ဆောင်တာဝါသနာပါတဲ့လူတွေအတွက် ဆောင်စရာလေးဖြစ်သလို ရှောင်တာဝါသနာပါသူတွေအတွက်လဲ သင်ခန်းစာလေးတစ်ခုဖြစ်မယ်ထင်လို့ပါ။
ဒီဖြစ်ရပ်လေးရဲ့အစကတော့ ရန်ကုန်မှ မန္တလေးသို့သွားတဲ့ရထားပေါ်ကစတယ်လို့ဆိုရမှာပေါ့။
ဘူတာကိုရထားဆိုက်တော့မယ်ဆိုရင် အရင်ဆုံးရထားပေါ်အပြေးအလွှားတက်လာတာက ဈေးသည်တွေလေ။
စုံလို့ပါဘဲ။ ထမင်းရောင်းတာတွေလဲပါတယ် ။ မုန့်ရောင်းတာတွေလဲပါတယ် ။ ဆေးရောင်းတာလဲပါသလို လက်ဆောင်ပစ္စည်း ရောင်းတာလဲပါတယ်ဆိုတော့ အစုံအစုံပါဘဲ။
ရထားပေါ်မှာပါလာတဲ့ခရီးသည်တစ်ဦးရဲ့လက်ထဲမှာ ဒဏ်ရာ ဗလပွ အနာတရများစွာ ညစ်နွမ်းတဲ့ကာလာတွေ ဖြာထွက်နေတဲ့
နှစ်ရာတန် အစုပ်လေးတစ်ရွက်။
သူက လာလာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံလေးနဲ့ ၀ယ်တယ်။
ဒါပေမဲ့ ဈေးသည်တော်တော်များများက ``ဒီပိုက်ဆံလေး ပြန်လဲပေးပါဦး ´´ ဆိုပြီးလဲခိုင်းတယ်။
ဒီလိုနဲ့ ပိုက်ဆံလေး နေမြဲတိုင်း သူဆီမှာဘဲ ကျန်နေခဲ့တာပေါ့။
ဒီတော့သူစဉ်းစားတယ်။
``အင်း ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး ။ ငါ နောက်ဘူတာကိုရောက်ရင် ရထားထွက်ခါနီးမှဘဲ ၀ယ်မယ် ဒီလိုဆိုသူတို့ ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ဘူး´´
သူ့အကြံနဲ့သူတော့ ဟုတ်လို့ပေါ့လေ။
နောက်လာမဲ့ဘူတာမှာလဲ ဈေးသည်တစ်ယောက်။
သူကတော့ ရောင်းလို့မကုန် တဲ့ ထမင်းသိုးတွေကို ရထားထွက်ခါနီးမှ အပြေးအလွှားလိုက်ရောင်းတာ။
ဘူတာကိုလဲရောက် - - - - ရထားပြန်ထွက်ခါနီး ဥသြလဲ စွဲရော။ ရထားဘီးတွေကလဲ တစ်လိမ့်ချင်းလိမ့်စပြုလို့ ။ ဒီတော့မှ - -
``ထမင်းတွေ ရမယ် ၊ ထမင်းတွေရမယ်၊ ပူပူနွေးနွေးလေးနော် ၊ တစ်ထုပ်မှ နှစ်ရာဘဲ ၊ ယူကြဦးမလား´´
နှစ်ရာတန်ခရီးသည်ကလဲ သူ့အကြံနဲ့သူ ။
``လာဦးဗျို့ ၊ တစ်ထုပ်လောက်ပေးပါ ။ ´´
``ဟုတ်ကဲ့ ၊ ရော့ ရော့ ၊ ပိုက်ဆံချပေးလိုက်လေ´´
``အေး အေး´´
ခရီးသည်ကလဲ ပိုက်ဆံအစုပ်လေးထွက်သွားပြီး ၊ထမင်းထုပ်လေးရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။
ဈေးသည်ကလဲ ထမင်းသိုးတစ်ထုပ်က ပိုက်ဆံနှစ်ရာ ရှာပေးတယ်ဆိုတော့ ၀မ်းသာလို့လေ။
ရထားပေါ်က ပစ်ချလိုက်လို့လေထဲဝဲနေတဲ့ ပိုက်ဆံလေးကိုအမိအရဖမ်း ၊ ပြီးတော့မှ ``ဟင်´´။
ခရီးသည် ကလဲ ဈေးသည်ကိုလှမ်းကြည့် ၊ သနားပါတယ်ဆိုတဲ့ သဘောပေါ့ ။
ပြီးတော့မှ ထမင်းစားမယ်ဆိုပြီး အိတ်ဖွင့်လိုက်တော့မှ ``ဟာ´´။
စာချစ်သူတို့ရေ အဲဒီ ( ဟာ နဲ့ ဟင် ) ကိုအနှစ်ချုပ်ရင် - - -
အစုပ်ပေးရင် အပုတ်ရတယ် ။ အပုတ်ပေးရင် အစုပ်ရတယ် ပေါ့နော်။
စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလဲ ညံ့တတ်တယ်ဆိုတာ သတိရစေချင်လို့ပါ။
လူအချင်းချင်း ၊ လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ။ ။ ။
Posted by Ashin Rsein
No comments:
Post a Comment