Tuesday, February 26, 2013

မေတ္တာ



ကျောင်းဆင်းပြီ....ဆိုတာနဲ့ စိတ်က အိမ်ကို အပြေးရောက်သည်...
...ရုပ်ရှင်လေးကြည့်ဇိမ်ခံမယ်ဆိုတဲ့ အတွေးနဲ့ အိမ်အပြန်...

အေးဆက်နေတဲ့ နှင်းတွေကြားက လမ်းမပေါ်မှာ အမေအို တယောက်...
လက်ထဲက ဘက်စ်ကားလက်မှတ်ဖြစ်ဟန်တူတဲ့ စာရွက်လေးတွေကို ကြည့်ရင်း တုန်ချိချိနဲ့ လမ်းလျှောက်နေတာတွေ့ လိုက်တော့...ကျမစိတ်ထဲမှာ မကောင်းဖြစ်သွားမိတယ်...

ကျမ ကားထဲမှာ အပူဆက်လေးနဲ့ ...ကျောင်းကနေ အိမ်ကို ရောက်ဖို့ ၁၅ မိနစ်လောက် ဇိမ်ခံပြန်ရတာတောင်...အိမ်ကို ရောက်ချင်စိတ်က တားမရတာ....
အဖွားအိုက အေးဆက်နေတဲ့နှင်းတော ထဲမှာ သူသွားနေတဲ့ခရီးကို ဘယ်လို အင်အားမျိုးနဲ့ သွားနေလဲဆိုတာ မေးစရာတောင် မလိုတော့ပါ့ဘူး....

အဖွားအို ကိုသနားတဲ့စိတ်နဲ့ ...အတွေးနဲ့ ကျော်လွန်လာတဲ့ ကားကို ချက်ချင်း နောက်ပြန်လှည့်လိုက်မိတယ်....

လူမျိုးခြင်းမတူတော့...အဖွားအိုနားလည်နိုင်မယ့် အင်္ဂလိပ်စကားနဲ့ ကျမမေးလိုက်တယ်....

ကျမ.....အဖွားအပြင်မှာအေးလိုက်တာ...ဘယ်သွားမလို့ လဲ

အဖွားအို.....ဈေးသွားဝယ်မလို့ ပါ...

ကျမ.....ကျမလိုက်ပို့ ပေးမယ်လေ...ဘယ်ကိုသွားမှာလည်း

အဖွားအို....(လိပ်စာ) အဲ့ကိုသွားရမှာ...နည်းနည်းဝေးတယ်

ကျမ.....အဖွားက ဘာလို့ ဘက်စ်ကားစီးမသွားတာလဲ

အဖွားအို.....အဖွားအခုသွားမယ့်နေရာက ဘက်စ်ကားမရောက်လို့ လေ...

တုန်ချိချိနဲ့ အဖွားအိုကိုကြည့်ပြီးကျမ သနားသွားတယ်...

ကျမ.....ဒါဆို လိပ်စာပြောပြပါလား...ကျမလိုက်ပို့ ပေးမယ်လေ

ဝင်းလက်သွားတဲ့ အဖွားအို မျက်လုံးများက တဆင့် သူမအပျော်တွေကို ကျမတွေ့ လိုက်ရပါတယ်...ချက်ချင်း ၀မ်းသာအားရနဲ့ ကားတံခါးလေးကိုဖွင့်လိုက်တော့ ...ကူညီခွင့်ရပြီဆိုတဲ့ အသိစိတ်နဲ့ ကျမလည်းအရမ်းပျော်သွားခဲ့မိတယ်.....

ကားထဲရောက်တာနဲ့ ကျမလည်းသူပြောတဲ့နေရာကို မောင်းလာခဲ့ပါတယ်...ကားခါးပါတ်ပါတ်ဖို့ ခါးပါတ်ကို ကျမယူလိုက်တော့...ရုတ်တရက် အဖွားအိုက ကျမလက်ကို ဖမ်းဆုပ်ထားပြီး....

".ကျေးဇူးတင်လိုက်တာသမီးရယ် ...အဖွား ဒီလိုပဲနှင်းတွေကြားထဲမှာ စားစရာမရှိတော့ရင်...ဈေးဝယ်လာရတယ်....ဒါပေမယ့် ဘယ်သူမှ အဖွားကို အခုလို မကူညီခဲ့ဖူးဘူး.....သမီးက စိတ်ကောင်းရှိလိုက်တာ..." လို့ အဖွားအိုက ပြောလာတော့ ကျမစိတ်ထဲ ပီတိဖြစ်ခဲ့ရတယ်....။

ကျမ.....ကျမလည်း အခုလို ကူညီခွင့်ရတာကိုပဲ ၀မ်းသာလှပါပြီ... ဒါနဲ့ အဖွား အိမ်ကသူတွေ မအားလို့ လား....

အဖွား.....။ မဟုတ်ပါဘူး....အဖွားက ဘိုးဘွားရိပ်သာမှာနေတာ...တယောက်တည်းလေ

သြော်.........။ အဖွားအသက်ကရော

အဖွားအို........။ ၇၂ နှစ်ရှိပြီ ...နေလို့ လဲမကောင်းတော့ပါဘူး....အမေရိကားရောက်တာ အနှစ် ၅၀ ရှိပြီ...ရောက်တယ်ဆိုထဲက အလုပ်လုပ်ပေမယ်....ရရစားစားပဲ...ဘာမှမကျန်ဘူး...။ အခုက ဘိုးဘွားရိပ်သာမှာနေတယ်လေ...သူတို့ က အစားအသောက်စားဖို့ တလကို ၆၀....၇၀ (ဒေါ်လာ) လောက်တော့ပေးတယ်....အဖွားက အသားမစားဘူး...အဲ့ဒါကြောင့် ငါးနဲ့ သစ်သီးတွေပဲလာလာဝယ်စားတယ်လေ.....။

ကျမ.....။ ဟုတ်ကဲ့....ဒါဆို အပြန်လည်း အဖွားလမ်းလျှောက် ပြန်ရမှာပေါ့...ကျမပြန်လိုက်ပို့ ပေးမယ်လေ....။

အဖွားအို......။ ခလေးမ တကယ်ပြောတာလား...အဖွားကို ဘာလို့ ကူညီတာလဲ...အဖွားမှာ ခလေးမကို ပေးဖို့ ဆီဖိုး မရှိဘူးလေ.....။

ကျမ.....။ ကျမ အအေးထဲမှာ လမ်းလျှောက်ရတာကို မကြိုက်ဘူး...ကျမလို လူငယ်တယောက်ကတောင် အအေးထဲမှာ လမ်းလျှောက်ရတာ ပင်ပန်းတာ...အဖွား အခုလိုဈေးဝယ်ပြီးပြန်တော့ အထုပ်အပိုးတွေနဲ့ ဒုက္ခရောက်မှာပေါ့....အဲ့ဒါကြောင့် ကျမလိုက်ပို့ ပေးချင်တာပါ....။

အဖွားအို......။ အော်....ကျေးဇူးတင်လိုက်တာ သမီးရယ်....

ဈေးဆိုင်ကိုရောက်တော့...ကျမ စောင့်နေရမှာကို အားနာတယ်ထင်ပါရဲ့ ....အဖွားအိုက ဆိုင်ထဲကို သုတ်သုတ်လေး သွားရှာတဲ့ အဖွားအိုကို ကြည့် ပြီး ဂရုနာစိတ်နဲ့ ပြုံးနေမိတယ်...။
အဖွားအို က ပြန်လာတော့ ကျမကို သူဝယ်လာတဲ့ သစ်သီးလေးတွေထဲက တချို့ ကိုလာပေးရှာတယ်...။

ကျမ.....။ ရပါတယ် အဖွားရဲ့ ကျမအခုပဲ စားခဲ့ပြီးပြီ ...အဖွားစားဖို့ ပဲသိမ်းထားပါ...။

အဖွားအို....။ အဲ့လိုတော့ မလုပ်ပါနဲ့ သမီးမယူရင် အဖွားက စိတ်ကောင်းမှာမဟုတ်ဘူး...။ သမီးကို အဖွားကျေးဇူးတင်လို့ ပါ....

ကျမ.....။ ဟုတ်ကဲ့အဖွား...ဒါဆိုလည်း ကျမယူထားလိုက်ပါ့မယ်....

အဖွားအိုနေတဲ့နေရာရောက်တော့ ကျမလည်း အဖွားကို လက်ထဲမှာ ရှိတဲ့ ဒေါ်လာ ၂၀ တန်လေး ထုတ်ပေးလိုက်မိတယ်....။

"အဖွားစားချင်တာလေးရှိရင် ၀ယ်စားရအောင်ပါ.....။

အဖွားအို....။ မဟုတ်တာသမီးရယ်....လိုက်လဲပို့ ပေးတယ်...ပိုက်ဆံလည်းပေးနေတယ်ဆိုတော့ အဖွားလက်မခံပါရစေနဲ့ ....

ကျမ....။ ရပါတယ် အဖွားရယ်....ကျမ တက်နိုင်သလောက်လေး ကူညီတာပါ...လက်ခံပေးပါနော်...

အဖွားအို.......။ ကျေးဇူးတင်လိုက်တာ သမီးရယ်...တကယ်တန်းကျ ...သူတို့ ထားတဲ့နေရာမှာနေ...သူတို့ ကအစားအသောက်ပေးပေမယ့်....လက်ထဲမှာတော့ ပိုက်ဆံ ကိုမသုံးရဘူးလေ...

အဖွားအိုက ကျမပေးတဲ့ ၂၀ တန်လေးကို ယူပြီး ရုတ်တရက် မျက်ရည်လေးတွေ ၀ဲကျလာပါတော့တယ်....

အဖွားအို....။ သမီး အဖွားနေတဲ့အခန်းလေးကို လိုက်ကြည့်ပါလား....အဖွား ဘယ်သူကိုမှ အလည် မခေါ်ဖူးဘူး....သမီးကို ချစ်လို့ ခေါ်တာပါ....

လက်ထဲက အထုပ်တွေကို ဆွဲရင်း ကျမ ကားတံခါးနားကနေ အတင်းခေါ်နေရှာတဲ့ အဖွားအို ကိုကြည့်ပြီး ကျမလည်း သနားစိတ်နဲ့ လိုက်သွားကြည့်မယ်လေ...ဆိုပြိး ကားပေါ်ကဆင်းခဲ့ပါတော့တယ်...။

လမ်းမှာ အဖွားအို က ကျမလက်မောင်းကို အသာတကြည်ဆွဲပြီး...မျက်ရည်လေး လည်လည်နဲ့ သူ့ အကြောင်းတွေ ပြောပြရှာတယ်....။

အဖွားအို....။ အဖွား မှာ မိဘတွေဆုံးပီးထဲက ညီအမ ၂ ယောက်ပဲ ကျန်ခဲ့တာ....အဖွား ညီမလေးက ကိုရီးယား စစ်တွင်းကာလထဲက ပျောက်သွားတာ...သေလား ရှင်လားတောင် မသိရတော့ဘူး...အဖွား အသက် ၂၂ မှာ အမေရိကားကိုရောက်လာတယ်...ဒီက သူနဲ့ ပဲ အိမ်ထောင်ကျ တယ်...သူလည်း ဆုံးတာ ၂၅ နှစ်ကျော်သွားခဲ့ပါပြီ...သားသမီးတွေကလည်း အိမ်ထောင် ကျကုန်ပြီ...တချို့ က တခြားပြည်နယ်မှာနေကျတယ်...အဖွားဆီကို ၆ လတခါ တနှစ်တခါမှလာလည်ကြတယ်လေ....။

သြော်...ဟုတ်ကဲ့

အဖွားနဲ့ ပါတ်သတ်ပြီး ကျမ စိတ်ထဲမေးခွန်းတွေ အများကြီးရှိပေမယ့်...အဖွားစိတ်မကောင်းထပ်ဖြစ်နေမှာဆိုးတာနဲ့ မမေးတော့ပါဘူးလို့ ဆုံးဖြတ်ခဲ့တယ်...မျက်ရည်လေး လည်လည်နဲ့ ပြောနေရှာတဲ့ အဖွားအို စကားတွေကို နားထောင်ပြီး ကျမပင့်သက်မောအရှည်ကြီးကို ချခဲ့မိပါတော့တယ်....။

အဖွားအိုနေတဲ့အခန်းကျဉ်းလေးကိုရောက်တော့ အဖွားက သူ့ အခန်းလေးကို လိုက်ပြပြီး...သူဘယ်လို စားတယ်သောက်တယ်ဆိုတာတွေကိုပြောပြတယ်....။ ပြီးတော့ ကျမကို သူ့ အခန်းဆီကို မကြာခနလည်စေချင်ကြောင်းကိုလည်း ထပ်ခါထပ်ခါ ပြောရှာတယ်....။ အနည်း ငယ်ကြာတော့ ကျမလည်း အဖွားကို နှုတ်ဆက်ပြီး ပြန်မယ် ပြင်ပြီးလှည့်ထွက်ခဲ့ပါတော့တယ်....။

ကျောခိုင်းလိုက်တဲ့ ကျမလက်ကို ရုတ်တရက် အဖွားကို ကလှမ်းဆွဲပြီး ကျမကို ဖက်ထားလိုက်တယ်..။ ကျမလည်း အံ့အားသင့်ပြီး ဘာမှပြန်မပြောနိုင်ခင်မှာပဲ အဖွားအို က သူးပါး တဖက်ကို ကျမ ပါးတဖက်မှာ ကပ်ပြီး နှုတ်ဆက်ရင်း " အဖွားဆီလာလည်ပါ သမီးရယ်..." လို့  ကျမအပေါ်ထားတဲ့ သံယောဇဉ်တွေပါတဲ့ အဖွားအို စကားကိုကြားလိုက်ရတော့ ကျမ ရင်ထဲဆို့ နစ်ခဲ့ရပါတော့တယ်....။

"အင်းပါ အဖွားရယ်...သမီးအားတဲ့အခါ မကြာမကြာလာလည်ပါ့မယ်...ကိုယ့်ကိုကိုယ် ဂရုစိုက်နော်......"

ပြောရင်းလေးပင်တဲ့ ခြေလှမ်းတွေနဲ့ လှည့်ထွက်လာခဲ့ပါတော့တယ်....လူမျိုးမတူ ဘာသာမတူတဲ့ သူတယောက်ဖြစ်ပေမယ့်...အသက်အရွယ်ကြီးနေတဲ့ အဖွားအို တယောက်ကို ကူညီခွင့်ရခဲ့သလို အဖွားအိုဆီက မေတ္တာတရားကို လည်း ပြန်ရခဲ့တဲ့ အတွက် ကျမ ၀မ်းသာ ပိတီဖြစ်ခဲ့ရပါတယ်.....ကျမရဲ့  အိမ်အပြန်လမ်းက တော့ အဖွားအိုအပေါ် စိုးရိမ်တဲ့စိတ်တွေနဲ့ အတူ... ဖော်ပြလို့ မဆုံးနိုင်တဲ့ သံယောဇဉ် အမျှဉ် တန်းတွေနဲ့ ပေါ့........။

(၁၉ ရက်. ၂ လ. ၂၀၁၃)
ဖြစ်ရပ်မှန်ကို ခံစားပြီး စားလေးတပုဒ်ရေးခဲ့မိခြင်းပါ......

ဘယ်နေရာပဲရောက်ရောf...
မြန်မာ ပြည်ဟာ ဘယ်မှာလည်း...မြန်မာလူမျိုးဆိုတာ ဘာလဲ....ဘယ်သူတွေပဲသိသိမသိသိ....
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတယောက်ဖြစ်ရတာကို ကျမဂုဏ်ယူတယ်....

လူမျိုးဘာသာမခြားဘူး...အားငယ်တဲ့သူကို အားပေးတာ...
ကူညီရိုးပင်းတက်တဲ့ စိတ်က ကျမတို့ မြန်မာလူမျိုးတွေရဲ့ အသွေးထဲ အသားထဲမှာ ပါပြီးသားပဲဆိုတာ ကျမ ယုံကြည်တယ်....

အဲ့ဒီအတွက်....
ဘယ်သူတွေပဲ အသိမှတ်ပြုပြု မပြုပြု...
မြန်မာ လူမျိုးတယောက်ဖြစ်ရတာ ကျမကျေနပ်တယ်.....

Shared from Aye Nyein (FB)

No comments:

Post a Comment