Sunday, February 17, 2013

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ............


ဗုဒ္ဓဘာသာဝင်တွေရဲ့အခြေခံအကျဆုံးယုံကြည်ချက်ကတော့ကံနဲ့ကံရဲ့အကျိုးတရားပါပဲ။

“ကောင်းတာလုပ်ခဲ့ရင်ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ခဲ့ရင် မကောင်းကျိုးရမယ်၊

... အချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊

အခါးစေ့စိုက်ခဲ့ရင် အခါးပင်ပေါက်ပြီး အခါးသီးစားရမယ်၊

ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့နဲ့ ထိုက်တန်တဲ့ အပင်ပေါက်ပြီး အဲဒီအပင်နဲ့ ထိုက်တန်အသီးကိုပဲ ကိုယ်စားရမယ်၊

အလုပ်ဆိုတာကံ၊ ကံဆိုတာအလုပ်၊ ကိုယ်ကံက ကိုယ့်ဘဝကိုစီမံတယ်၊ ကိုယ့်ဘဝရဲ့ ဖန်ဆင်းရှင်ပာာ ကိုယ်လုပ်ခဲ့တဲ့ကံတရား”

အဲဒီလိုနားလည်လက်ခံယုံကြည်ထားကြပါတယ် .....။


မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာဝတ္ထိမြို့မှာ သိပ်ချောသိပ်လှတဲ့ အမျိုးသမီး တစ်ဦးရှိခဲ့ဖူး ပါတယ်။ အတိတ်ကံအကြောင်းတရားကြောင့် သူမရဲ့ခင်ပွန်းသည်က သူမကိုလုံးဝမချစ်ပါဘူး။ တခြားအမျိုးသမီးတစ်ယောက်နဲ့မျက်နှာပြောင်တိုက်ပြီး လူမှုရေးဖောက်ပြန်နေပါတယ်။

ကိုယ့်ကိုမချစ်လို့၊ ကိုယ့်အပေါ်သစ္စာမဲ့လို့ဆိုပြီး သူမကစိတ်လည်းမညစ်ပါဘူး။ စိတ်လည်းမဆိုး ပါဘူး။

“လင်ကမချစ်တော့လင်နဲ့အချိန်ဖြုန်းစရာမလိုတော့ဘူးပေါ့”လို့ နှလုံးသွင်းပြီး အချိန်ရှိသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကိုပဲ စိတ်အားထည့် ပြုလုပ်နေလိုက်ပါတယ်။ အထူးသဖြင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလ္လာန် အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါးကိုအိမ်မှာနေ့စဉ် ဆွမ်းပင့်လှူပြီး တရားနာယူပါတယ်။ တရားနာလိုက်၊ တရားအားထုတ်လိုက်နဲ့ ကြိုးစားလိုက်တာ သိပ်မကြာခင်မှာပဲ သောတပန်အရိယာမလေး ဖြစ်သွားခဲ့ပါတယ်။ “လင်ကမပေါင်းချင်မှတော့ အိမ်မှာနေလည်းအပိုပဲ” ဆိုပြီးရဟန်းပြုလိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာအရှင် မလေး ဖြစ် သွားပြန်ပါတယ်။

တကယ်လို့သာ သူမရဲ့ခင်ပွန်းကသူမကို သိပ်ချစ်၊သိပ်ကြင်နာနေမယ်ဆိုရင် အခုလိုတရားအရသာ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ ယောကျာ်းအရသာနဲ့ နိဗ္ဗာန်အရသာ ဘယ်လိုမနိုင်းယှဉ်လို့မရအောင် ကွာခြားလွန်းလှပါတယ်။

နိဗ္ဗာန်အရသာကိုအဆင့်အမြင့်ဆုံးခံစားခွင့်ရနေမှတော့ ယောကျာ်းအရသာဆုံးရှုံးခဲ့တာကို နှမြော တမ်းတနေစရာလိုပါဦးမလား။ တကယ်ဆို ကိုယ့်အပေါ်မကြင်နာတဲ့ ခင်ပွန်းသည်ကို ကျေးဇူးတင် စရာတောင် ကောင်းပါသေးတယ်။

ဝတ္ထုတွေ၊ရုပ်ရှင်တွေထဲကလို “နောက်ဆုံးထွက်သက်အထိရူးသွပ်စွာချစ်နေမှာပါမောင်” လို့လည်း စိတ်ကူးမယဉ်ပါနဲ့။ သီချင်းတွေထဲကလို “ရက်စက်တက်တဲ့မင်းရဲ့အနားမှာ ရက်စက်မှုတွေ ခံယူချင် တယ်” လို့လည်း တမ်းတမနေပါနဲ့။

လက်တွေ့ဘဝမှာ စိတ်ချမ်းသာဖို့နဲ့ဖြစ်နိုင်ရင် ဘဝလွတ်မြောက်မှုရဖို့အတွက်သာအတတ်နိုင်ဆုံး ကြိုးစားပါ။

ရှေးသူတော်ကောင်းတွေရဲ့ ထုံးနှလုံးမူပြီး၊ တရာနဲ့မွေ့ပျော်ပါ။

တရားများများနာ၊ တရားစာအုပ်များများဖတ်၊ ကုသိုလ်ကောင်းမှုများများပြု၊ တရားများများအားထုတ်ပါ။

သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပါ၊

ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်၊

ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်၊

ချစ်စရာအများကြီး ရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့။

သောကငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။ ချစ်ရမယ့်သူ၊ ချစ်ရမယ့်အရာ နည်းပါးသွားလေ၊ သောကမီးလည်းချုပ်ငြိမ်းသွားလေပါပဲ။ ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု၊ မြတ်နိုးရ သူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထားတတ်သူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘဝလွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ။ အသုံးချတတ်သူ တစ်ယောက်အတွက် အချစ်ကံခေတာဟာအနှစ်ကျန်စေဖို့ပါပဲ။

(ဆရာတော် အရှင်ဆန္ဒာဓိက)


*** ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ ***


အေးချမ်းမွန်(အဲဆာန်မန်) မှ နှလုံးသား၏ ဓမ္မသံစဉ် တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

Shared from Aye Chan Mon (FB)

No comments:

Post a Comment