Wednesday, February 27, 2013

အလွမ်းများနဲ့ မိတ်ဖွဲ့ခြင်း

ရေခြားမြေခြားမှာ စပြီးနေထိုင်ကတည်းက အချိန်ရဲ့ တန်ဖိုးကိုပိုသိတတ်လာခဲ့တယ်။
အချိန်တွေဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေကြတယ်။ အချိန်တန်ဖိုးကို သိလာတာနဲ့အမျှ
တစ်ဖက်မှာလည်း ကိုယ့်နုပျိုခြင်းတွေကို တိုင်းတပါးမှာကုန်ဆုံးနေရတဲ့အချိန် စဉ်းစားကြည့်ရင် အင်မတန်ရင်နာစရာတော့ကောင်းသား။ လူတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်တဲ့ အသက်ရွယ်
ဖွံ့ဖြိုးနေတဲ့ ဥာဏ်ရည် အကောင်းဆုံးဆိုတဲ့ အချိန်တွေကို ကိုယ့်တိုင်းပြည်အတွက်
မဟုတ်ပဲ ပေးဆပ်နေကြရတယ်။ ကိုယ်တွေရဲ့ အချိန်တွေကို အခြေအနေအရ
ငွေတွေနဲ့ လှဲလှယ်ယူနေရတယ်။ အမှန်တော့ ကိုယ်တွေပေးဆပ်လိုက်ရတာ
အချိန်တစ်ခုတည်းတော့မဟုတ်ဘူး နုပျိုခြင်း၊ လုပ်အား၊ စွမ်းရည်၊ တွေးခေါ်
တတ်မှုတွေလည်း ပါလေရဲ့။

ဒေသဓလေ့လေးတွေကို ပိုလွမ်းတတ်လာတယ်။ မနက်အာရုံ ဘုန်းကြီးကျောင်း အုန်းမောင်း
ခေါက်သံ၊ အာရုံဆွမ်း ကြွတဲ့ ကြေးစည်သံတွေ ခုချိန်မှာ လိုချင်ပါရဲ့ ငိုချင်းချတောင်
မရနိုင်တော့ဘူး။ မနက်ပိုင်း ကျေးငှက်တို့ရဲ့ တေးသံသာလေးတွေ ကြားချင်လို့ ပြတင်း
ပေါက်ဖွင့်ကြည့် ဟိုဖက်ဒီဖက် ကာရံထားတဲ့ တံတိုင်းတွေက လှမ်းလှောင်ကြတယ်။
အိမ်ရှေ့နားက ပဲပြုတ်ဆိုတဲ့ အော်သံလေးနဲ့အတူ အမေ အဖေ ဘိုးဘွားတွေရဲ့ မနက် ဘုရားဝတ်တက်ကြေးစည်းသံ ဘာနဲ့မှမလဲနိုင်ပါ။ ကြေးစည်သံ ဝေးလို့ နေ့ညလွဲနေတဲ့
အိပ်ချိန်တွေမှာ နှိုးစက်ကြီးအားကိုးနဲ့ထနေရတဲ့ ရိုဘော့လူသားများဘ၀မှာ မေတ္တာ
တွေလွှမ်းခြုံထားတဲ့ သားရေ သမီးရေ ထတော့လေ ဆိုတဲ့အသံလေးတွေ
တမ်းတမိတာ အခါခါပါ။

မိသားစုဆိုတဲ့ အသိုက်အမြံရဲ့အဓိပ္ပါယ်ကို ပိုသိလာခဲ့တယ်။ ကိုယ့်နိုင်ငံမှာ နေစဉ်တုန်းက
မွေးလာကတည်းက ဒီလူ ဒီမိသားစု ဒီပတ်ဝန်းကျင်ဆိုတော့ သိပ်မသာခဲ့ဘူး။ မျက်စိရှုပ်တယ် နားပူတယ် ဟိုလူကတမျိုး ဒီလူကတဖွယ်လို့လည်း ထင်တတ်ခဲ့တယ်။ နွေးထွေးမှုဆိုတာကို
တန်ဖိုးထားရမှန်းမသိခဲ့ဘူး။ အနွေးဓာတ်ရဲ့ တန်ဖိုးကိုသိတဲ့အချိန်က မိသားစုနဲ့ဝေးနေ
တဲ့အချိန်ဖြစ်နေခဲ့ပြီ။ ၀ယ်ယူလို့မရ ငှားရမ်းလို့မရတဲ့ မိသားစုဆိုတဲ့ တန်ဖိုးကို
ဝေးကွာမှု တစ်ကိုယ်တည်း အထီးကျန်ဆန်မှုတွေနဲ့ လှဲလှယ်ပြီး သိခဲ့ရတယ်။

ကိုယ့်ယဉ်ကျေးမှုကို ပိုတန်ဖိုးထားတတ်လာတယ်။ ကိုယ်ပိုင် ယဉ်ကျေးမှုဆိုတာ
ဘယ်လောက် အဖိုးတန်မှန်း ဝေးနေချိန်မှာ ပိုသိလာခဲ့တယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု
အတွက်ဂုဏ်ယူဝင့်ကြွား တတ်လာခဲ့တယ်။ ဘယ်လောက်မတိုးတက်ပါဘူးဆိုဆို
ကိုယ်ပိုင် စာပေ၊ စကား၊ အနုပညာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှု ဘယ်
လောက်ရှိတယ် ထွန်းကားသလဲဆိုတာကို ဖော်ပြတဲ့ ပြယုတ်တစ်ခုဖြစ်တယ်။

ကိုယ့်နိုင်ငံကို ပိုချစ်လာတယ်။ ဆင်းရဲတယ် မတိုးတက်ဘူးပဲထား ကိုယ့်နိုင်ငံမှာ
နေတဲ့ နေရတဲ့ခံစားချက်နဲ့ ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံမှာနေရတဲ့ ခံစားချက်က
လုံးလုံးမှ မဆိုင်။ ဆီနဲ့ရေလို ကွာခြားပြီး ကတုံးနဲ့ ခေါင်းဖြီးအလား။ မရှိပါဘူး
ဆိုတဲ့ နေရာမှာ ကိုယ့်စိတ်ဟာ နောက်ကြောင်းအေးစွာ ငြိမ်းချမ်းနေတတ်ခဲ့တာ
ဘက်လိုက်မှုမဟုတ်ပါ။ အချိန်တန် အိမ်ပြန်ရမယ်ဆိုတဲ့ စိတ် သူတစ်ပါးမြေမှာ
ဘယ်လောက်ပြည့်စုံပါစေ နွေးထွေးမှုမခံစားမိပဲ နောက်ကြောင်းလည်း လုံတယ်
လို့လည်းမရှိခဲ့ပြန်ဘူး။ ပြည့်ကျပ်နေတဲ့ အဆောက်အအုံတွေ ထူထပ်နေတဲ့
လူဦးရေ၊ ကြပ်ပိတ်နေတဲ့ လမ်း၊တံတား၊ ကားတွေကြားထဲမှာ ကိုယ့်နိုင်ငံရဲ့
သဘာဝအလျောက် စိမ်းလန်းတဲ့ တော တောင်ရှုခင်းတွေ၊ မြစ်ချောင်း၊ အင်းအိုင်တွေကို သတိရလိုက်တာ။သဘာဝတုတွေကြားထဲမှာ ရုန်းခံလှုပ်ရှားရတာ အသက်ရှူတွေကြပ်တယ်။

ကိုယ့်ဘာသာတရားကို ပိုကာကွယ်တတ်လာတယ်။ မြတ်နိုးတတ်လာတယ်။ ဒုက္ခရောက်မှ အမိတတ်ဆိုတဲ့စကားပုံရှိသလိုပဲ အလွယ်တကူရနိုင် မြင်နိုင်တဲ့ ဒေသမှာကြီးပြင်းခဲ့တော့
အဖိုးတန်မှန်းသိပေမယ့် ၊ကာကွယ်စောင့်ရှောက်ရမှန်းသိပေမယ့် အခရာ
မကျခဲ့ဘူး။ အဓိကနဲ့ သာမညကို မခွဲနိုင်ခဲ့ဘူး။မတွေ့နိုင်ရဖို့ခဲယဉ်းတော့မှ ဘယ်လောက်တန်ဖိုးအနဂ္ဂထိုက်တန်
မှန်း ပိုသိလာခဲ့တယ်။ အသက်နဲ့ထပ်တူ မြတ်နိုးတတ်လာခဲ့တယ်။ ကိုယ့်ဘာသာ
ရဲ့ အဖိုးထိုက်တန်မှုတွေ တန်ဖိုးမဖြတ်နိုင်မှန်း ပိုသိလာခဲ့တယ်။ တစ်ယောက်
တည်း နေရတဲ့အချိန် ဘာသာတရားရဲ့ အနှစ် ကိုယ့်အတွက် ဘယ်လောက်
အထောက်အကူဖြစ်ကြောင်း သက်သေပြပေးခဲ့တယ်။ တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ရပ်တည်ဖို့ ဘ၀ သံသရာရဲ့ ဓူဝံကြယ်တစ်ခုဖြစ်ခဲ့တယ်။ ကာကွယ်စောင့်
ရှောက်ဖို့ လမ်းပြပေးခဲ့တယ်။

စက်ရုပ်များလို သွားလာနေကြတဲ့ လူသားတွေကြားထဲမှာ ကိုယ့်တိုင်းပြည်ရဲ့ စိတ်ကြည်နူးစရာ တစ်ခုဖြစ်တဲ့ ဆွမ်းခံကြွတဲ့ ဘုန်းတော်ကြီး ကိုရင်လေးတွေရဲ့ မြင်ကွင်းလေးကို
လည်းလွမ်းလိုက်တာ။ မြင်နေခဲ့ရတဲ့အချိန်တုန်းက အဲဒီမြင်ကွင်းဟာ ဘာမှမဟုတ်
ပေမယ့် ခုချိန်မှာတော့ ဘယ်ပန်းချီတောင် ရေးလို့မမှီအောင် လွမ်းတတ်နေခြဲ့ပီ။
ပွဲတော်ရာသီချိန်တွေမှာ ပရိတ်၊ ပဌာန်းရွတ်သံတွေ အလှူခံမဏ္ဏပ်မှ မေတ္တာပို့
အမျှဝေသံတွေဟာ ထိုချိန်တုန်းက ကိုယ့်အတွက်ထူးခြားမနေခဲ့ပေမယ့် ခုတော့ဖြင့် စာဖွဲ့လို့တော့မကုန်တော့ပြီ။ ကလေးတွေ အိုင်ပက်ကိုယ်စီ ဖုန်းကိုယ်စီနဲ့ ဆော့
ကစားနေတာ မြင်ရတဲ့အခါ ငယ်စဉ်ဘ၀ ကိုယ့်တွေရဲ့ တီဗွီဆိုတာ တစ်မြို့လုံး
မှာမှ လက်ချိုးရေတွက်လို့ရသေးတဲ့အချိန် ဘယ်လောက် လွတ်လပ်စွာ ကလေး
သဘာဝဆော့ကစား သောင်းကျန်းခဲ့လဲဆိုတာ ပြောပြရင်ဆုံးမယ်မထင်ပါ။သတိရလိုက်
တာလို့ပြောတာတောင် မလုံလောက်ပေ။ ထုပ်ဆီးထိုး၊ စိမ်ပြေးတမ်း၊ တူတူပုန်းတမ်း စသည်ဖြင့် ဆော့နည်းပေါင်းစုံကစား ရွာရိုးကိုးပေါက်လျှောက်လည်ခဲ့တဲ့ ကိုယ်တွေရဲ့ ကလေးသဘာဝကိုမြင်နေရတဲ့ ကလေးတွေရဲ့ အိုင်ပက်တွေ ပေါ့တွေနဲ့လဲလှယ်မယ်ဆိုရင်တောင်
ကန်တော့ပါသေးရဲ့။ ကိုယ်တွေရဲ့ ကလေးဘ၀က တွေးကြည့်ရုံနဲ့တင် ပျော်
စရာကောင်းလွန်လို့ အတွေးလေးတောင် လာမနှောင့်ယှက်စေချင်ပါ။

ဒီလိုပဲ လူတွေဟာ ဝေးတသက်သက်ဆိုသလို မရတော့မှ မရှိတော့မှ မမြင်ရတော့မှ ပိုလွမ်းတတ်တာသဘာဝမို့ တိုင်းတပါးမှာ မြင်မြင်သမျှ ကြုံသမျှ တွေ့သမျှ ဆုံသမျှကို နှိုင်းယှဉ်ကာ အလွမ်းတွေနဲ့ မိတ်ဆွေဖွဲ့ခဲတာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပထမဆုံးအကြိမ်လက်ပြနှုတ်ဆက်စဉ်ကတည်းကပေါ့

Posted by Shwe Yee (FB)

Shared from Shwe Yee (FB)

No comments:

Post a Comment