မနေ့က အသိဒကာမတစ်ဦးက ဦးဇင်းကို မေးခွန်းလေးတွေ မေးချင်တယ် ဆိုပြီး
“ သောတပန်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲ “ လို့စမေးပါတယ်။
ဦးဇင်းက-
“ သောတပန်မဟုတ်ပါဘူး သောတာပန်ပါ၊ အရိယာပုဂ္ဂိုလ်လေ…။ စင်ကြယ်သူလို့ အဓိပ္ပာယ်ရတယ်၊
ကိလေသာတွေ စင်ကြယ်တာပါ” ဆိုပြီး အဖြေပေးလိုက်တော့
“ ဒီခေတ် ဖြစ်နိုင်သေးသလား” တဲ့
“ တရားကို တကယ်မှန်မှန်ကန်ကန် အားထုတ်ရင် ဖြစ်နိုင်တယ်လို့ ဘုရားဟောထားတာရှိပါတယ်” လို့အဖြေပေးလိုက်ပါတယ်။
“တပည့်တော်တို့က စီးပွားရေးမှာနှစ်မြုပ်ထားရသူတွေဆိုတော့ အကုသိုလ်တွေတော့ မကင်းနိုင်သေးဘူးပေါ့ဘုရား၊ ဒါပေမယ့် ကုသိုလ်တရားတွေကိုတော့ များနိုင်သမျှများအောင် ကြိုးစားမှာပါ” တဲ့၊
ဦးဇင်းက “ ကုသိုလ်တာများအောင် အားထုတ်ရမှာ မဟုတ်ဘူး၊ အကုသိုလ်တွေ ပါးအောင်လည်း အားထုတ်ဖို့ လိုအပ်သေးတယ်လေ” လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီတော့ သူက “ အကုသိုလ် လုပ်တိုင်း ငရဲကျနိုင်သလား ” တဲ့
ဦးဇင်း ။ ။ အင်း…ကြီးလေးတဲ့ ကံ (၅)မျိုးကို လုပ်မိရင်တော့ သေချာပေါက်ငရဲကျမှာပါ၊ ကျန်တဲ့
အကုသိုလ်ကံတွေကတော့ မသေချာပါဘူး…။ ကုသိုလ်ကံတွေက အကျိုးပေးခွင့်ရသွားရင်ပေါ့..။
မေးသူ ။ ။ (၅)မျိုးက ဘာတွေလဲ ဘုရား…။
ဦးဇင်း ။ ။ (၁) အမေသတ်တဲ့ကံ၊(မာတုဃာတက)
(၂) အဖေသတ်တဲ့ကံ၊(ပိတုဃာတက)
(၃) ရဟန္တာသတ်တဲ့ကံ၊(အရဟန္တဃာတက)
(၄) ဘုရားသွေးစိမ်းတည်အေင်လုပ်တဲ့ကံ၊(လောဟိတုပ္ပါဒက)
(၅)သံဃာသင်းခွဲတဲ့ကံ(သံဃဘေဒက)။
အဲဒီကံတွေက ကြီးလေးတဲ့ ကံတွေလို့ ခေါ်တယ်..၊
ပါဠိလိုတော့ ပဉ္စာနန္တရိယကံပေါ့…။ (ပဉ္စ-ငါးပါး+အနန္တရိယ-အခြားမဲ့ဘ၀၌+ဣယ-အကျိုးပေးသောကံ)
မေးသူ ။ ။ အော် …. ကျန်တဲ့ အကုသိုလ်ကံတွေကကော ဘုရား….။
ဦးဇင်း ။ ။ အကုသိုလ်ဆိုတာ ကျောက်ခဲနဲ့တူပါတယ်၊ သေးသေး ကြီးကြီး အောက်နစ်မှာပါပဲ။
ဒါပေမယ့် အဲဒီကျောက်ခဲရဲ့ဝန်ကို နိုင်နိုင်တဲ့ လှေစတဲ့ အခံရှိရင် မနစ်မြုပ်နိုင်ပါဘူး..။
မေးသူ ။ ။ တင်ပါ..။
ဦးဇင်း ။ ။ ဒီလိုပါပဲ အကုသိုလ်တွေလုပ်ခဲ့ပေမယ် ကုသိုလ်တွေများများလုပ်ရင် ကုသိုလ်ကံတွေက
အကျိုးပေးခွင့်ရရင် အကုသိုလ်ကံက အကျိုးမပေးရင် အောက်အပါယ်ဘုံကို
မရောက်နိုင်ပါဘူး…။ ခုနပြောတဲ့ (၅)ပါးက တော့ အင်မတန်ကြီးလေးတဲ့ ၀န်လို
ဘယ်ဟာမှ ခံမထားနိုင်ဘူးလေ..။
မေးသူ ။ ။ တင်ပါ… တပည့်တော် သဘောပေါက်ပါတယ် ဘုရား…။
ဦးဇင်း ။ ။ ဥပမာလေး ပြောပြဦးမယ်…။
မေးသူ ။ ။ တင်ပါ… ပြောပြပါဦးဘုရား….။
ဦးဇင်း ။ ။ ဦးဇင်းတို့ စာပေမှာ (အင်္ဂုတ္တိုရ်-ပ-၂၅၀) မှာ လောဏကပလ္လသုတ်ဆိုတာရှိတယ်။
မြန်မာလိုတော့ ဆားခွက်သုတ္တန်ပေါ့။ အဲဒီမှာ ပါတဲ့ ဥပမာလေးပါ။
ဆိုပါစို့ ဆားတစ်ပိဿာကို မြစ်ထဲ သွန်ချကြည့် ရေအရသာ ပျက်သွားပါ့မလား..။
မေးသူ ။ ။ ဘယ်ပျက်မလဲ ဘုရား….။
ဦးဇင်း ။ ။ အေး အဲဒီသဘောပဲ ကုသိုလ်ကံ အများကြီးရှိနေသူဟာ အကုသိုလ်ကံ အနည်းငယ်
လေးက အရာမထင် အရသာမပေါ်နိုင်တော့ဘူးပေါ့…။
မေးသူ ။ ။ တင်ပါ မှတ်သားစရာကောင်းလှပါတယ် ဘုရား…။
ဦးဇင်း ။ ။ နောက်…ရေအိုးအသေးစားလေးထဲ ကို ဆားတစ်ပိဿာထည့်ကြည့် ဘယ်လိုဖြစ်မလဲ…။
မေးသူ ။ ။ အင်မတန်ငန်ပီး ရေအရသာတောင် ရတော့မှ မဟုတ်ပါဘူး ဘုရား..။
ဦးဇင်း ။ ။ အေး ဟုတ်တယ် ရေကနဲ့ပြီး ဆားကများနေတာကိုး
အဲဒီလိုပဲ ကုသိုလ်ကံနည်းနည်းလေးသာ ရှိတဲ့သူဟာ
အထိုက်အလျောက် အကုသိုလ်ဖြစ်လိုက်ရင်တောင် ရှိတဲ့ ကုသိုလ်ကံသတ္တိလေးတွေ
ပျက်ပြားသွားတတ်တယ်..။
မေးသူ ။ ။ တင်ပါဘုရား….တပည့်တော်လည်း တရားဘောင်ထဲ ၀င်ဖို့ စိတ်ကူးရှိတယ်ဘုရား..
ဒါပေမယ့် အိမ်ကို သံယောဇဉ် မပြတ်နိုင်သေးဘူး ဘုရား…။
ဦးဇင်း ။ ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကုသိုလ်ဆိုတာတော့ ယူတတ်ရင် ရပါတယ်။
မေးသူ ။ ။ ပြောပြပါဦးဘုရား….။
ဦးဇင်း ။ ။ အခု နေ့စဉ် စားဝတ်နေရေးမှာ စိတ်ကလေး ပြောင်းထားလိုက်ရင်
ကုသိုလ်ဖြစ်တယ်လေ..၊ ဥပမာ…..ညီတွေ ညီမတွေကို ကိုယ်က ထမင်းခူးကြွေးတယ်
ဆိုပါစို့… ညီတွေ ညီမတွေ အပေါ်စေတနာကလေး ထားပီး သူတို့လေးတွေ
ကောင်းကောင်း မွန်မွန်စားသောက်နိုင်ကြပါစေ…လို့ စိတ်ထားလိုက်ရင်
“မေတ္တာဘာဝနာ” ကုသိုလ်ရတယ်၊ ကိုယ်က စေတနာနဲ့ ကျွေးမွေးတော့ “ ဒါန” လည်း
ဖြစ်နေတာပါပဲ၊ အလှူကြီးတွေ ပေးနေမှ ဒါန ကုသိုလ်ခေါ်တာ မဟုတ်ဘူးလေ…။
မေးသူ ။ ။ တင်ပါ သဘောပေါက်ပါတယ်ဘရား…။
ဦးဇင်း ။ ။ အမေ အဖေတွေကို ထမင်းပွဲပြင်ပေးရင်းလဲ ဒါနကုသိုလ်
ဝေယျာဝစ္စခေါ်တဲ့ သီလကုသိုလ် မေတ္တာဘာဝနာ ကုသိုလ်တွေ ယူနိုင်အောင်
ယောနိသောမနသိကာရ ဆိုတဲ့ နှလုံးသွင်းလေး ထားရင် ဘာလုပ်လုပ် ကုသိုလ်ဘာပဲ။
မေးသူ ။ ။ တင်ပါ ဘုရား…။
ဦးဇင်း ။ ။ အခု အင်တာနက်ဆိုင်မှာ အလုပ်လုပ်တယ်ဆိုတော့ သုံးစွဲသူတွေ အဆင်ပြေစေချင်တဲ့
စိတ်ကလေးနဲ့ မေတ္တာထား ကုသိုလ်ဖြစ်တယ်လေ၊ ဒါကြောင့် ဦးဇင်းကပြောနေတာပေါ့
“ တာဝန်ကျေရုံ မလုပ်နဲ့ ၊ နည်းနည်း ပိုလုပ်” လို့…။
မေးသူ ။ ။ ဒါဆို ဘာပဲ လုပ်လုပ် မေတ္တာ ထားရမယ်ဆိုတဲ့ သဘောလား…။
ဦးဇင်း ။ ။ အင်း မေတ္တာဆိုတာက မအောင်မြင်နိုင်တဲ့ အရာရယ်လို့ မရှိဘူးလေ…၊
ဦးဇင်းတို့ ကိုရင်ဘ၀က ကျက်ခဲ့ဖူးတဲ့ စာလေးရှိသေးတယ်၊ ပြောပြဦးမယ်…။
“ယေ တတ္ထ ပါဏာ တေ တေန ယာပေန္တု “ (အင်္ဂုတ္တိုရ်၊ ၁၆၂)တဲ့၊
အဓိပ္ပာယ်က ဒီနေရာမှာ ရှိတဲ့ သတ္တ၀ါလေးတွေ ငါစွန့်လိုက်တဲ့ ထမင်းကျန်
ဟင်းကျန်တွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ် မျှတနိုင်ကြပါစေ-လို့ ဆိုလိုတာပါ။
ထမင်းပန်းကန် ဟင်းပန်းကန်ဆေးတဲ့ အခါမှာလဲ အဲဒီလိုလေးတွေ စိတ်ထားပြီး
ဆေးမယ် ဆိုရင် ကုသိုလ်ဖြစ်တယ်လို့
မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့တယ်လေ…။
မေးသူ ။ ။ တင်ပါ့ဘုရား…။
ဦးဇင်း ။ ။ စိတ်ကလေးသာ ကုသိုလ်ဘက်ကို ပြောင်းလိုက်ပါ ယူစရာကုသိုလ်တွေ
မကုန်နိုင်ပါဘူး….၊ (ကုသလံ) ယောနိသော မနသိကာရပဒဋ္ဌာနံ(အဘိ.ဋ္ဌ-၁၊ ၁၀၅)
ကုသိုလ်ဆိုတာ နှလုံးသွင်းမှန်ကန်ခြင်းဟာ နီးသောအကြောင်းပါတဲ့…
ဒါကြောင့် ဘယ်အရာမဆို မေတ္တာထား ကောင်းတဲ့ စေတနာနဲ့ လုပ်ရင်
ကုသိုလ်ဆိုတာ နေ့စဉ်စားဝတ်နေရေးမှာ ယူစရာအများကြီးပဲလေ….။
နောက်ဆုံး ၀ိပဿနာကုသိုလ်ကိုလဲ သွားရင်း လာရင်း ရောင်းရင်းဝယ်ရင်းနဲ့
သတိထားပြီး လုပ်ရင် ရတာပါပဲ..။ ဒါကြောင့် ယောဆရာတော်က-
“ တရားဆိုတာ အားဖို့မလို …၊ သိဖို့လိုသည်…” လို့ မိန့်တော်မူတာပေါ့ ။
မေးသူ ။ ။ တင်ပါ…ကျေးဇူးတင်ပါတယ် ဘုရား….။
(မှတ်ချက်) နားလည်းမှုကိုသာပဓာနထားကာ
ဖြေကြားပေးရသည့်အတွက် အမှားပါရင် ခွင့်လွတ်ကြပါရန်….။
No comments:
Post a Comment