၁။ နိဒါန်း
တမလွန် ပြဿနာ။ ။ ကံနှင့် ကံ၏အကျိုးတရား။ ကံနှင့် တမလွန်ဘ၀ လူတိုင်း သိလိုကြ။ ကံနှင့် ကံအကျိုးပေး ဘယ်လို ဆက်သွယ်မှုရှိသလဲ။ သေပြီးနောက် ဘ၀ဖြစ်သေးသလား၊ မဖြစ်ဘူးလား။ စဉ်းစားကြရင်း ကံအကြောင်း၊ တမလွန်ဘ၀အကြောင်း ပြဿနာ စဖြစ်လာ၏။
ဘ၀ရှိသည်ဟု ယူဆ။ ။ အမြဲရှင်လိုသူများက သေပြီးနောက် ပြန်ရှင်လိုကြ၏။ ထိုသူများက တနည်းတဖုံအားဖြင့် နောက်ဘ၀ရှိသည်ဟု ယူဆခဲ့ကြ၏။ ဤသည်ကို ဘ၀တဏှာဟု ခေါ်၏။
ဝါဒ ၂-မျိုး။ ။ လောက၌ အယူဝါဒ အုပ်စုနှစ်ခုရှိ၏။ တစ်စုမှာ မပျက်စီးဘဲ အမြဲတည်သော အတ္တ၊ အသက်၊ ၀ိညာဏ် ရှိသည်ဟု ယူဆသော အတ္တ၀ါဒ။ အခြားတစ်စုမှာ အမြဲတည်သည့် အတ္တမရှိသည့် အနတ္တ၀ါဒ။ ဗုဒ္ဓ၀ါဒမှတပါးသော ၀ါဒများသည် အတ္တ၀ါဒချည်း ဖြစ်၏။
အတ္တ၀ါဒီတို့၏ တမလွန်။ ။ အတ္တ၀ါဒီတို့၏ တမလွန်ဘ၀သည် အတ္တ၊ ၀ိညာဏ်ကို အခြေခံ၏။ လူသေသော်လည်း အတ္တက မသေ၊ နောက်ခန္ဓာအသစ်ပြောင်း၍ တည်၏။ ဤနည်းဖြင့် တမလွန်ဘ၀ဖြစ်၏။ (ဗုဒ္ဓတရားတော်အရ တည်မြဲအယူမှား သဿတဒိဋ္ဌိ ဟုခေါ်၏။)
အချို့က အတ္တ၊ ၀ိညာဏ်သည် တဘ၀သာ တည်၏။ သေလျှင် ပျက်စီးသွား၏။ ဘာမျှ မကျန်တော့။ ဘာမျှ မဖြစ်တော့။ တဘ၀တည်းဖြင့် အဆုံးသတ်သွား၏။ (ပြတ်စဲအယူမှား ဥစ္ဆေဒဒိဋ္ဌိ)
အနတ္တ၀ါဒီတို့ တမလွန်။ ။ ကြောင်းကျိုး နိယာမကို အခြေခံ၏။ လက်ရှိဘ၀ ပြုလုပ်မှု ကောင်း+မကောင်းကံများက ဖြစ်စဉ်အရှိန်အဟုန်ဖြင့် နောက်ဘ၀ ရုပ်နာမ်အသစ်များကို ထုတ်လုပ်၏။
တမလွန်ဘ၀။ ။ အနောက်တိုင်းက တမလွန်ဘ၀ကို Reincarnation ဟု သုံးကြ။ အဓိပ္ပါယ်က “Soul ဟုခေါ်သော ၀ိညာဉ်က အခြားခန္ဓာကိုယ်တစ်ခုထဲ ပြန်ပြီး နောက်တစ်ဘ၀ဖြစ်ခြင်း” ဟု အဓိပ္ပါယ်ရ၏။ ဗုဒ္ဓဘာသာမှာတော့ Rebirth ဟု သုံး၏။ ပြန်လည်မွေးဖွားခြင်း-ဖြစ်ခြင်း ဟု အဓိပ္ပါယ်ရှိ၏။
ပါရမီရှင်လေးများ
ဗီသိုဗင်။ ။ ဂျာမဏီက ဗီသိုဗင်ဟာ ၃-နှစ်မှာ သီချင်းစပ်၊ ၆-နှစ်မှာ အော်ခက်စတြာတီးဝိုင်းကြီးကို ဦးစီးကာ တီးနေပြီ။ ဒီဘ၀မှာ အကြောင်း သင်ကြားမှု မရှိသေးဘဲနဲ့ ဒီလောက် နက်နဲတဲ့ သီချင်းတွေ တီးလုံးတွေကို ဘယ်လိုလုပ်တတ်သလဲ။ သူမမွေးဖွားမီ တချိန်ချိန်မှာ သင်ကြားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေ၏။
ကိုးရီးယားက အန်းယောင်း။ ။ ရူပဗေဒ ပါမောက္ခ ကင်ဆူဆန်းရဲ့သား အန်းယောင်းဟာ ရက်တစ်ရာပြည့်တဲ့နေ့ သွား ၁၉-ချောင်း ပေါက်၏။ နောက်နေ့ကစ စကားပြော၏။ ၁၃-လသားမှာ အင်္ဂလိပ်စကား ပြော၏။ ၁၄-လသားမှာ ဂျာမန်နှင့် ပြင်သစ်စကားတွေ ပြော၏။ ၁-နှစ်ခွဲမှာ တရုတ်စာကို ရေးတတ်၏။ ၂-နှစ်နှင့် ၄-လသားတွင် ကိုယ်ပိုင် မှတ်တမ်းရေးနေ၏။
လောက သဘာဝအရ မဖြစ်နိုင်ပေ။ ဒီဘ၀မသင်ရဘဲ တတ်နေရင် ဘယ်တုန်းက သင်ခဲ့သလဲ။ အရင်ဘ၀က ဒီပညာရပ်တွေကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့၍ ဒီဘက်ဘ၀မှာ မသင်ရဘဲ တတ်နေသည်ဟု အဓိပ္ပါယ်ရနေ၏။
လူဝင်စား ဖြစ်ရပ်ဆန်းများ
ဗာဂျီးနီးယား တက္ကသိုလ် Psychiatrist Prof. Ian Stevenson က Twenty Cases Suggestive of Reincarnation (1966) စာအုပ်ထဲတွင် လူဝင်စားများအကြောင်း လေ့လာ၍ ရေးထား၏။
ဘရာဇီးက ပေါလို။ ။ ပေါလို မွေးပြီး ၄-နှစ်မှာ ဘယ်သူမှ မသင်ရဘဲ သူဖာသူ စက်ချုပ်တတ်နေ၏။ သာမန်မဟုတ်ပေ။ စက်နှင့် ဖောင်းကြွများပါ ထိုးနိုင်၏။ ဒီဘ၀ ဘာမှ မသင်ရသေးဘဲ ဘယ်လိုတတ်သလဲ။ အကျိုးတစ်ခုရဖို့ အကြောင်းရှိရမည်။ ယခုဘ၀ သင်ကြားခြင်း အကြောင်းမရှိသေးလျှင် ဘယ်တုန်းက သင်ခဲ့သနည်း။ သည်မတိုင်မီ အရင်ဘ၀က စက်ချုပ်ပညာကို ကျွမ်းကျင်စွာ တတ်ခဲ့ပေလိမ့်မည်။
အလာစကာမှ ၀ီလျံဂျော့။ ။ အလာစကာမှ တံငါသည် တလင်းဂျစ်လူမျိုး ၀ီလျံဂျော့ဟာ တနေ့မှာ သူ့သား ရယ်ဂျီနယ်ဂျော့ကို “ငါသေရင် မင်းဆီမှာ ပြန်ဝင်စားမယ်။ ရော့ ဒီရွှေနာရီသိမ်းထား” ဟု ဆိုကာ ပေးခဲ့၏။ သူ့ကိုယ်မှ အမှတ်သားများကိုလည်း ပြထား၏။ ဒီနာရီကို သူ့မိန်းမ ဆူဇန်ကို ပေးထား၏။ သူသေပြီး ကိုးလကျော်လောက်တွင် ဆူဇန်၌ သားလေးမွေး၏။ မွေးလာသည့် ကလေးတွင် ၀ီလျံဂျော့၏ အမှတ်အသားများ ပါလာ၏။ တနေ့ ဆူဇန်က ကိစ္စရှိ၍ လက်ဝတ်ရတနာများ စစ်နေစဉ် သူ့သားရောက်လာပြီး “ဒါ ငါ့နာရီ” ဆိုပြီး ရွှေနာရီကို ကောက်ယူသွားသတဲ့။ ဒီပြင် အပြောအဆို အမူအယာ ကြိုက်၊ မကြိုက်တွေအားလုံးလဲ ၀ီလျံဂျော့နဲ့ အားလုံးတူသည် ဆို၏။ ထို့ကြောင့် ရယ်ဂျီနယ်ဂျော့တို့ လင်မယားက ၀ီလျံဂျော့ဟု ဆုံးဖြတ်လိုက်ကြ၏။
ငညိုရဲ့ ဆန်တစ်စလယ်။ ။ တောင်တွင်း အနောက်မြောက်ဘက်က ချောင်းရိုးရွာမှာ ဘဆိုင်နဲ့ ငညို သူငယ်ချင်းနှစ်ယောက် ကွမ်းထမ်းရောင်းစားကြ၏။ တနေ့မှာ ဘဆိုင်ဆန်ကုန်နေ၍ ငညိုထံတွင် တစ်စလယ်ချေးပြီး ချက်စား၏။ ထိုညတွင်ပင် မြွေထိ၍ ဘဆိုင် ဆုံးသွား၏။
ဘဆိုင်သေပြီး ငညိုအိမ်တွင် တိုက်ကြက်ဖြစ်၏။ တစ်နေ့ သူထက်ကြီးသောကြက်နဲ့ ခွပ်သောအခါ ငညိုက စိတ်ဆိုးပြီး ခြေထောက်ကိုင် မြေကြီးမှာ ရိုက်လိုက်သဖြင့် မူးမေ့သွား၏။ အိမ်ရောက်တော့ ရေအိုးစင်နား ချထားရာ အိမ်က နွားမကြီးက သေခါနီးလေးမှာ လာနမ်းသွား၏။ သေပြီး ထိုနွားမထံဝင်စားပြီး နွားကလေး မွေးလာ၏။ အရွယ်ရောက်သောအခါ သူငယ်ချင်းများ လာဝယ်၍ ရောင်းပြီးး သတ်စားလိုက်ကြ၏။ သတ်နေစဉ် တောင်တွင်းကြီးက စာရေးကြီးလင်မယား ရောက်လာပြီး “ငါ့နွားသာဆို မသတ်ရက်ပါဘူး” ဟု ပြော၏။ နောက် စာရေးကြီးကတော်ထံ ၀င်စား၏။ မွေးပြီး ၇-နှစ်တိုင်အောင် စကားမပြော။ နောက် အဖေက ချော့ပြောမှ “ငညို့ ဆန်တစလယ်” ဟု ပြော၏။ “ဆန်တစလယ်မကဘူး တစ်အိတ်ဆပ်မယ်” ပြောသောအခါ၊ သားက “ဒါဆို ဆန်အိတ် လှည်းပေါ်တင်” ဟု ပြော၏။ ၄င်းနောက် သူပြောသည့်အတိုင်း သွားသောအခါ ငညိုအိမ်သို့ ရောက်၏။ တွေ့တွေ့ချင်း “ဟေ့ ငညို၊ မင်း ငါ့ကို မှတ်မိသေးလား” ဟု မေး၏။ သူ့အဖေလောက်ရှိသူကို ငညိုဟု ခေါ်ရမလားဆိုပြီး ငညို စိတ်ဆိုး၏။ နောက် အကြောင်းစုံ အကုန်ပြန်ပြောပြမှ လည်ပင်းဖက်ကာ ငိုကြလေသတဲ့။
(မဟာစည်ဆရာတော်၊ ဓမ္မစကြာတရားတော်၊ ၂၈၉-၂၉၃။)
နောက်အပတ် ဆက်ရန်…
Photo Credit: Original Uploader
မေတ္တာဖြင့်
Favorite Collections မှ စာရိုက်ပူဇော် မျှဝေပါသည်။
https://www.facebook.com/Favorite-Collections-273212476167679/
July 3, 2016 (Sun)
.