ဒါကြောင့် အရဟံဂုဏ်တော်နဲ့ပတ်သက်လို့ လေ့လာထားသလောက်ကလေး ''တရားအလှု'' ပြုသွားရအောင်ပါ။
အရဟံဂုဏ်တော်ရဲ့အနက်ကို (၃)နည်း၊ (၅)နည်း စသည်ဖြင့် ပေးထားကြပါတယ်။ ဒီမှာတော့ အားလုံးရဖူးတဲ့ အရဟံ အနက်(၃)နည်းနဲ့ပဲ ကြည်ညိုပူဇော်သွားရအောင်ပါ။
အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
အရဟံ= ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာ ဘုရား။
အရဟံဂုဏ်တော်ရဲ့အကျိုးတွေကို ရှေးဆရာတော်ဘုရားကြီးတွေက ဆောင်ပုဒ် ဆန်ဆန်စာစီပေးထားကြပါတယ်။
+ အရဟံဂုဏ် ပွားများထုံ ချမ်းသာအကုန် ရပါသည်။
+ အရဟံဂုဏ် ပွားများထုံ ဘေးရန်အကုန် လုံပါသည်။
+ အရဟံဂုဏ် ပွားများထုံ နိဗ္ဗာန်အကုန် ရပါသည်။
အရဟံဂုဏ်တော်ပွားများရင် ချမ်းသာလည်းရပါတယ်။ ဘေးရန်လည်းလုံပါတယ်။ နိဗ္ဗာန်လည်း ရပါတယ်။ အကျိုး(၃)မျိုး ရပါတယ်တဲ့။
အကျိုး(၃)မျိုးလုံးက လူတိုင်းလိုချင်နေကြတဲ့အကျိုးတွေချည်းပါပဲ။ နံပါတ်(၁) အကျိုးက ''အရဟံဂုဏ်၊ ပွားများထုံ ချမ်းသာ အကုန် ရပါသည်...'' အရဟံဂုဏ် တော်ပွားများရင် ချမ်းသာအကုန် ရပါတယ်တဲ့။
ဦးဆင်နှင့် အရဟံ
ပထမဆုံး ဘာကိုသွားသတိရလဲဆိုရင်တော့ မစိုးရိမ်ဆရာတော်ဘုရားကြီးနဲ့ အရဟံ ဦးဆင်အကြောင်းပါ။
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ ဝါဆိုကထိန် အလှူလုပ်ပြီဆိုရင် မတ္တရာဘက်က ''မောင်ဆင်''ဆိုတဲ့ တပည့် လေးတစ် ယောက် ရောက်ရောက် လာပါတယ်။
မောင်ဆင်က အလုပ်ကြမ်းတွေဖြစ်တဲ့ ထင်းခွဲတာ၊ ရေခပ်တာ၊ ပန်းကန် ဆေးတာစတဲ့ ဝေယျာဝစ္စတွေကို အင်္ကျီ ချိုင်းပြတ်နဲ့လုပ်ပေးပါတယ်။ မောင်ဆင်က ငွေရေးကြေးရေးအရလည်း အတော်ဆင်းရဲပါတယ်။ မစိုးရိမ်ဆရာတော် ဘုရား ကြီးက ဆင်းရဲပြီးအလုပ်ကြမ်းတွေလုပ်နေရတဲ့ မောင်ဆင်ကို သနားပြီးတော့ ''မောင်ဆင် ရယ်... မင်း အရဟံ ဂုဏ်တော်ကို ပုတီးစိပ်စမ်းပါ၊ ပွားစမ်းပါ''လို့ မိန့်ပါတယ်။ မောင်ဆင်ကလည်း ''မှန်ပါ့ဘုရား။ ဆရာတော် မိန့်မှာတဲ့အတိုင်း စိပ်ပါမယ်၊ ပွားပါမယ်''လို့ ပြန်လျှောက်ပါတယ်။ ဆရာတော်ဘုရားကြီးကလည်း အရဟံဂုဏ်တော်ကို ပွားပုံ၊ စိပ်ပုံ သေချာသင်ပေး လိုက်ပါတယ်။
မောင်ဆင်လည်း ရွာပြန်ရောက်တဲ့အခါမှာ တချိန်လုံး အရဟံဂုဏ်တော်ကို ပွားနေပါတယ်။ ဒီအတိုင်းထိုင်ပြီး ပွားရုံတင် မကပါဘူး။ ထင်းခွဲတဲ့အခါ၊ ရေခပ်တဲ့အခါ၊ လွှဆွဲတဲ့အခါတွေမှာလည်း အလုပ်လုပ်ရင်း ပွားနေပါတယ်။
ဒီလိုနဲ့ နောက်နှစ်ကထိန်ပွဲရောက်တော့မောင်ဆင်မစိုးရိမ်ကျောင်းတိုက်ကို ပြန်ရောက်လာပြန်ပါတယ်။ လုပ်နေကျအတိုင်း အင်္ကျီချိုင်းပြတ်နဲ့ ထင်းခွဲတာ၊ ရေခပ်တာ၊ ပန်းကန်ဆေးတာစတဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးပြန်ပါတယ်။
ဒီတော့ မစိုးရိမ်ဆရာတော်ဘုရားကြီးက ''မောင်ဆင်... ဒီကိုလာပါဦး၊ မင်းအရဟံ ဂုဏ်တော် ပွားရဲ့လား''လို့ မေးပါတယ်။ မောင်ဆင်ကလည်း ''ပွားပါတယ်ဘုရား''လို့ ပြန်လျှောက် ပါတယ်။ ''ကဲ... ရှေ့တိုးစမ်း'' ဆိုပြီး မောင်ဆင်ရဲ့ကျောကို ဖြန်းခနဲ ရိုက်ချလိုက်ပါတယ်။
မောင်ဆင်က ''အောင်မလေးဗျ''ဆိုပြီး ထအော်ပါသတဲ့။ ဒါနဲ့ ဆရာတော်ဘုရားကြီးက ''အေးအေး... အရဟံဂုဏ်တော်ကို ဆက်ပွားဦး''လို့ မိန့်ပါတယ်။ အလှူပွဲပြီးတော့ မောင်ဆင်လည်း ရွာပြန်သွားပါတယ်။ ရွာရောက်တော့ ဆရာတော်မိန့်တဲ့ အတိုင်း အရဟံ ဂုဏ်တော်ကို သွားရင်း၊ လာရင်း၊ အလုပ်လုပ်ရင်းမှာ ဆက်ပွားနေပါတယ်။
နောက်နှစ် ကထိန်အလှူရောက်တော့ ဆရာတော်ဘုရားကြီးက ''မောင်ဆင်... မင်းအရဟံဂုဏ်တော် ပွားရဲ့လား'' လို့ ထပ်မေးပါတယ်။ ''ပွားပါတယ်''လို့ ပြန်လျှောက် ပါတယ်။ ''ကဲ... ရှေ့တိုးစမ်း''ဆိုပြီး ကျောကို ဖြန်းခနဲ ရိုက်ချလိုက် ပြန်ပါတယ်။ မောင်ဆင်ကလည်း ''အောင်မလေးဗျ'' လို့ ထအော်လိုက်ပါတယ်။ ဆရာတော် ဘုရားကြီးက ''ကဲ... မင်း အရဟံဂုဏ်တော်ကို ဆက်ပွားဦး'' လို့ မိန့်ပါတယ်။
တတိယနှစ်ရောက်လာတော့ မောင်ဆင်ရောက်လာပြန်ပါတယ်။ ဆရာတော်ဘုရားကြီးကလည်း ထုံးစံအတိုင်း မောင်ဆင့်ကျောကို ဖြန်းခနဲ ရိုက်ပြန်ပါတယ်။ အဲဒီ အခါမှာတော့ မောင်ဆင်က ''အရဟံ၊ အရဟံ''ဆိုပြီး ထအော်ပါသတဲ့။ ဆရာတော်ဘုရားကြီးကလည်း ''ကဲ ဆက်ပွားပေတော့၊ မင်း အကျိုးပေးတော့မယ်''လို့ မိန့်ကြားလိုက်ပါတယ်။
အဲဒီအချိန်မှာ အိန္ဒိယလူမျိုးတွေ အိန္ဒိယနိုင်ငံကို ပြန်နေတဲ့အချိန်ပါ။ မတ္တရာမြို့မှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယ အမျိုသားတစ်ယောက်က ဆင်းရဲပြီး ရိုးသားတဲ့မောင်ဆင်ကို ဆန်စက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ထားဖို့ ခဏအပ်ခဲ့ပါ တယ်။
ဒီလိုနဲ့ အချိန်တစ်ခုကြာတော့ အိန္ဒိယက စာတစ်စောင်ရောက်လာပါတယ်။ စာထဲမှာ ''မောင်ဆင်ရေ... ကျွန်တော် တော့ မြန်မာပြည်ကို ပြန်မလာနိုင်တော့ပါဘူး။ အဲဒါကြောင့် ဆန်စက်ကြီးကို မောင်ဆင်ပဲ ယူလိုက်ပါတော့''လို့ ပေးလိုက်ပါ တော့တယ်။
နေ့ချင်းညချင်း ဆန်စက်ပိုင်ရှင်ဖြစ်သွားတဲ့ မောင်ဆင်ကို မတ္တရာတဝိုက်မှာ အရဟံဦးဆင်လို့ ခေါ်ကြပါသတဲ့။ ဆရာ သမားတွေပြောခဲ့တဲ့ ပါးစပ်သမိုင်းတခုပါ။
ဒီသာဓကလေးကိုထောက်ပြီး ဘာကိုသိနိုင်မလဲဆိုတော့ ''ခုပျိုးကြဲ ခုဆန်ဖြစ်'' ဆိုတဲ့ပုံစံမျိုးတော့ ဖြစ်မလာနိုင်ဘူး ဆိုတာကိုပါ။ ကိုယ်ပွားမယ့် ဘာဝနာတစ်ခုကို အရဟံဦးဆင်လို ''အရဟံ''လို့ အော်ပြီးယောင်ရလောက်အောင် ထုံထားရမှာပါ။
ဒီနေရာမှာ အရဟံဦးဆင် ဆန်စက်ကြီး ရသွားတာထက် မစိုးရိမ် ဆရာတော်ဘုရားကြီး ကျောပုတ်လိုက်တဲ့အခါ အရဟံလို့ ထယောင်လိုက်တာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းသလို အတုယူဖို့လည်း ကောင်းတာပါ။
ပဋ္ဌာန်းအာသေဝနပစ္စည်းအရ ထုံထားရင် စွဲနေတတ်ပါတယ်။ နည်းနည်းထုံရင် နည်းနည်းစွဲပါတယ်။ များများ ထုံထားရင် များများစွဲနေတတ်ပါတယ်။ ဒီဘပွားများရင် နောက်ဘဝတွေလည်း ဆက်ထုံနေဦးမှာပါ။ နောက်ဘဝတွေ ဆက်ထုံနေရင် ကောင်းကျိုးချမ်းသာတွေလည်း နောက်ဘဝအထိ ဆက်ဖြစ်နေဦးမှာပါ။
နံပါတ်(၂)အကျိုးကတော့ ''အရဟံဂုဏ်တော်ပွားများထုံ ဘေးရန်အကုန်လုံပါသည်''တဲ့။ ဘေးရန်လုံတဲ့ဇာတ်ဝတ္တုတွေကတော့ အများကြီးရှိနေတဲ့အတွက် ဒီမှာရေး မပြတော့ပါဘူး။
ဗုဒ္ဓါနုဿတိ နှင့် နိဗ္ဗာန်
နောက်ဆုံးအကျိုးက ''အရဟံဂုဏ်ပွားများထုံ နိဗ္ဗာန်အကုန်ရပါသည်''တဲ့။ ဒါပေမဲ့ နိဗ္ဗာန်ကို တိုက်ရိုက် တော့မရ နိုင်ပါဘူး။ နည်းနည်း ရှင်းအောင်ပြောရရင် ဈာန်လည်းမရနိုင်ပါဘူး။ မဂ်လည်းမရနိုင်ပါဘူး။ ဖိုလ်လည်း မရနိုင်ပါဘူး။ ဂုဏ်တော် ပွားရင် ဈာန်ရဲ့အနီးအနား ဥပစာရဈာန်အထိပဲ ရပါတယ်။ အပ္ပနာဈာန်အထိတောင် မရနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဂုဏ်တော်တွေရဲ့ကျယ်ပြောခြင်း၊ ဂုဏ်တော်တစ်ခုစီတိုင်း အစမမြင်အောင် နက်ရှိုင်းခြင်း၊ ဂုဏ်တော်တစ်ခုနဲ့ပင် အားရတင်းတိမ်မနေနိုင်ဘဲ ပင်လယ်ပြင်လက်ပစ်ကူးရသလို တစ်ခုပြီးတစ်ခု လွှဲပြောင်းကြည်ညို နေရလို့ ဂုဏ်တော်သမာဓိဟာ အပ္ပနာဈာန်အထိ မရောက်နိုင်ပါဘူး။ ဥပစာရဈာန်အထိပဲ ရနိုင်ပါတယ်။
ဈာန်နဲ့ပြောရင် ကိုယ်နဲ့ဝေးသလိုထင်နေမှာစိုးလို့ သမာဓိ(၃)မျိုးနဲ့ ပြောင်းပြောလို့လည်းရပါတယ်။ သမာဓိမှာ ခဏိက သမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဆိုပြီး သမာဓိ(၃)မျိုး ရှိပါတယ်။
ခဏိကသမာဓိဆိုတာ အာရုံတစ်ခုတည်းမှာ အချိန်အနည်းငယ်မျှ (အချိန်ခဏလေး) စိတ်တည်ငြိမ်မှုရနေတဲ့ သမာဓိဟာ ခဏိကသမာဓိပါ။
ဥပစာရသမာဓိဆိုတာက အာရုံတစ်ခုတည်းမှာ အချိန်တော်တော်ကြာကြာ စိတ်တည်ငြိမ်မှုရနေတဲ့ သမာဓိဟာ ဥပစာရ သမာဓိပါ။ ဒီသမာဓိက ဈာန်မရပေမဲ့ ဈာန်ရလုနီးပါး အလယ်အလတ် အားကောင်းတဲ့ သမာဓိပါ။
အပ္ပနာသမာဓိဆိုတာကတော့ ဈာန်ရတဲ့အထိ အလွန်အားကောင်းတဲ့သမာဓိကိုပြောတာပါ။ ဂုဏ်တော်ပွားရင် အလယ်အလတ် ဥပစာရသမာဓိပဲ ရနိုင်ပါတယ်၊ အလွန်အားကောင်းတဲ့ အပ္ပနာသမာဓိအထိ မရနိုင်ပါဘူး။
ဒါပေမဲ့ အဲဒီအလယ်အလတ် ဥပစာရသမာဓိကိုပဲ အခြေခံပြီး ဝိပဿနာ ဆက်ကူးသွားရင် နိဗ္ဗာန်ကိုရသွားနိုင်ပါတယ်။နိဗ္ဗာန်ရပုံနဲ့ပတ်သက်လို့ အားလုံးကြား ဖူးတဲ့ ဝတ္ထုလေးတစ်ပုဒ်ရှိပါတယ်။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ဖုဿဒေဝမထေရ်ဆိုတာရှိပါတယ်။ ဖုဿဒေဝမထေရ်က ဗုဒ္ဓါနုဿတိဘာဝနာကို အမြဲပွားနေပါတယ်။ စေတီရင်ပြင်မှာ တံမြက် လှည်းရင်းလည်း ပွားပါတယ်။ တစ်နေ့တော့ တံမြက်လှဲထားတဲ့ စေတီရင်ပြင် ညီညာပြန့်ပြူးနေတာကိုကြည့်ပြီး ကျေနပ်အားရနေပါတယ်။
အဲဒီအချိန်မှာပဲ မျောက်ညိုကြီး တစ်ကောင်ရောက်လာပြီး နွားချေးခြောက်တွေ စေတီရင်ပြင်ပေါ်ကို ဖြန်ကြဲချ လိုက်ပါတယ်။ ဒီတော့ မထေရ်က တံမြက်စည်း ပြန်လှဲရပါတယ်။
ဒုတိယနေ့ရောက်လာတော့ နွားအိုကြီးတစ်ကောင်ရောက်လာပြီး စေတီရင်ပြင်မှာ နွားချေးတွေ စွန့်ချလိုက်ပြန် ပါတယ်။ မထေရ်ကတံမြက်စည်း ပြန်လှည်းရပြန်ပါတယ်။ တတိယနေ့ ရောက်လာတော့ ခြေခွင်နေတဲ့လူတစ်ယောက် ရောက်လာပြီး ညီညာ ပြန့်ပြူးနေတဲ့သဲတွေကို မညီမညာဖြစ်အောင် ခြေတရွတ်တိုက် ဆွဲနေပါတယ်။
ဒီတော့ မထေရ်က ''ငါ့ ဂေါစရဂါမ် (ဝန်းကျင်) အတွင်းမှာ ဒီလောက် ရုပ်ပျက် ဆင်းပျက် ရုပ်ဆိုးတဲ့သူ တစ်ယောက် မှ မရှိဘူး။ မဟုတ်မှလွဲရော မာရ်နတ်ဖြစ်လေ မလား'' လို့ သံသယဝင်တာနဲ့ ''သင်မာရ်နတ် မဟုတ်လား''လို့ မေးလိုက်ပါတယ်။ မာရ်နတ်ကလည်း ''မှန်ပါ့ဘုရား'' ဟု ဝန်ခံလိုက်ပါတယ်။ ဒီတော့ မထေရ်က ''မာရ်နတ်ဆိုတာ အလွန် တန်ခိုးကြီးတယ်၊ ဘုရားနဲ့တူအောင် ဖန်ဆင်းပြစမ်းပါ''ဟု တောင်းပန်လိုက်ပါတယ်။
မာရ်နတ်ကလည်း ''တပည့်တော် ဘုရားရှင်နဲ့ ထပ်တူတူအောင်တော့ မဖန်ဆင်းနိုင်ပါဘူး။ ဒါပေမဲ့ အသင့်အတင့် တူအောင်တော့ ဖန်ဆင်းပြလို့ရပါတယ်''လို့ လျှောက်ပြီး မိမိကိုယ်ကို ဘုရားအသွင် ဖန်ဆင်းပြလိုက်ပါတယ်။ ဖုဿဒေဝ မထေရ်လည်း မာရ်နတ်ဖန်ဆင်းပြတဲ့ ရုပ်ပုံတော်ကိုကြည့်ပြီး ''သြော်.... ရာဂ၊ ဒေါသ၊ မောဟရှိနေတဲ့ မာရ်နတ်တောင် ဒီလောက်တင့်တယ်သပ္ပာယ်သေးရင် အမြဲ ရာဂ ဒေါသ မောဟကင်းနေတဲ့ ဘုရားရှင်ဆိုရင် ဒီထက် တင့်တယ်သပ္ပာယ် မှာပဲ''ဆိုပြီး ပီတိတွေ တဖွားဖွား ဖြစ်လာပါတယ်။
ဖုဿဒေဝမထေရ်လည်း ဖြစ်ပေါ်လာတဲ့ပီတိကိုပဲ ''ပီတိရဲ့သဘောလေးဟာ ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေးဖြစ်နေတာလဲ''ဆိုပြီး ဖြစ်ပေါ်နေတဲ့ပီတိကို ဝိပဿနာပြန်ရှုပါတယ်။ ရှုရင်းနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေထင်လို့ ဉာဏ်စဉ်အဆင့်ဆင့်ဖြစ်ပြီး အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားပါတော့တယ်။ အားလုံးကြားဖူးနေတဲ့ သီဟိုဠ်ဝတ္ထုလေးပါ။
ဒါက ဂုဏ်တော်ပွားပြီး နိဗ္ဗာန်ရောက်သွားတာပါ။ တိုက်ရိုက်ကြီးရောက်သွားတာတော့ မဟုတ်ပါဘူး။ ဂုဏ်တော်သမာဓိကို အခြေခံပြီး နိဗ္ဗာန်ရသွားရတာပါ။
ဆက်လက်ဖေါ်ပြပေးသွားပါမည်။
Shared from Shwe Yee (FB)
No comments:
Post a Comment