိုယ်စား ကူမဲဆရာတော်ဘုရားမှ မေတ္တာဝိဟာရီဓမ္မာရုံကြီးပေါ်တွင်ဖတ်ကြားပေးတော်မူခဲ့ပါတယ်။

ဆရာတော်ကြီးက '' မြန်မာနိုင်ငံရဲ့ နေရာအနှံ့တော်တော်များများမှာ သီလကျင့်စဉ်တွေပျက်စီးနေတာ သီလကိုအခြေခံပြီးမှကျင့်ရတဲ့သမာဓိ ပညာစတဲ့ကျင့်စဉ်တွေလည်း ပျက်စီးနေတဲ့အခြေနေမှာ ဖားအောက်တောရက နောက်ဆုံးခံတပ်သဖွယ်နဲ့ ကြိုးစားပြီးခုခံထားကြဖို့ မိမိတို့ကစပြီးသီလတွေမပျက်ကြဖို့ နဲ့ ဖားအောက်တောရကိုစံနမူနာထားပြီးမိမိတို့နဲ့နီးစပ်ရာ နီးစပ်ရာ သူတော်ကောင်းတွေလည်း မိမိတို့ကိုအတုယူပြီးဒီသီလကျင့်စဉ်တွေကိုကျင့်လာအောင် တဖြေးဖြေးနဲ့ မြန်မာတနိုင်ငံလုံးမှာ ဒီသီလကျင့်ဝတ်တွေ ပြန်လည်အသက်ဝင်အောင်
ကြိုးစားကြပါ'' လို့သြဝါဒပေးတော်မူခဲ့ပါတယ်။

မေတ္တာဝိဟာရီဓမ္မာရုံက ဖားအောက်တောရ မြန်မာသီလရှင်များနဲ့ ဖားအောက်တောရ နိုင်ငံခြားသီလရှင်များ အတူတကွစုပေါင်းတရားထိုင်တဲ့နေရာဖြစ်ပါတယ်။ဒီတခါသြဝါဒကိုတော့ ကူမဲဆရာတော်ကမြန်မာဘာသာသက်သက်နဲ့ မြန်မာဆရာလေးတွေကိုသီးသန့်ရည်ရွယ်ပြီးတော့သာမိန့်ကြားခဲ့တာပါ။ ဖားအောက်တောရနည်းအတိုင်း ၁၀ပါးသီလခံယူဆောက်တည်ပြီး သာသနာ့ဘောင်ဝင်လာကြတဲ့ နိုင်ငံခြားတိုင်းပြည်အသီးသီးက သီလရှင်တွေဟာ သီလပိုင်းနဲ့ပတ်သက်လာရင်
သြဝါဒပေးစရာမလိုလောက်အောင်လည်း စင်ကြယ်ကြပါတယ်။ (ဘုရားပေးတဲ့) စည်းကမ်းကို အလွန်အင်မတန်မှလိုက်နာကြသူတွေပါ။

မြန်မာဆရာလေးများလည်း ကျင့်ကြံအားထုတ်နိုင်ကြပါစေ။ ဆရာတော်ဘုရားကြီးရဲ့သြဝါဒ၌ နှစ်သက်ခြင်း ဝမ်မြောက်ခြင်း ရှိကြပါစေ။ ဆရာတော်ဘုရားကြီး မျော်မှန်းထားတော်မူသည့်အတိုင်း သီလသာသနာ သမာဓိ သာသနာ ပညာသာသနာ များလည်း မြန်မာမှာရော ကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘာမှာပါ ဘုရားဟောသည့်အတိုင်း တည်ပါစေ။

_/\_
Chanda Dhika

အဘိဓမ္မာ ဆိုတာ ဘာလဲ


အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။ ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။

အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကားတစင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။

ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်။
စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ်တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။

(သီတဂူ ဆရာတော်)

အဘိဓမ္မာသင်တန်း


လူတွေက အဘိဓမ္မာဆိုတာနဲ့ လန့်သွားတယ်ဆိုတာ ဘုန်းကြီး ၀ါရှင်တန်မှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက အမျိုးသမီးတစ်ယောက်က ဘုန်းကြီးကိုလျှောက်တယ်။

“အဘိဓမ္မာသင်တန်းဆိုတာ အင်မတန် ခက်ခဲတယ်။ တပည့်တော် နားလည်နိုင်မှာ မဟုတ်ဘူးဆိုပြီး သင်တန်းလာမတက်တာပါဘုရား” လို့ ဒီလိုလျှောက်ထားဖူးတယ်။ အမှန်ကတော့ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်သိဖို့ သင်ကြားတဲ့ကျမ်းလို့ ဘုန်းကြီးတို့က ယူဆပါတယ်။ လူတွေက များသောအားဖြင့် ကိုယ့်အကြောင်းကိုယ် သိပ်ပြီးတော့မသိကြဘူး။ သိတယ်လို့ ထင်နေကြတယ်ဆိုပေမဲ့ တကယ်တမ်း ကိုယ်ဘ၀ကလာသလဲ၊ ဘယ်လိုမွေးဖွားလာသလဲ၊ ကိုယ်ရှင်သန်နေတဲ့အချိန်မှာ ဘယ်လိုနေသလဲ၊ သေတော့ ဘယ်လိုသေသလဲဆိုတဲ့ ကိုယ့်ရဲ့သိသင့်သိထိုက်တဲ့အကြောင်းတွေကို မသိကြတာပါ။
ကိုယ်က ဘယ်မြို့ဘယ်ရွာမှာမွေးတယ်၊ ၊ဘယ်သူ့သား၊ နာမည်ကဘယ်လိုခေါ်တယ်၊ ဒီလိုအပေါ်ယံလေးတွေလောက်သာ သိနေကြတာပါ။ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်အသေးစိတ်သိအောင်ဖေါ်ပြတဲ့တရားဖြစ်ပါတယ်။ ဒါကြောင့်လက်တွေ့ဘ၀မှာဆိုလို့ရှိရင် အဘိဓမ္မာကိုသင်ထားတဲ့၊ အဘိဓမ္မာကိုလေ့လာထားတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်နေ နေတာဟာ ကုသိုလ်စိတ်နဲ့နေတာလား၊ အကုသိုလ်စိတ်နဲ့နေတာလားဆိုတာကို ကွက်ကွက်ကွင်းကွင်းသိပါတယ်။ သိတော့ နေ့စဉ်ဘ၀မှာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ စိတ်ကိုဖြူစင်အောင်ထားတတ်လာတယ်၊ ငါဖြစ်နေတာ ကုသိုလ်တွေဖြစ်နေတာလား၊ အကုသိုလ်တွေဖြစ်နေတာလား ကိုယ့်ဟာကိုယ်ရှင်းရှင်းလေးသိတယ်။ ဘ၀ဆိုတာ ဘယ်လိုစသလဲဆိုတာလဲသိတယ်။ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာလဲသိတယ်ဆိုတော့ အဘိဓမ္မာဆိုတာ ကိုယ့်ဘ၀အတွက် ကိုယ်လျှောက်ရမည့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မီးမောင်းထိုးပြလိုက်တာဖြစ်လို့ အဘိဓမ္မာသင်ကြားရတာဟာ သိပ်ပြီးတန်ဖိုးကြီးလှပါတယ်။

(ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ)

အဘိဓမ္မာကို ဆည်းပူးလေ့လာသူသည်


(က) ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့ကို ခွဲခြားသိရှိလာသဖြင့် အကုသိုလ်စိတ် အဖြစ်နည်းပြီး ကုသိုလ်စိတ် အဖြစ်များရန် နှလုံးသွင်းနိုင်လာသည်။

(ခ) စိတ်ကို ခြယ်လှယ်နေသော စေတသိက်တရားများ၏ သဘောကို သိနားလည်လာသောအခါ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသည့် အကုသိုလ် စေတသိက်များ အားနည်းလာအောင် ကျင့်ကြံနိုင်လာသည်။ သဒ္ဓါ၊ သတိ၊ ဟီရိ၊ သြတ္တပ္ပ စသော ကုသိုလ် စေတသိက်များ အားကောင်းလာရန်လည်း အားထုတ်နိုင်လာသည်။

(ဂ) ရုပ်၊ နာမ် တို့ကို ပိုင်းခြား၍ သိသောသူသည် အတ္တ ဒိဋ္ဌိ၊ သက္ကာယ ဒိဋ္ဌိ တို့ကို ကာလ အပိုင်းအခြားအားဖြင့် ပယ်ခွာထားနိုင်၏။

(ဃ) ရုပ်၊ နာမ် တရား တို့၌ ဥာဏ်မျက်စိကန်းနေသော အန္ဓပုထုဇဉ် အဖြစ်မှ ရုပ်နာမ် တရားတို့ကို သိမြင်သော ကလျာဏပုထုဇဉ် အဆင့်သို့ တက်လှမ်းနိုင်၏။

(င) ရုပ်နာမ်တရားတို့သည် အကြောင်းမဲ့ ဖြစ်ပေါ်လာသော တရားများ မဟုတ်၊ ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြသော တရားတို့ တည်းဟု သိမြင်လာသည့် ပစ္စယပရိဂ္ဂဟဥာဏ် ကိုလည်း ရရှိလာနိုင်၏။

ထိုဥာဏ်ကို ရရှိသောအခါ ရုပ်နာမ်တရားတို့သည် အကြောင်းမရှိဘဲ ဖြစ်ပေါ်လာကြသည်ဟူသော အဟေတုကဒိဋ္ဌိ (အကြောင်းမဲ့ဝါဒ) ကိုလည်းကောင်း၊ ထာဝရဘုရား စသော တန်ခိုးရှင်တို့က ဖန်ဆင်းသည်ဟူသော ဣသရနိမ္မာနဒိဋ္ဌိ (ဖန်ဆင်းရှင်ဝါဒ) ကိုလည်းကောင်း ပယ်စွန့်နိုင်၏။

ထို့ပြင် အလုံးစုံကိုသိမြင်နိုင်သော ဗုဒ္ဓမြတ်စွာ ဟူသည် တကယ်ရှိနိုင်ပါ့မလား၊ ငါသည် ရှေးကဖြစ်ခဲ့ဖူးသလား၊ နောင်ဘ၀ တဖန်ဖြစ်ရလေမည်လား စသည့် ယုံမှားမှုအားလုံးကို ကျော်လွှားနိုင်၏။

ဤကဲ့သို့ သက္ကာယဒိဋ္ဌိနှင့် ယုံမှားမှု ၀ိစိကိစ္ဆာတို့ကို ကြာရှည်စွာ ပယ်ရှားထားနိုင်သော ပုဂ္ဂိုလ်သည် သောတပန်နှင့် အလားတူသဖြင့် စူဋ္ဌသောတပန် ဖြစ်ပြီဟု ဆိုနိုင်သည်။ ဤ ပုဂ္ဂိုလ်သည် နောက်ဘ၀၌ ဧကန်မုချ အပါယ် မလားတော့ချေ။

ဤ အဆင့်သို့ ရောက်ပြီးသောသူသည် ဆက်လက်၍ ၀ိပသနာ တရားကို အားထုတ်ပါက မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် သို့ မကြာမတင် ဧကန်မုချဆိုက်ရောက်နိုင်ပါသည်။
-----------------------------------------------------------------------------------------------
ဒေါက်တာမင်းတင်မွန်၏ တက္ကသိုလ် အဘိဓမ္မာပေါင်းချုပ်၊ စာမျက်နှာ ၃၈- ၃၉ မှ
Download at:
http://dhammadownload.com/File-Library/DrMehmTinMon/DrMehmTinMon-AhPhoTanSoneBaWaPyanaAbidhamma123.pdf

Saturday, July 4, 2015

အာနာပါနကမ္မဋ္ဌာန်း စတင် အားထုတ်ရာ၌ တွေ့ ရတတ်သော အခက်အခဲများ


( အရှင်အဂ္ဂည ~ ဖားအောက်တောရ )

၁။ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာ
အိမ်မှာတစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီလောက် တီဗွီရှေ့ မှာ ကွန်ပြူတာရှေ့ မှာ ထိုင်ပြီး ပြောင်းလဲနေတဲ့ အမြင်အာရုံတွေကိုကြည့်ပြီး၊ ဣရိယာပုထ်ကို ပြောင်းလဲ ပေးနေတာကြောင့် နာကျင်ကိုက်ခဲတဲ့ဝေဒနာကို မသိမသာလှပေမယ့် ရိပ်သာမှာ အိပ်ရာထကနေ အိပ်ရာဝင်တဲ့အထိ တစ်နာရီ တစ်နာရီခွဲ တရားထိုင်လိုက် စင်္ကြန် လျှောက်လိုက်နဲ့ တစ်နေ့ လုံးကြာတော့မှ ခန္ဓာကိုယ် တစ်ကိုယ်လုံး အရိုက်ခံ ထားရသလို နာကျင်ကိုက်ခဲနေတက်ပါတယ်။ တရားစခန်း စ၀င်ပြီး နှစ်ရက်၊ သုံးရက်လောက်မှာ တင်ပါး၊ ပေါင်၊ ဒူး၊ ခြေသလုံးတွေ ပြင်းပြင်းထန်ထန် နာပါတယ်။ တချို့ယောဂီဆိုရင် တရား ထိုင်ရတာ သူများ ပြောသလို ဘာမှလည်း ချမ်းသာတဲ့ အတွေ့ ကောင်းမရဘူး။ ခန္ဓာကိုယ် နာတာပဲရှိတယ်။ ပြန်ပြေးချင်တယ်လို့  ပြောတဲ့သူတွေနဲ့  တချို့လည်း ဒီအခက်အခဲကို သည်းမခံနိုင်တော့လို့  အကြောင်း အမျိုးမျိုးပြပြီး ရိပ်သာကနေ ပြန်သွားတဲ့ လူတွေလဲရှိတယ်။ တကယ်တော့ ခန္ဓာကိုယ်ဟာ အလေ့အကျင့် မရှိတဲ့ အလုပ် တစ်ခုကို ပြင်းပြင်းထန်ထန် ပင်ပင်ပန်းပန် လုပ်ရရင် နာကျင်ကိုက်ခဲ နေတတ်တာ ဟာ ခန္ဓာကိုယ်ရဲ့  သဘာဝပဲလို့ သဘောပေါက် ထားရမယ်။ ငယ်ငယ်တုန်းက အပြေးလေ့ကျင့်တာ၊ စက်ဘီးစီးသင်တာ၊ အလေးမတာစတဲ့ အားကစားအလုပ် တွေလုပ်ရင် စလုပ်ပြီး တစ်ရက် နှစ်ရက် သုံးရက် လောက်ဟာ တစ်ကိုယ်လုံး ကိုက်ခဲနေတာပါဘဲ၊ နောက်တော့ ဒီလိုမျိုး နာတာကိုက်ခဲတာ တွေပျောက်ပြီး ပေါ့ပေါ့ပါးပါးနဲ့  ပျော်ရွှင်စွာ အားကစား အလုပ်တွေကို လုပ်သွား နိုင်ပါတယ်။ တချို့ ဆို တစ်စိုက်မတ်မတ် လေ့ကျင့်သွားပြီး ပြိုင်ပွဲတွေဝင်ပြီး ဆုတံဆိပ်တွေ တောင်ရသွားကြတယ်။ ဥုးဇင်း အင်ဒိုနီးရှားဘာလီကျွန်း တရားပြသွားတုန်းက တရားစခန်းပြီးတော့ ဘာလီကျွန်းသား ဟိန္ဒူ ဘာသာဝင်တွေရဲ့ အထွဋ်အမြတ် ထားကိုးကွယ်တဲ့ ဘုရားကျောင်းတွေကို လိုက်ပြကြတယ်။ အဲဒီဘုရားကျောင်း တွေထဲမှာမှ အမြင့်ဆုံး ဘုရားကျောင်း လှေကားထစ်ပေါင်း တထောင့်ငါးရာကျော် ရှိတဲ့ တောင်ထိပ်ကို တက်ခဲ့ကြတယ်။ တောင်တက်လမ်းတလျှောက်မှာ နယ်ခံ ယောက်ျား၊ မိန်းမ နဲ့ကလေးတွေ တချို့ သက်ကြီးရွယ်အို အဖွားကြီး တွေလည်း ပါတယ်။ တောင်ပေါ်မှာဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ကျောက်၊ အုတ်၊ သဲ၊ ဘိလပ်မြေအိတ်တွေကို ထမ်းရွက်ပြီး သီချင်း တကြော်ကြော် စကား တစ်ပြောပြောနဲ့  သယ်နေလိုက်ကြတာ၊ သူတို့ ကြည့်ရတာ မပင်ပန်းသလိုပါပဲ၊ သက်သက် သာသာ ပေါ့ပေါ့ပါးပါး ပဲထင်ရတယ်။ ဥုးဇင်းတို့ မှာတော့ ဖြည်းဖြည်း ချင်းလှမ်းတက်ရတယ်။ တောင်ပေါ်ပြန်ဆင်း ကျောင်းပြန်ရောက်တဲ့ ညနေကစပြီး တစ်ရက် နှစ်ရက် လောက်ထိဟာ ပေါင်တွေ၊ ဒူးတွေ၊ ခြေသလုံးတွေ နာနေလိုက်တာ အရိုက်ခံထားသလိုပဲ။ ဟိုတောင်တက်လမ်းက တွေ့ ခဲ့တဲ့သူ တွေကတော့သူတို့ ရဲ့  ခန္ဓာကိုယ်က ဘာမှမဖြစ်သလိုပဲ၊ နေ့ စဉ်လုပ်နေကျ ဆိုတော့ နေ့ စဉ်ပဲ လုပ်နိုင်ကြတယ်။ ဒါဟာအလေ့အကျင့်ပဲ၊ ဥုးဇင်း တို့  မြန်မာပြည်မှာလည်း ပုပ္ပါးတောင်၊ ကျိုက်ထီးရိုးတောင်၊ ဖားအံ ဇွဲကပင်တောင်မှာ အလုပ်လုပ်နေတဲ့သူတွေလည်း ဒီလိုပဲ ပြေးတက်ပြေးဆင်းနဲ့  အကျင့်မရှိတဲ့ ဘုရားဖူးတွေကတော့ ခြေတုန်ဒူးတုန် ဖြစ်နေတယ်။ တရားထိုင်တဲ့အလုပ် ကလည်း အလေ့အကျင့်မရသေးရင် နှစ်ရက်၊ သုံးရက်မှာ ဒီလိုပဲ ကိုက်ခဲနာကျင် တာဖြစ်ပေမယ့် နောက်ရက် တွေမှာ ဒီနာတာ ကိုက်တာခဲတာတွေ ပျောက်သွားပြီး ခပ်ကြာကြာ မပြင်ပဲ ထိုင်နိုင်ပါလိမ့်မယ်။ တဖြည်းဖြည်း စိတ်ပျံ့ လွင့်မှူနည်းလာတာနဲ့ အမျှ အာနာပါနရှုမှတ်တဲ့ အရသာတွေ့ လာ ပါလိမ့်မယ်။ ဗုဒ္ဓအဘိဓမ္မာသဘော အရစိတ်တစ်ခု၊ ၀ီထိစဉ်တစ်ခုဟာ အာရုံနှစ်ခုပြိုင်တူ မယူနိုင်ပါဘူး။ စိတ်ကသိပ်မြန်တော့ အာရုံတွေတပြိုင်တည်း သိနေတယ်လို့  ထင်ရတယ်။ အာရုံအလိုက်သိတဲ့ ၀ီထိစိတ် တွေဟာ အစဉ်အတိုင်း တစ်ခုပြီးတစ်ခု ဖြစ်နေတယ်။ နာတဲ့ဝေဒနာရော ၀င်လေ ထွက်လေကိုပါ တစ်ပြိုင်တည်း သိနေတယ်လို့  ထင်ရတယ်။ ၀င်လေထွက်လေကို ရှုမှတ်သိနေတဲ့စိတ်တွေ ဆက်ကာဆက်ကာ ဖြစ်လာပြီ ဆိုရင် နာကျင်ခံခက်တာ တွေကို သိနေတဲ့ ဒုက္ခသဟဂုတ် ကာယ၀ိညာဏ်စိတ် ဖြစ်တာ နည်းသွား ပါ လိမ့်မယ်။ အဲဒီလိုဖြစ်တဲ့ အတွက် တချို့ယောဂီတွေ ပြောကြတယ်။ နှာခေါင်းပျောက်သွားတာမျိုး၊ ခေါင်းပိုင်း၊ ခန္ဓာကိုယ်အပေါ်ပိုင်း ပျောက်သွား သလိုလည်း တရားရှုမှတ်နေရင်း ခံစားရတယ်လို့ ပြောပါတယ်။ ဒါဟာ အဲဒီ အချိန်မှာဝင်လေထွက်လေကိုပဲ သိတဲ့စိတ်တွေ အဖြစ်များနေတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ဖောဋ္ဌဗ္ဗာရုံကိုသိတဲ့ ကာယ၀ိညာဏ်စိတ်တွေကို ဆက်ကာဆက်ကာ မဖြစ်တော့တာကိုပဲ အဲဒီလို ပျောက်နေတယ်လို့  ပြောကြတာပါဘဲ။ တချို့  ယောဂီတွေကျတော့လည်း အဲဒီလို ခန္ဓာကိုယ်ကြီး ပျောက်သွားလို့  ကြောက်ပြီး တရားဆက်မရှုပဲ ရပ်ပစ်လိုက်တာမျိုးလည်း ပြောကြတယ်။ အဲဒီလိုပြောလာရင်တော့ ဥုးဇင်းတို့ ကလည်း ခန္ဓာကိုယ်ကြီး ပျောက်သွားတာကောင်းသွားတာပေါ့။ အခုကခဏလေးပဲ ပျောက်သွားတာ ခန္ဓာကိုယ်ကြီးတစ်ခါတည်း အမြဲတမ်း လုံးဝပျောက်သွားရင် မကောင်းဘူးလား။ ဒီကိုယ်ကြီးအတွက် ကြောင့်ကြပြုပြင် စောင့်ရှောက်နေစရာ မလိုတော့ဘူး လို့ ရယ်စရာပြောလိုက်ရင် ယောဂီတွေ က ကောင်းတော့ကောင်းပါတယ်။ မဖြစ်သေးဘူး။ တပည့်တော်တို့ က သံယောဇဉ်တွေနဲ့  အရှင်ဘုရားတို့ လို မဟုတ်ဘူး။ ကျန်တဲ့လူတွေ ၀မ်းနည်းပက်လက် ဖြစ်မှာစိုးလို့တဲ့။ အဲဒီတော့ ဒကာတို့ နိဗ္ဗာန်လိုချင် တာက ပုံပြင်ထဲက အဘိုးကြီးလိုဖြစ်နေပြီဆိုပြီး ဒီပုံပြင်လေး ကို တစ်ခါတစ်ရံ ပြောပြလိုက်ပါတယ်။
ရွာတစ်ရွာမှာ အဘိုးကြီးတစ်ယောက်က လူသူလေးပါးရှင်းတဲ့ရွာပြင်က ဘုရားတန်ဆောင်းတစ်ခုမှာ နေ့ စဉ်သွားပြီးဘုရားရှိခိုးလေ့ရှိတယ်။ ရှိခိုးတဲ့အခါ သူကျက်မှတ်ထားသမျှ ဘုရားရှိခိုးစာတွေကို ဘုရားကိုးဆူဆရာက အရှုံးပေး ရလောက်အောင် အသံကျယ်ကျယ်ရွတ်ပြီး ရှိခိုးတယ်။ ဘိန်းစားတစ်ယောက်က လည်း ဒီတန်ဆောင်းမှာလူရှင်းတော့ ဘိန်းစားပြီး စည်းစိမ်ခံလေ့ရှိတယ်။ အဘိုးကြီး ဘုရားရှိခိုးသံက သူရဲ့ စည်းစိမ်ပျက်လေတော့ စိတ်ကူးတစ်ခုရပြီး တစ်နေ့ ရွာအနီးက ဇာတ်အဖွဲ့ တစ်ခုက နတ်ဝတ်တန်ဆာ တွေကို ငှားလာတယ်။ နောက်တစ်နေ့  မှာ ဘိန်းစားက နတ်ဝတ်တန်ဆာတွေ ၀တ်ပြီး ဘုရားနောက်က ပုန်းနေတယ်။ ဆင်းတုတော်ကလည်း ခပ်ကြီးကြီး ဆိုတော့ အရှေ့ကလူက မမြင်ဘူး။ အဘိုးကြီးလည်း ရောက်လာပြီးထုံးစံအတိုင်း ဘုရားရှိခိုးစာ တွေ ရွတ်ဆိုရှိခိုးပြီး နိဗ္ဗာန်မဂ်ဖိုလ်ကိုရက်တိုတိုနဲ့ လျှင်မြန်စွာ ဆိုက်ရောက် မျက်မှောက် ပြုရပါစေလို့  ဆုတောင်းပြီး ထိခြင်းငါးပါးနဲ့  ပြားပြားဝပ် ရှိခိုး ၀ပ်ချ နေဆဲမှာ ဘိန်းစားလည်း နတ်ဝတ်စုံအပြည့်နဲ့  ဘုရားနောက်က ဘွားခနဲ ထွက်လာပြီး အဘိုးကြီးလက်ကိုဆွဲလို့  “နိဗ္ဗာန်အမြန်သွားချင်တဲ့ မောင်မင်း လာလိုက်ခဲ့ “ ဆိုပြီးဆွဲအခေါ်မှာ အဘိုးကြီး လည်း ကြောက်အား လန့် အားနဲ့  သူ့ လက်ကိုပြန်ဆွဲရုန်းပြီး “နေပါအုံး ဘုရားတပည့်တော်အိမ်က အမယ်ကြီးနဲ့  တိုင်ပင်ပါရစေဦး” ဆိုပြီး၊ ထီး၊ ဖိနပ်ဆွဲလို့  တချိုးတည်း ရှိသမျှအားနဲ့  ခြေကုန်သုတ်ပြန်ပြေး တော့တယ်။ အိမ်ရောက်တော့ အမယ်ကြီးက အဘိုးကြီးမောကြီးပန်းကြီးနဲ့  ပြန်ပြေးလာတာမြင်တော့ “ဘာဖြစ်လဲ” ဆိုပြီး ပျာပျာသလဲဆီးမေးတော့ အဘိုးကြီးက သူရဲ့အဖြစ်ကို အမောတကောနဲ့  ပြောပြတယ်။ အဲဒီတော့မှ အမယ်ကြီးက“အော် ဒီလောက်ချမ်းသာတဲ့ နိဗ္ဗာန်နတ်က လာခေါ်နေတာများ လိုက်သွားပါလားတော်။ ဘာများ ကျုပ်နဲ့  တိုင်ပင်နေဦးမှာလဲ“ ပြောလိုက်တော့…. “အိုး မင်းတစ်ယောက်တည်း ဘယ်ဖြစ်မလဲကွ”လို့ ဆိုပြီး အဲဒီနေ့ ကစလို့  အဘိုးကြီးဘုရားတန်ဆောင်းကို မသွားတော့ဘူးတဲ့။ အခုလည်း သမာဓိစွမ်းအားကြောင့် ခန္ဓာကိုယ်ပျောက်သလို ဖြစ်တာ ကြောက်လို့  တရားရှုနေတာက ရပ်လိုက်တယ်ဆိုရင် ဒီအဘိုးကြီးလိုပဲ နိဗ္ဗာန်တော့လိုချင်တယ် ဆုတောင်းတယ်။ အမယ်ကြီးစိတ်မချသလို၊ မခွဲနိုင် လို့ ဆိုရင်တော့ နိဗ္ဗာန်နဲ့ ကဝေးနေဦးမှာပဲ။ အဲဒီလိုဖြစ်လာခဲ့ရင်ဆက်ရှုပါ။ ဒါထက်ကောင်းတဲ့ချမ်းသာတဲ့ အတွေ့ အကြုံတွေရလာပါလိမ့်လို့ တိုက်တွန်း ရတယ်။ တကယ်တော့ ၀င်လေထွက်လေ အပေါ်မှာ စိတ်ငြိမ်လာပြီး နီဝရဏတရားတွေရဲ့ လွှမ်းမိုးမှုက လွတ်လာပြီဆိုရင် မဟာကုသိုလ်စိတ်တွေ အဖြစ်များနေပါပြီ။ မဟာကုသိုလ်ဇောစိတ်စိတ္တုပ္ပါဒ် တစ်ခဏမှာ ပီတိဉာဏ် ယှဉ်မယ်ဆိုရင် စိတ်စေတသိက် သုံးဆယ့်လေးပါး ပြိုင်တူဖြစ်နေပါတယ်။ အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သဗ္ဗစိတ္တသာဓာရဏ စေတသိတ်(၇)ပါး၊ ပကိဏ်းစေတသိက်(၆)ပါး၊ သောဘဏသာဓာရဏ စေတသိတ်(၁၉)ပါး၊ ပညိနြေ္ဒစေတသိက်နဲ့  အသိစိတ်ပါပေါင်းရင် အားလုံး(၃၄) ပါးရှိတယ်။ အဲဒီ စေတသိက်တွေထဲမှာ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယ လဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တဇုကတာ၊ စေတသိတ်တွေ ပြိုင်တူဖြစ်နေကြတယ်။ ဒီစေတသိက်တွေ အားကောင်း လာတာနဲ့  ခန္ဓာကိုယ်မှာ ပီတိပဿဒ္ဓိတွေဖြစ်ပြီး ငြိမ်းအေးပေါ့ပါး ချမ်းသာ လို့ နာတာ၊ ကိုက်ခဲတာတွေပျောက်ပြီး တရားထိုင်လို့  ကောင်းလာပါတယ်။ တ ချို့ ဆိုရင် တရားထိုင်လို့ ကောင်းနေတာကြောင့် သူများတွေ အချိန်စေ့လို့  ထသွား ကြတာတောင်မှ မလှုပ်ချင်မဖြုတ်ချင် လောက်အောင် နာရီပိုတွေ ဆက်ထိုင်နိုင် လာကြတယ်။
(မှတ်ချက်။ ။ ဒီစေတသိတ်တွေကို နာမ်ကမ္မဋ္ဌာန်းပိုင်း ရောက်တဲ့အခါ ဆင်ခြင်သိမြင်နိုင်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ သမထ ၀ိပဿနာ စိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်ကလာပ်တွေ ခန္ဓာကိုယ်တကိုယ်လုံး ပျံ့ နှံ့  ထုံမွှမ်းနေပြီဆိုရင် နာကျင်ကိုက်ခဲတာတွေတင် သာမက တချို့ ရောဂါ ဝေဒနာဟောင်းတွေလည်း ပျောက်ကင်းသွားတတ်တာမျိုးလည်းရှိတတ်တယ်။ ယနေ့ စထိုင် ယနေ့ ဖြစ်မယ်။ တရားရှုလို့  ရောဂါအားလုံး ဆေးထိုး ဆေးသောက် စရာမလိုပဲ ပျောက်မယ်လို့  မဆိုလိုပါ။) ဒါက ဗုဒ္ဓအဘိဓမ္မာ သဘောအရပြောတာပါ။ နောက်တခုက ဆရာတော်ဦးဇောတိက( မဟာမြိုင် ) ရေးတဲ့ “လမ်းပျောက်ရာမှလမ်းမှန်ပေါ်ရောက်လာသူ” စာအုပ်တစ်အုပ်ထဲမှာ ဥုးဇင်းဖတ်လိုက်မိတယ်။ အနောက်နိုင်ငံတစ်ခုမှာ သိပ္ပံပညာရှင်တွေက တရားအားထုတ်တဲ့ ယောဂီတွေဟာ မနာမကျင် မကိုက်ခဲပဲ မပြောင်းမပြင်တဲ့ ဣရိယာပုထ်နဲ့  နာရီပေါင်းများစွာ ဘာကြောင့် ထိုင်နိုင်ကြတာလဲလည်းဆိုပြီး သုတေသနပြုကြတယ်။ သူတို့ ကရုပ်ကို အားသန်တဲ့ ပုဂ္ဂိုလ် မျက်စိနဲ့  မြင်နိုင်တာကိုသုတေသနပြုကြတာဆိုတော့ ယောဂီတွေရဲ့ သွေးကိုထုတ်ပြီး ဓါတ်ခွဲကြည့်တော့ သွေးထဲမှာ အင်ဒိုဖိန်းဓာတ်ပါဝင်မှုတွေဟာ သာမာန်လူ တွေထက် များနေတာတွေ့ ရတယ်။ ဒီဓာတ်ကို ဦးနှောက်ထဲကဂလင်းတစ်ခုက ထုတ်လွှတ်ပေးတယ်လို့ ဆိုတယ်။ ဒါကြောင့် တရားစခန်း စတင်ဝင်ရောက် အားထုတ်ကြတဲ့သူတွေအနေဖြင့် တရားထိုင်လို့  ဖြစ်တဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာဆိုး တွေကို စိတ်မပျက်ပါနဲ့ ။ ကိုယ် စိတ် နှစ်ပါး ချမ်းသာတဲ့ အတွေ့ ကောင်းတွေ ရလာပါလိမ့်မယ်။
====================================
တရားထိုင်လို့  သတိ၊ သမာဓိ နည်းနည်းလေးကောင်းလာပြီဆိုရင် ဝေဒနာကိုလည်း သည်းခံပြီးထိုင်သွားလို့ ရှိရင် ခန္ဓာကိုယ်ဟာ Endorphin လို့ ခေါ်တဲ့ဓာတ်တစ်မျိုးထုတ်ပေးလာတယ်။ Endogenous + Morphin နှစ်လုံးကိုပေါင်းထားတာပါ။ ဒီခန္ဓာကိုယ်ကထွက်လာတဲ့ Morphin ကခွဲစိတ်ခန်းသုံးတဲ့ Morphin နဲ့  အာနိသင်ချင်းတော်တော်ပဲ တူပါတယ်။ သို့ သော် Endogenous ဆိုတဲ့အတွက်ကြောင့်ခန္ဓာကိုယ်အတွင်းမှာပဲ သူ့ကိုထုတ်လုပ်တယ်။
အဲဒီ Endorphin ဓါတ်ထုတ်လုပ်တာနည်းသွားတယ်ဆိုရင်ညောင်းညာ ကိုက်ခဲမှု အင်မတန်ခံစားရတယ်။
Endorphin level မြင့်လာလို့ ရှိရင်လူဟာကြည်လင်လာတယ်၊ ရွှင်လန်းတယ်။ Relax လည်းပိုဖြစ်တယ်လို့ ဆိုတယ်။ တရားထိုင်လိုက်လို့  ရှိရင်တော့ Endophin ဟာတော်တော် ကြီးမြင့်တက်လာတယ်။
တရားထိုင်လို့  သမာဓိအင်မတန် အင်အားကောင်းနေတဲ့အခါမှာ ညောင်းညာ ကိုက်ခဲပူလောင် ဆင်းရဲခြင်းဘာမှမရှိဘူး။ ခန္ဓာကိုယ် floating sensation (လေထဲမှာ လွင့်မျောနေသလို) ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ဦးနှောက်ကနေပြန်ပြီးဆင်းလာတဲ့ သွေးပြန်ကြောကိုဖောက်ပြီးသွေးကို ဓာတ်ခွဲကြည့်တဲ့အခါ Endophin ဓာတ်သိပ်မြင့်နေတယ်ဆိုတာကိုတွေ့  ရတယ်။
ဦးဇောတိက”လမ်းပျောက်ရာမှလမ်းမှန်ပေါ်ရောက်သူ”(Pg 140-143)

ပုံပြင်လက်ဆောင် (ဆရာအောင်သင်း - အနာဂတ်ကိုမကြောက်နဲ့)


ကျွန်တော်မကြာခဏ သတိရတတ်သည့် ပုံပြင်ကလေးတစ်ခုရှိသည် ၊ ထိုပုံပြင်ကို ကျွန်တော်တို့ သက်ရွယ် လူကြီးများကတော့ ဖတ်ဖူးကြသည်မှာ အမှန်ဖြစ်သည် ၊ ယခုခေတ် လူငယ်များကတော့ ဖတ်ဖူးရန်ဝေးစွ ကြားပင် မကြားဖူးကြကြောင်း တွေ့ရသည် ။ `ချွေတာခြင်း ´ ဆိုသော စာအုပ်ထဲတွင် ထိုပုံပြင် ကလေးကို ဖတ်ဖူးခြင်းဖြစ်သည် ။ ကျွန်တော်တို့ခေတ်မတိုင်မီက `ချွေတာခြင်း´ စာအုပ်ကို ကျောင်းသုံးပင်ပြဌာန်းခဲ့ဖူးသောကြောင့် ကျွန်တော်တို့ ငယ်စဉ်က ဟိုနားဒီနားတွေ့ခဲ့ရသော်လည်း ယခုတော့ဖြင့် မတွေ့ရတော့ပြီ ။ စာကြည့်တိုက်ကြီး များမှာသာ ရှိကောင်းရှိတော့မည် ထင်သည်။

ပုံပြင်က ဤသို့ဖြစ်သည် ………….

တစ်ခါက ရှင်ဘုရင်တစ်ပါးနှင့် သူ၏မိဖုရားကြီးတို့ အတူစံမြန်းနေကြစဉ် လမ်းပေါ်တွင် ပင်ပန်းကြီးစွာ ထင်းထမ်းပြီး လှည့်လည်ရောင်းချနေသော အဖိုးတစ်ယောက်ကို မြင်သည်။ ရှင်ဘုရင်က ကရုဏာသက်လှသည့်ပြင် စိတ်ဝင်စားသောကြောင့် ခေါ်ငင်မေးမြန်းသည် ၊ ပင်ပန်းလွန်းသောကြောင့် အိုစာလှသည်မှန်သော်လည်း အသက်မှာ ရှင်ဘုရင်နှင့် သက်တူဖြစ်ကြောင်းသိလိုက်ရသည် ။ ဆက်လက် မေးမြန်းလိုက်သောအခါ အသက်တူရုံမျှသာမက မွေးနေ့မွေးရက်မှစ၍ အားလုံး တူနေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်မိသည်။ ဤသို့ မွေးနေ့ ၊ ခုနှစ် ၊ သက္ကရာဇ်ပါတူနေပါလျက် တစ်ဦးက ရှင်ဘုရင်
တစ်ဦးမှာ ဘာကြောင့် ဤမျှဆင်းရဲနေရသည်ကို အံ့သြမိကြောင်း ရှင်ဘုရင်က ပြောလိုက်သောအခါ မိဖုရားကြီးက အသက်အရွယ် ငယ်သေးသည့် အားလျော်စွာ ဇနီးဖြစ်သူ လိမ်လိမ်မာမာ မရှိသောကြောင့်လည်း
ဤမျှ ဆင်းရဲဟန်ရှိကြောင်း မှတ်ချက်ချလိုက်မိသည် ။

ဤတွင် ရှင်ဘုရင်က ပြင်းစွာ အမျက်ထွက် သွားသည် ဤကဲ့သို့ မင်းစည်းစိမ်ခံစားနေနိုင်ခြင်း သည်ပင်လျှင် မိဖုရားလိမ္မာသောကြောင့်ဟု ယူလိုက ယူနိုင်သည့်် စကားဖြစ်နေသည်ကိုး ။ ထို့ကြောင့် မယားကောင်းကြောင့် လင်ဖြစ်သူက ချမ်းသာကြီးပွါးနိုင်ပါသည်ဆိုလျှင် သင်မိဖုရားအား ယခုပင် ထင်းထမ်းအဖိုးအိုနှင့် ပေးစားလိုက်ပြီး အဖိုးအိုနှင့် လိုက်သွားပေရော့ဟု နန်းတော်မှနှင်ထုတ်လိုက်သည် ။

မိဖုရားလည်း မနေသာတော့ပြီ ၊ ထင်းထမ်းအဖိုးအို နောက်ကလိုက်သွားရသည် ။ ထင်းထမ်းအဖိုးအို၏ အိမ်သို့ ရောက်သော်အခါ ဇနီးသည် အဖွားအိုကပါ မိဖုရားကြီးအား သနားလှသောကြောင့်
(သူတို့မှာလည်း သားသမီးမရှိကြသည် နှင့်) သမီးအဖြစ်သဘောထားကြောင်း ၊ စိတ်ချမ်းသာစွာနေဖို့ အကြောင်းအားပေးစကားပြောကြသည် ။

မိဖုရားလည်း အဖိုးအိုနှင့် အဖွားအိုကို မိအိုဖအိုသဖွယ် သဘောထားလိုက်သည် ။ သူတို့မောင်နှံနေထိုင်စားသောက်ပုံတို့ကို သေချာလေ့လာကြည့်လိုက်သောအခါ ဟင်းသီး ဟင်းရွက်ကအစ ၀ယ်ယူစားသောက်နေကြကြောင်းကိုတွေ့လာရသည်၊ ထို့ကြောင့် မိဖုရားက အိမ်နောက်ဖေးဈေးဆိုင်တည် သလို ခြံထဲတွင် ဗူး ၊ဖရုံ ၊သခွား ၊ စသည်တို့အားဖြင့် ဟင်းသီး ဟင်းရွက်တို့ကို အဖိုးအို၏ အကူအညီနှင့် စိုက်ပျိုးသည် ။ နီးနားဝန်းကျင်တွင်ရှိသော ကလေးငယ်များအား ခေါ်ငင်ပြီး စာသင်ပေးသည် ။

ဤသို့အားဖြင့်
ကလေးငယ်များက စိုက်ခင်းကိုရေလောင်းပေါင်းသင်လုပ်ပေးကြသည် ။
အိမ်အတွက်စားရန် လုံလောက်သည့်ပြင်ပိုမိုလာသော ဟင်းသီးဟင်းရွက်များကို သေချာပြင်ဆင်၍
အဖွားအိုအား ဈေးသို့သွားပြီးရောင်းစေသည် ။ ထို့ကြောင့်ရရှိလာသော ငွေကြေးလေးများကို ကျစ်ကျစ်ပါအောင်
စုဆောင်းစေသည် ။ အစစတွင် စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်လေရာ အတန်ကြာသော် လှည်းနွားတို့ကို ၀ယ်
ယူနိုင်လာသည် ။ ထိုအခါတွင်မူကား ထင်းကိုပိုမိုများပြားစွာ ရောင်းနိုင်သောကြောင့် ပိုပြီး စီးပွါးဖြစ်လာသည်။
ထင်းကို ရောင်းခြင်းထက် မီးသွေးဖုတ်ပြီးရောင်းနိုင်လျှင် ပိုပြီးအကျိုးအမြတ်ထွန်းကြောင်းကို သိလာသောအခါ
အဖိုးအိုအား မီးသွေးဖုတ်ပြီးရောင်းပြန်စေသည် ။

ဤသို့နှင့်ပင် တစ်နေ့သော် တောင်စောင်းတစ်ခု၌ထင်းများကို မီးသွေးဖုတ်ပြီး မီးသွေးကောက်
သောအခါ ပြောင်ပြောင်လက်လက် အတုံးအခဲလေးများကိုတွေ့ရသည်နှင့် အဖိုးအိုကယူလာပြီး သမီးဖြစ်သူ မိဖုရားအားပြသည်။ မိဖုရားကရွှေဖြစ်ကြောင်းကို သိသည်နှင့် ထိုတောင်စောင်းကို အထပ်ထပ် မီးတိုက်စေသည်
ဤသို့အားဖြင့် ရွှေတုံးအတော်များလာသည့်အခါ လှည်းနှင့်တိုက်ပြီး ဘုရင်မင်းမြတ်အားသွားရောက် ဆက်သစေသည် ။ အဖိုးအို၏ လျှောက်ထားချက်အရ အကြောင်းစုံကို သိရသောအခါ ဘုရင်မင်းမြတ်လည်း မိဖုရား၏ အလိမ္မာတရားကို နှစ်သက်မိသည်ဖြစ်၍ မိဖုရားကြီး အဖြစ်ရှေးကအတိုင်းမြှောက်စားတော်မူသည် ။

ဤပုံပြင်ကို ကျွန်တော် မကြာခဏ သတိရမိပါသည်။ စကားစပ်မိလာလျှင်လည်း တပည့်များအား ပြောပြမိတတ်သည်။သူတို့ကိုပြောပြသည့်အကြောင်းများက(ပထမ)မိဖုရား၏သတ္တိပင်ဖြစ်သည်။မိမိကြုံလိုက်ရသည့်လောကဓံကြီးမှာ ကြောက်ခမမ်းလိလိဖြစ်ပါသည် ။ အတော်အတန်မိန်းမမျိုးဆိုလျှင် ရူးသွားလောက်သည့် အပြောင်းအလဲဖြစ်ပါသည်။ ဖြစ်လာသည့် အခြေအနေကို မတုန်မလှုပ်လက်ခံပြီး ရင်ဆိုင် လိုက်နိုင်ခြင်းဖြစ်သည်။ တိမ်းရှောင်လို့ မရနိုင်သည့် လောကဓံကို သွေးအေးအေးနှင့် လက်ခံတတ်ဖို့ သတ္တိမှာ
လွယ်လှသည်တော့မဟုတ် ၊ သို့သော် မိမိစိတ်ကို ကိုးစားအားတင်းရမည် သာဖြစ်ပါသည် ။

(ဒုတိယ) အဖိုးအဖွားလင်မယားတို့၏ ယိုကွက်ဟာကွက်များကို သေချာလေ့လာပြီး ယိုပေါက်ဟာပေါက် မရှိရအောင်ပြုပြင်လိုက်ခြင်းဖြစ်သည် ။

(တတိယ) ယိုပေါက်ဟာပေါက်များကို ပိတ်ဆို့ပြီးသည်နှင့် နောက်တစ်ဆင့်ပြီး တစ်ဆင့် တက်လမ်းကို ရှာနိုင်ခြင်းဖြစ်သည် ။

(စတုတ္ထ) ရွှေကိုတွေ့လိုက်ခြင်းမှာ ကံလို့ပဲဆိုဆို၊ တိုက်ဆိုင်မှု့လို့ပဲဆိုဆို ၊ ဘ၀အတွက်ကြီးမားသောအပြောင်းအလဲဖြစ်သွားစေသည် ။ ပုံပြင်မို့ ရွှေကိုတွေ့အောင် ဖန်တီးလိုက်သည်ဟု ဆိုချင်ဆိုကြပေမည် ။သို့သော် တကယ့် ကျွန်တော်တို့ဘ၀တွင်လည်း ပုံပြင်ထဲကလို ရွှေတောင်ကို တွေ့နည်းမျိုးကြုံကြရတတ်ပါသည် ။ ဆိုလိုသည်မှာ အခွင့်အရေး ကောင်းတစ်ခုကို လူတိုင်းကြုံနိုင်ပါသည်။
ကြုံလာလိုက်သည့် အခွင့်အရေးကို ဖမ်းပြီးအသုံးချလိုက်နိုင်သော စွမ်းရည်ကတော့ လူတိုင်းမှာ ရှိချင်မှရှိပါလိမ့်မည် ။

ကျွန်တော်တို့ မျက်စိအောက်၌ပင်လျှင် ရွှေတောင်ကြီးကို တွေ့လိုက်သလို နေ့ချင်းညချင်းကြီးပွါးချမ်းသာသွားသူ အများကြီးရှိပါသည် ။ အခွင့်အရေးကောင်းကို ဖမ်းပြီးယူနိုင်ရန် ၊အသုံးချလိုက်နိုင်ရန် အသင့်ရှိနေသူများဖြစ်ပါသည် ။ ထိုသူများကြီးပွါးသွားလိုက်ပုံမှာလည်း ပုံပြင်ထဲက ရွှေတောင်ကြီးကို တွေ့လိုက်သည်နှင့် မခြားကြောင်း သတိပြုမိပါလိမ့်မည် ။ကျွန်တော်တို့က သူတို့နေ့ချင်းညချင်း (ပုံပြင်ထဲကလို) ကြီးပွါးသွားသည်ကိုသာ သတိပြုလိုက်မိကြသည်၊ မိဖုရားကြီး သစ်ပင်စိုက်သလို ၊ မိဖုရားကြီးစီမံခန့်ခွဲသလို သူတို့တတွေလုပ်ခဲ့ကြသည်ကို ကျွန်တော်တို့ မသိကြ ။
ကျွန်တော်ကတော့ ကျောင်းဆရာတစ်ယောက်ဖြစ်နေသည့်အတိုင်း ကျောင်းသားများကို မိမိတို့ ပညာသင်နေခိုက်တွင် ကြိုးစားကြခြင်းမှာ အခွင့်ကောင်းတစ်ခုကို (ရွှေတောင်ကြီးတွေ့သလို) တစ်နေ့တွင်
မုချတွေ့ရမည်ဖြစ်ကြောင်း ထိုအခါမျိုးတွင် မိမိကပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ကြရန် ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်း ပညာသင်ခြင်းဆိုသည်မှာ ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သတိပေးဆုံးမမိပါသည် ။

ဤပုံပြင်ကို ကျွန်တော့်ထက် ဥာဏ်ခံကြီးသူများက ပိုပြီးချဲ့ထွင် နားလည်နိုင်ကြပါလိမ့်မည် ။ မည်သို့ပင်ဖြစ်စေ ကျွန်တော်မကြာခဏ သတိရမိသော ပုံပြင်ကလေးကို လူငယ်များအား လက်ဆင့်ကမ်းလိုက်ရပါသည် ။ အသုံးဝင်ကောင်းပါရဲ့ ။

တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းနိုင်ကြပါစေ
M Sai Mon Thar
ဆရာအောင်သင်း အနာဂတ်ကို မကြောက်နဲ့ စာအုပ်မှ ကူးယူဖော်ပြပါသည် ။
Credit to: M Sai Mon Thar

အရေးအကြီးဆုံး အလုပ်


ဗုဒ္ဓဘာသာဝင်တွေဟာ
ကုသိုလ်တွေ ရှိပါရဲ့သားနဲ့
အပါယ်လေးပါးကို ကျကျသွားရတာဟာ
အရေးတကြီး အရင်ဆုံးလုပ်သင့်တာကို
နောက်မှ လုပ်မယ်၊ နောက်မှလုပ်မယ်နဲ့
နှလုံးသွင်းမှားနေကြလို့ပဲ။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက..
မင်းတို့စားဝတ်နေရေးတွေ နောက်မှာထား။
မဂ်ဥာဏ်ဖိုလ်ဥာဏ်ရဖို့ကို ရှေ့ကထား။
ရှေ့နောက်ခွဲတတ်ပါစေ” ဒီလိုမိန့်ကြားတော်မူတာ။

တို့သူငါတွေက ရှေ့ နောက်အခွဲတွေ မှားနေကြတယ်။
လောလောဆယ် စားဖို့ သောက်ဖို့၊ စားဝတ်နေရေးက
ပိုအရေးကြီးတယ်လို့ မြင်တယ်။
ဒါတွေလုပ်ရင်းနဲ့ပဲ ဖြတ်ဆိုသေပြီး
အပါယ်ရောက်သွားတဲ့အခါကျတော့
နှစ်ပေါင်းအသင်္ချေအနန္တပြန်မတက်နိုင်တော့ဘူး။

ရှေ့ တွေနောက်တွေ လွဲနေတဲ့အခါကျတော့
ပစ္စုပ္ပန်မှာ ချမ်းသာလည်း ခဏပါပဲ။
တော်ကြာ သောကပရိဒေ၀တွေဖြစ်ပြန်ပြီ။
ရွှေတွေငွေတွေ ဘယ်လောက်ပဲရရ
ရာထူးတွေဘယ်လောက်ပဲကြီးကြီး
သောက ပရိဒေ၀တွေ ဖြစ်ပါတယ်။

အဲဒီသောက ပရိဒေ၀တွေ ငြိမ်းဖို့အတွက်
သစ္စာတရားတွေ သတိပဋ္ဌာန်တရားတွေ နာကြားကြ။
ရသလောက်အချိန်ကို လုလုပြီး
ဝိပဿနာတရားတွေကို ဦးစားပေးအားထုတ်ကြ။

မြစိမ်းတောင်ဆရာတော်ဘုရား

မေတ္တာဖြင့်
_/\_ _/\_ _/\_

Credit to: Lwinoo Ko

ကျွန်မက လူလိမ်ပါ မောင်


(၁)

“ ရှင် မဟုတ်တာတွေ မပြောနဲ့”

သူမ အသံက ကြမ်းရှလွန်းတယ်။

“ငါ့ကို လာပြောတဲ့သူတွေက အသေအချာပြောတာ၊ မင်းမလိမ်ပါနဲ့”

“ဘာကိုလိမ်ရမှာလဲ”

ကိမိလ မြို့ပေါ်ရှိ အိမ်ကြီးပေါ်မှ တိုက်ပွဲခေါ်သံဟာ တဖြည်းဖြည်းပြင်းထန်၍ လာနေပေပြီ။

“ မင်းနဲ့ငါ အိမ်ထောင်ပြုလာတာလည်း ကြာပြီ၊ ကုသိုလ်ကောင်းမှုတွေကိုလည်း အတူလုပ်ခဲ့ကြတယ်၊

တစ်မြို့လုံးကလည်း ရိုသေလေးစားကြတယ်၊ အခု မင်းက အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတော့ မြို့မိ

မြို့ဖတွေ ကြားမှာ ငါ ဘယ်လိုမျက်နှာပြရမလဲ?

ယောင်္ကျားဖြစ်သူရဲ့ အသံကသစ္စာမဲ့ခံရသူတစ်ယောက်ဖြစ်ပေမယ့်လည်း သောတာပန် ဆိုတဲ့

ဂုဏ်ပုဒ်ကြောင့် တည်ငြိမ်တိုးလျမှုတွေ တသွင်သွင်စီးနေခဲ့တယ်။

“ ကျွန်မ အဲ့ဒီလောက် အောက်တန်းမကျဘူး”

သူမရဲ့ အော်ဟစ်သံကြောင့် အိမ်ဖော်ကောင်မလေးတွေပင် မျက်လွှာကိုပင့်မကြည့်ရဲ၊ အိမ်ကြီးရှင်

သခင်မလေး အသံက သူတို့ရဲ့ အသက်ရှုသံကိုပင် ပို၍ တိုးဝင်စေခဲ့လေပြီ။

“ ငါ မယုံဘူး”

“ ရှင် ယုံအောင် ကျွန်မ သစ္စာဆိုကျိန်ပြရမှာလား”

“ဒါတော့ မင်းသဘောလေ”

အိမ်ထောင်ရေး ဖောက်ပြန်မှုဆိုတဲ့ အရာကြီးက သူတို့မိသားစု ကြားကို မုန်တိုင်းသဖွယ်

ဝင်ရောက်လာတော့ အဲဒီမုန်တိုင်းကို ရပ်တန့်ဖို့ ယုံကြည်မှုကို တည်ဆောက်ရတော့မယ်။

“ကျွန်မ ကျိန်ပြမယ်”

တစ်အိမ်လုံး တိတ်ဆိတ်သွားတယ်။

“ အကယ်၍ ရှင်ထင်သလို ကျွန်မ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် …”

ကျိန်စာဆိုးသံက ငှက်ဆိုးတစ်ကောင်လိုပဲ တင်လျက်။

(၂)

ညက တဖြည်းဖြည်းနက်လာလေပြီ။

ကိမိလတစ်မြို့လုံး အိပ်မောကျနေပေမယ့် သူမ မှာတော့ အိပ်ရေးပျက် ညတွေနဲ့ တိတ်ဆိတ်မှုတွေကို

ကျော်ဖြတ်ရတာ တစ္ဆေတစ်ကောင် အနားမှာ ရှိနေသလိုပါပဲ။

“ငါ မှားပြီ”

ဆိုတဲ့ အတွေးက ၀င်လာတိုင်း မျက်ရည်တွေက တသွင်သွင်စီးကျလို့။

“သူတော်ကောင်းကိုမှ လိမ်ညာမိတာပဲ” ဟု နှုတ်က ထွက်ကျတိုင်း အသက်ရှုလို့မ၀။

တိတ်ဆိတ်တဲ့ညက အမှားကျူးလွန်ခဲ့သူကို မွန်းကျပ်မှုတွေဖြစ်စေခဲ့ပြီလေ။

အတိတ်တွေက တဖျက်ဖျက်။

(၃)

သူမ နာမည်က ကဏ္ဏမုဏ္ဍ၊

ရုပ်အဆင်းက လှပသလို၊ ဘာသာရေးကိုင်းရှိုင်းခြင်း၊မိဘများက ချမ်းသာခြင်းတို့ကြောင့်

ကိမိလတစ်မြို့လုံးက ယောင်္ကျားသားတွေ စိတ်ဝင်စားနေတဲ့အထဲမှာမှ သူမ က သူ့ကိုရွေးချယ်ခဲ့တယ်။

သူတို့နှစ်ယောက်ပေါင်းကျတော့ တစ်မြို့လုံးက နေနဲ့လ၊ရွှေနဲ့မြလို့ အားလုံးက သတ်မှတ်ကျလောက်အောင်

သူတို့က ရှေ့သွားနောက်လိုက် ညီခဲ့ကြတယ်။

ယောင်္ကျားဖြစ်သူနဲ့သူရဲ့တပည့်တွေကစုပြီး ကဿပဘုရားရှင်ရဲ့ကျောင်းမှာ

ဝေယျာဝစ္စကုသိုလ်၊ ဓမ္မဿဝနကုသိုလ်တွေ ယူကြသလို၊ သူမကလည်း အိမ်ရှင်မကောင်းပီသစွာနဲ့

ဆွမ်းချက် တရားနာဆိုတော့ ‘ ပြောရရင် ဓမ္မနဲ့ နေသားကျနေတဲ့ မိသားစု’ လေးဖြစ်ခဲ့တယ်။

ဒီလိုတည်ငြိမ်နေတဲ့ သူမတို့ဘ၀လေးထဲကို အရိုင်းဆန်မယ့် နေ့စွဲလေး တစ်ခုက ရောက်လာခဲ့တယ်။

တစ်နေ့ သူမတို့ မိန်းကလေးသူငယ်ချင်းတစ်စု အပန်းဖြေခရီးသွားချိန် မှာ

ရုပ်ချောတဲ့လူငယ်လေးတစ်ယောက်နဲ့ခင်မင်ခဲ့တယ်။

‘ကျွန်မက အပျိုပါမောင်’ဟု အမှတ်တမဲ့မုသားကျဲပက်ခဲ့တယ်။

ဒီလိုနဲ့…

သူမယောင်္ကျားတရားနာသွားတဲ့ ညတွေမှာ သူမ ကပွဲကြည့်သွားရင်း နှစ်ယောက်တစ်အိမ်မက်ဘ၀တွေကို

လျို့ဝှက်ညင်သာစွာနဲ့ ကခုန်ခဲ့ကြ တယ်။ နောက်တော့ အဲဒီကောင်လေးကို သူမ မတွေ့တော့။

ဇာတ်လမ်းက ပြီးပြီ ဟု သူမ ထင်မှတ်ထားခဲ့ချိန်မှာတော့ သူမနဲ့ ဖောက်ပြန်ခဲ့သူက

အရက်သမားလူညာတစ်ယောက်ဖြစ်ပြီး သူတို့အချင်းချင်း လောင်းကြေးထပ်ပြီး သူမ

ဘ၀ကိုဖျက်ဆီးခဲ့သူ ဟု သိခဲ့ရချိန်မှာတော့ ပြဿနာက အိမ်ကို ရောက်လာခဲ့တယ်။

နာကျည်းခြင်း၊ဒေါသထွက်ခြင်း၊အိမ်ထောင်ရေးမပြိုကွဲလိုခြင်း ဆိုတဲ့ သောကတွေအောက်မှာ

ယောင်္ကျားဖြစ်သူ ယုံကြည်အောင် ကျိန်စာဆိုခဲ့ရတယ်။

ဒီလိုဆိုတော့ ကျွန်မက လူဆိုးလို့ ရှင်တို့ထင်ရင် မှားလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မဘ၀မှာ

အကုသိုလ်ဆိုလို့ ကြီးကြီးမားမား အိမ်ထောင်ဖောက်ပြန်တာပဲ ရှိခဲ့တယ်။

ကဿပဘုရားရှင်သာသနာမှာ ကျွန်မပြုခဲ့တဲ့ ကုသိုလ်တွေက အများကြီးလေ၊ သို့သော်…

(၄)

“ အရသာတစ်ခုအတွက်နဲ့ လာရတဲ့ခရီးက တန်ရဲ့လား” ဟု

ဗာရာဏသီ မင်းတစ်ယောက်တွေးကာ တောအထပ်ထပ်ကို ဖြတ်ကျော်လာခဲ့တယ်။

တစ်နေ့ ဂင်္ဂါမြစ်မှာ မျောပါလာတဲ့ သရက်သီးတစ်လုံးကို စားမိရာမှ မုဆိုးတစ်ယောက်ကို

သရက်သီးလာရာလမ်းကြောင်းကို စုံစမ်းခိုင်းပြီး သရက်သီးရှိရာမှာ နတ်သမီးတစ်ပါးရှိတယ် ဆိုတဲ့

မုဆိုးရဲ့လျှောက်တင်သံကို စိတ်ဝင်စားပြီး ဧကရာဇ်ဘုရင်တစ်ပါးဘ၀ကို ခ၀ါချပြီး သူတောလမ်းကို

ထွက်လာခဲ့တယ်။

တောအထပ်ထပ် တောင်အသွယ်သွယ်ကို ကျော်ဖြတ်ပြီးတဲ့အခါမှာတော့ သူကြိုတွေးထားသလိုပဲ

နတ်ဝတ်တန်ဆာနဲ့ လှပတဲ့နတ်မင်းသမီးကို သူ့အခြွေအရံတွေနဲ့ တွေ့လိုက်ရတယ်။

‘မြင် မြင်ချင်းပဲ ချစ်မိတယ်’ ဆိုတဲ့ စကားအတိုင်းပဲ ဗာရာဏသီမင်းနဲ့ နတ်သမီးတို့ဟာ

တောနက်အတွင်းမှာတွေ့ပြီး ချစ်သူဘ၀ကို ရောက်သွားကြတယ်။

သိပ်ချစ်ကြတော့လည်း မိုးမမြင် လေမမြင်ပေါ့။

(၅)

ဘုရင်တစ်ပါးဆိုတာ တိုင်းပြည်တစ်ခုမှာ လက်ညှိုးညွှန်ရာ အရာရာဖြစ် တဲ့ဘ၀ပါ၊

ကာမဂုဏ်အာရုံဆိုတာကလည်း ပင်လယ်ရေလို သောက်လေ သောက်လေ ငတ်မပြေ။

လူ့ဘ၀ထက်သာတဲ့ ကာမဂုဏ်အာရုံတောမှာ ဗာရာဏသီမင်းတစ်ယောက် မမောနိုင် မပန်းနိုင်

ကူးခတ်ခဲ့တယ်။

တစ်ရက်…

နှစ်ရက်…

ရက်တွေကြာလာတဲ့ အခါမှာတော့ နတ်သမီးရဲ့ထူးခြားမှုတစ်ခုကို တွေ့ရတော့တယ်၊အဲဒါကတော့

ည သူ အိပ်ပျော်သွားရင် ပျောက်ပျောက် သွားပြီး မနက်ခင်းမှ ပြန်လာတာပါ။

နေ့ရက်ပေါင်းများစွာ ဒီလိုအပြုအမူတွေ ဖြစ်လာတော့ ‘ဘာကြောင့်’ ဆိုတဲ့အဖြေကို သိချင်တာနဲ့

တစ်ည သူမနောက်ကို လိုက်သွားတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက မကောင်း။

ခွေးနက်ကြီးတစ်ကောင်က သူမရဲ့အသွေးအသားတွေကို ကိုက်စားနေတာကို မြင်ရတာကိုက

တုန်လှုပ်စရာ၊ သူမရဲ့ အခြေနေကလည်း ခွေးကိုက်ခံရတဲ့ဒဏ်ရာတွေ၊သွေးသံတွေနဲ့ မသေတဲ့ဘ၀နဲ့

ဝဋ်ခံနေရတဲ့မြင်ကွင်း။

သူ့အတွေးက ချက်ချင်းပင်…

“ငါ ဒီက ပြန်တော့မယ်”

(၆)

“ကျွန်မ ဘ၀က နတ်သမီးတစ်ပိုင်း၊ပြိတ္တာတစ်ပိုင်း နေစံ ညခံပါမောင်၊ ကျွန်မ က လူမဟုတ်ဘူးလေ၊

ဘာကြောင့် ဒီလို ၀ဋ်ခံရသလဲ ဆိုတော့ ကဿပဘုရားရှင် လက်ထက်မှာ ကျွန်မ ကအိမ်ထောင်ရေး

ဖောက်ပြန်ခဲ့တာ ကိုး”

“….. ”

“ကျွန်မ က မဖောက်ပြန်ဘူးဆိုရင်း သူတော်ကောင်းယောင်္ကျားကို လိမ်ညာပြီး ကျိန်စာဆိုခဲ့တာ၊

အခု အဲဒီ အကုသိုလ်ဝဋ်ကြွေးအတိုင်း ကျွန်မ ခံစားနေပြီလေ”

“….. ”

“ဒီဒုက္ခတွေက ဘယ်တော့ လွတ်မလဲ ဟုတ်လား? ‘ဒီမေးခွန်းရဲ့ အဖြေကို ကျွန်မကိုယ်တိုင်လည်း

သိချင်နေတာပါ မောင်၊ အကုသိုလ် ၀ဋ်ကြွေး မကုန်မချင်းတော့ ဆပ်ရမှာပေါ့”

“…..”

“ကုသိုလ်လေးပြုခဲ့လို့ နေ့ခင်းဆို နတ်သမီးလို နေရတာပေါ့”

“…..”

“တားဆီးလို့ မရတော့လည်း ကျွန်မတစ်ယောက်တည်း အလွမ်းတွေ ဒုက္ခတွေနဲ့ နေခဲ့ရမှာပေါ့”

(၇)

အထီးကျန်ခြင်း ဝေဒနာဆိုတာ မောင်တစ်ယောက် ကျွန်မဘ၀ထဲက ထွက်သွားပြီးကတည်းက

ခံစားနေရပေမယ့် အခုထိနေသားမကျသေးဘူး။

သတိရခြင်းဆိုတဲ့ ဒဏ်ရာတွေက ကျွန်မဘ၀ကို နွမ်းလျစေခဲ့တယ်… မောင်…။

တကယ်လို့ရှင်တို့အနေနဲ့ မောင့်ကို တွေ့ရင်ပြောပေးပါနော်..။

ကျွန်မ က သတိရနေပါတယ်လို့..။

ဒါပေမယ့်…

မောင်က ယုံပါ့မလား မသိဘူး။ ကျွန်မ က လိမ်ညာတတ်သူ တစ်ယောက် ဆိုတော့..။

(၀န်ခံချက်)ခုဒ္ဒကနိကာယ်၊ဥဗ္ဗရိဝဂ်၊ကဏ္ဏမုဏ္ဍပေတ၀တ္ထုကို မှီငြမ်းရေးဖွဲ့ပါသည်

Credit to: အရှင်ဃောသိတ ဘိုကလေး

Friday, July 3, 2015

ဆီးချိုသွေးချိုရောဂါအတွက် ဗောက်သီးပင်


ဒီအပင်ကို လမ်းဘေးတွေမှာ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။ ဗောက်ပင် ဖြစ်ပါတယ်။ အချို့ကတော့ ဘောင်သီးလို့ခေါ်ပါတယ်။

ဗောက်သီးမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် B1 and B3 တို့ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါအပြင် ရောင်ရမ်းမှုဝေဒနာများ၊ အဆုပ်နာများကိုလည်း သက်သာစေပါတယ်။ ကင်ဆာကိုဖြစ်စေသည့် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိထူးများ ပါဝင်နေပါတယ်။

ဒီအပင်ရဲ့ ပဉ္စငါးပါးစလုံးကို ဆီးချိုသွေးချိုရောဂါအတွက် အသုံးပြုနိုင်ပါတယ်။ အသီးကိုလည်း စားနိုင်ပါတယ်။ ခရမ်းချဉ်သီးအရသာ ရှိပါတယ်။ မှည့်နေသည့်အသီးများ ချိုသည့်အတွက် ကလေးများ ကြိုက်ကြပါတယ်။ ဆေးဖက်ဝင်သည့်အတွက် နိုင်ငံခြားမှာဆိုရင် ကိတ်မုန့်ပေါ်တင်ထားပြီး စားသုံးကြပါတယ်။

ဆီးချိုအတွက် ဆေးနည်း

၁။ အပင်၊ အရွက်၊ အမြှစ်၊ အသီး၊ အပွင့်တို့ကို လက်တစ်ဆုပ်စာလောက် ခူးပြီး ရေစင်အောင်ဆေးကြောလိုက်ပါ။

၂။ ရေ ၃ခွက် ၁ ခွက်ကျန်တဲ့အထိ ကျိုလိုက်ပါ။

၃။ လက်ဖက်ရည်ခွက် တစ်ခွက်စာခန့်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပါ။

အရသာခါးလွန်းရင် ထန်းလျက်ခဲအနည်းငယ်နှင့် သောက်ပါ။ တစ်လခန့် သောက်ပါက ဆီးချိုသွေးချိုရောဂါ သက်သာသွားပါမည်။

ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ ဆေးဖက်ဝင်အပင်များ

ကင်ဆာပျောက်တဲ့ မင်းဂွတ်သီး


ကျနော်ရဲ့  မွေးစားမေမေ ကျနော့်အတွက် ရှယ်ထားပေးတဲ့ post လေးကို သူငယ်ချင်းများလဲ ဆေးပညာ ဗဟုသုတ ရအောင် ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်

ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး
★ ★ ★ ★ ★ ★ ★ ★

မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။

အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ် တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။ စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။

မင်းဂွတ်သီးရဲ့ အကျိုးပြုပုံများ
၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။
၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။
၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။
၎။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။
ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။
မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။
စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။ လမ်းကြုံရင် စာအုပ်လေးပါ ဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်း...
(အိဖြိုး - သက်ရှည်ကျန်းမာ)

နွေည{လေပြေလေညင်းလေး}

ဆရာခို ဆေးစွမ်း


ဆရာခို ဆေးအကြောင်း ကျနော်လဲ သူများပြောလို့ သာ သိရတာ ဒီpostကိုရှာနေတာမတွေ့ ဘူး
ကျနော့်အပေါ် သားသမီးအရင်းတစ်ယောက်လို့  ကောင်းရှာသော online ပေါ်က မွေးစားအမေ
Daw Khin Htwe Myint ရှယ်ပေးလို့  ဖတ်ခွင့်သိခွင့်ရခဲ့ပါတယ်.....မိတ်ဆွေတို့ အနေနဲ့ လဲ ကိုယ့်ပတ်ဝန်းကျင်မှာ ရောဂါသည်တွေ တွေ့ ခဲ့ရင် ထပ်ဆင့်မျှဝေနိုင်အောင်ဆေးပညာဗဟုသုတ အနေနဲ့  ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်...မူရင်း ပိုစ့်ပိုင်ရှင်ကို Creditပေးပါတယ်.....

အံ့သြဖွယ်ဆေးနည်းကောင်း သို့မဟုတ်
ဆရာခိုဆေးနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် စုစည်းမှုအချို့
--------------------------------------------------------
လွန်ခဲ့သောတစ်နှစ်ခန့်က အသည်းကင်
ဆာအဆင့် ၄ ဖြင့် ကုဍင် ၅၀၀ အသည်းဆေးရုံက လက်လွှတ်လိုက်တဲ့
လူနာတစ်ယောက် ယ္ခုအခါ အကောင်း ပကတိကျမ္မာစွာ TAXI မောင်းမောင်းနေ တာကို မြင်လိုက်ရတော့ အလွန်အံ့သြပြီး ဒီ post လေးကို တင်ပေးမိတာပါ!!
သူ့နာမည်က ဦးထွန်းအောင်ကျော် အသက်က ၅၇ TAXI မောင်းတယ်
မနှစ်ကသင်္ကြန်တွင်းမှာ အသဝါ B အသဲ ကင်ဆာနောက်ဆုံးအဆင့်နဲ့ ဆေးရုံကြီး ဆင်းလာပြီး သေလူအဖြစ်နဲ့ စိတ်ဓာတ် ကျနေချိန်မှာ လမ်းထဲက အမကြီးတစ် ယောက် အထုပ်ကြီးတစ်ထုပ်ဆွဲပြီး အိမ် ထဲဝင်လာကာ "မင်း "ဆေးရုံကပြန်လာ တယ်ကြားလို့ ငါလာကြည့်တာ ဘာမှစိတ်ဓာတ်မကျပါနဲ့ အမလဲအဆုတ် ကင်ဆာသမားတစ်ယောက်ဘဲ အခုတော့ မင်းမြင်တဲ့အတိုင်း ငါအားလုံး ကောင်းသွားပြီ ဟောဒီမှာ ငါစားထားတဲ့ ဆေးတွေဆိုပြီး ပြတော့ ဘာဆေးတွေ များလဲလို့ကြည်လိုက်တော့ ဆရာခို အနာလိမ်းဆေး ၁၀၀ တန်တွေ။
အမဒီဆေးတွေဘာလုပ်ဖို့လဲမေးတော့ မင်းစားဘို့ ငါယူလာတာတဲ့ သူကိုယ် တိုင်ကောင်းတဲ့အနေအထားကိုတွေ့ရ
တာကတစ်ကြောင်း ရေနစ်သူအတွက် ကောက်ရိုးတပင်ကလဲအားကိုးစရာ ကိုယ့်ကိုယ်ကိုလဲ သေလူအဖြစ်
သတ်မှတ်ထားကာ စမ်းသပ်လိုတာက
တစ်ကြောင်းကြောင့် ဆရာခိုအနာလိမ်း ဆေးတစ်နေ့ကို တစ်ရာတန်တစ်ဘူး စားလိုက်တယ် တစ်ပတ်လောက်ကြာ တော့ နေရထထိုင်ရတာ တော်တော်လေး ပေါ့ပါးလာတာကို ခံစားရတယ်။ ဒီလိုနဲ့ ဆက်စားလာလိုက်တာ အခုဆို စားကောင်း အိပ်ကောင်းပြီး အလုပတွေ လဲ ကောင်းကောင်းလုပ်နိုင်နေပါပြီ။
ဆရာဝန်တွေက ၃ လဘဲခံတော့မယ် လို့ မိသားစုကို ပြောပါတယ် အခုတော့ လမ်း ထဲကလူတွေက ကျွန်တော်ကိုတွေ့ရင် နာမည်မခေါ်ဘဲ ဆရာခို လို့တောင်ခေါ် နေကြပါတယ်။
ဆေးကိုကြော်ငြာပေးတာလဲမဟုတ်ပါ ကြော်ငြာခလဲမရပါ ကိုက်ညီမှုများရှိခဲ့ ရင်အသုံးပြုနိုင်အောင် တင်ပေးလိုက်တာပါ။
အမည် ကိုထွန်းအောင်ကျော်
အလုပ် ကားမောင်း
လိပ်စာ အမှတ် ၉၂ သဟာယလမ်း
၁၃ ရပ်ကွက် လှိုင်မြို့နယ်။
=====================================
ဒုတိယ- သင်္ဘောသားတစ်ဦး
သင်္ဘောမှပြန်လာပြီး ကျောက်ကပ်တွင် ကျောက်တည်ခြင်းဖြစ်သည်.. ဆီးသွားလျှင်သွေးကျသည်.. ၈ လလောက်ကြာပြီး တဖြေးဖြေးပိန်လာသည်.. နောက်သူကိုယ်တိုင် လက်လျှော့သောအနေအထားမှ ပါးစပ်လမ်းညွှန်မှုဖြင့် ဆရာခိုအား ရေနွေးနှင့်ဖျော်၍သောက်ရာ ပြန်လည်ကောင်းမွန်လာပြီး သင်္ဘောပြန်လိုက်လျက်ရှိပေသည်။ (သူ၏ အဆိုအရ မထူးတော့ပါဘူး သေမယ့်အတူတူဆိုပြီး ၈ ဘူးအထိ သောက်ခဲ့သည် သို့သော် ပါးစပ်လမ်းညွှန်မှုမှာလည်း ပျောက်ကင်းသော သာဓကဖြင့်ပြောသဖြင့် စွဲစွဲမြဲမြဲသောက်သုံးရာ ပျောက်ကင်းခဲ့ပေသည်)
======================================
နောက် ခွေးကိုက် ၊ ဓားရှ ၊ သံစူးစသဖြင့် အသေးအဖွဲများလည်းပျောက်ကင်းပေသည်
ဆရာခိုဆေးသည် အမှန်တကယ်ကောင်းမွန်သော ဆေးစွမ်းကောင်းဖြစ်ပါသည်။ ဆေးနှုန်းလည်း ၁၀၀ မျှသာရှိသည်။
သို့သော် ဤသို့သော ဆေးစွမ်းကောင်းမျိုးသည် ကိုယ်တိုင်သိသော်လည်း မည်သည့်ရောဂါတွင် အပ်ချမတ်ချ အသုံးချရမှန်း ပျောက်ကင်းမှန်းမသိသဖြင့် ဆရာဝန်များလည်း မညွှန်ကြား ၊ ဝေဒနာရှင်များမှလည်း ပျောက်မှန်းသိသော်လည်း မည်သည့် ရောဂါတွင် မည်ကဲ့သို့ အသုံးပြုရမည်မသိသဖြင့် တိကျစွာလမ်းညွှန်ထားသည့် အင်္ဂလိပ် ဆေးများကို ပျောက်သည်ဖြစ်စေ မပျောက်သည်ဖြစ်စေ သောက်ကြသည်။ နောက်ဆုံး အနောက်တိုင်းဆေးများမနိုင်တာ့မှ မထူးဇာတ်ခင်း၍ မြန်မာဆေးများအား သောက်သုံးကြပေသည်။ ထိုအခါ သေလူမှ ရှင်လူ သေကံမရောက် သက်မပျောက်ကဲ့သို့ ပြန်လည်မွေးဖွားလာသူများလည်းရှိပေသည်။
ထိုကဲ့သို့ ပျောက်မှန်းသိလျှင် နောက်ဆုံးဆေးကုန်တော့မှ သောက်သည်ထက် စောလျှင်စွာ သောက်နိုင်လျှင် ပိုမို အချိန်ကုန် ငွေကုန် လူပန်း သက်သာမည်မဟုတ်ပါလား
အနောက်တိုင်းဆေးများနှင့် တိုင်းရင်းဆေးများကွာခြားချက်ကား တစ်ချို့တိုင်းရင်းဆေးများသည် အနောက်တိုင်းဆေးများထက် အဆများစွာအံ့မခန်းကောင်းမွန်သော်လည်း တိုင်းရင်းနည်းလမ်းဖြင့် ရောဂါကိုတိကျစွာရှာဖွေပြီး မှန်ကန်သော ဆေးမပေးနိုင်ခြင်း(အနောက်တိုင်းဆေးများတွင် အသုံးမပြုမီ ရောဂါအား ခေတ်မိကိရိယာများဖြင့် ရှာဖွေနိုင်ခြင်း).. ရောဂါများအား တိုင်းရင်းဆေးဖြင့်ကုသရာတွင်လည်း တိုင်းရင်းဆေးများသည် စနစ်တကျ သုတေသနပြု စမ်းသပ်ခြင်းမရှိဘဲ.. စမ်းသပ်ကုသရင်းဖြင့်သာ ပျောက်ကင်းကြောင်းပြောနိုင်ခြင်း .. တိကျစွာသုံးစွဲရမည့် ပမာဏ အချိန်ကာလမရှိခြင်းစသည်တို့ကြောင့် တချို့သော ဆရာဝန်များပင် မြန်မာဆေးများ၏ အစွမ်းသတ္တိသိသော်ငြား တိကျသေချာခြင်းမရှိသဖြင့် လမ်းညွှန်ဖို့ခက်ခဲခြင်းများဖြစ်နေပေသည်။
ထို့ကြောင့် ယခုအချိန်တွင် လိုအပ်နေသည်ကား မြန်မာဆေးများ၏ အစွမ်းထက်ပုံအား တိကျစွာ ဖော်ထုတ်နိုင်ပြီး မည်သည့်ရောဂါများတွင် မည်ကဲ့သို့ အညွှန်းအတိုင်း တိကျစွာ သောက်သုံးရမည်။ မည်ကဲ့သို့ပျောက်ကင်းနိုင်မည်။ မည်သည့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်တတ်သည်။ ကို စံနှုန်းမီအောင်တိကျစွာ လမ်းညွှန်ထုတ်ဖော်ပေးရန် လိုအပ်လျက်ရှိပေသည်။ပြည်ပနိုင်ငံများတွင် ဆေးဝါးသုတေသနအတွက် နိုင်ငံများမှ ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုလျက်ရှိပေသည်။ ထို့ကြောင့်လည်း ပေးရသောအချိန် ငွေနှင့်ထိုက်တန်သော ဆေးဝါးကောင်းများတိကျစွာ ပေါ်ထွက်ပြီး ကမ္ဘာတစ်ဝှမ်းရှိပြည်သူများ၏ ကျမ်းမာရေးအတွက် များစွာ လုပ်ဆောင်ပေးနိုင်ပေသည်။ ၄င်းတို့တွင်မရှိသော ဆေးကုန်ကြမ်းများ လိုအပ်တော ဆေးစွမ်းသတ္တိများ မြန်မာနိုင်ငံတွင်းများစွာရှိနေပြီး တိုင်းရင်းဆေးများတွင်လည်းပါဝင်လျက် အစွမ်းသတ္တိများ လူမသိ တိမ်မြုပ်ပျောက်ကွယ်နေပေရာ အဆင့်မီ စံချိန်မီစွာ လမ်းညွှန်ချက်များဖြင့် ထုတ်ဖော်ပေးရန်လိုအပ်ပေသည်။
မြန်မာနိုင်ငံတွင်ဆိုလျှင် ဒေါက်တာခင်မောင်လွင်ဦးစီးသည့် FAME တိုင်းရင်းဆေးဝါးလုပ်ငန်းသည် စနစ်တကျ စံချိန်မီ ထုတ်လုပ်လျက်ရှိပြီး..နိုင်ငံတချို့မှတောင် မှာယူသုံးစွဲလျက်ရှိပေသည်။ ကျန်ရှိသော မြန်မာ့တိုင်းရင်းဆေးများကိုလည်း ထိုကဲ့သို့ မှန်ကန်သော သုတေသနပြုမှုများဖြင့် အစွမ်းများထုတ်ဖော်နိုင်ပြီး စနစ်တကျ လမ်းညွှန်နိုင်လျှင်.. မြန်မာတို့အတွက် အဖိုးအခသက်သာစွာဖြင့် အစွမ်းထက်ဆေးဝါးများရရှိနိုင်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းသို့ပင် ကျမ်းမာရေးအထောက်အကူများပေးနိုင်မည်ဖြစ်ကြောင်းပြောကြားရင်း.. အဖိုးအခချိုသာသော ဆရာခို၏ တန်ဖိုးဖြတ်မရသော အစွမ်းထက်ပုံအချို့အား ဖော်ထုတ်ပေးလိုက်ပါသည်။
(ဆရာခိုဆေးဈေးတွေလည်း မတက်ပါစေနှင့်ဟု ဆုတောင်းပေးပြီး ထိုကဲ့သို့ ကုသရခက်ခဲသော ရောဂါကြီးများအားပျောက်ကင်းအောင်ကုသပေးနိုင်သည့် ဂျိုကာ သဖွယ် အသုံးပြုနိုင်သည့် အစွမ်းထက်သည့် မြန်မာ့တိုင်းရင်းဆေးများစွာလည်းရှိနေပေသေးသည်။ သို့သော် နောက်ဆုံးမှ ထုတ်သုံးသည့် ဂျိုကာဆိုသည်ကား လူ့အသက်ယှဉ်သောပွဲများတွင်မူ ရှေးဦးစွာ အသုံးပြုနိုင်သော ဆေးများအဖြစ်မမြင်ရခြင်းသည် ရောဂါ၊ အချိန် ၊ ငွေ ၊ ဆေးစွမ်းသတ္တိ အရာအားလုံးတို့အတွက် နှမြောစရာကောင်းလေစွ )
ဗေဒါပျံ

လူပျံတော်ရဲ့ ရည်းစားစာ


“ဦးကောဝိဒကြီး လူထွက်သွားပြီ”
အထက်ပါသတင်းစကားဟာ ဆင်ဖြူကျွန်းဆိုတဲ့ အညာမြို့လေးမှာ ဟော့သတင်းဖြစ်သွားပါတော့သည်။ တချို့မယုံကြည်ကြသလို တချို့ကလဲ အံ့သြနေကြ၏။ အံ့သြမည်ဆိုကလည်း အံ့သြထိုက်ပါပေ၏။ ဦးကောဝိဒဆိုတာ တကယ်ကိုဘုရားတရားသမား၊ရိုးရိုးသားသား အေးအေးနေတတ်တဲ့သူ။ တစ်ပါးတည်း အေးအေးဆေးဆေးတည်တည်ညိမ်ညိမ်နေတတ်သူ။ မပြုံးမရီခပ်တည်တည်မှုန်တေတေနဲ့ ဒီတသက်မှာတော့ ဦးကောဝိဒ လူထွက်လိပ်မယ်လို့ ဘယ်သူမှကို ထင်မထားကြဘူး။

ဒါပေမဲ့ လက်ရှိအနေအထားက မယုံလို့မရ လက်မခံလို့မဖြစ်တော့တဲ့အခြေအနေ၊ ခေါင်းက ကတုံဘိုကေနဲ့ ပုဆိုးကိုတစ်စောင်းဆွဲ မညီမညာဝတ်ထားကာ အင်္ကျီမှာဖရိုမရဲ ဖွကျဲကျဲနဲ့ ခပ်တည်တည်မှုန်ကုတ်ကုတ်နဲ့ လူပျံတော်ဦးကောဝိဒပုံဟာ မြင်ရုံနဲ့ဘုန်ကြီးလူထွက်မှန်း သိသာလှပါသည်။

ဦးကောဝိဒ လူထွက်တာထကက် လူထွက်ခြင်းအကြောင်းရင်းကိုသိတဲ့သူတိုင်းက ပိုလို့အံ့သြကြ၏။ မအံ့သြဘဲနေနိုင်ရိုးလား လူထွက်တဲ့အကြောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ တူမ အပျိုကြီးမမကို ချစ်ခင်တွယ်တာမြတ်နိုးရှာလို့ဆိုပဲ။ လူဘ၀ရောက်ရတဲ့ရည်ရွယ်ချက်က နတ်လူသာဓုထော်ပနာပြုရမဲ့ ရည်မှန်ချက်ကြီးပါလေ။

အပျိုကြီးမမဆိုတာကလည်း ဦးကောဝိဒကို ကြည်ညိုလေးစားတဲ့ဒကာမတယောက်ပါ။ ဦးကောဝိဒ လူထွက်တယ်ဆိုတဲ့သတင်းကြားတော့ အပျိုကြီးမမမှာ ၃-ရက်လောက်တောင် ထမင်းမစားနိုင် တမှိုင်မှိုင်နဲ့ဖြစ်သွားတဲ့အထိကို စိတ်မကောင်းဖြစ်မိတာ။

ဦးကောဝိဒ လူထွက်ပြီးတလလောက်ကြာတော့ လူထွက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို စတင်အကောင်ထည်ဖော်ဖို့ ကြိုးစားပါတော့သည်။ ဘုန်ကြီးလူထွက်ဆိုတော့လည်း ချစ်တယ်ဆိုပြီး ရည်းစားစကားပြောဖို့ဆိုတာအဆင်မပြေ အစွမ်းလဲမရှိ။ နောက်ဆုံးမှာတော့ ရှိသမျှသတ္တိ အားကုန်သုံးပြီး အပျိုကြီးမမကို ရည်စားစာပေးဖို့ဆုံးဖြတ်လိုက်၏။

သို့သော် ကိုယ်တိုင်တော့မဟုတ်ကြားခံအောင်တွယ်ကနေတဆင့် ရည်းစားစာပေးရန်ဖြစ်သည်။ ကြားခံအောင်တွယ်ကား အခြားမဟုတ် ဦးကောဝိဒဦးဇင်းဘ၀က ညီငယ်လိုဖြစ်နေသည့် ကိုရင်ဗိုလ်တေပင်တည်း..။

ကိုရင်ဗိုလ်တေကလဲ ဦးကောဝိဒလို မပြုံမရီ ခပ်တည်တည်နဲ့ မဟုတ်မခံဂျစ်ကန်ကန် ကိုရင်တပါးပင်ဖြစ်သည်။ စကားလဲမလိုအပ်ရင်အပိုမပြောတာမို့ ဘာစာလဲ ? ဘာလို့ ပေးတာလဲ ? လို့လေရှည်နေမဲ့သူမဟုတ်လို့ ကိုရင်ဗိုလ်တေကို အကူအညီတောင်းခြင်းဖြစ်သည်။ ကိုရင်ဗိုလ်တွေက အပျိုကြီးမမအိမ်ကိုနေ့တိုင်းဆွမ်းခံကြွလေ့ရှိ၏ ထို့ကြောင့် ကိုရင်ဗိုလ်တေကတဆင့် အပျိုကြီးမမထံကို အချစ်ပေလွှားပါးလိုက်ပါတော့သည်.။

“ကိုရင်ဗိုလ်တေ တပည့်တော်ကို တစ်ခုလောက်ကူညီပါဘုရား”

“ဘာများလဲ ဒကာကြီး တတ်နိုင်တာအကုန်ကူညီမယ် ပြော”

“တင်ပါ ကျေးဇူးပါဘုရား၊ တခြားတော့မဟုတ်ပါဘူး ကိုရင်ဆွမ်ခံကြွတဲ့အိမ်က ဆရာတော်တူမ အပျိုကြီးမမကို စာလေးပေးပေးဖို့ပါဘုရား”

“ဒါလောက်တော့ အေးဆေးပါ ဒကာကြီးရာ ပေးလိုက်လေဒီနေ့ဆွမ်းခံကြရင်း ပေးခဲ့မယ်”

ဆိုပြီး လူပြန်တော်မောင်လူထွက်ဆီက စာကိုလက်မှာအသာကိုင်ပြီး ဆွမ်းခံထွက်လာလေ၏။ အပျိုကြီးမမအိမ်ရောက်တော့ ဆွမ်းလောင်းဖို့ အသင့်စောင့်နေတဲ့ အပျိုကြီးကို အသင့်သားတွေ့လိုက်လေ၏။

“ဒကာမကြီး ဦးကောဝိဒလူထွက်က ဒကာမကြီးကို
စာပေးခိုင်းလိုက်တယ် ရော့ ဒီမှာ” ဆိုပြီးပေးလိုက်လေရာ အပျိုကြီးမှာ ၀မ်းသားအားရနဲ့

“ဟုတ်လားဘုရား တပည့်တော်သူနဲ့တွေ့ချင်နေတာ အဆင်ကောပြေလားမသိပါဘူး၊ အရင်ကတော့ ဦးဇင်းက တပည့်တော်ကို တရားစာတွေ၊ဆုံးမစာတွေရေးပေးနေကျလေ ခုလဲ တရားစာ ဆုံးမစာပဲရေးပေးလိုက်တာနေမှာဘုရား” လို့ပြောပြီး စာအိပ်ကိုဖွင့်၍ ဖတ်ရန်လုပ်ပြီမှ.

“တပည့်တော်က မျက်မှန်မပါတော့ မမြင်ရဘူးဘုရား။ ကိုရင်ပဲဖတ်ပြပါဘုရာ”

ဆိုပြီးဘုန်းကြီးလူထွက်ရဲ့ရည်းစားစာကိုကိုရင်ဗိုလ်တေလက်ထဲထိုးထည့်လိုက်ပါတော့သသည်။

ကိုရင်ဗိုလ်တေဟာ ဓမ္မကထိကဖြစ်ဖို့ရည်ရွယ်ထားသူမို့ စာကျက်ရင်ပဲဖြစ်ဖြစ် ဘုရားရှိခိုးရင်ပဲဖြစ်ဖြစ် ဓမ္မကထိကလေသံနဲ့ ကျက်တတ် ရှိခိုးတတ်၏။ စာချဆရာတော်ဆီ ကျက်ပြီးသားစာကိုအလွတ်ပြန်ဆိုတဲ့အခါ ကိုရင်ဗိုလ်တေအလှည့်ရောက်မှာကို စာချဆရာတော်မှာ အသေကြောက်၏။

စာကိုဓမ္မကထိလေသံနဲ့ ဆွဲဆွဲငင်ငင်အေးအေးဆေးဆေး အသံသြသြကြီးနဲ့ တရားဟောသလိုဆိုတတ်သောကြောင်းဖြစ်သည်။ အခုလည်း လူပျံတော်ဘုန်းကြီးလူထွက်က အပျိုကြီကိုပေးလိုက်တဲ့ ရည်းစားစာကို ဓမ္မကထိကလေသံဖမ်းပြီး တရားဟောသလို ဖတ်ပြလိုက်ပါတော့သည်……….။

“ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောဆိုတဲ့ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာအိမ်ပိုင်သည့် သင်္ခါရနယ်သူ မာတုဂါမ။ အနိစ္စ၊ဒုက္ခ၊အနတ္တဆိုတဲ့ မြတ်စွာဗုဒ္ဓဟောမြွှတ်ပြသကဲ့သို့ သံသရာခရီသွားဦးပဇင်းကောဝိဒသည်လည်း ယခုအခါ၌မူ အနိစ္စသဘောဖြစ်ပျက်သွားချေ၏။သို့ကြောင့် ဒေါမနဿမဖြစ်ချေလင့်၊ မာတုဂါမ၏ ရူပါရုံပသာဒသည် ဟဒဟဘ၀င်၌ဥပါဒါန်အာရုံရောက် အ၀ိဇ္ဇာမာရ်နတ်ဝင်ပူးကပ်သဖြင့် သမုဒုယသစ္စာဖြစ်သွားပါပေ၏။ဒုက္ခသစ္စာအတူကျော်၍ သုမေဓါ သုမိတ္တာလိုတူပျော်ပျော်မဂ်ဖိုလ်နန်း တက်လှမ်းကြပါကုန်စို့ ….သတည်း..”

လို့ နောက်ကနေ “သတည်း”တစ်လုံးအပိုထပ်ထည့်ပြီး ဘုန်းကြီးလူထွက်ရည်းစားစာကို ဓမ္မကထိကလေသံနှင့် ဖတ်လိုက်လေရာ အပျိုကြီးဒေါ်မမမှာ ရိုသေစွာလက်အုပ်ချီပြီး သာဓု……သာဓု….သာဓု…..ပါဘုရာလို့ သာဓုသုံးလီခေါ်ဆိုဆိုလိုက်ပါတော့သည်။

“ဦးကောဝိဒတို့ကတော့ တပည့်တော်ကို အတော်ခင်တာဘုရား ဥပဇင်းဘ၀တုန်းကလဲ တရားစာတွေရေးပေးသလို ခုလူထွက်တော့လဲရေးပေးနေတုန်းပဲဘုရား၊ သူကိုပြောလိုက်ပါ ဥပဇင်းပေးတဲ့ဘုရားရှိခိုးကို နေ့တိုင်းမှန်မှန်ရှိခိုးပါမယ်ဘုရား” လို့ကိုရင်ဗိုလ်တေကို လျှောက်လိုက်ပါတော့သည်။

အဲနေကစပြီး အပျိုကြီးဒေါ်မမတစ်ယောက်
ဘုရားရှိခိုးတိုင်း ဦးကောဝိဒလူထွက်ရဲ့ ရည်းစား စာကို ဘုရားရှိခိုးအထင်နဲ့ နေ့စဉ်နေ့တိုင်းရှိခိုးရှိနေလေတော့၏။

ဘုန်းကြီးလူထွက် ဦးကောဝိဒကြီးလည်း ဓမ္မကထိကလေသံဖမ်းတဲ့ ကိုရင်ဗိုလ်တေရဲ့ ကောင်းမှုကြောင့် ရည်ရွယ်ချက်အထမမြောက် “အချစ်ရှုံးသမား ဘုန်းကြီးလူထွက်” အဖြစ်နဲ့ အပျိုးကြီးနဲ့မမညား ဘုန်းကြီးကျောင်းမှာ “ကပ္ပိယ”အဖြစ်နဲ့သာ နှစ်ပါးသွားရရှာလေတော့သတည်းးးးးးးးးးးးးး။

(ဘ၀အမော၊ခပ်ပါးပါးဖြစ်ဖြစ်၊ပြေလျော့နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
www.ashintejaniya.com