သင်သည် လူရှေ့သူရှေ့သွား၍ ကျုပ် ကံမကောင်းလိုက်တာဗျာများ သွားမညည်းတွားမိစေနှင့်။
သင်သည် လူရှေ့သူရှေ့သွား၍ ကျုပ်ကံကိုက ဆိုးလွန်းလှပါသကောများ သွားမညည်းတွားမိစေနှင့်။
ထိုနှယ်သော ကံမကောင်းစကား လူကြားသွား၍ ညည်းတွားပြနေခြင်းသည် ကိုယ်လုပ်တာ မကောင်းသေးကြောင်းဖြင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်း၍ ကိုယ်မကောင်းကြောင်း အပေါင်းသို့ သွားရောက်ကြွေးကြော်နေခြင်းပင်။
ကံမကောင်းဟူသောစကား မိမိလုပ်ရပ် မှားနေသေးကြောင်း၏ ၀န်ခံစကားတည်း။
ကံမကောင်းဟူသောစကား ကောင်းသောအလုပ် မလုပ်မိသေးခြင်း၏ ၀န်ခံစကားတည်း။
လူသားတိုင်း၌ ရိက္ခာထုပ် နှစ်ထုပ် အမြဲပါနေကြ၏။
တစ်ထုပ်ကား သူတော်ကောင်းတို့နှင့် ပေါင်း၍ ရှာမှီးခဲ့ကြသော ကောင်းထုပ်၊ …
တစ်ထုပ်ကား သူယုတ်မာများနှင့် ပေါင်း၍ စုဆောင်းခဲ့ကြသော မကောင်းထုပ်။
တစ်ဖန် ထိုနှစ်ထုပ်ကို ဖွင့်ထုတ်ယူရန် ခလုတ်ကလည်း နှစ်ခုပင်။
တစ်ခုကား သုစရိုက်တရားဆယ်ပါး။ သဒ္ဓါ၊ သတိ စသည် သူတော်ကောင်းတရားတည်း။
တစ်ခုကား ဒုစရိုက်တရားဆယ်ပါး။ ကာမစ္ဆန္ဒ၊ ဗျာပါဒ စသည် သူယုတ်မာတရားတည်း။
ထိုသို့ သူ့အထုပ်နှင့် သူ့ခလုတ် အတည့်ထားရှိချေရာ…
ကောင်းထုပ်ကို ကြိုက်စိတ်၊ မနောဒုစရိုက် စသည်တို့ဖြင့် ရိုက်ချိုးဖွင့်လှစ်၍ မပွင့်စေနိုင်။
(ကောင်းထုပ်ကို ဒုစရိုက်တရားဆယ်ပါးဖြင့် ဖွင့်၍ မရနိုင်၊ ကောင်းထုပ်ကို သုစရိုက်တရား ဆယ်ပါးဖြင့် ဖွင့်ရမည် - ဟူလို။)
မကောင်းထုပ်ကိုလည်း ဟိရီ သြတ္တပ္ပစသည် သုစရိုက်တို့ဖြင့် ထိုးဖွင့် ဖွင့်၍ မပွင့်စေနိုင်။
ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချလိုက်သော အာမခံသော့သည် ထုတ်လုပ်ကတည်းက သော့တံနှင့် သော့အိမ် ချိန်တည့်၍ ထုတ်လုပ်ပေးထားရာ ထိုသော့အိမ်ကို ထိုသောတံမှတစ်ပါး အခြားအခြားတို့ဖြင့် အစားထိုးဖွင့် ဖွင့်၍ မရချေ။
ထိုသော့တံသည်လည်း ထိုသော့အိမ်မှတစ်ပါး အခြားအခြားတို့ အပေါက်သွားရောက်၍ မပွင့်စေချေ။
သည့်ပမာလျှင်...
ငါချမ်းသာသလို သူတို့လည်းပဲ ချမ်းသာရန် ငါ့သုခ တစ်ဝက်မျှပေးမည်ဟူသော မေတ္တာ၊ ကိုယ်ချင်းစာထား မေတ္တာပွားဖြင့် ဝေစားမျှစား ပြုကျင့်ခဲ့သော ဒါနကံ၊ …
ငါမဆင်းရဲသလို ခမျာတို့လည်းပဲ မဆင်းရဲစေရ။ သူ့ဒုက္ခ တစ်ဝက်မျှယူမည် ဟူသော ကရုဏာ၊ ကိုယ်ချင်းစာထား မေတ္တာပွားဖြင့် ရှောင်လားတိမ်းလား စောင့်စည်းခဲ့သော သီလကံ၊ …
ထိုကောင်းကံများမှ ရသော ဤလူ့ဘ၀နှင့် လူ့ဘောဂတို့ကို ကံ၊ ဉာဏ်၊ ၀ီရိယတို့အစား တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် ငါဖို့ ကြိုးစားမည် - ဒိဋ္ဌိ၊ ငါကောင်းစားစေရမည်- တဏှာ။ ငါကြံ ဘာခံနိုင်မှာလဲ-မာန။ ရှေ့တန်းချ၍ မရ,မက ဇ,ပြနေပါသော်ကား ...
ကြက်တို့သည် အိပ်တန်းဆင်းမှ အိပ်တန်းတက်ထိ အစာထုပ်ကို ယက်ယက်၍ ကုတ်ထုတ်နေကြသော်မှလည်း ဇလုပ် မပြည့်တတ်။
ထိုကြက်တို့သည် ...
အစာကို ကောင်းစွာမရှာ။ မာန်စိတ်မွှန်လျှင် တွန်၊ မ,စိတ်မွှန်လျှင် ကုပ်၊ ငါစိတ်မွှန်လျှင် ရန်လုပ်ဖြင့် ယုတ်စိတ် ၀င်နေခြင်းကြောင့်တည်း။
လူသားများသည်လည်း ဟောင်းကံကို ကောင်းကံဖြင့် ဖော်ထုတ်နိုင်ရန် စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်သော တဏှာ၊ မာန၊ ဒိဋ္ဌိစသည် ဒုစရိုက် အယုတ်တရားများအစား စိတ်ကို အေးစေတတ်သော သဒ္ဓါ၊ သတိတို့တွင် ကံ၊ ဉာဏ်၊ ၀ီရိယ တန်ဆာဆင်၍ လွှတ်ပေးတတ်ပါမူကား …။
စမ်းရေမည်သည် ယမန်နှစ် မိုးတွင်းကြွင်း မြေအောင်းရေများပင်။ ထိုစမ်းရေသည် ပူလွန်းသောဒေသ၊ အရိပ်မဲ့သော ဒေသ၊ မာကြောသော ကြပ်တီးပြင် စသည်တို့၌ မစီးဆင်း။ တစ်စက်အောင်း၊ နှစ်စက်အောင်းဖြင့်လည်း မစီးဆင်း။
စင်စစ် စမ်းရေမှန်သမျှ အေးဆေးသော၊ အရိပ်ခိုခွင့်ရသော နူးညံ့သော နေရာဒေသတို့ရှိ များပြားသော မြေအောင်းရေမျိုးမှသာ စီးဆင်းရိုး ရှိချေသည်။ ရေခိုးကို နွေခိုးမှုတ်၊ ရေခိုး ရေခိုးချင်း လှုပ်ပေးမှ ဆင်းသောအမျိုးတည်း။
လူတိုင်းပင် ကံကောင်းချင်ကြ၏။ ကောင်းချင်ကြသဖြင့်လည်း ကောင်းမည်ထင်သောအလုပ် ရွေးလုပ်နေကြ၏။ သို့တစေလည်း ထိုလူသားတိုင်း ကောင်းသင့်သလောက် မကောင်း။
ထိုလူသားတိုင်း ဘုရားနှင့် မတွေ့ဘူးသော လူသား မရှိ။ သာသနာနှင့် မဆုံဖူးကြသော လူသားလည်း မရှိ။ မိမိတို့ ယုံကြည်မူ ကိုးကွယ်ဝတ်ပြုမှု လုပ်၍ ထုပ်ထားခဲ့သော ကံရိက္ခာထုပ် မမြှုပ်ဖူးသူ မရှိ။
ထိုကံစုအားလုံး ပွင့်ပေါ်မည်ဆိုလျှင် ထားစရာပင် မရှိ၊ လုပ်စရာလည်း မလိုပြီ။ သို့သော် ထိုကောင်းကံစုများတို့သည် လူသားတို့၏ တစ်နေ့တာ၏ အချိန်ပြည့်ကို ငါ၊ ငါ့မယား၊ ငါပိုင်သည်မှပင် တဏှာထည်လဲ၊ မာနထည်လဲ၊ ဒိဋ္ဌိထည်လဲ တည်းဟူသော အမှိုက်, ခဲ, သလဲတို့ကချည်းသာ ဖုံးလွှမ်းထားလေ့ရှိကြရာ အပြုတ်ထုတ်ဖို့ကား ဟုတ်နိုင်လွန်းမှသာ။
တစ်ဖန် တစ်ချက်တစ်ကြိမ် တစ်ခါထိန်မျှ ပွင့်ခွင့်ရသော ထိုကံပွင့်များတို့သည် ထိုထိုကိလေသာ အမှိုက်တို့အကြား ခေါင်းထိုးလျက်က မြုပ်ဝင်သွားကြသည်ဖြစ်ရာ…
သဒ္ဓါ-သတိ-အသိတို့ သန်လွန်းမှ ပေါ်ဖို့ မြင်သည်။
ကံ၊ ဉာဏ်၊ ၀ီရိယတို့ ထက်လွန်းမှ ထွက်ဖို့ ပြင်သည်။ လူသားတိုင်း ကံကောင်းချင်ကြ၏။ ကံကောင်းချင်ကြသဖြင့်လည်း ကောင်းမည်ထင်သည့် အလုပ် ရွေးလုပ်နေကြ၏။ သို့တစေလည်း ထိုလူသားတိုင်း ကောင်းလျက်က မကောင်း။ လူဆိုကတည်းက ကံကောင်းလွန်လွန်း၍ ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်၏။ သို့တစေလည်း လူဖြစ်လျက်နှင့် လူအလုပ် မလုပ်က ကောင်းကံ မဆက်လာတော့ပြီ။
တိရစ္ဆာန်သည် ကြိုက်လျှင် လိုက်၏။ မကြိုက်လျှင် တိုက်၏။ မသိလျှင်ကား အမိုက်၌ မေ့၊ အတွေ့၌ မှေး၊ တွေးလျှင်လည်း ခပ်ရေးရေးသာ။
တိရစ္ဆာန်ကား အတွေ့၌ မှေး၊ ထိုရေးရေးမျှ မမြင်ကြောင့် အကျိုးရှိ (အပြစ်မဲ့)နှင့် (အပြစ်ရှိ) အကျိုးမဲ့ အတွဲ - ခွဲ၍ မသိတတ်။ ယူဖို့ကျ ဝေး။ ကြိုက်၍ကောင်းသော အကောင်းနှင့် ကောင်း၍ကြိုက်သော အကြိုက် နှိုက်မကြည့်တတ်။ သိဖို့ကျ ဝေး။
လူမှာမူကား ထိုသို့ မဟုတ်သင့်ကြပြီ။
အမှန်သိသည် လူ၌သာ နားသက်၏။
အမှန်သိသလောက် အမှန်လုပ်ပိုင်ခွင့်လည်း လူ၌သာ နားသက်၏။
ထိုလူသား ကောင်းသောအကြံ၊ မှန်သောအလုပ်၊ ဟုတ်သောအပြောတို့တွင် ကံအပေါ်၌ ယုံကြည်ခြင်း၊ မိမိသတ္တိ၌ ယုံကြည်ခြင်း၊ နည်းပေးလမ်းပြဆရာသမားများ၏ သိက္ခာ၌ ယုံကြည်ခြင်း - သဒ္ဓါသုံးချက်ဆင့်တို့နှင့်အတူ မိမိလက်ထဲသို့ ပစ္စုပ္ပန်တည့်တည့်ရှေ့ လာရောက်တွေ့ဆုံနေကြသော လူ့ဘ၀နှင့် လူ့ဘောဂတို့ကို သတိတမာန် ဉာဏ်ဝယ်နောက်ပါး ၀ီရိယတွန်းအားများဖြင့် ကံရိက္ခာထုပ် အတွင်းထား ဖော်စားတတ်မှသာ လူ့အရာ ၀င်ကြမည်။
ကံအတိုးပေး ကြွေးရှင်နေရာမှ နေ၊ လက်ခံစားတတ်မှ လူတွင်သည်။
ကံအတိုးပေး ကြွေးငှားနေရာမှ နေ၊ ချေးငှားသုံးနေက လူဖြစ်သော်မှ လူအရာ မ၀င်။
သုကမ္မေ လဘမာနေန၊ ဥပတ္ထမ္ဘေန သာဓုနာ။
အတီတမ္ပိ မာဇပ္ပတိ၊ အနာဂတမ္ပိ မာပတ္တိ။
တုမှသာ ဟတ္ထမုဋ္ဌိယာ၊ စေတနာယ ကာယကမ္မံ။
ဝစီ ၀ါ မနော ကမ္မကံ၊ တီဏိမာနိ ကမ္မာနိဝေ။
သုဒ္ဓိယာ သုဒ္ဓ သုသုဒ္ဓံ၊ ပုနပ္ပုန္နံ ၀ိသောဇေဟိ။
အထခေါ တီတပုညောပိ၊ ပစ္စုပ္ပန္နောပိ ပုညော သော။
သုဋ္ဌုသန္နိ ဇိကာရကေန၊ အာဂမေယျာသိ ပစ္စက္ခံ။
သုကမ္မေ လဘမာနေန- ကံကောင်းကံမ ရလိုလှသော၊ သာဓုနာစ - သူတော်ကောင်းများသည် လည်းကောင်း၊ သု ကမ္မေ ဥပတ္ထမ္ဘေန - ကံကောင်းကံစ ထောက်မလိုလှသော၊ သာဓုနာစ - သူတော်ကောင်းများသည်လည်းကောင်း၊ အတီတမ္ပီ မာဇပ္ပတိ - အတိတ်မျှော်ကိုး ကံထီထိုးနေစရာ မလို။ အနာဂတမ္ပိ မာပတ္တိ - အနာဂတ်ကောင်းရာ ဆုတောင်းပေးနေစရာ မလို။ ဝေ - စင်စစ်၊ တုမှသာ ဟတ္တမုဋ္ဌိယာ - သင့်လက်ထဲ အမြဲဆုပ်ကိုင်ထားသော၊ စေတနာယ - စေတနာ၏၊ ကာယကမ္မံ ၀ါ - ကိုယ်လျှင်လှုပ်ရှား အမူအကျင့်များကိုလည်းကောင်း၊ ၀စီကမ္မံ - နှုတ်ဖွင့်ပြောကြား ဆိုစကားများကိုလည်းကောင်း၊ မနောကမ္မံ ၀ါ - စိတ်ဖြင့်စဉ်းစား အကြံအစည်များကိုလည်းကောင်း၊ သုဒ္ဓိယာ - စင်ကြယ်နေရာမှ၊ သုဒ္ဓ သုသုဒ္ဓိ - စင်ကြယ်သထက် စင်ကြယ်အောင်၊ ပုနပ္ပုန္နံ - ထပ်ချည်းတလဲ တကဲကဲ၊ ၀ိသောဇေဟိ - ဆေးကြော၍သာ နေပါလေတော့။
အထခေါ - ထိုသို့ ကံဟောင်းပြုပြင် ကံသစ်ကို တီထွင်နေပါသော်၊ သော ပုညော - ယခုပြုရ ထိုပုဉ်းကံ အထောက်အမသည် ၊၀ါ - (ကြောင့်)၊ အတီတ ပုညောပိ - အတိတ်ကံဟောင်း ပုညဆောင်းများလည်း၊ သုဋ္ဌုသန္နိ ဇိကာရကေန - ကောင်းစွာစုစည်းပြီး အခြေအနေဖြင့်၊ ပစ္စက္ခံ - မျက်မြင်ကိုယ်တွေ့ သင့်လက်ဝယ်ရှေ့သို့၊ အာဂမေယျာသိ - ဆိုက်ရောက်လာပါအံ့။ ပစ္စုပ္ပန္နေပိ - ယခုလုပ်ရပ်ကောင်းမှုနှင့်စပ် ကောင်းကျိုးထပ် အမြတ်ရကလည်း၊ သုဋ္ဌုသန္နိ ဇိကာရကေန - ကောင်းစွာစုစည်းပြီး အခြေအနေဖြင့် (၀ါ) တစ်လုံးတစ်ခါတည်း၊ ပစ္စက္ခံ - မျက်မြင်တပ်အပ် ယုံကြည်နိုင်လောက်ရာ အမြတ်သို့(၀ါ)သည်၊ အာဂမေယျာသိ - ဆိုက်ရောက်၍သာ လာပါချေအံ့။ (မဟာဗောဓိမြိုင်ဆရာတော်)
[ကံကောင်းကံမ ရလိုလှသော - ကံကောင်းကံစ ထောက်မခြင်းကို ရလိုလှသော သူတော်ကောင်းများသည် အတိတ်မျှော်ကိုး ကံထီထိုးနေစရာ မလိုပေ။ အနာဂတ်ကောင်းဖို့ရာ ဆုတောင်းပေးနေစရာလည်း မလိုပေ။ စင်စစ် သင့်လက်ထဲ တွင် အမြဲ ဆုပ်ကိုင်ထားသော စေတနာ၏ ကိုယ်အမူအကျင့်များကိုလည်းကောင်း၊ နှုတ်ဖွင့်ပြောကြား ဆိုစကားများကို လည်းကောင်း၊ စိတ်ဖြင့်စဉ်းစား စိတ်အကြံအစည်များကိုလည်းကောင်း စင်ကြယ်နေအောင်၊ ကံသုံးပါး စင်ကြယ်သည်ထက် စင်ကြယ်အောင် ထပ်ခါတလဲလဲ ဆေးကြော၍သာ နေပါလေ။ ထိုသို့ ကံဟောင်းပြုပြင် ကောင်းကံသစ်ကို တီထွင်နေပါသော် ယခုပြုရ ထိုကုသိုလ်ကံ အထောက်အမကြောင့် အတိတ်ကုသိုလ်ကံဟောင်းများလည်း ကောင်းစွာစုစည်းပြီး အခြေအနေဖြင့် မျက်မြင်ကိုယ်တွေ့ သင့် လက်ဝယ်ရှေ့သို့ ဆိုက်ရောက်လာပါအံ့၊ ကောင်းကျိုးပေးပါအံ့။ ယခုလုပ်ရပ် ကောင်းမှုနှင့်စပ် ကောင်းကျိုးထပ် အမြတ်ရကလည်း ကောင်းစွာစုစည်းပြီး အခြေအနေဖြင့် တစ်လုံးတစ်ခဲတည်း မျက်မြင်တပ်အပ် မယုံကြည်နိုင်လောက်စရာ အမြတ်သို့ /အမြတ်သည် ဆိုက်ရောက်၍သာ လာပါချေအံ့။ ]
Shared from အရှင် သီရိဓမ္မ
No comments:
Post a Comment