အသုဘရှုနည်းပုံမှန် -
မိမိက အိပ်ယာပေါ် ပက်လက်လှန်အိပ်နေလိုက်။ ခြေလက်တွေ ဆန့်ဆန့်ထား၊ မျက်စိမှိတ်ထား၊
စိတ်အာရုံဖြင့် မိမိခန္ဓာကိုယ်ကို ကြည့်ပါ။ စိတ်အာရုံဖြင့် မိမိ ခန္ဓာကိုယ်ကို ကြည့်တော့ အိပ်ယာပေါ် ပက်လက်လှန်ဆန့်ဆန့် အိပ်နေပုံမြင်ရမယ်။
အခုငါ ၀ိညာဉ်မချုပ်သေးလို့ ဒီတိုင်းရှိတာ။ ၀ိညာဉ် ချုပ်သွားလို့ရှိရင် ငါ့ရဲ့  ဒီခန္ဓာကိုယ်ကြီး သေပြီးတော့ အသုဘကြီးဖြစ်မှာ။ အဲဒီလို နှလုံးသွင်းလိုက်ပါ။
အဲဒီတော့ မိမိခန္ဓာကိုယ်ကြီးဟာ အသုဘအဖြစ်ကြီးကို မြင်လာလိမ့်မယ်။ ကိုယ့်ခန္ဓာ ကိုယ့် ဖာသာကြည့်တော့ ကိုယ့်ဖာသာကိုယ်မြင်တယ်။ ကိုယ်နဲ့မဆိုင်သလိုလို ဆိုင်သလိုလိုလည်း ထင်တတ်တယ်။ ပိုင်ပိုင်ကြီးကြည့်ရတယ်။ အဲဒီလိုကြည့်ပါများလာတော့ အသုဘကို ကိုယ့်ဖာသာကိုယ်မြင်ပြီမှတ်။
အသုဘဆိုတာ မတင့်တယ်တာပြောတာ။ အခု အသက်ဝိညာဉ် မချုပ်သေးခင်က အသုဘအစိမ်းခေါ်တယ်။ ၀ိညာဉ်ချုပ်ပြီးတဲ့အခါကျတော့ ကြွေပြီးအသုဘခေါ်တယ်။ အညှာမှ ကြွေပြီးသော သစ်သီးမှည့်ကဲ့သို့ ကြွေပြီးသော အသုဘခေါ်တယ်။ မကြွေခင် ၀ိညာဉ်မချုပ်သေးခင်က သရက်သီးများ အညှာနဲ့ တန်းလန်းရှိသော (သရက်သီး) အသီးကဲ့သို့ အညှာမကြွေသေးတော့ အသုဘအစိမ်းခေါ်တယ်။ တို့ဝိညာဉ်မချုပ်သေးတော့ ဒီခန္ဓာကိုယ်ကတော့ အသုဘတော့ အသုဘပါပဲ။ တင့်တယ်ခြင်းမရှိဘူး။ တင့်တယ်ခြင်းမရှိသော်လည်းပဲ ၀ိညာဉ်တန်းလန်း ရှိနေသောကြောင့်၊ အညှာမှ မကြွေသေးသောကြောင့် အသုဘအစိမ်းခေါ်တယ်။
ဒီခန္ဓာကိုယ်ကြီး အသုဘကြီးပဲလို့ မြင်ပြီဆိုတော့ နှစ်သက်မှု၊ တွယ်တာမှု ဘာမှမရှိတော့ဘူး။ နှစ်သက်မှု၊ တွယ်တာမှု မရှိတော့ခြင်းက အမြတ်ထွက်လာတယ်။ ခန္ဓာကိုယ်လည်း တွယ်တာမှုမရှိဘူး၊ (ခန္ဓာ)ကိုယ်သာမဟုတ်သေးဘူး။ ပစ္စည်းဥစ္စာလည်း တွယ်တာမှု မရှိဘူး။ ဘုန်းကြီးဆိုလို့ရှိရင် ကျောင်းကန်လည်း တွယ်တာမှုမရှိဘူး။ အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းလို့ အသုဘပုံကို ပိုင်ပိုင်မြင်ထားသော ဘုန်းကြီးများ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းထားလေ့မရှိဘူး။ ဘာမှမက်မောခြင်း မရှိဘူး။ အဲဒီလိုဘုန်းကြီးက ကျောင်းကန်နဲ့စပ်လို့ စကားလည်း ပြောလိမ့်မယ် မဟုတ်ဘူး။ စိတ်တွေက အလိုလို အေးချမ်းပြီးတော့ ရဟန္တာပုဂ္ဂိုလ်လိုလိုကို ထင်ရလောက်အောင် စိတ်တွေက အေးချမ်းပျော့ပျောင်း သွားတယ်။ လူလည်း ဒီအတိုင်းပါဘဲနော်။ အဲဒါမှတ်ထားကြ။
အသုသ အသုဘ ဆိုလို့ ခက်ခက်ခဲခဲ ရှုရတာမဟုတ်ဘူး။ ဒီစကားနဲ့ဆက်လို့ ရှေးကဆိုရိုးရှိတယ်။“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့စကား ရှေးလူကြီးတွေစကား။ အသုဘ မသာအိမ်ကို တစ်ခေါက်သွားခြင်းသည် ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့၊ ဥပုသ်စောင့်၊ တရားနာ ဆယ်ခေါက်သွားတာထက် မသာတစ်ခေါက် သွားလိုက်ခြင်းက ပို၍ခရီးရောက်တယ်။ တနည်းအားဖြင့် ညီမျှသော ကုသိုလ်ရှိတယ်လို့ ဆိုတယ်။ ဆိုလိုသည်မှာ အသုဘ ရုပ်ကြီးကြည့်ပြီးတော့ကာ သြော်...သူ့ခမျာ သေရှာလို့ တကယ် အသုဘ အစစ်ဖြစ်ပြီ။ ငါ့ခန္ဓာကိုယ်လည်း ဒီလိုဖြစ်မှာပဲ၊ အဲဒီလိုတွေးဆကြည့်တော့ကာ အသုဘရှုခြင်း အဓိပ္ပါယ်ရောက်တယ်။ ရှေးအခါက အသုဘနဲ့ စပ်လို့ ဘုန်းကြီးတွေပင့်စာရေးသောအခါ ဘယ်ရွာက ဘယ်သူကွယ်လွန်သွားလို့ အသုဘရှုစား ကြွတော်မှုပါလို့ ပင့်လေ့ရှိကြတယ်။ ဘုန်းကြီးတွေကို။ လူများကိုလည်း အသုဘရှု တရားနာကြွကြပါလို့ ဖိတ်စာရိုက်လေ့ရှိကြတယ်။ လူအများ အသုဘရှုလား မရှုလားတော့ မသိဘူး။ အသုဘတော့ပို့ကြတယ်။ အသုဘပို့တယ်ဆိုတာ ဒီလိုအသုဘရှုနည်းကို ကြည့်ကြ။ ရုပ်ခန္ဓာက သေတ္တာထဲထည့်ထားလို့ မမြင်ရသော်လည်း အဲဒီထဲမှာ ရုပ်ကြွင်းခန္ဓာကြီးက နှစ်သက်ဖွယ် မရှိတော့ဘူး။ ပုပ်ပွနေမယ့်၊ မပုပ်ပွသေးသော်လည်း ပုပ်ပွဖို့ရန် ရှေးရှုနေတဲ့ စပ်ဆုတ်ရွံ့ရှာဖွယ် ခန္ဓာကိုယ်ကြီးဘဲ။ ငါ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ။ အဲဒီလိုတင်စားကြည့်ရင် အဲဒါအသုဘရှုခြင်းပြီးသွားတယ်နော်။
ပြီးတော့ တို့ခန္ဓာကိုယ်တွေဟာ အသက်မသေသေးခင် အသုဘစိမ်းတွေ လှုပ်ရှားနေကြတာ။ အမှန်စင်စစ် နှစ်သက်ဖွယ်မရှိ၊ မတင့်တယ်သော အသုဘတွေ။ မတင့်တယ်သောကြောင့် ဒီခန္ဓာကိုယ်ကြီး တင့်တယ်စေခြင်း အကျိုးငှာ ရေချိုးပေးရတယ်။ အ၀တ်တန်ဆာ ဆင်ကြတယ်။ သနပ်ခါးနံ့သာတွေ လိမ်းလို့ ပြုကြ ပြင်ကြတယ်။ အသုဘကြီး ပြင်နေကြတာနော်။ သေပြီးသား အသုဘကြီးကို ပန်းကုံးကြီးတွေ ထောင်လို့၊ မတင့်တယ်တာတွေကို တင့်တယ်ပါစေခြင်း အကျိုးငှာ လှပသော အ၀တ်ကလေးတွေဖုံးလို့၊ အဲဒီလို ပြုပြင်ကြသကဲ့သို့ တို့ခန္ဓာကိုယ်ကြီးလည်း မတင့်တယ်သော အသုဘကြီးတင့်တယ်အောင် သနပ်ခါးလိမ်းရတာ၊ မိန်းမတွေ ကျောက်ပြင်ပေါ် သနပ်ခါး တရွှဲရွှဲနဲ့ သွေးကြတယ်။ အဲဒီအသုဘကြီးကို ပြင်ကြတာအဲဒါ။ ငါဟာ အသုဘကြီးကို ပြင်နေတာဘဲလို့ နားလည်ကြနော်။ ငါ့အသုဘကြီး ငါပြင်ထားတာ။ သူကလည်း သူ့အသုဘကြီး သူပြင်လာတာ။ အမယ်.. အသုဘကြီး ပြင်လာလိုက်တာ သနပ်ခါးချောင်းကြီးတွေ ကွက်လို့၊ နှုတ်ခမ်းနီကြီးတွေ ဆိုးလို့၊ ခေါင်းမှာလည်းပန်းတွေ ပန်လို။့ သူတို့ အသုဘကြီးတွေ ကိုယ့်ဟာကိုယ် ပြင်လာကြတာ။ နားလည်ကြရဲ့ လား။ ဟုတ်ကဲ့လား။ ကိုယ့်အသုဘကိုယ် ပြင်ကြတာနော်။ သေပြီးတဲ့အခါ ကိုယ့်အသုဘကို သူများပြင်ကြမှာ။
Shared from Vimuttisukha Bliss
No comments:
Post a Comment