Monday, June 25, 2012

ဘက်မလိုက်ကြားနေ " မဇ္ဈိမ "

“အမှားအမှန်ကို ဆုံးဖြတ်ပေးရမည့်ပုဂ္ဂိုလ်က သိလျက်နဲ့ အမှန်ဘက်က မရပ်တည်ဘဲ ကြားနေတယ်ဆိုတာဟာ အမှန်ကို မျက်ကွယ်ပြုပြီး အမှား ဘက်လိုက်တာနဲ့ အတူတူပါပဲ” (ဟေမဝတသုတ္တန်)

“မဇ္ဈိမပဋိပဒါဆိုတာ ဘက်မလိုက်တဲ့ ကြားနေဝါဒလို့ ဆိုလိုတာပဲ မဟုတ်လား”ဆိုတဲ့စကားကို ကြားရတဲ့အခါတိုင်း ကဿပဘုရားရှင်ရဲ့ သာသနာမှာ နောက်ဆုံးဝိနည်းဓိုရ်ဆရာတော်ကြီးနှစ်ပါး နောင်တပူပန် ဖြစ်ရပုံကို သတိရမိလေ့ရှိတယ်။


လွန်ခဲ့ပြီးတဲ့ အန္တရကပ်တစ်ကပ်သာသာအချိန် လူတို့ရဲ့ သက်တမ်းအနှစ်နှစ်သောင်းတန်းတုန်းက ကဿပမြတ်စွာဘုရားရှင် ပွင့်တော်မူပါတယ်။ အန္တရကပ်ဆိုတာ လူတို့ရဲ့ သက်တမ်း အသင်္ချေအထိတက်ပြီး ဒုစုရိုက်တရားတွေ ထူပြောလာတဲ့အခါ တဖြည်းဖြည်း(၁၀)နှစ်တန်းအထိ လျော့တယ်၊ အဲဒီနောက် သံဝေဂ တွေရကြလို့ ဒုစရိုက်တွေ ရှောင်ကြဉ်လာတဲ့အခါ တဖြည်းဖြည်း အသင်္ချေတန်းအထိ ပြန်တက်ပြန်တယ်။ အဲဒီလို အတက်အကျ တစ်စုံကို အန္တရကပ် တစ်ကပ်လို့ ခေါ်တာပါ။

ဒီလို အတက်အကျဖြစ်ရာမှာလည်း တက်ကပ်ကာလမှာ ဘုရားရှင်တို့ မပွင့်ပေါ်ဘူး၊ ဆုတ်ကပ်ကာလ အသက်တစ်သိန်းတန်းနဲ့ တစ်ရာတန်းရဲ့ ကြားကာလမှာသာ ပွင့်တော်မူရိုး ဓမ္မတာဖြစ်ပါတယ်။ သံဝေဂဉာဏ်နဲ့ သင်္ခါရတရားတို့ကို လက္ခဏာများ ပီပြင်ထင်ရှားတဲ့ကာလ ဖြစ်လို့ပါ။ တစ်သိန်းတန်းအထက်မှာဆိုရင်လည်း သံဝေဂဉာဏ်ဖြစ်ခဲတယ်၊ တစ်ရာတန်းအောက် ရောက်ပြန်တော့လည်း ကိလေသာ အပူရှိန် ပြင်းလွန်းတယ်၊ ဒါကြောင့် သမပိုင်းဇုန်လို့ခေါ်ရမယ့် တစ်သိန်းနဲ့ တစ်ရာကြားမှာ ဘုရားရှင်တို့ ပွင့်ပါတယ်။

ကဿပဘုရားရှင်က ဆုတ်ကပ်ကာလ အနှစ်နှစ်သောင်းတန်းမှာ ပွင့်တော်မူပါတယ်။ အဲဒီနောက်(၁၀) နှစ်တန်းထိတက်၊ ပြီးတော့ အသင်္ချေတန်းအထိ ပြန်တက်၊ တက်ပြီးလို့ ပြန်အကျ အနှစ်တစ်ရာတန်းမှာအခု ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူတာဖြစ်လို့ ကနေ့ကစပြီး နောက်ပြန်ရေတွက်ရင် တက်ကပ်၊ ဆုတ်ကပ် တစ်စုံခေါ်တဲ့ အန္တရကပ်တစ်ကပ်သာသာ လူတို့ရဲ့ သက်တန်းအနှစ်နှစ်သောင်းတန်းမှာ ကဿပဘုရားရှင် ပွင့် တော်မူတယ်လို့ နားလည်ရပါမယ်။ (မင်းကွန်းဆရာတော် ဟောစဉ် ပ-၁၉၃)

သက်တော်ရှည်ဘုရားရှင်တို့ရဲ့ သာသနာမှာ တပည့်သားစဉ်ဆက် ရှင်ရဟန်းပြုပေးဖို့ အာဏာဝိနည်းကံ ရယ်လို့ ပညတ်သတ်မှတ်ပေးခဲ့တာ မရှိဘူး၊ တပည့်ကြီးများကသာ ရှင်ရဟန်းပြုပေးခွင့်ရှိတယ်၊ အဲဒီကနေ နောက်တစ်ဆက်ရောက်ရင် ရှင်ရဟန်း အစဉ်အဆက်ပြတ်ပြီ။

ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးတဲ့အခါ အသမ္ဘိန္နဓာတ်လို့ခေါ်တဲ့ တစ်ခုတည်း ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်ကို စေတီတော်ကြီးတည်ပြီး ပူဇော်ပွဲကျင်းပတဲ့အခါ အမျိုးကောင်းသားနှစ်ယောက်တို့ သာသနာတော်ကို ကြည်ညိုလွန်းလို့ ရဟန်းပြုကြပြီး အသက်ငယ်ကြသေးတဲ့အတွက် ပရိယတ္တိဓုရကို ထမ်းဆောင်ပြီး စာပေသင်ကြားပို့ချကြတယ်။ တစ်ပါးတစ်ပါးမှာ တပည့်ငါးရာစီနှင့် စာပေပရိယတ္တိသင်ကြားပို့ချ ပေးနေကြတဲ့ ဆရာတော်နှစ်ပါးတို့ဟာ ဖြစ်ပေါ်လာသမျှ ဝိနည်းမှုခင်းများကိုလည်း ဆုံးဖြတ်ပေးကြလို့ ဂိုဏ်းဆရာကြီးများလည်းဖြစ်၊ ဝိနည်းဓိုရ်ကြီးများလည်း ဖြစ်ကြပါသတဲ့။

အဲဒီအချိန်မှာပဲ “ပွဲကောင်းတုန်း ခဲကျ”ဆိုသလို တောရွာတစ်ရွာမှာ ရဟန်းနှစ်ပါး ပြဿနာဖြစ်ကြတယ်၊ တစ်ပါးက အဓမ္မဝါဒီ၊ တစ်ပါးက ဓမ္မဝါဒီပေါ့၊ အဓမ္မဝါဒီရဟန်းရဲ့ လုပ်ရပ်တွေကို ဓမ္မဝါဒီပုဂ္ဂိလ်က အမြင်မတော်လို့ ပြောတဲ့အခါ အဓမ္မဝါဒီပုဂ္ဂိလ်က လက်မခံတဲ့အပြင် ငေါက်ဆတ်ဆတ် မာကျောကျောနဲ့ “မင်း ဘယ်လောက် တတ်လို့ သိလို့လဲ” ဆိုတဲ့ သဘောမျိုးနဲ့ ပြန်ပြောတော့ ဓမ္မဝါဒီပုဂ္ဂိလ်လေးက “ဝိနည်းဓိုရ် ပုဂ္ဂိုလ်များ သိကြပါ လိမ့်မယ်”လို့ ပြောလိုက်တယ်။

ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကြီးတွေ ဆုံးဖြတ်တာကိုခံရရင် သာသနာဘောင်မှာ ဆက်လက်ရပ်တည်ခွင့် မရနှိုင် တော့ဘူးဆိုတာ သဘောပေါက်တဲ့ အဓမ္မဝါဒီပုဂ္ဂိုလ်ဟာ မမှန်ကန်သူတို့ရဲ့ ထုံးစံအတိုင်း အကြံအဖန်လုပ်ဖို့ ကြိုးစားတော့တယ်၊ ပြီးတော့ ဗာရာဏသီပြည်မှာရှိတဲ့ ဝိနည်းဓိုရ် ဆရာတော်ကြီးတွေရှေ့မှာ ကန်တော့ပွဲကြီးတွေ ဟိန်းနေအောင် ပြင်ပြီး ကန်တော့တယ်၊ ပထမတော့ နိဿရည်းခံ တပည့်ခံပြီး စသင်ချင်လို့ပါလို့ လျှောက်ထား တယ်၊ နောက်တော့ ဆရာတော်ကြီးတွေနဲ့ ရင်းနှီးအောင် ဝတ်ကြီး ဝတ်ငယ်တွေပြု၊ နေ့နေ့ညည ခြေဆုပ်လက် နယ် အနင်းအနှိပ်ပါ အားလုံးပြုပေးတယ်။ ဆရာတော်ကြီးတွေ သူ့စကားကို ဘယ်လိုမှ မငြင်းပယ်ရက်လောက် အောင်အထိ ရင်းနှီးလာတော့မှ သူ့ရဲ့ လိုရင်းကိစ္စကို လျှောက်ထားတော့တယ်။

ဆရာတော်ကြီးများက ပထမတော့ သူ့စကားကို ငြင်းပယ်သေးတယ်၊ “ဝိနည်းဓိုရ်ခုံရုံး ရောက်လာတဲ့ အမှုကို အမှန်အတိုင်း မဆုံးဖြတ်လို့ မဖြစ်ဘူး” ဆိုပြီးတော့ပေါ့။ ဒီတော့ အဓမ္မဝါဒီကိုတော်က “ဒီလိုပြုခဲ့ရင် တပည့်တော်မှာ ဆောက်တည်ရာမရ ဖြစ်သွားရပါလိမ့်မယ်ဘုရား၊ တပည့်တော်ရဲ့ မကောင်းမှုဟာ တပည့်တော် ကံနဲ့ တပည့်တော်ရှိပါစေ၊ ဆရာတော်တို့လည်း အပြစ်မဖြစ်ရလေအောင် ဘယ်လိုမှ မဆုံးဖြတ်ဘဲ ကြားနေ တော်မူပေးရင် တော်ပါပြီ”ဆိုပြီး သနားလောက်အောင် ဟီးချ ငိုကြွေးလျှောက်ထားပါတော့တယ်။
(မင်းကွန်းဆရာတော် ဟောစဉ်-၂၁၁)

ဒါနဲ့ နောက်ဆုံးတော့ ဆရာတော်ကြီးတွေလည်း အားနာပါးနာနဲ့ “ဒီအမှုကို ဆုံးဖြတ်မပေးပဲ ကြားနေ ပါတော့မယ်”လို့ ဝန်ခံလိုက်ရတော့တယ်။ အဲဒီခေတ်မှာ မုသာဝါဒကံဆိုတာ အောက်တန်းအကျဆုံး ဒုစရိုက် (မုသာဝါဒဿ ဇန္တုနော၊ နတ္တပါပံ အကာရိယံ)ဖြစ်လို့ “ဆိုခဲစေ မြဲစေ” ဆိုတဲ့အတိုင်း ဝိနည်းဓိုရ် ဆရာတော်တို့ ရဲ့ စကားဟာ အတည်ဖြစ်တယ်လို့ အဓမ္မဝါဒီပုဂ္ဂိုလ်က သိလိုက်တယ်။

သူ့လုပ်ဖွယ်ကိစ္စ အောင်မြင်ပြီဆိုတော့ အဓမ္မဝါဒီပုဂ္ဂိုလက သူ့အရပ်သူပြန်ပြီး ဓမ္မဝါဒီပုဂ္ဂိုလ်အပေါ် ရှေးကထက်ပိုပြီး မထီမဲ့မြင် နိုင်ထက် စီးနင်းလုပ်လာတယ်။ ဒါနဲ့ ဓမ္မဝါဒီပုဂ္ဂိုလ်က မနေသာဘဲ မြို့ကိုသွားပြီး စုံစမ်း ကြည့်တယ်၊ အဓမ္မဝါဒီပုဂ္ဂိုလ်ကလည်း နောက်တစ်နေ့မှာ မြို့ကို လိုက်သွားတယ်။

မြို့ကိုရောက်လို့ အခြေအနေအားလုံးကို စုံစမ်းသိတဲ့အခါ ဝိနည်းဓိုရ်ဆရာတော်ကြီးများက အမှုကို လက်ခံစစ်ဆေးခြင်း မပြုတော့ဘူး၊ ဒီကိစ္စမှာ ကြားနေလိုက်တယ်ဆိုတဲ့ အကြောင်းသိရတော့တယ်။ ဒါနဲ့ အဓမ္မ ဝါဒီပုဂ္ဂိုလ်က ဓမ္မဝါဒီပုဂ္ဂိုလ်ကို “ကိုယ်တော့အမှုရှုံးပြီ၊ ဒီကနေ့ကစပြီး ကျောင်းပြန် မလာနဲ့”လို့ ခြိမ်းခြောက် ကြိမ်း မောင်းပြီး သူ့အရပ်သူ ပြန်သွားတယ်။

ဓမ္မဝါဒီပုဂ္ဂိုလ်လေးကတော့ သူ့အရပ်သူလည်း မပြန်ဝံ့တော့ဘူးဆိုတော့ ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကြီးတွေထံ ဝင်ပြီး နောက်ဆုံးလျှောက်ထားသွားတဲ့ စကားတွေဟာ ကြင်နာစရာ၊ ရင်နာစရာ အပြည့်နဲ့ပါပဲ။

“အရှင်ဘုရားတို့ဟာ သာသနာကို မစောင့်ဘဲ ပုဂ္ဂိုလ်ကိုစောင့်ကြတယ်။ ဒီနေ့ကစပြီး အရှင်ဘုရားတို့ဟာ ဘယ်လိုကိစ္စမျိုးကိုမှ မဆုံးဖြတ် သင့်တော့ဘူး။ ခုအချိန်ကစပြီး ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူ သွားပါပြီ၊ ကဿပဘုရားရှင်ရဲ့ သာသနာတော်ဟာ ပျက်စီးခြင်းမလှ ပျက်စီးသွားပါပေါ့ဘုရား” တဲ့ အဲဒီလို ပြောဆိုငိုကြွေးမြည်တမ်းပြီး ကိုယ်တော်လေးလည်း ဦးတည်ရာကို တစ်ခါတည်း ထွက်သွားတော့တယ်။
(မင်းကွန်းတိပိဋကဓရဆရာတော် စောစဉ်-၂၁၅)

ဟုတ်ပါတယ်။ သက်တော်ရှည်ဘုရားရှင်တို့ရဲ့ သာသနာမှာ နောက်ဆုံး ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့ အမှန် တရားကို လက်မခံတော့ရင် သာသနာလည်း ပျက်သွားပါပြီ၊ သာသနာရဲ့အခြေခံဖြစ်တဲ့ ဝိနည်းကံ၊ သီလသိက္ခာ မရှိရင် ကျန်တဲ့သိက္ခာတွေလည်း တိုးတက် ဖြစ်ထွန်းခွင့် မရှိတော့ပါဘူး၊ ဒါကြောင့်လည်း ဓမ္မဝါဒီပုဂ္ဂိုလ်လေးက “ခုချိန်ကစပြီး ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီ”လို့ ငိုကြွေးမြည်တမ်း သွားတာပါ။

ကိုယ်တော်လေး ထွက်သွားပြီးတဲ့နောက် ဝိနည်းဓိုရ်မထေရ်ကြီးတွေ နောင်တပူပန်ဖြစ်ပြီး၊ ညည်းညူ တဲ့စကားကလည်း သူတို့ရဲ့ သနားကမား ရွံစရာလုပ်ရပ်ကို အထင်းသား ဖော်ပြနေသလိုပါပဲ။

“ငါတို့ဟာ ပုဂ္ဂိုလ်ကိုစောင့်ရှောက်လိုကြတဲ့အတွက် ဘုရားသာသနာဆိုတဲ့ ရတနာထုပ်ကြီးကို ချောက် ကမ်းပါးကြီးထဲ ပစ်ချမိကြပြီ”တဲ့။ မိမိအနေနဲ့သွားပြီး သတိရလေ့ရှိတယ်ဆိုတာ ဒီသံဝေဂ စကားကိုပါပဲ။

ဒီလိုနဲ့ နောင်တပူပန်တွေ နှိပ်စက်ပြီး မဂ်ဖိုလ်တရားထူးလည်း အားထုတ်လို့ မရတော့ဘဲ သက်တမ်း ပြည့်တဲ့အခါ ပျံလွန်တော်မူကြတယ်။
အမှားနဲ့အမှန်ကို အဆုံးအဖြစ်ပေးရမည့် ပုဂ္ဂိုလ်က သိလျက်နဲ့ အမှန်ဘက်မှာ မရပ်တည်ဘဲ ကြားနေတယ်ဆိုတာ တကယ်တော့ အမှန်ကို မျက်ကွယ်ပြုပြီး အမှားဘက် လိုက်တာနဲ့ အတူတူပါပဲ။

ဒါကြောင့်လည်း သီလနဲ့ ပတ်သက်လို့ တခြားညစ်နွမ်းမှုမရှိဘဲ အနှစ်နှစ်သောင်းနီးပါး ရဟန်းတရားအားထုတ်ခဲ့ကြပေမဲ့အထက်သုဂတိဘုံတွေမှာ မဖြစ်ရဘဲ ဟေမဝတနဲ့ သာတာဂိရိဆိုတဲ့ နတ်ဘီလူး စစ်သူကြီးတွေ သွားဖြစ်ရတယ်။

“ကောင်းမှု မကောင်းမှုတို့နဲ့ ပတ်သက်လို့ “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ ဝေစုယူ” ဆိုတဲ့ အတိုင်း ဆရာတွေလုပ်သမျှကို စိတ်တူ ထောက်ခံခဲ့ကြတဲ့ နောက်လိုက်တပည့် ရဟန်းငါးရာစီတို့လည်း ဘာတရားထူးမှ မရကြဘဲ နောက်လိုက်နတ်ဘီလူး စစ်သည်တွေ ဖြစ်သွားကြရတယ်။

ဒီဖြစ်ရပ်တွေကို ကြည့်ရင် အမှားနဲ့ အမှန်ဆိုတဲ့ ဘက်နှစ်ဘက်ရှိတဲ့ နေရာမျိုးမှာ အမှား၊အမှန်ကို ကွဲကွဲ ပြားပြား သိရှိပြီးရင် အမှန်ဘက်ကို ရဲရဲလိုက်ဖို့ လိုပါတယ်။ ဘက်မလိုက်ဘူး ကြားနေတယ်ဆိုတာဟာ မသိလို့ ရှိရင်တော့ ရပ်တည်ချက် မရှိသူ၊ တွေဝေသူလို့ပဲ ဆိုရမယ်။ သိလျက်နဲ့ဆိုရင်တော့ အမှန်ဘက် မလိုက်သူဟာ အမှားဘက် အလိုလို ရောက်သွားပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရှေးဆရာတော်ကြီးများက-
မှားမှန်အဖြစ် စိစစ်ရဲစေ၊
မှားအမှန် ဝေဖန်သိရဲစေ။
မှားမှန်ဝေခွဲ ပြောရဲကြစေ၊
အမှားလှန် အမှန်ကျင့်ရဲစေ။ လို့ ဆုံးမခဲ့တာပါ။

အမှန်တရားနဲ့ ပတ်သက်ရင် ရဲရဲ ဘက်လိုက်တတ်ကြပါစေလို့ ဆိုချင်တဲ့ သဘောပါ။
ဒီစာရဲ့ အစမှာပြောခဲ့တဲ့ “မဇ္ဈိမပဋိပဒါဆိုတာ ဘက်မလိုက်တဲ့ ကြားနေဝါဒလား”ဆိုတဲ့ပြဿနာကတော့ အထက်ပါဖြစ်ရပ်နဲ့ မတူပါဘူး၊ စဉ်းစားကြည့်ရင် လုံးဝခြားနားနေပါတယ်။

မဇ္ဈိမပဋိပဒါမပေါ်မီ ရှိနေတဲ့ အစွန်းနှစ်ပါးဆိုတာ အမှားနဲ့အမှန်ဆိုတဲ့ ဘက်နှစ်ဘက် မဟုတ်ပါဘူး၊ ပြုမှုဆောင်ရွက်ပုံအရ အချင်းချင်း ဆန့်ကျင်ကြလို့သာ အစွန်းနှစ်ပါးလို့ ဆိုရပေမဲ့ ဘက်အနေနဲ့ ပြောရရင်တော့ ဓမ္မစကြာမှာ ပြဆိုထားတဲ့အတိုင်း “အနရိယော အနတ္ထ သံဟိတော= အရိယာတို့ လက်မခံတဲ့ အကျိုးမဲ့ လမ်းစဉ်”ချင်း အတူတူဖြစ်လို့ “အမှား”ဆိုတဲ့ ဘက်တစ်ဘက်တည်းသာ ဖြစ်ပါတယ်။ တစ်ဘက်တည်းသာ ဖြစ်တဲ့အတွက် “ကြား”ဆိုတာလည်း မရှိနိုင်တော့ပါဘူး။

ဒါကြောင့်“မဇ္ဈိမပဋိပဒါ”ဆိုတာ နေစရာ “ကြား”လည်းမရှိ၊ လိုက်စရာ “ဘက်”လည်းမရှိဘဲ၊ သဗ္ဗညု ဘုရားရှင်တို့ ပွင့်ထွန်းတော်မူတဲ့အခါမှာသာ ဖော်ထုတ်ဟောကြားနိုင်တဲ့ လမ်းစဉ်မှန်ဖြစ်တယ်လို့သာ ဆိုရပါလိမ့် မယ်။

ဒီလမ်းစဉ်ကို ကျင့်သုံးရာမှာ အာရုံငါးပါးကိုရော၊ ခန္ဓာကိုယ် အပင်ပန်းခံမှုကိုပါ လိုအပ်သလို အသုံးချနိုင် တယ်ဆိုတာနဲ့ ပတ်သက်ပြီး သဘောပေါက်နိုင်ဖို့အတွက် အာရုံတို့ရဲ့ အဆင့်သုံးဆင့်ကို နားလည်ဖို့ လိုမယ်ထင် ပါတယ်။

ဘယ်လောကီအာရုံမှာမဆို အဿာဒလို့ခေါ်တဲ့ သာယာဖွယ်အဆင့် အာဒီနဝ လို့ခေါ်တဲ့ အပြစ်မကင်း (ချွတ်ယွင်းဖေါက်ပြန်)ခြင်းသဘောရှိတဲ့ အဆင့်၊ နိဿရဏ လို့ခေါ်တဲ့ လွတ်မြောက်မှုအဆင့်ဆိုပြီး သုံးမျိုးသုံး ဆင့်ရှိပါတယ်။ ဒီအဆင့်များဟာ တစ်ဆင့်ထက် တစ်ဆင့် နက်နဲသိခဲတဲ့ သဘောလည်း ရှိပါတယ်။

ကာမသုခလ္လိကာနုယောဂ သမားများကတော့ အာရုံတို့ရဲ့ အာဒီနဝ ပိုင်းအထိ တိုးတက် သိမြင်လာတဲ့ အတွက် အာရုံခံစားမှု အားလုံးကို စွန့်လွှတ်ပြီး အစွန်းရောက်အောင် ခန္ဓာကိုယ်ကို ညှင်းပန်းကျင့်ကြံ ရုန်းကန်ရင်း သံသရာမှာ မျောနေကြသူများလို့ ဆိုရပါလိမ့်မယ်။

မဇ္ဈိမပဋိပဒါလမ်းကို သဘောပေါက်သူများကတော့ အတွင်း အနှစ်ဖြစ်တဲ့ နိဿရဏအဆင့်အထိ နားလည်သဘောပေါက်ကြတဲ့အတွက် အဲဒီနိဿရဏအဆင့်အထိ ရောက်အောင် မဇ္ဈိမယာဉ်ကို လှော်ခတ်ရာမှာ အပေါ်ယံနှစ်ဆင့်တို့ကို လိုအပ်သလို အသုံးပြုကြတာပါ။ နိဿရဏဆိုတဲ့ အဆင့်အထိ ရည်မှန်းပြီး အသုံး ချတာဖြစ်လို့ အပေါ်ယံအဆင့်များနဲ့ ထိပေမယ့် မငြိဘူးလို့ ဆိုရတာပါ။ သြဃတရဏသုတ်မှာ ဟော တော်မူတဲ့ “မရပ်လည်း မရပ်၊ မကူးလည်းမကူးဘဲ၊ သြဃလေးပါးမှ လွတ်တယ်”ဆိုတဲ့ ပဟေဠိဆန်ဆန် တရားတော် အဓိပ္ပာယ်ဟာ ဒီသဘောကို ပြောလိုရင်းပါပဲ။

မဇ္ဈိမမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ရဲကြပါစေသော်….

ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )
Shared from Shwe Yee

No comments:

Post a Comment