Friday, June 1, 2012

သက္ကာယဒိဋ္ဌိကို စာအသိဖြင့် ခွါနည်း


ယခုအခါတွင် ရုပ်ပျက်တရားကြီးကို ရေးပြရမှာဖြစ်၍ ဓာတ်ခြောက်ပါးရှိသည့်နောက် ရုပ်ဓာတ်ငါးပါးကို အောက်ပါအတိုင်း ရေးလိုက်ပါသည်။
ရုပ်ဓာတ်ငါးပါးတို့တွင်-
၁။ ပထ၀ီဓာတ်
၂။ အာပေါဓာတ်
၃။ တေဇောဓာတ်
၎။ ၀ါယောဓာတ်
၅။ အာကာသဓာတ်
၎င်းဓာတ် ၅ ပါးတွင် “အာကာသပေါက်မှ ဃနပျောက်” ဟုဆိုသောကြောင့် အဖတ်မှုန့်၊ အရည်မှုန့်၊ ရွှံ့ရုပ်ဥပမာဖြင့် အာကာသဓာတ် ပေါက်ပုံကို အစထား၍ အများသဘောပေါက် အလွယ်တကူသိစေရန် အမေးအဖြေများဖြင့် ရေးသားခြင်းအမှု ပြုလိုက်ရပါသည်။

အဖတ်မှုန့်၊ အရည်မှုန့်၊ ရွှံ့ပုပ် ဥပမာဖြင့် အာကာသဓာတ် ပေါက်ပုံကိုပြခြင်း

မေး     ဘယ်ဥပမာဖြင့် အာကာသဓာတ်၊ ရုပ်ပရမတ်ကို အသိဥာဏ်ပေါက်အောင် အားထုတ်ရပါသနည်း။
ဖြေ     ရွှံ့ရုပ် ဥပမာဖြင့် အသိဥာဏ်ပေါက်အောင် အားထုတ်ရပါသည်။
မေး     ရွှံ့ရုပ်ဥပမာကို ဘယ်လိုလုပ်ရပါသနည်း။
ဖြေ     မြူလေးမျိုးတို့တွင် ပရမာမြူလောက် သေးသိမ်သော မြေမှုန့်၊ လေးပြည်သားလောက်နှင့် ၎င်းအတူ    သေးသိမ်သော အရည်မှုန့်ပေါင်း နှစ်ပြည်သားလောက်ကို ဘေးတစ်ဖက်တစ်ချက်တွင် ထည့်၍ကြည့်ပါ။
မြေမှုန့်ကို ကိုင်လျက် အဖတ်မှုန့်၊ အဖတ်မှုန့်။ အရည်များကို အရည်မှုန့်၊ အရည်မှုန့်ဟု ရှုပါ။ ၎င်းမြေမှုန့်၊ ရေမှုန့်များကို ရောစပ်၍ ပြုလုပ်ရပါမည်။
မေး     ၎င်းအမှုန့်နှစ်မျိုးနှင့် ဘယ်လိုရောစပ်၍ ပြုလုပ်ရပါသနည်း။
ဖြေ     အထက်က ပြခဲ့သည့်အတိုင်း ဇလုံကြီးနှင့် ခွက်ကြီးကို တည်ထားပြီးလျှင် မြေမှုန့်ကို ဇလုံထဲထည့်၊ အရည်မှုန့်ကို ခွက်ထဲသို့ ထည့်၍ ပြုလုပ်ရပါသည်။
မေး     မြေမှုန့်ကို ဇလုံထဲထည့်ရန် ဘယ်ကယူခဲ့ပါသနည်း။
ဖြေ     မြေထဲက ယူခဲ့ပါသည်။
မေး     မြေထဲက ယူခဲ့စဉ်အခါက ခြေကြီး လက်ကြီး ရွှံ့ရုပ်ကြီးများ ပါပါသလား။
ဖြေ     ခြေကြီး လက်ကြီး ရွှံ့ရုပ်ကြီး စသည်တို့ မပါပါ။
မေး     ခြေလက်စသည်တို့ မပါလို့ရှိလျှင် ဘာသာပါပါသနည်း။
ဖြေ     မြေမှုန့်တွေသာ ပါပါသည်။
မေး     အရည်မှုန့်ကို ခွက်ထဲသို့ထည့်ရန် ဘယ်က ယူခဲ့ပါသနည်း။
ဖြေ     ရေထဲက ယူခဲ့ပါသည်။
မေး     ၎င်းရေထဲမှ ယူခဲ့စဉ်အခါက ခြေလက် စသည်တို့ ပါပါသလား။
ဖြေ     ခြေလက် စသည်တို့ မပါပါ။
မေး     ခြေလက် စသည်တို့ မပါလျှင် ဘာသာပါပါသနည်း။
ဖြေ     အရည်မှုန့်တွေသာ ပါပါသည်။
မေး     အရည်မှုန့်တွေကို အဖတ်မှုန့်တွေထဲသို့ ဥာဏ်နှင့်လောင်း၍ ကြည့်လိုက်စမ်းပါ။ ၎င်းအရည်တွေသည် အပေါ်မှာ စုပုံ၍ မတည်ဘဲ ဘယ်အထဲသို့ ၀င်သွားပါသနည်း။
ဖြေ     အဖတ်မှုန့်တွေထဲ ၀င်သွားပါသည်။
မေး     အဖတ်မှုန့်တွေထဲသို့ ၀င်သွားခြင်းသည် ဘာရှိလို့ ၀င်သွားပါသနည်း။
ဖြေ     အကြားရှိလို့ ၀င်သွားပါသည်။
မေး     ၎င်းကို နာနာနယ်၍ ကိုယ်ကြီး ခေါင်းကြီး ခြေကြီး လက်ကြီးတို့အစုံ မိမိနှင့်တူစွာ ရွှံ့ရုပ်သဏ္ဍာန်ကြီးလုပ်၍ ထားလိုက်ပါက ၎င်းကို ဘာလို့ ခေါ်ကြလိမ့်မည်နည်း။
ဖြေ     ကိုယ်ကြီး ခေါင်းကြီး လက်ကြီး ရွှံ့ရုပ်ကြီးလို့ ခေါ်ကြပါလိမ့်မည်။
မေး     ကိုယ်ကြီး ခေါင်းကြီး စသည် ခေါ်ဝေါ်ကြသော သူတို့မှာ ကိုယ်ကြီး ခေါင်းကြီး စသည်မှတစ်ပါး အခြားရှာလို့ ရပါမည်လော။ အတွင်းသား အဖတ်မှုန့်နှင့် အရည်မှုန့်နှင့် ကိုယ်ကြီး ခေါင်းကြီး စသည်နှင့် တစ်သားတည်းဖြစ်၍ နေကြမည် မဟုတ်ပါလော။
ဖြေ     ကိုယ်ကြီး ခေါင်းကြီး စသည်တို့မှတစ်ပါး အခြားရှာ၍ မရပါ။ အတွင်းသား အရည်မှုန့် အဖတ်မှုန့်နှင့် ကိုယ်ကြီး ခေါင်းကြီး စသည်တို့ တစ်သားတည်း ဖြစ်၍ နေပါသည်။
ဤကား ဥပမာ၌ သက္ကာယဒိဋ္ဌိ ဖြစ်ချက်တည်း။

          * * * * * * * * * * * *

အထက်ပါ ဥပမာ၌ အာကာသဓာတ်ပေါက်၍ သက္ကာယဒိဋ္ဌိ ကွာရန် မေးခွန်းစစ်တမ်းထုတ်ပုံ

မေး     သင်တို့သည် ကိုယ်ကြီး ခေါင်းကြီး စသည် အယူရှိ၍ ပြောဆိုသော ရွှံ့ရုပ်ကြီး အတွင်းကို ဥာဏ်ထွင်း၍ ကြည့်ပါ။ အစိုဝတ္ထု ဖြစ်သလော၊ အခြောက်ဝတ္ထု ဖြစ်ပါသလော။
ဖြေ     အစိုဝတ္ထု ဖြစ်ပါသည်။
မေး     အစိုဝတ္ထု ဖြစ်ခဲ့လို့ရှိလှင် အမှုန့် ဘယ်နှမျိုး ရှိပါသနည်း။
ဖြေ     အဖတ်မှုန့်၊ အရည်မှုန့် နှစ်မျိုးသာ ရှိပါသည်။
မေး     အဖတ်မှုန့်သည် ဘာ၏ အကြားထဲသို့ ရောက်နေပါသနည်း။
ဖြေ     အရည်မှုန့်၏ အကြားထဲသို့ ရောက်နေပါသည်။
မေး     အရည်မှုန့်၏ အကြားထဲ ရောက်၍ နေတာနှင့် ၎င်းအမှုန့်သည် မိမိ၏ သဘောကို စွန့်၍ အရည်မှုန့် ဖြစ်သွားပါသလား။
ဖြေ     အရည်မှုန့်များ ဖြစ်၍ မသွားပါ။
မေး     အရည်မှုန့် ဘာ၏ အကြားထဲသို့ ရောက်နေပါသနည်း။
ဖြေ     အဖတ်မှုန့်၏ အကြားထဲ ရောက်၍နေပါသည်။
မေး     အဖတ်မှုန့်၏ အကြားထဲသို့ ရောက်၍နေတာနှင့် ၎င်း အရည်မှုန့်သည် မိမိ၏ သဘောကို စွန့်၍ အဖတ်မှုန့်များ ဖြစ်သွားပါသလား။
ဖြေ     အဖတ်မှုန့်များ ဖြစ်၍မသွားပါ။
မေး     ဖြစ်၍ မသွားလို့ရှိရင် ၎င်းအဖတ်မှုန့်၊ အရည်မှုန့်တို့သည် အလုံးကြီး၊ အခဲကြီး၊ အပြားကြီး ဖြစ်သွားပါသလား။
ဖြေ     အလုံးကြီး၊ အခဲကြီး၊ အပြားကြီး စသည် မဖြစ်ပါ။
မေး     အလုံးကြီး၊ အခဲကြီး စသည်တို့ မဖြစ်ခဲ့လျှင် ဘာဖြစ်၍ နေပါသနည်း။
ဖြေ     အဖတ်မှုန့်၊ အရည်မှုန့်တွေသာ ဖြစ်၍နေပါသည်။
ဤကား အာကာသဓာတ် ပေါက်ပုံတည်း။

          * * * * * * * * * * * *

သက္ကာယဒိဋ္ဌိ ကွာပုံကို ပြခြင်း

မေး     ၎င်းအဖတ်မှုန့်၊ အရည်မှုန့်တို့သည် ဘယ်အရပ်သူ ဘယ်အရပ်သား ဖြစ်ပါသနည်း။
ဖြေ     ဇာတိ မြေသူ မြေသား၊ ရေသူ ရေသား ဖြစ်ကြပါသည်။
မေး     ယခု ပ၀တ္တိအခါမှာ ဘယ်အရပ်သူ ဘယ်အရပ်သားများ ဖြစ်ကြပါသနည်း။
ဖြေ     ဇလုံသူ၊ ဇလုံသား၊ ရေခွက်သူ၊ ရေခွက်သားများ ဖြစ်ကြပါသည်။
မေး     ပ၀တ္တိအခါမှာ ဇလုံသူ ဇလုံသား၊ ရေခွက်သူ ရေခွက်သားများဖြစ်တဲ့ သင့်အဖတ်မှုန့်၊ အရည်မှုန့်တို့သည် ယခုအခါ ဘာရုပ်၏ ပုံသဏ္ဍာန်အတွင်းထဲနှိုက် ဖြစ်၍ နေပါသနည်း။
ဖြေ     ရွှံ့ရုပ်ကြီး ပုံသဏ္ဍာန်အတွင်း၌ ဖြစ်နေပါသည်။
မေး     ရွှံ့ရုပ်ကြီး ပုံသဏ္ဍာန်အတွင်းမှာ ဖြစ်နေတာနှင့် ၎င်းအဖတ်မှုန့်၊ အရည်မှုန့်တို့သည် ကိုယ်ကြီး ခေါင်းကြီး လက်ကြီး ရွှံ့ရုပ်ကြီးများ ဖြစ်၍ သွားပါသလား။
ဖြေ     ကိုယ်ကြီး ခေါင်းကြီး ဖြစ်၍ မသွားပါ။
မေး     ကိုယ်ကြီး ခေါင်းကြီး စသည်ဖြစ်၍ မသွားခဲ့လို့ရှိလျှင် ဘာသာဖြစ်၍ နေပါသနည်း။
ဖြေ     အဖတ်မှုန့်၊ အရည်မှုန့်သာ ဖြစ်၍ နေပါသည်။
မေး     အဖတ်မှုန့် အရည်မှုန့် အဘယ်သစ္စာနယ်က ဖြစ်ပါသနည်း။
ဖြေ     ပရမတ္ထသစ္စာနယ်က ဖြစ်ပါသည်။
မေး     ဘာကြောင့် ပရမတ် ခေါ်ပါသနည်း။
ဖြေ     မဖောက်မပြန် မှန်သောကြောင့် ပရမတ်လို့ ခေါ်ပါသည်။
မေး     ဘယ်လို မ ဖောက်ပြန်ပါသနည်း။
ဖြေ     ဘယ်ပုံသဏ္ဍာန် ရောက်ရောက်သွားသော်လည်း အဖတ်မှုန့်၊ အရည်မှုန့်များသာ ဖြစ်ကြပါ၏။ ကိုယ်လက် ပုံသဏ္ဍာန် စသည်ဖြစ်သော အားဖြင့် မဖောက်ပြန်ပါ။
မေး     ဘယ်ပုံသဏ္ဍာန် ရောက်ရောက် အဖတ်မှုန့်၊ အရည်မှုန့် ပါပဲဟု အသိဥာဏ် ဆိုက်လိုက်တော့ ဘာအမှန် သိပါသနည်း။
ဖြေ     ပရမတ်အမှန်ကို သိရပါသည်။
မေး     ၎င်းပရမတ်အမှန် အသိဥာဏ် ဆိုက်လိုက်တော့ ကိုယ်ကြီး လက်ကြီးတွေ စသည် ရှိပါသေး၏လော၊ ဘာရှိပါသနည်း။
ဖြေ     ကိုယ်ကြီးလက်ကြီးတွေ စသည် မရှိတော့ပါ။ အဖတ်မှုန့်၊ အရည်မှုန့်တွေသာ ရှိပါသည်။
ဤကား ဥပမာ၌ - သက္ကာယဒိဋ္ဌိ ခွါပုံတည်း။

          * * * * * * * * * * * *

မေး     ၎င်းရွံ့ရုပ်ကြီးကို မိမိအနားမှာ ညာဘက်က ယှဉ်ထား၍ ဥာဏ်မျက်စိဖြင့် ပြူးပြူးပါအောင် ကြည့်လိုက်စမ်းပါ။ ၎င်းအရုပ်ကြီးသည် အစိုဝတ္ထုဖြစ်ဘိသကဲ့သို့ ငါကောင်မ - ငါကောင်ထီး ဟု ထင်မြင်မှု ရှိနေသော မိမိခန္ဓာလည်း အစိုဝတ္ထုကြီး မဟုတ်ပါလော။
ဖြေ     မိမိခန္ဓာလည်း အစိုဝတ္ထုကြီး ဟုတ်ပါသည်။
မေး     အစိုဝတ္ထု ဖြစ်ခဲ့လို့ရှိရင် အမှုန့်ဘယ်နှမျိုး ရှိပါသနည်း။
ဖြေ     ရွှံ့ရုပ်ကြီးကဲ့သို့ အဖတ်မှုန့်၊ အရည်မှုန့် ဟူ၍ နှစ်မျိုးရှိပါသည်။
မေး     ကလာပ်အားဖြင့် ပြောဆိုမူက ကလာပ် ဘယ်နှမျိုး ရှိပါသနည်း။
ဖြေ     အဖတ်ကလာပ်၊ အရည်ကလာပ် ဟူ၍ နှစ်မျိုးရှိပါသည်။
မေး     သဘောနှင့် ပြောဆိုမူ သဘောအားဖြင့် ဘယ်နှမျိုး ရှိပါသနည်း။
ဖြေ     အဖတ်သဘော၊ အရည်သဘော ဟူ၍ နှစ်မျိုး ရှိပါ၏။
မိမိကိုယ်၌် အာကာသ ပေါက်ပုံတည်း။

          * * * * * * * * * * * *

မိမိကိုယ်မှာ ပရမတ်၊ ပညတ်ကွဲရန် မေးခွန်းစစ်တမ်းထုတ်ပုံ

မေး     ငါကောင်မ၊ ငါကောင်ထီး လုပ်နေသော မိမိခန္ဓာကိုယ်၏ အတွင်းသို့ ဥာဏ်သွင်း၍ ကြည့်လိုက်သောအခါ ဥာဏ်မျက်စိဖြင့် ကြောင်ကြောင်ကြီး မြင်ရသော အဖတ်မှုန့်၊ အရည်မှုန့်တို့သည် ဇာတိ ဘယ်ရပ်သူ ဘယ်ရပ်သားများ ဖြစ်ပါသနည်း။
ဖြေ     ပရမာ နုဘေဒ သဉ္စုဏ္ဏာ သုခုမရဇာဘူတာ၊ ပထ၀ီဓာတု ဒေါဏ မတ္တာသိယာ၊ သာတသော ဥပဇု ပမာဏာယ အာပေါ ဓာတုယာ သင်္ဂဟိတာ၊ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ။ ပရမာဏုဘေဒ သဉ္စုဏ္ဏာ၊ ပရမာအဏုမြူအလား၊ မခွဲခြမ်း ထုခြေ မှုန့်မှုန့်ညက်ညက်ဖြစ်၍နေသော၊ သုခုမရဇာဘူတာ၊ သိမ်မွေ့လှစွာသော မြူအဖြစ်သို့ရောက်သော။ ပထ၀ီဓာတု၊ ပထ၀ီဓာတ်သည်။ ဒေါဏမတ္တာ၊ တစ်စိတ်သားမျှ အတိုင်းအရှည်ရှိသည်။ သိယာ၊ ဖြစ်ရာ၏။ သာ၊ ထိုပထ၀ီဓာတ်ကို။ တတော၊ ထိုတစ်စိတ်သားမျှ အတိုင်းအရှည်ရှိသော ပထ၀ီဓာတ်အောက်။ ဥပဇုပမာဏာယ၊ ထက်ဝက်မျှ အတိုင်းအရှည်ရှိသော။ အာပေါဓာတုယာ၊ အာပေါဓာတ်ဖြင့်။ သင်္ဂဟိတာ၊ လုံးထွေးဖွဲ့အပ်၏ ဟူ၍ ၀ိသုဒ္ဓိမဂ် အဋ္ဌကတာ ကျမ်းလာအရ ဤခန္ဓာကိုယ်ကြီးနှိုက် ဆံပင်စသော ပထ၀ီဓာတ် ၂၀၊ သည်းခြေစသော အာပေါဓာတ် ၁၂ ပါးတို့သည် အမိဝမ်းနှိုက် ပဋိသန္ဓေ တည်နေစဉ်ကပင် စတင်၍ ဖြစ်ပေါ်လာသော ပထ၀ီလွန်ကဲသော မြေဓာတ်အဖတ် ကလပ်မှုန့် တစ်စိတ်သားတို့နှင့် လုံးထွေး၍ ထားအပ်သော ဓာတ်ပရမတ်တို့ ဖြစ်ကြ၍ ဇာတိ မြေသူမြေသား ရေသူရေသား ဖြစ်ပါသည်။
မေး     ယခုပ၀တ္တိအခါ၌ ဘယ်ဘုံဋ္ဌာန ဘယ်ဒေသမှာ ရောက်နေသနည်း။
ဖြေ     လူ့ဘုံဋ္ဌာန လူ့ဒေသမှာ ရောက်၍ နေပါသည်။
မေး     လူ့ဘုံဋ္ဌာန လူ့ဒေသမှာ ပုံသဏ္ဍာန် အမျိုးမျိုးရှိရာတွင် ဘာ၏ ပုံသဏ္ဍာန် အတွင်းမှာ အဖတ်မှုန့်၊ အရည်မှုန့်တို့သည် ဖြစ်၍ နေပါသနည်း။
ဖြေ     လူ၏ ပုံသဏ္ဍာန်အတွင်းမှာ ဖြစ်နေပါသည်။
မေး     လူ၏ ပုံသဏ္ဍာန်အတွင်းမှာ ဖြစ်၍နေတာနှင့် သင် အဖတ်မှုန့်၊ အရည်မှုန့်တို့သည် လူကောင်မ၊ လူကောင်ထီးကြီးများ ဖြစ်၍ သွားပါသလား။
ဖြေ     လူကောင်မ၊ လူကောင်ထီး စသည် ဖြစ်၍ မသွားပါ။
မေး     လူကောင်မ၊ လူကောင်ထီးကြီးများ ဖြစ်၍ မသွားလို့ရှိရင် သင်သည် ဘာဖြစ်၍ နေပါသနည်း။
ဖြေ     အဖတ်မှုန့်၊ အရည်မှုန့်သာ ဖြစ်၍ နေပါသည်။
မေး     ၎င်းအဖတ်မှုန့်၊ အရည်မှုန့်သည် ဘယ်သစ္စာကပါနည်း။
ဖြေ     ပရမတ္ထသစ္စာနယ်ကပါတည်း။
မေး     ဘာကြောင့် ပရမတ်ခေါ်ပါသနည်း။
ဖြေ     မဖောက်မပြန် မှန်သောကြောင့် ပရမတ်ခေါ်ပါသည်။
မေး     ဘယ်လို မဖောက်ပြန်ပါသနည်း။
ဖြေ     ဘယ်ပုံသဏ္ဍာန်ရောက်ရောက် အဖတ်မှုန့်၊ အရည်မှုန့်ပါပဲ၊ လူကောင်မ၊ လူကောင်ထီး စသည်ဖြစ်၍ မဖောက်ပြန်ပါ။
မေး     လူကောင်မ၊ လူကောင်ထီး စသည်ဖြစ်၍ မဖောက်မပြန်သော အဖတ်မှုန့်၊ အရည်မှုန့်တွေကို အဖတ်မှုန့်၊ အရည်မှုန့်တွေပဲဟု သိတော့ ဘာအမှန်ကို သိပါသနည်း။
ဖြေ     ပရမတ်အမှန်ကို သိပါသည်။
မေး     ဘာပရမတ်အမှန်ကို သိပါသနည်း။
ဖြေ     အဖတ်ကလာပ်၊ အရည်ကလာပ် ပရမတ်အမှန်ကို သိပါသည်။
မေး     ၎င်းပရမတ်အမှန်ကို သိတော့ လူကောင်မ၊ လူကောင်ထီး ရှာလို့ ရပါသေး၏လော။
ဖြေ     လူကောင်ထီး၊ လူကောင်မ၊ ငါကောင်မ၊ ငါကောင်ထီး စသည်များ ရှာလို့မရပါ။
ဤကား ပရမတ်အမှန် မြင်ပုံတည်း။

          * * * * * * * * * * *

ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပုံကို ပြခြင်း

မေး     ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ချက်ကို ကျေးဇူးရှင် မိုးညှင်းတောရ ဆရာတော်ဘုရားကြီးက စာမတတ်သူတို့ပါ လွယ်ကူစွာ သိစေခြင်း အကျိုးငှာ တို့မြန်မာလင်္ကာသွားဖြင့် ရေးသားထားသည်ကို အဖတ်ကလာပ်၊ အရည်ကလာပ် ရုပ်ပရမတ်တို့ ပေါ်လွင်အောင် ဘယ်လိုများ ပြင်ဆင်၍ ရွတ်ရပါမည်နည်း။
ဖြေ     အတွင်းရှိ ဓာတ်ကား နေရာမှာ ယခု စစ်တမ်းထုတ်ခဲ့သော အဖတ်ကလာပ်၊ အရည်ကလာပ် ဖြစ်ပါ၍ အတွင်းရှိ မဖတ်ကလာပ်၊ အရည်ကလာပ်အား ပရမတ်သား၊ နောက်အစဉ်နှင့် အပေါ်ယံကြောတွင် ထင်မြင်ရပုံ သဏ္ဍာန်အကောင်အထည် ဒြပ်ကား ပညတ်သား နှစ်ပါးဥာဏ်မြင် ဒိဋ္ဌိစင်ဟူ၍ ပြင်ဆင်ရွတ်ရပါမည်။
ဤကား ပရမတ်အမှန် ပညတ်မှန်မြင်၍ ဒိဋ္ဌိစင်ပုံတည်း။

          * * * * * * * * * * * *

ဥပမာ၌ ပညတ်မှန်မြင်ပုံကို ထပ်၍ ထင်ရှားစေရန် ပြဆိုပါအံ့။

မေး     ပရမတ္ထ သစ္စာနယ်က ပရမတ်အမှန်ကို သိသောအခါ မြေမှုန့်၊ ရေမှုန့်တို့သည် ကိုယ်တွေ၊ ဦးခေါင်းတွေ ခြေလက်တွေ၊ လူရုပ်ကြီးတွေ မဟုတ်တာနှင့် သမ္ဗုတိသစ္စာနယ်ထဲမှာ ကိုယ်တွေ၊ ဦးခေါင်းကြီးတွေ၊ ခြေလက်တွေ၊ လူရုပ်ကြီးတွေ မရှိတော့ဘူး လို့ ပယ်လိုက်ရတော့မှာလား။
ဖြေ     မပယ်လိုက်ရပါ။
မေး     မပယ်လိုက်ရလို့ရှိလျှင် ဘယ်သစ္စာနယ်က ရှိပါသနည်း။
ဖြေ     သမုတိသစ္စာ၊ ပညတ်နယ်က ရှိပါသည်။
မေး     ဘာကြောင့်ပညတ်လို့ ခေါ်ပါသနည်း။
ဖြေ     ပညာဝိယတိ ၀ါဟာရိယတီတိ ပညတ္တိဟု ဆိုသောကြောင့် ခေါ်ဝေါ်အပ်လို့ ပညတ်လို့ ခေါ်ပါသည်။
မေး     ဘယ်လို ခေါ်ဝေါ်အပ်ပါသနည်း။
ဖြေ     ကိုယ်ကြီး ဦးခေါင်းကြီး၊ ခြေလက်ကြီး၊ လူရုပ်ကြီးလို့ ခေါ်ဝေါ်အပ်ပါသည်။
မေး     ၎င်းခေါ်ဆိုနေတဲ့ ကိုယ်ကြီး၊ ဦးခေါင်းကြီး၊ ခြေလက်ကြီး၊ လူရုပ်ကြီး စသည်တို့သည် ဘာတွေ စက်မှ ဟပ်မှ ဖြစ်ပေါ်လာပါသနည်း။
ဖြေ     မြေမှုန့်၊ ရေမှုန့်တွေကို စပ်မှ ဟပ်မှ ဖြစ်ပေါ်လာရပါသည်။
မေး     မြေမှုန့်၊ ရေမှုန့်တွေကို စပ်မှ ဟပ်မှ ဖြစ်ပေါ်လာသော ကိုယ်ပုံသဏ္ဍာန်ကြီးတွေ၊ ဦးခေါင်းပုံသဏ္ဍာန်ကြီးတွေ၊ ခြေလက်ပုံသဏ္ဍာန်ကြီးတွေ၊ လူရုပ်ပုံသဏ္ဍာန်ကြီးတွေသည် ဘာပညတ်များ ဖြစ်ပါသနည်း။
ဖြေ     သဏ္ဍာနပညတ် ဖြစ်ပါသည်။
မေး     လူရုပ်ကြီး စသည်တို့ဟာ တစ်လ၊ နှစ်လ၊ တစ်နှစ်၊ နှစ်နှစ် ကာလရှည်လာအောင် အစဉ်အဆက် ဖြစ်ပေါ်ချက်ကား ဘာပညတ် ဖြစ်ပါသနည်း။
ဖြေ     သန္တတိပညတ် ဖြစ်ပါသည်။
မေး     ကိုယ်၊ လက်၊ ခြေ၊ ဦးခေါင်း၊ လူရုပ်၊ ခွေးရုပ် စသည် ခေါ်ဝေါ်အပ်သော သဒ္ဒါက ဘာပညတ် ဖြစ်ပါသနည်း။
ဖြေ     သဒ္ဒပညတ် ဖြစ်ပါသည်။

ဥပမာ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ချက် သဘာဝအနက်ကို ပြဆိုဦးအံ့။


မေး     ပညတ် အစားစားတို့တွင် လူရုပ်ပုံသဏ္ဍာန်ကြီး မြေမှုန့်၊ ရေမှုန့် အမှန်ဟုတ်မည်လော။
ဖြေ     မြေမှုန့်၊ ရေမှုန့် မဟုတ်ပါ။ ပညတ်မှန်သာ ဖြစ်ပါသည်။
မေး     မြေမှုန့်၊ ရေမှုန့်သည် လူရုပ်ပုံသဏ္ဍာန်ကြီး အမှန်ဟုတ်ပါမည်လော၊ ဘာအမှန်ဖြစ်ပါသနည်း။
ဖြေ     လူရုပ်ပုံသဏ္ဍာန်ကြီး မဟုတ်ပါ။ မြေမှုန့်၊ ရေမှုန့်သာ အမှန်ဖြစ်ပါသည်။
မေး     မြေမှုန့်၊ ရေမှုန့်အတိုင်း လူရုပ်ကြီးစသည်ကို လူရုပ်ကြီး စသည်အတိုင်း သိတော့ ဘာအမှန်ကို သိပါသနည်း။
ဖြေ     ပရမတ်အမှန်၊ ပညတ်မှန်ကို သိပါသည်။
မေး     ၎င်းပရမတ်မှန်၊ ပညတ်မှန်သိတော့ ဘာစင်ကြယ်ပါသနည်း။
ဖြေ     အမှား စင်ကြယ်ပါသည်။
မေး     အမှား စင်ကြယ်ဆိုတာက မြန်မာလို၊ ပါဋ္ဌိလိုက ဘာလဲ။
ဖြေ     ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပါသည်။
မေး    ဒိဋ္ဌိဝိသုဒ္ဓိဖြစ်၊ အမှားစင်ကြယ်သော ပါဋ္ဌိမြန်မာနှစ်ဘာသာတို့သည် ဒိဋ္ဌိဝိသုဒ္ဓိ အဟုတ် ပြီးစီးကြသော သဘာဝတရား မဟုတ်ချေသေးပေ။ ယခုကဲ့သို့ အရုပ်အတွင်းသားဟာ မြေမှုန့်၊ ရေမှုန့်တို့သာတည်း။ ၎င်းအမှုန့် ပေါင်းစပ်စုဝေးမိသောအခါမှာ အရုပ်လုပ်သူ၏ လက်ထဲတွင်သာ အပေါ်ယံ ပျဉ်စပ် ထိပ်စီး တပ်ပြီး ဖြစ်ပေါ်၍လာတဲ့ လူရုပ်ပုံသဏ္ဍာန်ကြီးပါလားလို့ ကွက်ကွက် ကွင်းကွင်း ရင်တွင်း နှလုံးတွင်းမှာ ကြည်လင်စွာနှင့် နှစ်မျိုးနှစ်စား ပိုင်းခြား၍ မြင်လိုက်ရခြင်းတည်းဟူသော ယထာဘူတဥာဏ်သည်ပင်လျှင် ၎င်းရွှံ့ရုပ်ဥပမာ၌ ဒိဋ္ဌိဝိသုဒ္ဓိ အဟုတ် ပြီးစီးကြသော သဘာဝတရားအစစ် ဖြစ်မည်ဟု မှတ်ကြပါလေ ယောဂီမြတ်အပေါင်း သူတော်ကောင်းတို့။

ကျော်နန္ဒအောင် စုဆောင်းပူဇော်သည့် ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ၀ိပဿနာရှုနည်းများ ပထမတွဲ စာအုပ်မှ မိုးညှင်းဆရာတော်ဘုရားကြီး၏ သက္ကာယဒိဋ္ဌိကို စာအသိဖြင့် ခွါပုံနည်းလေးကို ဓမ္မမိတ်ဆွေများအတွက် ရိုက်ကူးမျှဝေပါသည်။
ခိုင်ခိုင်

၁) ၀ိပဿနာရှုနည်း ပထမတွဲ ဒေါင်းလုပ်လုပ်ရန် - 
http://www.mediafire.com/view/?ond0llh01dt1m7c


၂) ၀ိပဿနာရှုနည်း ဒုတိယတွဲ ဒေါင်းလုပ်လုပ်ရန် - 
http://www.mediafire.com/view/?hla6jq4g2venb99


၃) ဆရာတော် ဦးဃောတိတ ဟောကြားတော်မူသော ဖဂ္ဂုနရဟန်းတရားတော်
(တရားအစပိုင်းလောက်မှာ ဓာတ်ကြီးလေးပါးအကြောင်းလေး ဟောထားတာ တော်တော်ရှင်းပါတယ်။ တရားတစ်ပုဒ်လုံးကတော့ ဝေဒနာနုပဿနာအကြောင်းပါ။ တရားတစ်ပုဒ်လုံး ဟောသွားတာ- သေခါနီးချိန်အထိ မှတ်မိနေသင့်တဲ့ တရားအနှစ်တွေချည်းပါပဲ။) အချိန်ရတဲ့အခါ နာယူနိုင်ရန် ဒေါင်းလုပ်ထားနိုင်သောလင့်ခ် -

http://www.mediafire.com/?3zu88qpe3xa0siv

No comments:

Post a Comment