Thursday, February 14, 2013

"တရားနှင့်လူတို့၏သဘော"


တရားကိုကျင့်သုံးသောယောဂီသည် ရည်ရွယ်ချက်မှန်ရပါမယ်၊ မှန်သောတရားကို မှားသော ရည်ရွယ်ချက်ဖြင့် ကျင့်နေလျှင် မိမိ အလိုရှိသောနိဗ္ဗာန်သည်ဘယ်တော့မှရလိမ့်မည်မဟုတ်ပါ၊
အဲ့ဒါကြောင့်တရားလုပ်တယ်ဆိုတာ ဟန်ပြလုပ်ဖို့မဟုတ်ပါ၊ "တရားလုပ်တာဟာစံပြဖြစ်ဖို့ပါ၊"
မာန်ချဖို့ကအရေးကြီးတယ်၊ တရားလုပ်တာကြွားဝါဖို့မဟုတ်ပါ၊ သိအောင်လုပ်ပြီးကျင့်ဖို့ပါပဲ...။

ကိုယ်တကယ် တရားရတယ် မရဘူးဆိုတာ သူများသိဖို့ဆိုတာထက် ကိုယ်သိနေဖို့ကပို၍ ပို၍ပင် အရေးကြီးပါတယ်၊ ဥာဏ်ကောင်းဖို့ကပိုပြီးတော့အရေးကြီးပါတယ်၊ သူများတွေက ကိုယ့်ကို အထင်ကြီးအောင် လုပ်စရာမလိုပါဘူး၊ မိမိဘာသာမိမိ ငါးမိနစ်ဖြစ်ဖြစ်၊၁၀မိနစ်ဖြစ်ဖြစ်၊ တစ်ရက်ပဲဖြစ်ဖြစ်၊ နှစ်ရက်ပဲဖြစ်ဖြစ် စပြီးကိုယ်နိုင်သလောက် လုပ်သွားတာကအဓိပ္မါယ် ရှိပါတယ်၊

သို့ပါသောကြောင့်ရည်ရွယ်ချက်မှန်ဖို့ အရေးကြီးပါတယ်။ရည်ရွယ်ချက်(၇)မျိုးရှိပါတယ်၊ အတိုချုပ်ပဲ မျှဝေပေးသွားပါ့မယ်....။(မဟာသတိပဋ္ဌာနသုတ်တော်လာအတိုင်းပေါ့)

(၁)သတ္တ၀ါတွေကိလေသာမှ သန့်ရှင်းစင်ကြယ်စေဖို့..၊

(၂) သတ္တ၀ါတွေကို သောကဆိုတဲ့ပူလောင်မှု့တရားတွေက ကျော်လွန်သွားစေဖို့..။
(မကျေနပ်မှု့တစ်ခုခု၊စိုးရိမ်ပူပန်မှု့တရားတွေပေါ့)

(၃) သတ္တ၀ါတွေ ပရိဒေ၀ ဆိုတဲ့ ငိုကြွေးခြင်း မှကျော်လွန်စေဖို့..။
(သောကပြင်းပြင်းဆိုတော့ မျက်ရည်ကျတဲ့အထိပေါ့)

(၄) သတ္တ၀ါတွေကာယိကဒုက္ခ ဆိုတဲ့ ကိုယ်ဆင်းရဲပင်ပန်းမှုတွေမှ မှကျော်လွန်စေဖို့..။
(စားဝတ်နေရေးမပြည့်စုံလို့၊ရောဂါအမျိုးတွေနှိပ်စက်လို့၊ခန္ဓာရှိတဲ့အတွက် ခန္ဓာရဲ့ဆင်းရဲ ပင်ပန်းမှု့တွေ စသဖြင့်ပေါ့)

(၅) သတ္တ၀ါတွေစေတသိကဒုက္ခ ခေါ်တဲ့ စိတ်ဆင်းရဲမှု့ကလွတ်မြောက်စေဖို့..။
(စိတ်ဆင်းရဲစရာအကြောင်းတွေကြောင့် စိတ်၏ဆင်းရဲပင်ပန်းခြင်း အဖုံဖုံ)

(၆) နောက် မဂ်ဥာဏ်၊ဖိုလ်ဥာဏ် ရဖို့အတွက် အလို့ဌာရည်ရွယ်ချက်ဖြင့်..။

(၇) နောက်ဆုံးအချက်ကတော့ ဗုဒ္ဓဘာသာဝင်တိုင်းလိုလိုမျှော်လင့်တောင့်တနေတဲ့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်၊ အိုခြင်းနာခြင်းသေခြင်းတရားတွေ အဆုံးသတ်တဲ့နိဗ္ဗာန်၊ တစ်ထောင့်ငါးရာကိလေသာတွေ ကုန်ခမ်းချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့..။

ဒါကြောင့် ကိုယ်လုပ်နိုင်သလောက် မှန်မှန်ကန်ကန် သတိ ၀ိရိယထားပြီး ဥာဏ်စိုက်ကူလို့ ကိုယ်လုပ်နိုင်သလောက်ပုံမှန်လုပ်သွားရင်အကောင်းဆုံးပါ။
အရှင်ဥက္ကဋ္ဌ (ဓမ္မာစရိယ..ရွှေဘို)ဓမ္မ၀ီရဂျာနယ်တွဲ၃၁ မှတ်၂

စာဖတ်သူဓမ္မ မိတ်ဆွေအပေါင်းကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း အစဉ်ရှိကြပါစေ၊
 မေတ္တာဖြင့် Tthaw.
၂၈.၁ ၂၀၁၃..၈း၁၃ည

Shared from Ma Tthaw Thaw (FB)

No comments:

Post a Comment