ကုသိုလ်နည်းပါးသောသူကား ဆင်းရဲသူမ၀မ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။ နားလည်ပြန်လျှင်လည်း ရှောင်ကြဉ်ဖွယ်ဟူသမျှကို ရှောင်ဖို့ရာ ဥစ္စာဓနမရှိသောကြောင့် အပူအစပ်၊ အေးလွန်းသော အစာများကိုလည်း မရှောင်နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာများကို စားလိုက်လျှင် ငရဲကျသလို ပူလောင်ရှာ၏။ အလွန်အေးသော အစာများကို စားလိုက်လျှင် လောကန္တရိက် ငရဲကျသလို အေးရှာတော့၏။ ရုတ်တရက် (ကပျာကယာ) ထိုင်လိုက်ထလိုက်လျှင်လည်း ဆွဲ၍ဆောင့်သလို ပင်ပန်းရှာ၏။ (ဤကား ကျန်းစာတို့၌ပြအပ်သော အချို့သောဒုက္ခများသာ ဖြစ်သေး၏။ သားငယ်၏ ကံမကောင်းမူကြောင့် အမိဖြစ်သူမှာလည်း မသက်မသာ ကိုယ်ဝန်ဆောင်ရ၊ ဖွားမြင်ရသည်။)
ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက် ဖွားချိန်သို့ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်သာအောင်ဖွားမြင်၍ အပြင်ရောက်သောအခါ နုနယ်သော ဖလန်နယ် စသည်တို့ဖြင့် ကျကျနန ပြုစုကြသောကြောင့် သက်သာခွင့်ရ၏။ ကုသိုလ်နည်းသူကား လက်သည်ကောင်းမရသဖြင့် ကျဉ်းမြောင်းသော ကြွက်တွင်းမှ ကြွက်ကလေးတိုး၍ ထွက်ရသလို အလွန်ပင်ပန်းစွာ ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသောအခါ၌လည်း အပြုအစု ကောင်းကောင်းမရ၊ အ၀တ်ကြမ်းတို့ဖြင့် ကိုင်ယူကြသောကြောင့် အနာကို ကြက်တောင်နှင့် ဆွသလို မချိမဆံ့ ခံရလေတော့သည်။
ထိုကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံဖြင့်မပြီးသေး။ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်းကို လုံလုံလောက်လောက် ရသည့်အပြင် အခြားသော နို့မူန့်နှင့် ကျန်းမာရေး ဆေးကောင်း ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာရှိရုံ သာမက အဘိုးအဘွား အဒေါ် အရီး ကြီးကြီး ငယ်ငယ်စသူတို့က ချော့ကြ မြူ့ကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်းသာခွင့်ရတော့၏။ ကုသိုလ်နည်းပါးသော သူငယ်ကား မိခင်၏နို့ရည်ကောင်းကိုလည်း မရ။ ဆေးကောင်းဝါးကောင်း ဆရာကောင်းကို မဆိုထားနှင့်။ အဘိုး အဘွားစသူတို့ကပင် ခင်ခင်မင်မင် မယုယလိုကြ။ မိခင်လုပ်သူမှာ ကလေးအနားက မခွာလိုပါသော်လည်း ကလေးကို အဆာပြေရုံသာ နို့တိုက်ပြီးနောက် စားရေး သောက်ရေးအတွက် ဈေးလည်၍သော်လည်းရောင်းရ၊ ကူလီသော်လည်း လုပ်ရသဖြင့် လူမမယ်ကလေးမှာ ပစ်စလက်ခတ် နေရရှာတော့သည်။
နိဂုံး
ဤသို့လျှင် ကလေးအရွယ် လူမမယ်ဘ၀ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင်သေးခင်က ရှေးကံချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာကွဲပြားရပုံကို စုံစုံလင်လင်ကြီးသိထား၍ “မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော” ဤလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အပြစ်မြင်၍ မနေသင့်ပေ။ ရှေးရှေးဘ၀၌ ကံပြုစဉ်ကာလ မိမိကိုယ်တိုင် အသိဉာဏ်ကင်းလျက် ညံ့ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အပြစ်တင်၍ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင်ဖြစ်အောင် ကြိုးစားကြဖို့ လိုပါသည်။
ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပါဘဲ သူတစ်ပါး မျက်နှာကြီးသည်ကို မနာလိုကြပါလျှင် နောင်ဘ၀အဆက်ဆက်၌ သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိသောကြောင့် ဤစာကို ဖတ်ရူသူများနှင့် ငါ၏ အတွင်းလူဟူသမျှတို့ သန္ဓေသားကောင်းရဖို့ရန် ယခုနယ်က ကြိုးစားကြပါစေသား။
သန္ဓေတည်ခြင်း၊ ဤအခင်းကို၊ ရှင်းလင်းခွဲခြား၊ ရေးသည့်အားကြောင့်၊ အများလူပေါင်း၊ သန္ဓေကောင်းဖို့၊ အကြောင်းလှစေ၊ ငါ့အနေမူ၊ ဘဝေဘ၀၊ ဖြစ်သမျှ၌၊ အောက်ကျညံ့ဖျင်း၊ သန္ဓေကင်း၍၊ ထန်ပြင်းလုံ့လ၊ ဉာဏ်ရောင်ရှလျက်၊ ကမ္ဘာ့ထက်ကောင်း၊ နိဗ္ဗာန်ပြောင်းဖို့၊ အကြောင်းဆင့်ဆင့်။ ကုန်အောင်ကျင့်သား၊ ငါနှင့်ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ်နည်းတူ၊ သန္ဓေယူသည်။ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
ပဋိသန္ဓေနှင့်စပ်၍ မှတ်ဖွယ်ပြီး၏။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
Shared from Ma Aye Aye Cho (FB)
No comments:
Post a Comment