Tuesday, March 26, 2013

"ဘ၀ဆိုတာဆီးနှင်းတစ်ပေါက်"


"အပ္ပမာယု မနုဿာနံ၊
ဟီဠေယျ နံ သုပေါရိသော။
စရေယျာဒိတ္တသီသောဝ၊
နတ္ထိ မစ္စုဿ နာဂမော။"

လူသားတွေရဲ့ အသက်ဟာ အင်မတန်တိုတောင်းတယ်။
လူသားတွေရဲ့ အသက် တိုတောင်းတဲ့အကြောင်းကို ပိုပြီးတော့ လေးနက်အောင်ဆိုပြီး မြတ်စွာဘုရားက
"အရက ဆရာကြီး"ရဲ့ အဆုံးအမကို
နမူနာပြုပြီးတော့ ဆုံးမခဲ့တယ်။

✿တစ်ခါတုန်းက အရကလို့ခေါ်တဲ့ ဆရာကြီးတစ်ယောက်
ရှိတယ်။
သူက မိမိရဲ့ တပည့်ရာပေါင်းများစွာကို မကြာခဏ
အခုလို ဆုံးမလေ့ရှိတယ်။

“တပည့်တို့၊ လူတွေရဲ့အသက်ဟာ အင်မတန် တိုတောင်းတယ်၊ အသက်ရှင်သန်နေရပြန်တော့လည်း အင်မတန်
ပင်ပန်းဆင်းရဲတယ်။ ဒါကို ဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ မသေခင်အချိန်ကာလလေးအတွင်းမှာ ကုသိုလ်ကောင်းမူကိုပြုပါ၊ မြတ်သောအကျင့်ကို ကျင့်ပါ”
လို့ အဲဒီလို မကြာခဏ ဆုံးမလေ့ရှိပါတယ်။

လူ့သက်တမ်းတိုတဲ့အကြောင်းကိုလည်း ဥပမာခုနှစ်မျိုးနဲ့
ဆုံးမလေ့ရှိတယ်။
(၁) ဆီးနှင်း
(၂) ရေပွက်
(၃) ရေပေါ်မျဉ်း
(၄) တောင်ကျမြစ်
(၅) တံတွေး
(၆) အသားတစ်
(၇) သားသတ်များ
အဲဒီ ဥပမာခုနှစ်မျိုးနဲ့ လူ့သက်တမ်း တိုတောင်းလှတဲ့အကြောင်းကို ပေါ်လွင်အောင် ရှင်းပြလေ့ရှိတယ်။

♦ (1)လူတွေရဲ့ အသက်၊ လူတွေရဲက သက်တမ်းဟာ
"ဆီးနှင်းပေါက်"နဲ့ တူတယ်။

မြက်ဖျားပေါ်မှာတင်နေတဲ့ ဆီးနှင်းပေါက်လေးတစ်ခုဟာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး၊ နေရောင်ခြည်
ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းဆိုသလိုပဲ ကွယ်ပျောက်သွားရတယ်။

ဆီးနှင်းတစ်ပေါက်ရဲ့ သက်တမ်း၊ ဆီးနှင်းတစ်ပေါက်ရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ
အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာ အင်မတန်
တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာဘူး။
ဆီးနှင်းပေါက်ရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (2) လူသားတွေရဲ့ အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ" ရေပွက်ကလေး" နဲ့လည်း တူတယ်။

မြေပြင်ပေါ်မှာ မိုးရွာချလိုက်တဲ့အခါ မြေပြင်ပေါ်က
အောက်ခံ မိုးရေပြင်ပေါ်မှာ မိုးရေထိမှန်တဲ့ နေရာတိုင်း
ရေပွက်ကလေးတွေ ထလာတယ်။
အဲဒီရေပွက်ကလေးတွေဟာ ကြာရှည်စွာ တည်တံ့ခြင်း မရှိဘူး။ မိုးရေထိမှန်လို့ ရေပွက်ထပြီးတာနဲ့ တစ်ပြိုင်နက်တည်း
ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

ရေပွက်တစ်ခုရဲ့ သက်တမ်း၊ ရေပွက်တစ်ခုရဲ့
ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်
တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာ အင်မတန်
တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
ရေပွက်တစ်ခုရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(3)လူသားတွေရဲ့အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ
" ရေပေါ်မှာ တုတ်နဲ့ ရေးထားတဲ့ အရေးအကြောင်း၊ မျဉ်းကြောင်း"
နဲ့လည်း တူတယ်။

ရေပေါ်မှာ တုတ်ချောင်းလေးတစ်ချောင်းနဲ့ မျဉ်းကြောင်းလေးတစ်ခု ရေးလိုက်မယ်၊ ဒါမှမဟုတ်၊ စာလုံးလေးတစ်လုံး ရေးလိုက်မယ်ဆိုရင် အဲဒီမျဉ်းကြောင်း၊
အဲဒီစာလုံးဟာ ကြာမြင့်စွာ တည်တံ့ခြင်း မရှိဘူး။ ရှေ့ကရေး နောက်ကပျောက်၊
ရှေ့ကရေး နောက်ကပျောက်နဲ့ ချက်ချင်းပဲ
ကွယ်ပျောက်သွားရတယ်။

ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ သက်တမ်း၊ ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး၊ ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(4) လူသားတွေရဲ့ အသက်၊ လူသားတွေရဲ့
သက်တမ်းဟာ" တောင်ပေါ်က စီးဆင်းလာတဲ့ မြစ်ရေ"
နဲ့လည်း တူတယ်။

တောင်ပေါ်ကနေ အရှိန်အဟုန်ပြင်းစွာနဲ့ စီးဆင်းလာတဲ့
ရေဟာ နောက်ကို ဘယ်တော့မှ မပြန်ဘဲ ရှေ့ကိုသာ တောက်လျှောက်စီးဆင်းသွားတယ်။

တောင်ပေါ်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာရတဲ့ အတွက်ကြောင့် တောင်ကျမြစ်ရေဟာ နေရာတစ်နေရာမှာ အချိန်ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။
မြစ်ရေ ထိဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းပဲ စီးဆင်းကွယ်ပျောက်သွားရတယ်။

တောင်ကျမြစ်ရေရဲ့သက်တမ်း၊
တောင်ကျမြစ်ရေရဲ့ဖြစ်တည် ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။ တောင်ကျမြစ်တစ်စင်းရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (5) လူသားတွေရဲ့အသက်၊
လူသားတွေရဲ့ သက်တမ်းဟာ "တံတွေးပေါက်"
နဲ့လည်း တူတယ်။

လူတစ်ယောက် တံတွေးထွေးတော့မယ်ဆိုရင်
ခံတွင်းထဲမှာရှိတဲ့ တံတွေးတွေကို လျှာဖျားမှာ
အရင် စုလိုက်တယ်။ စုပြီးတော့မှ ထွေးလိုက်တယ်။
တံတွေးတွေကို လျှာဖျားမှာ စုလိုက်တဲ့အချိန် လျှာဖျားမှာ စုပြီးသားတံတွေးကို ထွေးလိုက်တဲ့အချိန်ဟာ ဘာမှမကြာဘူး။

ထွေးဖို့ရည်ရွယ်ပြီး လျှာဖျားမှာ စုထားလိုက်တဲ့ တံတွေးဟာ
အပြင်ဖက်ကို မထွေးစွန့်ခင် လျှာဖျားပေါ်မှာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။ ပျစ်ခနဲ ထွေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန်ကို တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
တံတွေးတစ်ပေါက်ရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (6)လူသားတွေရဲ့ အသက်၊
လူသားတွေရဲ့ သက်တမ်းဟာ "အသားတစ်"
နဲ့လည်း တူတယ်။

တစ်နေ့လုံး အပူပေးထားတဲ့ သံအိုးကင်းကြီးထဲကို
အသားတုံးလေးတစ်တုံး ပစ်ချလိုက်မယ်ဆိုရင်
အဲဒီအသားတုံးကလေးဟာ ရှဲကနဲမြည်ပြီးတော့ ချက်ချင်းပဲ လောင်ကျွမ်းကြေမွသွားရတယ်။

သံပူအိုးကင်းထဲ ထည့်လိုက်တဲ့ အသားတုံးဟာ သံပူအိုးထဲမှာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။ ထည့်လိုက်တာနဲ့
တစ်ပြိုင်နက်တည်း ချက်ချင်းပဲ လောင်ကျွမ်းတူးခြစ်ပြီးတော့ကပွယ်ပျောက်သွားရတယ်။

သံပူအိုးကင်းထဲက အသားတစ်တစ်ခုရဲ့ သက်တမ်း၊
သံပူအိုးကင်းထဲက အသားတစ်တစ်ခုရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
သံပူအိုးကင်းထဲက သားတစ်တစ်ခုရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(7) လူသားတွေရဲ့အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ အသတ်ခံရမယ့် နွားနဲ့လည်း တူတယ်။

သားသတ်ရုံမှာ သတ်ဖို့ ရည်ရွယ်ချက်နဲ့ နွားတစ်ကောင်ကို သားသတ်ရုံရှိရာ ခေါ်သွားမယ်ဆိုရင် အဲဒီနွားရဲ့ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းဟာ သားသတ်ရုံနဲ့ နီးလာတယ်။ သေခြင်းတရားနဲ့ နီးလာတယ်။
အသတ်ခံရဖို့၊ သေရဖို့နဲ့ နီးနီးလာတယ်။

သားသတ်ရုံဘက် ဦးတည်လျှောက်လှမ်းနေတဲ့ နွားဟာ
နွားဘ၀မှာ ကြာရှည်စွာ တည်တံ့ခြင်း မရှိဘူး။
သားသတ်ရုံရောက်လို့ အသတ်ခံရတာနဲ့ တစ်ပြိုင်နက်တည်း
ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

သားသတ်ရုံ သွားနေတဲ့ နွားတစ်ကောင်ရဲ့ သက်တမ်း၊
သားသတ်ရုံ သွားနေတဲ့ နွားတစ်ကောင်ရဲ့ ဖြစ်တည်
ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှမကြာပါဘူး။ သားသတ်ရုံသွားနေတဲ့ နွားတစ်ကောင်လို ပျောက်ပျက်လွယ်ပါတယ်။

အဲဒီလို ဥပမာခုနှစ်မျိုးနဲ့ လူ့သက်တမ်းတိုတောင်းတဲ့
အကြောင်း ပြောပြီးတော့
“တပည့်တို့… အဲဒီလို လူသက်တမ်းတိုတဲ့ အကြောင်းကို
အမြဲမပြတ် ဆင်ခြင်ပြီးတော့ ကုသိုလ်ကောင်းမူကို ပြုကြပါ၊ မြတ်သောအကျင့်ကို
ကျင့်ကြပါ”လို့ အရကဆရာကြီးက ဆုံးမတယ်။

အမှန်ကတော့ အဲဒီအဆုံးအမကို မြတ်စွာဘုရားရှင်က
ဆုံးမချင်တာပါပဲ။
သို့သော်လည်း တိုက်ရိုက်မဆုံးမဘဲ အရကဆရာကြီးဆုံးမခဲ့တာကို နမူနာပေးပြီး ဆုံးမတာဟာ ဘာရည်ရွယ်ချက်လဲဆိုရင်
မိမိရဲ့ အဆုံးအမကို ပိုပြီး လေးနက်စေချင်လို့ပါ။

► ဘယ်လိုလေးနက်သွားသလဲဆိုတော့…

လူ့သက်တမ်းတိုလှပါတယ်လို့ ဆုံးမခဲ့တဲ့ အရကဆရာကြီးတို့
ခေတ်တုန်းက လူ့သက်တမ်းဟာ ဘယ်လောက်ရှည်သလဲဆိုရင် အနှစ်ခြောက်သောင်းရှည်တယ်။

► ဒီကနေ့ခေတ် သက်တမ်းနဲ့ ကြည့်လိုက်ရင်တော့ အနှစ်ခြောက်သောင်းဆိုတာ အသက်တမ်းရှည်လိုက်တာ၊
ကုန်ခဲလိုက်တာလို့ ထင်စရာကြီးပါ။

► အဲဒီလောက်သက်တမ်းရှည်တဲ့ခေတ်မှာတောင်မှ
လူ့သက်တမ်းဟာ တိုလိုက်တာလို့
ပညာရှိသူတော်ကောင်းများ ဆင်ခြင်နှလုံးသွင်းပြီး၊ ကုသိုလ်ကောင်းမူ ပြုခဲ့ကြသေးတယ်ဆိုရင် -

ချစ်သားတို့ ချစ်သမီးတို့၊ ဒီကနေ့ခေတ် လူ့သက်တမ်းမှာ လူ့သက်တမ်းတိုလိုက်တာလို့ ပိုပြီးတော့ ဆင်ခြင်သင့်တာပေါ့၊ ဆင်ခြင်ပြီးတော့ ကုသိုလ်ကောင်းမူတွေ ပိုပြီးတော့ ပြုသင့်တာပေါ့။

► အသက်ရှင်နေရပြန်တော့လည်း ချမ်းချမ်းသာသာ
သက်သက်သာသာနဲ့ ရှင်ရသလားဆိုတော့
"ဗဟုဒုက္ခံ ဗဟုပါယာသံ"၊
ဆင်းရဲခြင်း၊ ပင်ပန်းခြင်းကသာ များတယ်။

“လူ့သက်တမ်းက တိုလိုက်တာ။
အသက်ရှင်နေရပြန်တော့လည်း ဆင်းရဲခြင်းတွေကသာ
များလိုက်တာ၊ ပင်ပန်းခြင်းတွေကသာ များလိုက်တာ”လို့ ပညာရှိသူတော်ကောင်းများ ဆင်ခြင်နှလုံးသွင်းခဲ့ကြပါတယ်။

► အသက်ရှင်ရတာ ပင်ပန်းဆင်းရဲလိုက်တာလို့ ပြောခဲ့တဲ့
အရကဆရာကြီး တို့ရဲ့ ခေတ်တုန်းက အနာရောဂါဆိုလို့
ဘာပဲရှိသလဲဆိုရင်
"ဆဠေ၀ အာဗာဓာ အဟေသုံ။" ရောဂါခြောက်မျိုးပဲရှိတယ်။

► "သီတံ၊ ဥဏှံ၊ ဇိဃစ္ဆာ၊ ပိပါသာ၊ ဥစ္စာရော၊ ပဿာဝေါ။"

(၁) သီတံ - အေးတာရောဂါ၊
(၂) ဥဏှံ - ပူတာရောဂါ၊
(၃) ဇိယစ္ဆာ - ထမင်းဆာတာရောဂါ၊
(၄) ၀ိပါသာ - ရေငတ်တာရောဂါ၊
(၅) ဥစ္စာရော - ကျင်ကြီးစွန့်ချင်တာရောဂါ၊
(၆) ပဿာဝေါ - ကျင်ငယ်စွန့်ချင်တာရောဂါ။

► ဒီကနေ့ ခေတ်အနေနဲ့ ကြည့်လိုက်ရင်တော့ အဲဒီရောဂါခြောက်မျိုးဟာ ရောဂါလို့တောင်
သတ်မှတ်စရာ မဟုတ်ပါဘူး။
ဘာမှ မပြောပလောက်တဲ့ သဘောတရား
ခြောက်မျိုးကိုတောင်မှ အနာရောဂါလို့ သတ်မှတ်ပြီးတော့
အသက်ရှင်ရတာ ပင်ပန်းဆင်းရဲလိုက်တာလို့ ဆင်ခြင်နှလုံးသွင်းခဲ့သေးတယ်ဆိုရင်…

ဒီကနေ့ခေတ် အနာရောဂါတွေ ထူပြောလှတဲ့ခေတ်၊
စားဝတ်နေရေး ကျန်းမာရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်လူပ်ရှားရတဲ့ခေတ်မှာ
အသက်ရှင်နေရတာ ပင်ပန်းဆင်းရဲလိုက်တာလို့
ပိုပြီးတော့ ဆင်ခြင်နှလုံးသွင်းသင့်ကြတာပေါ့။

အသိအလိမ္မာ ဉာဏ်ပညာရှိတဲ့ သူတော်ကောင်း
ပုဂ္ဂိုလ်တွေဟာ အသက်ကို ကဲ့ရဲ့ရူတ်ချရမယ်”ဆိုတာ
“လူ့သက်တမ်းဟာ တိုတောင်းလိုက်တာ၊
အင်မတန် ကန်ုလါယ်လိုက်တာလို့ ဉာဏ်နဲ့ ဆင်ခြင်ရမယ်”
လို့ ဆိုလိုတာပါပဲ။

[ အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)]
(မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ-)

--------------------------*--------------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

No comments:

Post a Comment