Tuesday, February 26, 2013

*****ပရိဒေ၀အကြောင်း*****


ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမူသည်လည်း စိုးရိမ်မူကဲ့သို့ ကောင်းကျိုးမရသော တရားတစ်မျိုးပင်။ ချစ်ခင်သူ သို့မဟုတ် အားကိုးလောက်သူ တစ်ယောက် မျက်စိအောက်မှ ရုတ်တရက်ကွယ်ပျောက် သေဆုံးသွားသောအခါ ၀မ်းနည်းပူပန်ကြသည်မှာ ထုံးစံဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူစက သောတာပန် အရှင်အာနန္ဒာသည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလလို ဟစ်အော်၍ ငိုခြင်းကား လိုရင်း စိတ်မချမ်းသာမူထက် မိမိကို ၀ိုင်း၍ သနားအောင် မာယာဆောင်မူက များသလို ဖြစ်နေပါသည်။ (များသည်ဟု အတိအလင်းမဆိုလို) လူတစ်ယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှ လူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေနိုင်၏။ ချမ်းသာသုခ ရှိနေသူများပင် ငိုသံကြားက ချမ်းသာသုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သော ငိုသံကို တစ်ယောက်ကြား၊ နှစ်ယောက်ကြား၊ တစ်အိမ်ကြား၊ နှစ်အိမ်ကြားမက တစ်ရပ်လုံး တစ်ရွာလုံး ချောက်ချားအောင် အဘယ်ကြောင့် ဟစ်အော် ကြွေးကြော်လိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တစ်ခုတလေမျှ လက်ကိုင်မရှိပါ”ဟု ၀န်ခံရာလည်း ရောက်လေတော့သည်။ ထို့ကြောင့် မလွှဲသာ၍ ပရိဒေ၀မီးတောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန်ငြိမ်အောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံး ဖြစ်ပါသည်။ ထို့ထက်ပိုမို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂတရားဖြင့် ဖြေသိမ့်ထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ့်ပုံ

ဘုရားရှင်နှင့် ယသော်ဓရာ လောင်းလျာ ၂-ပါးတို့ တစ်ခုသော ဘ၀၀ယ် ကုဋေများစွာ ကြွယ်ဝသော သူဋ္ဌေးအဖြစ်မှ စည်းစိမ်ဥစ္စာများကို သဘောတူလှူဒါန်းလျက် ရသေ့ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မလေး၏ ရုပ်ရည်မှာ လွန်စွာထူးခြားသည့်အပြင် ပြုံးရွှင်သလိုနှင့် ခံ့ညားသော မျက်နှာအနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။

ထိုကဲ့သို့ တောထွက်လာခဲ့ရာ သူဋ္ဌေးမျိုး သူဋ္ဌေးနွယ် နုနယ်သော ရသေ့မကလေးမှာ ရှေးကလို မွန်မြတ်သော အစာကို မစားရဘဲ ရသေ့ရဟန်းတို့၏ ဓမ္မတာ သစ်ဥ သစ်သီးနှင့် သူပေးလူပေး အာဟာရများဖြင့်သာ မျှတရရှာသောကြောင့် အတော်ကြာလျှင် ၀မ်းသွေးရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာ မြို့တံခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းဘုရား ဆွမ်းခံဝင်တော်မူလေသည်။

ထိုကဲ့သို့ ဆွမ်းခံဝင်တော်မူနေတုန်း အချိန်မှာပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ ရောဂါဒဏ်ကို ကြာရှည်မခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘ၀ဇာတ်အသစ်လဲရရှာလေသည်။ ထိုကဲ့သို့ ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်မျိုးမစပ်ဘဲ လိုက်လိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။

ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံပြန်လာလေသော် မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက် တွေ့ရလျှင် အစွမ်းကနု ငိုချင်ဖွယ် ကောင်းသော်လည်း ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်မူပြီးလျှင် ၂ယောက်စာ ခံယူလာသော ဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိတ်သတ်၏ ပရိဒေ၀မီးကို ကြည်လင်အေးမြသော သြ၀ါဒရေချမ်းဖြင့် ဆွတ်ဖျန်းငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္တုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီးဗန္ဓုလနှင့် မလ္လိကာတို့မှာ အမြွှာမွေးညီနောင်များ ဖြစ်ကြသော သားရတနာ ၃ကျိပ် ၂ယောက် ထွန်းကားလေသည်။ ထူးခြားသော မိဘနှစ်ဦး၏ သားများဖြစ်ကြသည့် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဖခင်နောက်က ဘုရင့်ထံ အခစားဝင်ကြသောအခါ သူတို့ လူစုနှင့်ပင် ပရိသတ်ကြီး တစ်ခုဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင်ထံ “တစ်နေ့ကျလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကို လုပ်ကြံပါလိမ့်မည်”ဟု ကုန်းချောကြလေရာ နဂိုကပင် အဆင်ခြင်နည်းသော ရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ သားအဖတစ်စုကို ပရိယာယ်ဖြင့် လီဆယ်ကာ အိမ်တစ်ဆောင်မှာ နေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဖတစ်စုတို့ အသတ်ခံရသည့်ညဉ့်၏ နောက်တစ်နေ့နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံထား၏။ နံနက်၌ ဆွမ်းကပ်ချိန်နီးလတ်သော် “ညဉ့်တုန်းက သားအဖအားလုံး တစ်ပြိုင်နက်ဆုံးကြောင်း”စာကို မလ္လိကာရရှိလေလျှင် ဟစ်၍သာ ငိုချစ်စရာကောင်းသော်လည်း မျက်ရည်တစ်စက်မျှ မထွက်စေဘဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ၀တ္ထုနှစ်ရပ်၌ ဘုရားအလောင်း၏ ပရိဒေ၀မဖြစ်ခြင်းမှာာ ရင့်မာသော ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့။ မလ္လိကာ၏ ပရိဒေ၀မီးချုပ်တည်းနိုင်မူကား အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် အသက်တစ်ရာ မနေရသော်လည်း အမူတစ်ရာ တွေ့ဖို့ လွယ်ကူသော လောကကြီး၌ ပရိဒေ၀မီးကို အစွမ်းကုန်ငြိမ်းနိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေ၀ ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ ပါရမီ မည်မျှလောက် အခြေတည်မိပြီ”ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခမှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးပါသည်။

Shared from Ma Aye Aye Cho (FB)

No comments:

Post a Comment