ရေးကြီးသုတ်ပြာနဲ့ ကမ်းခြေကိုသွားနေခဲ့တယ်...
အကျွေးအမွေးအတွက် အော်ဒါမှာထားပေမယ့် ကိုယ်တိုင်လက်ခံမယူနိုင်ခဲ့တော့ ပို့သူက ပို့ပေးခဲ့ကြောင်းဖုန်းဆက်လာတယ်...
လက်ခံသူ ဓမ္မမိတ်ဆွေဦးကြီးက ခုချက်ချင်းပဲ ကုန်သွားပြီဖြစ်ကြောင်းဖုန်းဆက်လာတော့ ဗိုက်ထဲက ဂွီခနဲထွက်တဲ့အသံကို တိုးသွားစေမလား တံတွေးကိုမျိုချ....
အဲဒီညကို အဲဒီလိုစ ခဲ့တာ...
ကမ်းခြေကို ရောက်တော့....
လူအင်အား ၁၀၀ ကျော်လောက် တက်ညီလက်ညီ သံပြိုင်ချီ အင်တိုက်အားတိုက်လုပ်အားပေး ဝေယျာဝစ္စကုသိုလ်ယူနေကြပြီ..
အသက်ရှူသံပြင်းပြင်းကြားမှာ အပြုံးတွေဖောက်ထားပြီး သီလိုက်တဲ့ သဲတွေဟာ မြတ်ဘုရားခြေတော်ရင်း ဝပ်ဆင်းဖို့ပါ။
ပင်လယ်က ရေကိုပဲခပ်သူတွေတစ်လိုင်း ... ရေပုံးတွေလက်ဆင့်ကမ်းရင်း ပုံထားတဲ့ သဲတွေပေါ်လောင်းထည့်၊ သဲမာသွားအောင် ရိုက်သူက ရိုက်၊ မောပန်းနေသူတွေကို အအေးလိုက်တိုက်သူတွေကလည်းတိုက်...
ဒီလိုနဲ့ စေတီရဲ့ အောက်ပစ္စယံကို အားလုံးရဲ့ ကာယအားတွေသုံး၊အပြုံးနဲ့ အဆုံးသပ်ခဲ့ကြပါတယ်။
နောက်နေ့ညနေမှာတော့ ဗိသုကာပညာရှင်ကိုမျိုးရဲ့ ပါရမီကိုတူးဖော်ခွင့်ရတဲ့ အထက်ပစ္စယံကို ပူဇော်ပြီး တပေါင်းလရဲ့ မြန်မာ့ရိုးရာ သဲပုံစေတီပွဲကျင်းပကြပါတယ်။
ပန်းစီစဉ်တဲ့ သူများကလည်း သစ်ခွတွေခြွေပြီး စေတီတော်ခြေရင်း သဲနံရံမှာပန်းစေတီလေးတွေပုံဖော်ကြတယ်။ အဲဒီအထက်မှာတော့ ဂန္ဓာမာအမျိုးမျိုးကို ပန်းခုံကြီးတွေ အမျိုးမျိုးလုပ်လို့ စေတီတော်ပတ်ပတ်လယ် ပူဇော်ထားကြပြန်တယ်။
ဆီမီးအတွက် စေတီတော်ခြေရင်းပတ်ပတ်လယ် ၆လက်မ အကျယ်လောက် သဲမြောင်းလေးတူးထားပေးတယ်။
စေတီက ပင်လယ်ကမ်းစပ်မှာဆိုတော့ လေတိုက်ပေမယ့် မီးတွေမငြိမ်းဘဲ ပူဇော်ခွင့်ရအောင်ပါ။
ဆီမီးတွေက စေတီတော်ပတ်ပတ်လယ် အောက်ခြေမှာ ဆလိုက်တွေထိုးထားပေးသလို ညရဲ့ အသရေ တိုးစေခဲ့တယ်။
ပင်လယ်ကို ကျောပေးထားပြီး မြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ထားရာ မျက်နှာစာမုဒ်မှာတော့ အပွင့်ကြီးတွေငွားငွားစွင့်စွင့် ပွင့်နေသလားထင်မှတ်ရအောင် သစ်သီးပန်းအနုပညာတွေနဲ့ အလှဖော်ပူဇော်ထားကြလေရဲ့။
လရောင်ဖွေးဖွေးက ပင်လယ်ကြီးကို ငုံ့နမ်းလေသလား...
ငွေရောင်လွှမ်းတဲ့ ပင်လယ်ပြင်ကို နောက်ခံထားပြီး
ပန်း၊ ရေချမ်း၊ ဆီမီး၊ လှူဖွယ်ပစ္စည်း မြိုင်မြိုင်နဲ့ သဲပုံစေတီတော်ဟာ ဖူးမဝနိုင်အောင် ဖြစ်ခဲ့တယ်။
နားနေရာ တဲအသီးသီးကိုလည်း မြတ်ဘုရားဘက်မျက်နှာမူလို့ ထိုးထားကြတယ်။
ညဥ့်ကလည်းနက်နက်လာတော့ တိတ်တိတ်လာတဲ့ ပတ်ဝန်းကျင်ကို ပင်လယ်လှိုင်းသံကတော့ ဖြိုဖြိုယူဆဲ...
တရားထိုင်သူ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သူ စသဖြင့် ကိုယ်အားသန်ရာနဲ့ ပူဇော်နေကြတုန်း။
ကုသိုလ်စေတသိက်တို့ အဆက်မပြတ်မွေးဖွားတော့ ဖေဖေ၊ မေမေနဲ့ ခင်မင်တဲ့ဆွေမျိုးတွေကို ဖုန်းဆက် အမျှဝေပေးခဲ့သေးတယ်။ ပင်လယ်လှိုင်းနဲ့ အတူ လှိုက်လှိုက်တက်နေတဲ့ ကုသိုလ်ပီတိတွေ ခဏမဟုတ်တဲ့ ဘဝတစ်ခု အဆုံးမသပ်ခင် ဒီလိုပဲမွေးဖွားခွင့်ရပါစေ။
အမှောင်ထုကို ငွေရောင်ဖျော့ဖျော့ ပက်ဖျန်းရင်း ပင်လယ်ကို ဖြတ်သန်းလာတဲ့ လေနုအေးက သူပါတိုးဝှေ့ပူဇော်လို့....
မြင်နေရတဲ့ အတိဣဋ္ဌာရုံ၊ အာရုံပြုရတဲ့ အနှိုင်းမဲ့ဂုဏ်တို့ကြောင့် ... သြော်.... မျက်တောင်ခတ်ချိန်တောင် နှမျောမိပါရဲ့။
အရင်နှစ်က အရသာကို ငေးမောရင်း ...
ဘယ်နှစ်နာရီထိုးပါလိမ့်....
Shared from ဇာတိပုည ဂုဏ်မာန (FB)
No comments:
Post a Comment