Sunday, February 24, 2013

***ပဋိသန္ဓေစိတ်ဖြစ်ပုံ***

စုတေစိတ် ဖြစ်ပြီးနောက် ဘ၀အသစ်၌ ပဋိသန္ဓေစိတ်ဖြစ်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်းဆက်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြားကလေးမျှ မခြားတော့ချေ။ ဘ၀အသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။ လူ့ပြည်မှ စုတေ၍ နတ်ပြည်ရောက်သူဖြစ်ဖြစ်၊ ငရဲရောက်သူဖြစ်ဖြစ် စုတေပြီးသည်နှင့် တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆက်ကာ ဆိုင်ရာဘ၀အသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။

မိစ္ဆာအယူ ၂-မျိုး

တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွှေ့ရာ၌ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ၂-မျိုးလုံးမှလွတ်ကင်း၍ သမ္မာဒိဋ္ဌိ အယူဖြစ်အောင် သတိထားရမည်။ ထို ဒိဋ္ဌိ ၂-မျိုးတွင် “ဘ၀ဟောင်း ရုပ်နာမ် ခန္ဓာအိမ်၌ အသက်ကောင်လေးရှိ၏။ ထို အသက်ကောင်ကလေးသည်ပင် ခန္ဓာအိမ် အသစ်လဲကာ ဘ၀အသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏” ဟူသော အယူသည် သဿတဒိဋ္ဌိတည်း။ (သဿတ = မပြတ်မစဲ အသက်ကောင်ကလေးမြဲ၏ ဟူ၍ + ဒိဋ္ဌိ = ယူမှားခြင်း) “ဘ၀ဟောင်းက ရုပ်နာမ် အားလုံးသည် (သူတို့ထင်သော အသက်ကောင်နှင့်တကွ) ဘ၀သစ်၌ လုံးဝ အသဆက်အစပ် မရှိတော့။ သတ္တ၀ါ တစ်ယောက်သေလျှင် ဘ၀ဟောင်းက အရာဝတ္ထုတွေ အားလုံးပြတ်စဲ၏။ ဘ၀သစ်၌ ထာဝရ ဘုရားရှင် ဖန်ဆင်းမူကြောင့် အခြားသတ္တ၀ါ တစ်ယောက်သာ အသစ်ဖြစ်တန်လျှင် ဖြစ်ရသည်”ဟူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိမည်၏။ (ဥစ္ဆေဒ = တစ်ဘ၀တုံးလျှင် တစ်ဘ၀၏ ရုပ်နာမ်တွေ အားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်း မရှိ + ဒိဋ္ဌိ = ယူမှားခြင်း)

သမ္မာအယူ

သတ္တ၀ါတို့၌ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဤတရား သုံးပါးသည် ဘ၀သစ်၌ ဖြစ်ဖို့ရာ အချုပ်အခြာတည်း။ သေခါနီး၌ အ၀ိဇ္ဇာသည် ဘ၀သစ်၌ ရုပ် နာမ် ခန္ဓာအပြစ်ကို မမြင်အောင်ဖုံးထား၏။ တဏှာက ထိုဘ၀သစ်ကို တပ်မက်ခင်မင်လျက်ရှိ၏။ မကောင်းဆိုးရွား ကြောက်မက်ဖွယ် ဂတိနိမိတ် ထင်လာစေကာမူ ထိုနိမိတ်တို့မှ လွတ်လပ်သော ဘ၀ကို ရလိမ့်မည်ထင်၏။ ထိုသို့ အ၀ိဇ္ဇာဖုံးထားသဖြင့် အပြစ်မမြင်နိုင်ဘဲ တဏှာက ညွှတ်ကိုင်း စွဲလမ်းရာ ဘ၀အသစ်၌ ကံအစွမ်းကြောင့် ပဋိသန္ဓေဟု ခေါ်သော ရုပ်နာမ်တရာများ ရှေးဦးစွာ စ,တည်မိကြလေသည်။

ဤသို့ ဘ၀သစ်၌ ပဋိသန္ဓေ ရုပ်နာမ်တို့သည် ဘ၀အဟောင်းက အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဟူသော အကြောင်းကြောင့် ဖြစ်ရကား “ဘ၀ဟောင်းနှင့် မဆက်စပ်ဘဲ ဘ၀သစ်၌ (ထာဝရဘုရား စသူတို့၏ ဖန်ဆင်းမူကြောင့်) အသစ်ဖြစ်ရ၏”ဟူသော ဥစ္ဆေဒဒိဋ္ဌိလည်း မမှန်။ “ဘ၀ဟောင်းက အသက်ကောင်လေးသည် ဘ၀အသစ်သို့ ပြောင်းရွေ့၍ ဖြစ်သည်”ဟူသော သဿတဒိဋ္ဌိလည်း အမှားပင်။ ဘ၀ဟောင်းက ရုပ်နာမ်တို့ ပြောင်းရွှေ့သွားဖို့ မဆိုထားဘိ၊ တစ်ဘ၀တည်းမှာပင် တစ်နေရာ၌ဖြစ်သော ရုပ်နာမ်တို့သည် တခြားနေရာရောက်အောင် မပါနိုင်ကြ။ ဖြစ်ပြီးလျှင် ချက်ချင်းပျက်ရ၏။ အသက်ကောင်ဆိုသော အရာမှာ နဂိုကပင် မရှိချေ။

ထို့ကြောင့် ထို ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိ ၂-မျိုးလုံး မဖြစ်စေဘဲ ဘ၀သစ်ဝယ် ပဋိသန္ဓေ ရုပ်နာမ်တို့ ပထမ ဖြစ်ပေါ်ရာ၌ ရှေးရှေးဘ၀ဟောင်းက အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဟူသော အကြောင်းကြောင့် တစ်မျိုးတစ်ဖုံ ရုပ်သစ်နာမ်သစ် ဖြစ်ရသည်ဟူသော အကြောင်းကြောင့် တစ်မျိုးတစ်ဖုံ ရုပ်သစ်နာမ်သစ် ဖြစ်ရသည်ဟူသော အယူသာလျှင် သမ္မာအယူ (အယူမှန်)ဟု မှတ်ပါ။ ဥပမာ - တောင်၏ အနီးအပါး၌ ဟစ်အော်သော အသံသည် တောင်နံရံကို ထိခိုက်သောအခါ ပဲ့တင်သံဟုခေါ်သော အသံတစ်မျိုး ဖြစ်ပေါ်လာ၏။ ထိုပဲ့တင်သံ ဟူသည် မူလအော်သော လူ၏ အသံလည်းမဟုတ်၊ လူ့အသံနှင့် ကင်း၍ သူ့ဘာသာ ဖြစ်ပေါ်လာသော အသံလည်း မဟုတ်သကဲ့သို့တည်း။ (မီးတိုင်တစ်ခုမှ မီးကူးယူရာ၌ ဒုတိယမီးတိုင်၏ မီးသည် ပထမ မီးတိုင်က မီးလည်းမဟုတ်၊ ပထမမီးနှင့် အဆက်အသွယ်မကင်းပုံကိုလည်း ဥပမာပြုကြပါကုန်။)

ဤစကားအရ ရှေးကံကောင်းလျှင် ယခုဘ၀ ရုပ်နာမ် ကေင်း၏။ ရှေးကံ ညံ့လျှင် ယခုဘ၀ ရုပ်နာမ်ညံ့၏။ “ဤဘ၀၌ အကောင်းအဆိုး အမျိုးမျိုးကို တွေ့ရသည်မှာ ရှေးဘ၀က ပြုအပ်သောကံ၊ ဤဘ၀ဉာဏ်၊ ၀ီရိယတို့ကြောင့်သာဖြစ်၏”ဟုမှတ်ပါ။

နိဂုံး

ဤမျှသော စကားအစဉ်ဖြင့် စုတေခါနီး၌ အဖြစ်အပျက်ကို ပြဆိုချက်များ ပြီးဆုံးပြီ။ “စုတေ”ဟု ဆိုသော်လည်း စုတေရုံဖြင့် ပြီးရသေးသည်မဟုတ်။ ဘ၀အသစ်၌ တစ်မျိုးဖြစ်ဖို့ရာ စုတေပေးရခြင်း ဖြစ်သောကြောင့် အသစ်ဘ၀၌ အဖြစ်လှဖို့အရေးသည် ယခုသေရေးထက်ပင် အရေးကြီး၏။ စုတေခါနီး၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့မှာလည်း မိမိကိုယ်တိုင်က သက်သာသော ရောဂါကိုရ၍ အနီးအပါး မိတ်ကောင်းဆွေကောင်း (ပြုပြင်ပေးတတ်သူ)လည်း ရှိမှ ပြုပြင်ခွင့်ရနိုင်မည်။ ထို့ကြောင့် သေခါနီးကျမှ ပြုပြင်လိုက်မည်ဟု အားခဲသော်လည်း အကြောင်းညီညွတ်ဖို့ မလွယ်ကူသောကြောင့် မသေမီ ရှေးမဆွကပင် ယခုဘ၀ နေရေး သေရေးနှင့် နောက်ဘ၀ အဆက်ဆက်ဝယ် နိဗ္ဗာန်အထိ အရေးကို အရှည်ကြီး မြော်မြင်၍ သူတော်စင် ဖြစ်နေမှသာ အရာရာ စိတ်ချဖွယ်ရှိပေသတည်း။

သေရေး နေရေး၊ အရှည်အေးဖို့၊ လေးလေးနက်နက်၊ ဤအချက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ ရေးရခြင်းကြောင့်၊ ခပင်းလူပေါင်း၊ အနေကောင်း၍၊ အဟောင်းအဖြစ်၊ စွန့်တုံလစ်ကား၊ အသစ်ဘ၀၊ အဖြစ်လှစေ၊ ငါ့အနေမူ၊ မသေမီရှေး၊ အတော်ဝေးက၊ နောင်ရေးအဆင့်ဆင့်၊ မြော်ခေါ်ချင့်လျက်၊ အသင့်စုဆောင်း၊ နိဗ္ဗူအောင်းဖို့၊ အကောင်းပါရမီ၊ စုံပြည့်ညီသား၊ အလီလီပွား၊ ရင်းသူများလည်း၊ ငါ့အားနည်းတူ၊ စုံအောင်ယူသည်၊ နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သောဝ်။

စုတေခါနီး ဖြစ်ပျက်ပုံ ပြီးပြီ။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Shared from Ma Aye Aye Cho (FB)

No comments:

Post a Comment