ဝိပဿနာရှုနည်းသည် သမထယာနိကရှုနည်း နှင် ၀ိပဿနာယာနိကရှုနည်းဟု(၂)ပါး အပြားရှိ၏။
အထက်ဖေါ်ပြပါ သမာဓိ(၃)မျိုးတွင် ဥပစာရသမာဓိ၌ဖြစ်စေ၊အပ္ပနာသမာဓိ၌ဖြစ်စေ တည်၍ ၀ိပဿနာရှုခြင်းကို သမထယာနိကရှုနည်းဟု ခေါ်၏။ သမထယာဉ်ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ သွားရောက်သောပုဂ္ဂိုလ်ဟု ဆိုလို၏။ ထိုကြောင့် ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိကို သမထယာနိက ပုဂ္ဂိုလ်၏ မှီရာဖြစ်သော စိတ္တ၀ိသုဒ္ဓိဟု မှတ်အပ်၏။
ဥပစာရအပ္ပနာသမာဓိနှစ်ပါးကို မမှီမူ၍ သက်သက်ဝိပဿနာရှုသောနည်းကို သုဒ္ဓ၀ိပဿနာ ယာနိကဟုခေါ်၏။ သို့ဖြစ်၍ ခဏိကသမာဓိသည်သာလျင် သုဒ္ဓ၀ိပဿနာယာနိကပုဂ္ဂိုလ်၏ စိတ္တ ၀ိသုဒ္ဓိဖြစ်ခြင်းပင် ဖြစ်၏။
ယင်းနှင့်စပ်၍ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ ၌ '' သမထယာနိကအား ဥပစာရသမာဓိအပ္ပနာသမာဓိ နှစ်မျိုးကို ကြဉ်၍ တစ်ရံတစ်ခါမျလည်း လောကုတ္တရာတရားကို ရခြင်းသည် မဖြစ်။ ၀ိပဿနာ ယာနိကအား ခဏိကသမာဓိကို ကြဉ်၍ တစ်ရံတစ်ခါမျလည်း လောကုတ္တရာတရားကို ရခြင်းသည် မဖြစ်။ သမထယာနိက၊၀ိပဿနာယာနိကနှစ်ဦးလုံးတို့အားလည်း အနိစ္စာနုပဿနာ၊ ဒုက္ခာနုပဿ နာ၊အနတ္တာနုပဿနာဟူသော ၀ိမောက္ခ (၃) မျိုးကို ကြဉ်၍ တစ်ရံတစ်ခါမျလည်း လောကုတ္တရာ တရားကို ရခြင်းသည် မဖြစ်။'' ဟု မိန့်တော်မူ၏။
ဝိပဿနာရှုမှတ်ပွားများအားထုတ်နည်း
ဤ၌ကား ခဏိကသမာဓိကို သုဒ္ဓ၀ိပဿနာယာနိကနည်းဖြင့် ထူထောင်ကာ ၀ိပဿနာ အားထုတ်ပုံကို ပြဆိုပါမည်။ ၀ိပဿနာရှုမှတ်ပွားများအားထုတ်လိုသည့်ယောဂီသည် တော၊ သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာအရပ်ဟူသည့် နေရာတစ်ခုခုကို ရွေးချယ်ကာ တင်ပလ္လင်ခွေထိုင်လျက် အထက်ပိုင်း ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထားပြီး အမှတ်သတိကို ရှုမှတ်ရမည့်အာရုံဆီသို့ ရှေးရှုဖြစ်စေရ၏။ မဟာစည် ရှုမှတ်နည်း၌ မိမိတို့ ၀မ်းဗိုက်ဖောင်းခြင်း၊ပိန်ခြင်းကို မဏ္ဍိုင်ပြု၍ ရှုမှတ်ရ၏။ ထိုမဟာစည်နည်းဖြင့် ရှုမှတ်လျင် မိမိတို့ ၀မ်းဗိုက်၏ ဖောင်းကြွလာမှု၊ ပိန်ကျသွားမှုကို စိတ်ဖြင့်စူးစိုက်၍ ကြည့်နေရမည်။ ၀င်သက်ရှုခိုက်၌ ၀မ်းဗိုက်ဖောင်းကြွရွေ့လျားလာသည်ကို 'ဖောင်းတယ်'ဟု မှတ်ရမည်။ ထွက်သက် ရှိုက်ခိုက်၌ ၀မ်းဗိုက်ပိန်ကျရွေ့လျားသွားသည်ကို 'ပိန်တယ်'ဟု မှတ်ရမည်။ သို့ဖြစ်လျင် ၀မ်းဗိုက် သဏ္ဍာန်ပညတ်ကို ရှုမှတ်ရာမရောက်ပါသလော'ဟု မေးဖွယ်ရှိ၏။ စင်စစ်အားဖြင့် အားထုတ်ခါစ၌ ပညတ်ကို လုံးလုံးဖျောက်၍ ရှုရန် မဖြစ်နိုင်ပေ။ပညတ်ကိုပါ ထင်ရှားသိ၍ ရှုမှတ်မှသာလျင် သမာဓိ၊ သတိဉာဏ် ရင့်သန်လွယ်ပေမည်၊ ဉာဏ်ရင့်သောအခါ၌ကား ပညတ်အာရုံအလုံးစုံကွယ်ပျောက်၍ ပရမတ်သဘောမျ၌သာ အသိဉာဏ်ရောက်လျက် ရှိချေမည်ဟု မဟာစည်ဆရာတော်က မိန့်တော်မူ၏။
ယင်းသို့ 'ဖောင်းတယ်၊ ပိန်တယ်'ဟု မပြတ်မစဲမှတ်ရာအခါ၌လည်း စိတ်ဖြင့်သာ မှတ်ရမည်၊ နှုတ်မှ ရွတ်ဆိုရန်မလိုပေ။ ဖောင်းမှု၊ပိန်မှုထင်ရှားစေရန် အားထုတ်၍ ပြင်းပြင်းရှုရှိုက်ခြင်းကို တမင်တကာ အားမထုတ်ရပေ။ ပကတိရှုရှိုက်နေကျအတိုင်းသာ ရှုရှိုက်ရမည်။ ဖောင်းတယ်ပိန်တယ်ဟု မပြတ်မှတ်နေ
စဉ်အတွင်း အကြားကြား၌ စိတ်ကူးကြံစည်မှုများ ဖြစ်ပေါ်လာသည့်အခါ 'စိတ်ကူးတယ်၊စိတ်ကူးတယ်'
ဟု မှတ်ရမည်။ ကြံတွေးစဉ်းစားဆင်ခြင်လျင် 'ကြံတွေးစဉ်းစားဆင်ခြင်တယ်'ဟု မှတ်ရမည်။ စိတ်သွားလျင် 'သွားတယ်'ဟု မှတ်ရမည်။ တစ်နေရာရာသို့ စိတ်ရောက်သွားလျင် 'ရောက်တယ် ရောက်တယ်' ဟု မှတ်ရမည်။ စိတ်ကူးထဲ၌ တစ်စုံတစ်ယောက်နှင့်တွေ့လျင် 'တွေ့တယ်'ဟု မှတ်ရမည်။ စိတ်ထဲ၌ ပေါ်လာ၍ တစ်စုံတစ်ရာကိုမြင်လျင် 'မြင်တယ် မြင်တယ်' ဟုမှတ်ရမည်။ ထိုအမြင်ပျောက် သွားအောင် အထပ်ထပ်ရှုမှတ်ရမည်။ ဤသို့ မှတ်ပြီးလျင် ဖောင်းတယ် ပိန်တယ်ဟု မှတ်နေကျကိုသာ ပြန်၍ မပြတ်မှတ်ရမည်။ တစ်နေရာရာမှ ညောင်းညာမှုလွန်ကဲထင်ရှားလာလျင် ထိုညောင်းမှုကိုသာ စူးစိုက်၍ 'ညောင်းတယ်၊ညောင်းတယ်'ဟု မနှေးမမြန် မပြတ်မှတ်ရမည်။ ထိုညောင်းမှုသည် မှတ်နေစဉ်မှာပင် တဖြည်းဖြည်းသေးသိမ်ကာ ကွယ်ပျောက်၍လည်း သွားတတ်၏။ မခံသာအောင် လွန်ကဲ၍လည်း လာတတ်၏။ မခံသာ၍ ပြုပြင်လိုလျင် ထိုစိတ်ကို 'ပြင်ချင်တယ်' ဟု မှတ်၍ ပြင်သောကိုယ်အမူယာများကိုလည်း ခေါ်နေကျအတိုင်းပင် ဆက်၍မှတ်ရမည်။ တစ်နေရာရာ၌ ယားယံ မှုဖြစ် ပေါ်လာလျင် ထိုယားမှုကိုသာ စူးစိုက်၍ 'ယားတယ် ယားတယ်' ဟု မှတ်ရမည်။ မှတ်နေရင်း အယားပျောက်သွားလျင် ဖောင်းမှုပိန်မှုကိုသာ ပြန်၍မှတ်ရမည်။ မခံသာ၍ အယားဖျောက်လိုလျင် 'ဖျောက်ချင်တယ် ' ဟု ဖြစ်စေ၊ 'ကုတ်ချင်တယ်'ဟု ဖြစ်စေ မှတ်ရမည်။
အမှတ်ကောင်းနေစဉ်မှာ ဖျဉ်းကနဲ ဖျဉ်းကနဲ ကြက်သီးထတတ်၏။ ကျောထဲကဖြစ်စေ၊ တစ်ကိုယ်လုံးဖြစ်စေ စိမ့်ကနဲ စိမ့်ကနဲ အေးမှုလည်း ဖြစ်တတ်၏။ ထိုသို့ဖြစ်ခြင်းကို မကြောက်ရပေ။ တရားသဘောအတိုင်း ပီတိဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ တစ်စုံတစ်ရာ အသံကလေးများကို ကြားရခြင်း ကြောင့်လည်း ဖျက်ကနဲ လန့်တတ်၏။ ကြောက်စရာမရှိပေ။ သမာဓိအရှိန်ကောင်းလာသောကြောင့် ဖဿဒဏ်ပြင်းပြပုံကို ထင်ရှားသိလာခြင်းပင်ဖြစ်၏။
စင်္ကြန်သွားရာအခါ၌လည်း ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို 'လှမ်းတယ် လှမ်းတယ်' ဟု ဖြစ်စေ၊ 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်' ဟုဖြစ်စေ ခြေကြွသည်မှ စ၍ ချသည့်တိုင်အောင် ခြေလှမ်းသည့်အမူအယာတိုင်းကို အမြဲမပြတ်သတိကပ်သိရှိနေရမည်။ ဖြေးဖြေးသွားသည့်အခါ၌ 'ကြွတယ် လှမ်းတယ်' ဟုဖြစ်စေ၊ 'ကြွတယ် ချတယ်' ဟု ဖြစ်စေ၊ 'လှမ်းတယ် ချတယ်'ဟု ဖြစ်စေ နှစ်ချက် နှစ်ချက်စီ မှတ်ရမည်။ ထိုနှစ်ချက်မှတ်ကို နိုင်နင်းသောအခါ၌ ခြေလှမ်းတိုင်းကို 'ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊' ဟု သုံးချက် သုံးချက်စီ မှတ်ရမည်။ ရပ်လျင် 'ရပ်တယ်' ဟု မှတ်ရမည်။
လှဲအိပ်လိုလျင် 'လှဲချင်တယ်'ဟု ဖြစ်စေ၊ ' အိပ်ချင်တယ်'ဟု ဖြစ်စေ မှတ်ရမည်။ လှဲရန် ပြုပြင်သော လက်ခြေ ကိုယ်အမူအရာတို့ကို 'ကြွတယ်၊ ဆန့်တယ်၊ ထောက်တယ်' စသည်ဖြင့် မှတ်ရမည်။ အိပ်ချင်လာလျင် 'အိပ်ချင်တယ်၊ အိပ်ချင်တယ်' ဟု မှတ်ရမည်။ မှေးလာလျင် 'မှေးတယ် မှေးတယ်' ဟု မှတ်ရမည်။ အိမ်ပျော်အခိုက်၌ကား ဘ၀င်စိတ်သက်သက်မျသာဖြစ်တော့သောကြောင့် အမှတ်သတိ မရှိတော့ပေ။
အကျဉ်းချုပ်အားဖြင့် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ကူးကြံစည်တိုင်း စဉ်းစား ဆင်ခြင်တိုင်း စိတ်အမူအရာကိုမှတ်ရမည်။ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပြုပြင်လှုပ်ရှားမှုတိုင်း ကိုယ်အမူအရာကို မှတ်ရမည်။ ကိုယ်ထဲ၊စိတ်ထဲ၌ ကောင်းသည် ခံသာသည်ဖြစ်စေ၊ ဆိုးသည် မခံသာသည်ဖြစ်စေ ဝေဒနာဟူသမျကို ဖြစ်ပေါ်လာတိုင်းမှတ်ရမည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ် စေ စိတ်ထဲ၌ထင်ပေါ်လာသော အာရုံဟူသမျကို မှတ်ရမည်။ ဤသို့သော မှတ်ဖွယ်အထူးများ မရှိသော အခါ၌ ဖောင်းမှုပိန်မှုထိုင်မှုစသော မှတ်နေကျကိုသာ မပြတ်မှတ်ရမည်။ သွားဆဲ၌လည်း ကြွမှုလှမ်းမှု ချမှုတို့ကိုသာ မပြတ်မှတ်ရမည်။ ဤနည်းဖြင့် အိပ်ပျော်ခိုက်ကို ချန်လှပ်၍ နေ့ရောညဥ့်ပါ မပြတ်မစဲ တစ်မှတ်တည်း မှတ်နေလျင် မကြာမီပင် ဖြစ်ပျက်တိုင်းသော ရုပ်နာမ်အလုံးစုံကို ပစ္စုပ္ပန်ကျအောင် မှတ်သိနိုင်၍ ၀ိပဿနာဉာဏ်ထူးများ အစဉ်အတိုင်းဖြစ်ပေါ်လာပါလိမ့်မည်။
Posted by Win Win Yee
No comments:
Post a Comment